ငါးနှစ်...ငါးနှစ်ဆိုတဲ့ အချိန်မှာ ဘာတွေပြောင်းလဲသွားသလဲ။
သခင် စိတ်ကျန်းမာရေးဆေးရုံကနေ ဆင်းလာခဲ့တာ တစ်နှစ်ကျော်ပြီ ဖြစ်၏။
သို့သော်... ရောဂါပျောက်သွားခြင်းက သူ့အတွက် ပိုပြီး ကြောက်စရာကောင်းသော ငရဲတစ်ခု ဖြစ်လာခဲ့သည်။
စံအိမ်ကြီး၏ အပေါ်ထပ်ရှိ မှန်ပြတင်းပေါက်ကျယ်ကြီးရှေ့တွင် သခင် တစ်ယောက်တည်း ရပ်နေ၏။ သူ့အသွင်အပြင် အရင်ကလို ခန့်ညားနေပြီဖြစ်သော်လည်း သူ့ မျက်ဝန်းတွေကတော့ အေးစက်ခြောက်ကပ်နေသည်။ အနက်ရောင် ရှပ်အင်္ကျီကို သေသပ်စွာ ဝတ်ဆင်ထားပြီး၊ ဆံပင်များကိုလည်း သေသပ်စွာ ဖြီးသင်ထားကာ အပေါ်ယံကြည့်လျှင် အပြစ်အနာအဆာကင်းသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အသွင် ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်လည်း သူနှလုံးသားကတော့ လုံးဝ သေဆုံးနေခဲ့ပြီဖြစ်၏။
"စံအိမ်... ငါးနှစ်တောင် ရှိသွားပြီနော်..."
သခင် စံအိမ့်ဓာတ်ပုံလေးအား ကိုင်ထားပြီး နှုတ်ခမ်းဖျားမှ တိုးတိမ်အက်ကွဲသော အသံလေးတစ်ခု ထွက်ကျလာသည်။
ဆေးရုံမှာတုန်းက သူရူးသွပ်နေချိန်တွေမှာ အခန်းထောင့်ကနေ သူ့ကို ပြုံးပြနေတတ်တဲ့ စံအိမ့်ရဲ့ ပုံရိပ်ယောင်လေးကို သူ အမြဲမြင်ယောင်ခွင့် ရခဲ့သည်။ အခုတော့ ဆေးဝါးတွေက ထိုပုံရိပ်ယောင်တွေကိုပါ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီ။ သူ ဘယ်လောက်ပဲ မျက်လုံးမှိတ်ပြီး တမ်းတတမ်းတ၊ သူ့အာရုံထဲမှာ စံအိမ်ဆိုတာ လေဟာနယ်တစ်ခုလို ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ထိုအသိက သူ့ရင်ဘတ်တစ်ခုလုံးကို
ဆွဲညှစ်နေသလို အသက်ရှူရ ကြပ်စေသည်။
"မင်း... ဘယ်များ ရောက်နေတာလဲ။ "
" မင်းကို နှိပ်စက်ခဲ့တဲ့ ကိုယ့်ကိုယ်ကို နေ့တိုင်း သတ်သေချင်လောက်အောင် မုန်းတီးနေမိပြီကွာ..."
သခင့် မျက်ဝန်းထောင့်မှ ပူနွေးသော မျက်ရည်တစ်ပေါက်က ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာကာ အရင်လို အသံထွက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးခြင်းမျိုး မဟုတ်ဘဲ၊ နှလုံးသားတစ်ခုလုံး သွေးစိမ်းရှင်ရှင် ယိုထွက်နေသည့်အလား။
"ဒါပေမယ့် လေ... ကိုယ် မင်းကို အရမ်းလွမ်းတယ် ...
လွမ်းခွင့်မရှိမှန်းသိပေမယ့် အရမ်းလွမ်းတယ်ကွာ။ "
သခင့် အသံက လည်ချောင်းဝတွင် တစ်ဆို့လာပြီး တုန်ယင်လာ၏။
"မင်း ကိုယ့်ကို မုန်းနေမှာ သိပါတယ်။
ကိုယ့်လို လူယုတ်မာကို မင်း တစ်သက်လုံး ခွင့်လွှတ်မှာ မဟုတ်ဘူးဆိုတာလည်း ကိုယ် သိပါတယ်။
ကိုယ်က မင်းကို ပြန်ပိုင်ဆိုင်ရဖို့ မထိုက်တန်တော့တဲ့ ကောင်ပါ။ ဒါပေမယ့်... ကိုယ် အသက်ရှူနေသရွေ့တော့ မင်းကို ချစ်နေရဦးမှာပဲ..."
