"မာမီ... အား... ဟား... မာမီ... ကျွန်တော့်ကို ကယ်ပါဦး..."
"သား... ထပါဦးကွယ်။ သား ဘာတွေဖြစ်လာတာလဲ အမေ့ကို ပြောပါဉီး "
အဆက်အသွယ်မရဖြစ်နေတဲ့ သားဖြစ်သူက ရောက်လာပြန်တော့လည်း ညကြီးမင်းကြီးမှာ မထိတ်သာမလန့်သာ။
ဒေါ် အေးမြရိအ်မှာ ရင်တမမဖြင့် သခင့် ပခုံးကျယ်ကြီးများကို ဆွဲထူရန် ကြိုးစားသော်လည်း သခင်က ခေါင်းကို အတင်းခါရမ်းကာ ငိုသံကြီးဖြင့် ...
"စံအိမ်... စံအိမ် ထွက်သွားပြီ မာမီ ကျွန်တော်... ကျွန်တော် သူ့ကို ပြန်လိုချင်တယ် ... တောင်းပန်ပါတယ်... စံအိမ့်ကို ပြန်ခေါ်ပေးပါ မာမီရယ်... သူ မရှိလို့ မဖြစ်ဘူး... သူ မရှိရင် ကျွန်တော် ရူးသွားလိမ့်မယ်...
အား ... ဟား စံအိမ် ကိုယ်တောင်းပန်ပါတယ်ကွာ အား
ကိုယ့်ကို မထားခဲ့ပါနဲ့ ဟား ဟား။ "
သခင့်ပုံစံမှာ လုံးဝကို စိတ်လွတ်ကိုယ်လွတ် ဖြစ်နေကာ ရင်ဘတ်ကို လက်သီးဖြင့် အကြိမ်ကြိမ် ထုရိုက်ရင်း ဆံပင်များကို အတင်းဆွဲဖွနေကာ၊ တဟားဟား ရယ်လိုက်၊ အားပါးတရ အော်ငိုလိုက်နှင့် အသိစိတ် လွတ်ကင်းနေသော အရူးတစ်ယောက်အလား။
"သား သား သတိထားပါဦးကွယ်။"
ဒေါ်အေးမြရိပ် သခင့်လက်များကို အတင်းဖမ်းဆွဲကာ ရင်ခွင်ထဲသို့ ဆွဲသွင်းဖက်တွယ်ထားလိုက်ရသည်။
"တော်ပါတော့ သားရယ်... သား အခုလိုတွေ ဖြစ်နေတာ အမေ ရင်ကျိုးရလွန်းလို့ပါ ... သတိထားပါဦးကွယ်... အမေ့ကို ကြည့်ပါဦး..."
"ကျွန်တော် ... ကျွန်တော်မှားတာ မာမီ ...ကျွန်တော်တို့ သိထားတာတွေက မှားနေခဲ့တာ။ မမက စံအိမ့်ကို အထင်တွေလွဲခဲ့တာ။
သားက သူ့ကို နှိပ်စက်ခဲ့မိတာ။ "
သခင်ရင်ထဲ မွန်းကြပ်လာကာ အသက်ရှူရသည်ပင် သေမတတ် နာကျင်လွန်းလှသည်။
______________
"ညီမလေးကို အခု ကိုယ့်အိမ်ပဲခေါ်သွားမယ်နော်။ အခန်းပိုလည်းရှိတော့ အဆင်ပြေတယ်မလား။"
ကားစတီယာရင်ကို ကိုင်ထားရင်း မင်းသီဟက နောက်ကြည့်မှန်မှတစ်ဆင့် စံအိမ့်ကို ငဲ့ကြည့်ကာ လှမ်းမေးလိုက်သည်။
"ဟုတ်... ကျေးဇူးပါ ကိုကို..."
"ကျေးဇူးတင်စရာ လိုလို့လားကွာ..."
မင်းသီဟက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီး ကားကို ခြံဝင်းတစ်ခုထဲသို့ ကွေ့ဝင်လိုက်သည်။
"အိမ်ထဲက အိမ်ပြင်မထွက်ရင် ညီမလေးကို အခုလိုလုပ်ထားတဲ့သူလည်း ရှာတွေ့မှာ မဟုတ်ပါဘူး။ ကိုကို့ အိမ်မှာ ဘယ်သူမှလည်း မရှိဘူး၊ ကိုကို တစ်ယောက်တည်း နေတာမို့ စိတ်ချလက်ချသာ အနားယူတော့နော်။"
စံအိမ် ခေါင်းညိတ်ပြလိုက်သည်။ မင်းသီဟက စံအိမ့်ကို ဆိုဖာပေါ်တွင် ထိုင်စေပြီး နွားနို့ပူပူတစ်ခွက်ကို ဖျော်လာပေးကာ ...
