Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၂၇)

သခင် လက်ထဲမှ အထုတ်များအား ငုံ့ကြည့်ရင်း နှစ်ခြိုက်စွာပြုံးနေမိသည်။

အခုတလော သူမက ထမင်းသိပ်မစား၍ သူမ ကြိုက်တတ်သည့် မုန့်တွေ၊အသီးတွေနှင့် ခေါက်ဆွဲတွေ ဝယ်လာခဲ့ခြင်းပင်။

ဒီတစ်ခေါက်မြို့တက်တာက အလုပ်ကိစ္စထက် သူမအတွက်ဆို ပိုမှန်လိမ့်မည်။

အခုတလော သူမက လိမ္မာနေတော့ သူလည်းရင်အေးနေရသည်။

ကားကို ရပ်နေကျနေရာမှ ရပ်ခဲ့လိုက်ပြီး အထုတ်တွေအကုန်ယူကာ ခြေလှမ်းများက ခါတိုင်းထက် တက်ကြွနေ၏။

သို့သော်... သူ့ခြေလှမ်းများက တဲအိမ်ရှေ့သို့ အရောက်တွင် ရုတ်တရက် ရပ်တန့်သွားရသည်။

သူ သေချာခတ်သွားခဲ့သော သော့ခလောက်က မြေကြီးပေါ်တွင် ပွင့်ထွက်လျက်သား ကျနေပြီး၊ တဲတံခါးမှာ ပွင့်နေလေသည်။

သခင့်ရင်ထဲသို့ လေဟာနယ်ကြီးတစ်ခု ရုတ်တရက် ဝင်ရောက်လာသလို ဒိတ်ခနဲ ဖြစ်သွားရကာ လက်ထဲတွင် ကိုင်ထားသော အထုပ်များက မြေကြီးပေါ်သို့ "ဘုတ်" ခနဲ ပြုတ်ကျသွား တော့သည်။

"စံအိမ် ... စံအိမ်... "

သခင် တဲထဲသို့ အပြေးအလွှား ဝင်သွားလိုက်သည်။

"စံအိမ်... မင်း ဘယ်မှာလဲ။ "

သူ အသံကုန်ဟစ်အော်လိုက်သော်လည်း ပြန်ထူးသံကို မကြားရပေ။

တဲအပြင်သိုါ အမြန်ပြေးထွက်ကာ အကုန်လုံးကို အရူးတစ်ယောက်လို လိုက်ရှာသော်လည်း သူမ အရိပ်ကလေးပင် မတွေ့ရတော့။

သခင် ရင်ထဲပူလောင်ပြင်းပြလာပြီး ဗလောင်ဆူလာတော့သည်။ သခင် ယောက်ယက်ခတ်နေပြီး တဲထဲသို့ ပြန်ဝင်လာခဲ့လျှင် အကြည့်တို့က ကုတင်ခြေရင်းသို့ ရောက်သွားချိန်တွင်တော့ သူ့တစ်ကိုယ်လုံးရှိ သွေးကြောများ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

သူမကို သူ သေချာခတ်ထားခဲ့သော သံကြိုးကြီးက ပြတ်နေပြီဖြစ်၏။

"မဟုတ်ဘူး ... ဟင့်အင်း "

သခင့်ဦးနှောက်တစ်ခုလုံး မိုးကြိုးပစ်ချခံလိုက်ရသလို ထုံကျဉ်သွားကာ အမှန်တရားကို လက်ခံနိုင်စွမ်း မရှိတော့ပေ။ သူ ကုတင်ခြေရင်းသို့ ပြေးသွားကာ ပြတ်နေသော သံကြိုးစကို လက်ဖြင့် ကိုင်ကြည့်လိုက်ရာ သူမ ထွက်ပြေးသွားပြီဆိုသည့် အသိကို သူ့ရင်ထဲသို့ ရက်ရက်စက်စက် ရိုက်သွင်းလိုက်သလိုပင်။

"အားးးးး"

"စံအိမ်... မင်း ငါ့ကို ထားသွားရဲတယ်ပေါ့ ... ဟား တောက်"