သခင် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ပြီး
သူ့ရင်ဘတ်သူ ခပ်ပြင်းပြင်း တစ်ချက် ထုလိုက်သည်။ နှလုံးသားနေရာက ဟာတာတာကြီး ဖြစ်နေပြီး၊ ဘယ်လိုမှ ဖြည့်ဆည်းလို့ မရနိုင်သော ကွက်လပ်ကြီးတစ်ခု ဖြစ်နေ၏။
"တစ်ခါလေးပဲ... အဝေးကနေဖြစ်ဖြစ် မင်းပျော်ရွှင်နေတယ်ဆိုတာလေး မြင်ရရင်... ကိုယ် ဒီဘဝအတွက် ကျေနပ်ပါပြီ။ ကိုယ့်ကို ပြန်ပြီး အပြစ်လာပေးပါဦးလားကွာ။ "
မှန်ပြတင်းပေါက်ကို နဖူးဖြင့် ဖိကပ်ထားရင်း၊း ယောက်ျားတန်မဲ့ ကျဆင်းလာသော မျက်ရည်ပူများကို သခင် မသုတ်ဖယ်မိတော့ပေ။
_______________
မနက်ခင်း၏ နွေးထွေးသော နေခြည်နုနုများက တိုက်ခန်းငယ်လေးရဲ့ ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ဖြာကျနေ၏။
အခန်းက ကျယ်ဝန်းလှသည် မဟုတ်သော်လည်း
စံအိမ်တို့ သားအမိနှစ်ယောက်အတွက်တော့ ကျယ်ကျယ်လွန့်လွန့်ပင်။
သားလေးကိုမွေပြီးတော့ ကိုကိုက သူ့ဆီမှာပဲ ဆက်နေဖို့ ပြောပေမယ့် စံအိမ်က အားနာတာကြောင့် ငြင်းခဲ့သည်။ ကိုကိုကလည်း စံအိမ့်ကို ဘယ်လိုမှ ပြောလို့မရတော့တာကြောင့် စံအိမ်အလုပ်လုပ်နိုင်တာနှင့် သူကိုယ်တိုင် ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ပေးကာ ကုမ္ပဏီနှင့်နီးတဲ့ ဒီတိုက်ခန်းလေးမှာ စံအိမ်တို့သားအမိပြောင်းနေခဲ့၏။
အစပိုင်းမှာ ခက်ခဲခဲ့ပေမယ့် ကိုကိုကပဲ အစစအရာရာ ကူညီဖေးမပေးခဲ့ပြီး အခုဆို နေသားကျအဆင်ပြေနေခဲ့ပါပြီ။
"မေမေ... သားသား နိုးပြီ..."
အနောက်မှ ထွက်ပေါ်လာတဲ့ သားလေးအသံကြောင့်
စံအိမ် လှည့်ကြည့်လိုက်လျှင် သားလေးက မျက်လုံးလေး ပွတ်ကာ ရပ်နေ၏။
သားလေးက သူ့အဖေဆီကနေ မျက်ခုံးထူထူ၊ နှာတံစင်းစင်းနှင့် ခန့်ညားသော မျက်နှာကျကို အမွေရထားပြီးမျက်ဝန်းလေးများကတော့ စံအိမ့်လိုတောက်ပနေ၏။
"အို... မေမေ့ သားလေး နိုးလာပြီလား ... လာပါဦး မေမေ့ဆီ..."