"ရော့... နွေးနေတုန်း သောက်လိုက်ဦး။ ပြီးရင် ရေချိုးပြီး ကောင်းကောင်း အိပ်လိုက်တော့နော်။"
စံအိမ် နွားနို့ခွက်လေးကို လှမ်းယူလိုက်ရင်း မင်းသီဟ မျက်နှာကို မော်ကြည့်လိုက်သည်။
ငယ်ငယ်ကတည်းက သူမ အခက်အခဲ ဖြစ်တိုင်း အမြဲတမ်း ကာကွယ်ပေးခဲ့သော ကိုကိုက အခုလည်း သူမဘဝအတွက် ကယ်တင်ရှင်အဖြစ် ရောက်လာခဲ့ပြန်ပြီ။
"ကိုကို..."
စံအိမ် နွားနို့ခွက်လေးကို စားပွဲပေါ် ပြန်တင်လိုက်ပြီး တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် သူမ ဗိုက်ကလေးကို အုပ်ကိုင်လိုက်သည်။
"ဟင်... ပြောလေ ညီမလေး ... ဘာဖြစ်လို့လဲ၊ ခြေထောက်က နာနေလို့လား။"
"မဟုတ်ဘူး... ကိုကို...စံအိမ်...စံအိမ့်မှာ..."
"ဘာဖြစ်လို့လဲ ညီမလေးရယ်... ကိုကို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ ညီမလေးက ကိုကို့ရဲ့ ညီမလေးအရင်းတစ်ယောက်လိုပါပဲ။"
မင်းသီဟ သူမရဲ့ တုန်ရီနေသော လက်ကလေးများကို ဆုပ်ကိုင်ပေးထားလိုက်သည်။
"စံအိမ့်မှာ စံအိမ့်မှာ... ကိုယ်ဝန်ရှိနေပြီ ကိုကို... ဟင့်... အဟင့်..."
ထိုစကားလုံး အဆုံးတွင် ဧည့်ခန်းတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားကာ မင်းသီဟ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး ဆုပ်ကိုင်ထားသော သူ့လက်များက ရုတ်တရက် တောင့်တင်းသွားရသည်။ ဦးနှောက်ထဲတွင် တွေးတောနိုင်စွမ်းများ ခေတ္တ ရပ်တန့်သွားသလိုပင်။
သူ့မျက်နှာတစ်ခုလုံး နီရဲလာပြီး မေးကြောများ အထင်းသား ပေါ်လာသည်အထိ အံကို တင်းကျပ်စွာ ကြိတ်လိုက်မိသည်။
"ဘယ်... ဘယ်ကောင်လဲ ...အဲ့ဒီ ခွေးကောင်က ဘယ်သူလဲ"
မင်းသီဟ၏ ဟိန်းထွက်လာသော အသံကြီးကြောင့် စံအိမ် လန့်ဖြတ်ကာ ဆိုဖာထောင့်သို့ ကျုံ့ဝင်သွားကာ သူမ လက်နှစ်ဖက်က ဗိုက်ကလေးကို အလိုအလျောက် ကာကွယ်ထားပြီးသား ဖြစ်သွားသည်။ ထိုအမူအရာလေးကို မြင်လိုက်ရချိန်တွင် မင်းသီဟ ရင်ထဲတွင် ဒေါသထက် သနားကြင်နာမှုက ချက်ချင်း အစားထိုး ဝင်ရောက်လာကာ သူ သက်ပြင်းကို ရှည်ရှည် တစ်ချက်ရှူထုတ်လိုက်ပြီး ...
"ကိုကို တောင်းပန်ပါတယ် ညီမလေးရယ်... ကိုကို ညီမလေးကို အော်လိုက်တာ မဟုတ်ပါဘူး... ကိုကို ဒေါသထွက်သွားလို့ပါ။"
မင်းသီဟက အသံကို အတတ်နိုင်ဆုံး နူးညံ့အောင် ပြန်ပြောင်းလိုက်ပြီး သူမရဲ့ မျက်ရည်ကျနေသော ပါးပြင်လေးကို ခပ်ဖွဖွ သုတ်ပေးလိုက်သည်။
"ညီမလေး ... ညီမလေး လက်ထပ်ပြီးသွားပြီ ကိုကို ... အခု ကိုယ်ဝန်ကလည်း သူနဲ့ရတာပါ။ ... နောက်ပြီး ... "
"အင်းပါ ... ဟုတ်ပါပြီ ညီမလေး ပြောရခက်နေရင် မပြောနဲ့တော့နော်။ ကိုကို နားလည်ပြီ ...ညီမလေး... ကိုကို့ကို ကြည့်။"
"..."
"ညီမလေး ဘာမှ ကြောက်စရာ မလိုတော့ဘူး။ ဒီကိစ္စအတွက် ညီမလေးမှာ ဘာအပြစ်မှ မရှိဘူး၊ ရှက်စရာလည်း မလိုဘူး။ ညီမလေးကိုရော... ညီမလေး ဗိုက်ထဲက ကလေးလေးကိုပါ ကိုကို ကာကွယ်သွားမှာပါ ... ကိုကို ကတိပေးတယ် ဟုတ်ပြီလား။"
"အင်း ... ဟင့် အင့် အင့် အဟင့် "
စံအိမ် ရှိုက်ကြီးတငင် ငိုကြွေးရင်း မင်းသီဟ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဖက်ထားလိုက်မိသည်။
_______________
စံအိမ် ပျောက်သွားသည်မှာ တစ်ပတ်ကျော်ခဲ့ပြီဖြစ်သလို ထိုအချိန်တွေက သခင့်အတွက် အရှင်လတ်လတ်ငရဲကျနေသလို ပူလောင်လွန်းလှသည်။
သူနေရာအနှံ့လိုက်ရှာပေမယ့် အစအနပင်ရှာမတွေ့တော့အောင် စံအိမ်က အပုန်းကောင်းလွန်းလှသည်။
သူနေရာအနှံ့ လိုက်ရှာကြည့်ရင်း လမ်းမထက်တွင် စံအိမ်နှင့် ခပ်ဆင်ဆင် တူသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်သည်နှင့်...
"စံအိမ် ... စံအိမ်"
သခင် အရူးတစ်ပိုင်း ပြေးသွားကာ ထိုမိန်းကလေး၏ ပခုံးကို လှမ်းဆွဲလိုက်မိသည်။ သို့သော် လှည့်ကြည့်လာသော မျက်နှာစိမ်းကို မြင်လိုက်ရချိန်တွင် ရင်ထဲ၌ ဆောက်တည်ရာမရအောင် ပြိုလဲသွားရပြန်သည်။
"ဆောရီး... ဆောရီးပါ... လူမှားသွားလို့ပါ။"
ထိုမိန်းကလေးက သူ့ကို အရူးတစ်ယောက်လို ကြည့်ကာ ထွက်သွားပြီး သခင် လမ်းဘေး ပလက်ဖောင်းပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိသည်။ လက်ထဲမှ စံအိမ့် ဓာတ်ပုံလေးကို ရင်ဘတ်တွင် အတင်းဖိကပ်ထားရင်း မျက်ရည်ပူများက ပါးပြင်ပေါ်သို့ တသွင်သွင် စီးကျလာပြန်၏။
"ကိုယ် မှားသွားပါတယ် စံအိမ်ရယ်... မင်း အပြစ်ပေးသမျှ အကုန်ခံပါ့မယ်ကွာ... ကျေးဇူးပြုပြီး ကိုယ့်ဆီ ပြန်လာပေးပါ..."
လမ်းသွားလမ်းလာများက သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြသော်လည်း သခင် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
_____________
အချိန်တွေက ရွေ့ရွေ့ ကူးပြောင်းသွားခဲ့ပေမယ့် နေမင်းသခင်အတွက်တော့ အချိန်တွေက စံအိမ် ပျောက်ကွယ်သွားသည့် ထိုနေ့မှာတင် အပြီးတိုင် ရပ်တန့်နေခဲ့သည်။
နေရာအနှံ့လိုက်ရှာပေမယ့် အပုန်းကောင်းတဲ့ ကောင်မလေးကိုတော့ ရှာမတွေ့ခဲ့။
"စံအိမ်... မင်း ကိုယ့်ကို တကယ် ထားသွားခဲ့တာပဲ။ "
သခင်က ကုတင်ခြေရင်း ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်နေသည်။ သူရဲ့ ခန့်ညားခဲ့သော ရုပ်သွင်က အခုတော့ အရိုးပေါ် အရေတင်ဖြစ်ကာ ပါးချိုင့်များ ချောင်ကျနေပြီး မျက်ကွင်းများက ဟောက်ပက်ဖြစ်နေ၏။ ဆံပင်များကလည်းရှည်ကာဖရိုဖရဲဖြစ်နေပြီး ပသိုင်းမွှေး၊မုတ်ဆိတ်မွှေးများနှင့် အရင်က နေမင်းသခင်ရဲ့ ရုပ်သွင်က ပျောက်လို့နေတော့သည်။
သူ့လက်ထဲတွင် စံအိမ်နဲ့ သူ့ရဲ့ မင်္ဂလာဓာတ်ပုံလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေ၏။
ထိုစဉ် ရုတ်တရက်... သခင့် မျက်လုံးများက အခန်းထောင့်တစ်နေရာဆီသို့ ရောက်သွားပြီး သူ့ ငိုသံများ ချက်ချင်း ရပ်တန့်သွားကာ ...