စံအိမ် ဂက်စ်မီးဖိုကို ပိတ်လိုက်ပြီး ဒူးထောက်ထိုင်ကာ လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်လျှင် သားလေး ပြုံးဖြီးဖြီး မျက်နှာလေးဖြင့် ပြေးဝင်လာပြီး သူမ လည်ပင်းကို ဖက်ကာ ပါးပြင်ကို အသံမြည်အောင် နမ်းလိုက်လေသည်။
"မွ ... မေမေ ဒီနေ့ ထမင်းကြော် ကြော်တာမလား။ သားသား အနံ့ရတယ် ...မွှေးနေတာပဲ။"
စကားလေး မပီကလာ ပီကလာနှင့် လူကြီးတစ်ယောက်လို တတ်လွန်းသော သားလေးကြောင့် စံအိမ့် ရင်ထဲတွင် ကြည်နူးသွားကာ ပြုံးလိုက်မိ၏။
"ဟုတ်တယ် သားသား အကြိုက်ဆုံး ပုစွန်ခြောက်လေးနဲ့ ထမင်းကြော်ထားတာ။ ကဲ... သွား ... သွားတိုက် မျက်နှာသစ်ရအောင်။ ပြီးရင် မေမေ သားသားကို ကျောင်းပို့ပြီး ရုံးသွားရဦးမယ်။"
"မေမေ ပင်ပန်းနေပြီလားဟင်။"
နေထိုက်စံလေးက စံအိမ့် ပါးပြင်ကို သူ့လက်ဖဝါး နုနုသေးသေးလေးများဖြင့် အုပ်ကိုင်ကာ မေးလိုက်ပြီး
...
"သားသား ကြီးလာရင်လေ... ပိုက်ဆံတွေ အများကြီး အများကြီး ရှာမယ်။ ပြီးရင် မေမေ့ကို အလုပ်မလုပ်ခိုင်းတော့ဘူး။ မေမေ့ကို ကားကြီးပေါ် တင်ပြီး သားသားက ရှေ့ကနေ မောင်းပို့ပေးမှာနော်။ "
သားလေးစကားကြောင့် စံအိမ် ရယ်မောလိုက်မိသည်။ ဘဝရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ အတိတ်က နာကျင်စရာ ဒဏ်ရာတွေ အားလုံးဟာ ဒီကလေးငယ်လေးရဲ့ စကားတစ်ခွန်းအောက်မှာတင် အရည်ပျော်ကျသွားခဲ့ရသည်။
"ဟုတ်ပါပြီရှင်... သားသားလေးက လိမ္မာလိုက်တာ။ မေမေက သားသားလေး ရှိနေလို့ ဘာလုပ်ရလုပ်ရ ဘယ်တော့မှ မပင်ပန်းဘူး သိလား။ ကဲ... သွား မျက်နှာသစ်တော့၊ ရေချိုးခန်းထဲမှာ ရေနွေးစပ်ပေးထားတယ်။"
စံအိမ့်စကားဆုံးတာနှင့် နေထိုက်စံလေးက "ဟုတ်ကဲ့" ဟု အသံကျယ်ကြီးဖြင့် အော်ကာ ရေချိုးခန်းဆီသို့ ပြေးသွားတော့သည်။
စံအိမ် သားလေးရဲ့ ကျောပြင်လေးကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။
သူမ ဘဝကို အရှုံးပေးချင်စိတ်များ ပေါ်လာတိုင်း ဒီကလေးငယ်လေးကသာ သူမကို အသက်ဆက်ရှင်ဖို့ ခွန်အားတွေ ပေးခဲ့ခြင်းပင်။
_____
စံအိမ်ရုံးဆင်းပြီး သားလေးကို မူကြိုမှ ဝင်ကြိုကာ အိမ်ပြန်ရောက်သည်နှင့်...
"ဒေါက်... ဒေါက်... ဒေါက်..."