"စံ... စံအိမ်..."
သူ့ရှေ့တွင် စံအိမ် ရပ်နေသည်။ ဟုတ်တယ် စံအိမ်ပါ... သူမ ဝတ်နေကျ ဂါဝန်အဖြူလေးကို ဝတ်ထားပြီး သူ့ကို မျက်ရည်ဝဲဝဲလေးဖြင့် လှမ်းကြည့်နေတာ။
"မင်း... မင်း ပြန်လာပြီလားဟင် ... စံအိမ်... ကိုယ့်ဆီ ပြန်လာပြီလား "
သခင် အရူးတစ်ယောက်လို ဝမ်းသာအားရ ထအော်လိုက်ပြီး ထိုနေရာဆီသို့ ဒူးတရွတ်တိုက် လေးဖက်ထောက်ကာ အပြေးသွားလိုက်သည်။ သူ့ မျက်ဝန်းထဲတွင် မျှော်လင့်ချက် ရောင်ခြည်များက တောက်ပသွားပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူမကို ဖက်ရန် ကြိုးစားလိုက်၏။
"ကိုယ် တောင်းပန်ပါတယ်ကွာ... ကိုယ် တကယ် တောင်းပန်ပါတယ်... "
သို့သော်... သူ ဆွဲဖက်လိုက်ချိန်တွင် သူ့ လက်များက လေဟာနယ်ကိုသာ ဆုပ်ကိုင်မိသွားကာ စံအိမ့် ပုံရိပ်လေးက လေထဲတွင် အငွေ့များလို လွင့်စင်ပျောက်ကွယ်သွားလေပြီ။
"ဟင့်အင်း ... မသွားပါနဲ့! မသွားပါနဲ့ ... ကိုယ့်ကို ထားမသွားပါနဲ့ "
သခင် လေဟာနယ်ကြီးကို အတင်းလိုက်ဖမ်းဆုပ်ရင်း အသံကုန် ဟစ်အော်လိုက်သည်။
ထို့နောက် ကြမ်းပြင်ပေါ်သို့ ခေါင်းဖြင့် အားကုန် ဆောင့်ချလိုက်ပြီး...
"အားးးး တောင်းပန်ပါတယ် ... ကိုယ့်ကိုသတ်လိုက်ပါတော့ အားးး"
သူ့ရဲ့ အော်ဟစ်သောင်းကျန်းသံများကြောင့် အခန်းပြင်မှ ဒေါ် အေးမြရိပ်နှင့် အိမ်အကူများ ပြာပြာသလဲ ပြေးဝင်လာကြကာ ...
"သား သားလေး... ဘာဖြစ်လို့လဲကွယ်..."
ဒေါ်အေးမြရိပ် ဝင်လာချိန်တွင် သခင်က မှန်တင်ခုံပေါ်မှ ပစ္စည်းများကို အကုန်ဆွဲချကာ မှန်ကြီးကို လက်သီးဖြင့် အားကုန် ထိုးခွဲနေပြီး သူ့ လက်ခုံမှ သွေးများ စို့လာသော်လည်း နာကျင်ရမှန်း မသိတော့ဘဲ အရူးတစ်ယောက်လို ရယ်လိုက်၊ ငိုလိုက် ဖြစ်နေ၏။
"မာမီ... ဟား ဟား... စံအိမ်လေ... စံအိမ် ခုနက ဒီမှာ ရှိတယ် မေမေရဲ့။ သူ ကျနော့်ကို ပြုံးပြနေတာ... အခုမှ... အခုမှ သူ ဘယ်ထွက်သွားပြန်တာလဲ မသိဘူး။
စံအိမ်... ထွက်ခဲ့လေကွာ... ကိုယ် မင်းကို ဘာမှ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်..."
သွေးသံရဲရဲ လက်ကြီးဖြင့် အခန်းထောင့်ကို လက်ညှိုးထိုးကာ စကားတွေ ကယောင်ကတမ်း ပြောနေသော သားဖြစ်သူကို ကြည့်ပြီး ဒေါ်အေးမြရိပ် ရင်ကွဲမတတ် ငိုချလိုက်မိသည်။
"သားရယ်... အဲ့ဒီမှာ ဘယ်သူမှ မရှိဘူး... သား
စိတ်ထိန်းပါဦးကွယ်... မေမေ့ကို ကြည့်ပါဦး..."
"ရှိတယ် သူ ရှိတယ် ခင်ဗျားတို့ အားလုံး ဖယ်ကြစမ်း ငါ့မိန်းမကို ငါ သွားရှာရမယ် "
သခင်က သူ့အနား လာကပ်သော အိမ်အကူများကို အားကုန် တွန်းထုတ်ကာ အခန်းပြင်သို့ ပြေးထွက်ရန် ကြိုးစားလေသည်။ သို့သော် အားမရှိတာကြောင့်သူ မတ်တပ်ထရပ်လိုက်တာနှင့် ခန္ဓာကိုယ်ကြီးက ယိုင်နဲ့သွားပြီး ကြမ်းပြင်ပေါ်သို့ "ဘုန်း" ခနဲ လဲကျသွားကာ သတိလစ်သွားတော့သည်။
__________
"အန်တီ... လူနာရဲ့ အခြေအနေက အန်တီပြောသလို ရုတ်တရက် အချစ်ရေးကြောင့် စိတ်ထိခိုက်ပြီး စိတ်ရောဂါရသွားတာမျိုး သက်သက် မဟုတ်ဘူး။ ကျွန်တော်တို့ စစ်ဆေးကြည့်ရသလောက်... နေမင်းသခင်မှာ စိတ်ဒဏ်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါ အစပျိုးနေတာ တော်တော်လေး ကြာနေပြီ။"
ဆရာဝန်၏ စကားကြောင့် ဒေါ်အေးမြရိပ် မျက်လုံးပြူးသွားရသည်။
"ရှင်... ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဆရာ။ ကျွန်မသားက သိပ်ကို ထက်မြက်တဲ့ ကလေးပါ ဆရာရယ်။"
"ထက်မြက်တာနဲ့ စိတ်ကျန်းမာရေးက တခြားစီပါ အန်တီ။ သူ့ရဲ့ ရောဂါဇာစ်မြစ်က ဘယ်ကစမှန်းအသေအချာ မသိရပေမယ့် စိတ်ရောဂါ အစပျိုးနေတဲ့အချိန်က အတော်ကြာနေပါပြီ။ "
ဆရာဝန်က မှတ်တမ်းဖိုင်ကို ပိတ်လိုက်ပြီး သက်ပြင်းချကာ ဆက်ပြောသည်။
" အခု သူ့မိန်းမက ပျောက်သွားတော့... သူ ဖုံးကွယ်ထားတဲ့ စိတ်ရောဂါက အကုန်လုံး ပွင့်ထွက်ပြီး အခုလို အသိစိတ်လွတ်သွားတဲ့ အခြေအနေထိ ရောက်သွားတာပါပဲ။"
ဒေါ်အေးမြရိပ် ပါးစပ်ကို လက်ဖြင့် အုပ်ကာ အသံထွက်လာသည်အထိ ရှိုက်ငိုလိုက်မိသည်။
သူမ သားကို မာနကြီးပြီး သွေးအေးလွန်းသည်ဟုသာ ထင်ခဲ့တာ ... တကယ်တမ်းကျတော့ သားက စိတ်ရောဂါဆိုတဲ့ နာကျင်စရာ ဒဏ်ရာကြီးကို လွယ်ထားခဲ့ရမှန်း သူမ အခုမှ သိလိုက်ရသည်။
စံအိမ့်ကို နှိပ်စက်ခဲ့တာတွေကလည်း အမုန်းတွေအပြင် စိတ်ရောဂါရဲ့ ထွက်ပေါက်တစ်ခုဖြစ်ခဲ့တာပဲ။
"မေမေ ညံ့တာပါ သားရယ်... မေမေ သားကို ဂရုမစိုက်နိုင်ခဲ့လို့ သား အခုလို ဖြစ်ရတာပါ... "
အခန်းထဲတွင်တော့ သခင် ကုတင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာကာ နံရံကို မှီ၍ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ပါးစပ်ကလည်း ခပ်တိုးတိုးရေရွတ်နေ၏။
"တောင်းပန်ပါတယ် ... ကိုယ်တောင်းပန်ပါတယ်။ "
သခင် သူ့ဘာသာသူ စကားတွေ တတွတ်တွတ် ပြောနေရင်း မျက်ရည်တစ်ပေါက်က သူ့ရဲ့ ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွား၏။
အပိုင်း (၂၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)