တံခါးခေါက်သံ ထွက်ပေါ်လာလျှင် နေထိုက်စံလေးက အရုပ်ဆော့နေရာမှ ဝုန်းခနဲ ထပြေးသွားပြီး ခွေးခြေခုံလေးကို ယူကာ တံခါးဂျက်ကို လှမ်းဖွင့်လိုက်လေသည်။
"ဟေး... ဦးဦးသီဟ လာပြီ "
မင်းသီဟက လက်တစ်ဖက်တွင် အသီးအနှံများ၊ မုန့်များ အပြည့်ပါသော အိတ်ကြီးတစ်လုံးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် နေထိုက်စံလေးကို ချီလိုက်၏။
"ဘယ်လိုလဲ ကိုယ့်လူ ... ဦးဦးကို လွမ်းနေပြီလား။"
"လွမ်းတာပေါ့ ဦးဦးက သားသားကို လေယာဉ်ပျံ အရုပ်ဝယ်ပေးမယ်ဆိုပြီး ပျောက်နေတာကိုး။"
နေထိုက်စံလေး၏ ရွတ်တွတ်တွတ် စကားကြောင့် မင်းသီဟ သဘောကျစွာ အသံထွက် ရယ်မောလိုက် လေသည်။
"အဲ့တာ ဦးဦးအလုပ်များနေလို့ပါကွ... ရော့ ဒီမှာ ကြည့်စမ်း။"
မင်းသီဟ အိတ်ထဲမှ အနီရောင် လေယာဉ်ပျံ အရုပ်လေးကို ထုတ်ပေးလိုက်ရာ နေထိုက်စံလေးက ဝမ်းသာအားရဖြင့် "ရေး" ဟု အော်ကာ အရုပ်ကို ယူပြီး ဧည့်ခန်းထဲသို့ ပြေးဆော့လေတော့သည်။
"ကိုကို ထိုင်လေ ...စံအိမ် ကော်ဖီ ဖျော်လာခဲ့မယ်။"
ခဏအကြာတွင် စံအိမ် ကော်ဖီနှင့်မုန့် ယူလာပြီး စားပွဲပေါ် ချပေးလိုက်သည်။
"အလုပ်တွေ အဆင်ပြေရဲ့လား ညီမလေး။
ရုံးက လူတွေရော ဆက်ဆံရေး ကောင်းရဲ့လား။ ပင်ပန်းရင် ကိုကို့ကို ပြောနော်။"
မင်းသီဟက ရေနွေးကြမ်းကို မှုတ်သောက်ရင်း မေးလိုက်သည်။
"ပြေပါတယ် ကိုကိုရဲ့ ... လစာကလည်း အခုဆို နှစ်ယောက်စာ လောက်ငှရုံတင် မကဘူး၊ သားသားလေး ကျောင်းထားဖို့တောင် စုထားနိုင်နေပြီ။ ကိုကိုသာ မရှိရင် ညီမလေးတို့ သားအမိ ဘယ်လိုနေရမလဲ မသိပါဘူး။"
စံအိမ်က ကျေးဇူးတင်သော မျက်ဝန်းများဖြင့် မင်းသီဟကို ကြည့်လိုက်လျှင် မင်းသီဟက ခေါင်းကို ခပ်ဖွဖွ ရမ်းပြလိုက်ပြီး...
"ကိုကိုက အနည်းအကျဉ်းပဲ ကူညီပေးတာပါ။ ညီမလေး ကိုယ်တိုင်က သတ္တိရှိလို့၊ ကြိုးစားလို့ အခုလို ရပ်တည်နိုင်တာပါ။ မိန်းကလေး တစ်ယောက်တည်း ကလေးတစ်ဖက်နဲ့ ရုန်းကန်ရတာ လွယ်တာမှတ်လို့။ ညီမလေးက တကယ်ကို တော်တဲ့ မိခင်တစ်ယောက်ပါ။"
မင်းသီဟ စကားကြောင့် စံအိမ် ကြည်နူးစွာ ပြုံးလိုက်မိသည်။ ထိုအချိန်တွင် နေထိုက်စံလေးက လေယာဉ်ပျံ အရုပ်လေးကို ကိုင်ကာ ပြေးလာပြီး မင်းသီဟ ပေါင်ပေါ်သို့ တက်ထိုင်လိုက်၏။
"ဦးဦးသီဟ... သားသားလေ ဒီနေ့ ကျောင်းမှာ တီချယ်သင်ပေးတဲ့ ကဗျာ ရတယ် သိလား။ ဦးဦးကို ရွတ်ပြမယ် နားထောင်နော်..."
လက်ကလေး နှစ်ဖက်ကို လှုပ်ရှားကာ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကဗျာကို အသံစူးစူးလေးဖြင့် ရွတ်ပြနေ၏။ စံအိမ်နှင့် မင်းသီဟတို့ နှစ်ယောက်သား နေထိုက်စံလေးရဲ့ အမူအရာလေးတွေကို ကြည့်ရင်း သဘောကျစွာ ရယ်မောကြမိတော့သည်။
______________
အပိုင်း (၃၀) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)