သခင် အရူးတစ်ပိုင်း ဖြစ်သွားကာ စားပွဲခုံကို ခြေထောက်ဖြင့် အားကုန် ကန်ချလိုက်သည်။

"ထွက်ခဲ့စမ်း ... မင်း ဘယ်မှာလဲ စံအိမ်... ထွက်ခဲ့"

သခင် တောထဲသို့ အနှံ့ လှည့်လည်ရှာဖွေရင်း အော်ဟစ်နေမိသည်။ သစ်ပင်များကို လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးကြိတ်မိသဖြင့် သူ့ လက်ခုံများမှ သွေးများ ထွက်လာသော်လည်း နာကျင်ရမှန်း မသိတော့ပေ။ သူ့ရင်ဘတ်ထဲမှ အသည်းနှလုံးက အစိမ်းလိုက် ဆွဲထုတ်ခံထားရသလိုပင်။

အချိန်အတော်ကြာ အရူးတစ်ယောက်လို လိုက်ရှာပြီးနောက် ခြေကုန်လက်ပမ်းကျကာ တဲအိမ်လေးထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ကုတင်ဘေးတွင် အရုပ်ကြိုးပြတ် ဒူးထောက်ကျသွားကာ စံအိမ် အိပ်လေ့ရှိသော နေရာလေးကို လက်ချောင်းများဖြင့် တုန်ရီစွာ ပွတ်သပ်လိုက်မိသည်။

သူမ ကိုယ်သင်းနံ့သင်းသင်းလေးက ခေါင်းအုံးထက်တွင် စွဲကျန်ရစ်နေဆဲ။ သခင် ထိုခေါင်းအုံးလေးကို ရင်ခွင်ထဲသို့ အတင်းပွေ့ဖက်ကာ မျက်နှာအပ်လိုက်ရင်း...

"မင်း ... ရက်စက်လိုက်တာကွာ။ "

မျက်ဝန်းအိမ်မှ မျက်ရည်ပူများက တားဆီးမရနိုင်အောင် စီးကျလာကာ သူ့ရင်တွေ ကွဲအက်သွားလေပြီ။

ခေါင်းအုံးလေးကို ဖက်ကာ ကလေးငယ်တစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။

သို့သော် ငိုကြွေးနေရင်းမှ ရုတ်တရက် သခင့်မျက်လုံးများက

ပြတ်နေတဲ့ သံကြိုးဆီ ပြန်ရောက်သွားချိန်မှာတော့

ချက်ချင်းဆိုသလိုပင် သခင့်မျက်နှာပေါ်ရှိ ဝမ်းနည်းကြေကွဲမှုများက ကြောက်မက်ဖွယ်ကောင်းသော ဒေါသမီးတောက်များက မျက်ဝန်းထဲတွင် အစားထိုး ဝင်ရောက်လာတော့သည်။

ကျိန်းသေပေါက် ... ဒီနေရာကို တစ်ယောက်ယောက် ရောက်ခဲ့သည်။

မဟုတ်လျှင် စံအိမ် ဘယ်လိုမှ မလွတ်နိုင်။

အံကို တင်းတင်းကြိတ်လိုက်ကာ ...

"သတ်ပစ်မှာ အကုန်သတ်ပစ်မှာ။ "

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ....

"မင်း ဘယ်ကမ္ဘာရောက်ရောက် ငါ့လက်ကမလွတ်ဘူး။ "

______________

"ဒုန်း ... ဒုန်း ဒုန်း ... ထက်အာကာ... ထွက်ခဲ့စမ်း တံခါးဖွင့်စမ်း ခွေးကောင် ငါ့မိန်းမကို ကြာကူတဲ့ကောင် ထွက်ခဲ့စမ်း "

သခင် ကားပေါ်မှ ဆင်းဆင်းချင်း ခြံတံခါးကို ခြေထောက်ဖြင့် အားကုန် ဆောင့်ကန်လိုက်သည်။

ညကြီးအချိန်မတော် အသံကုန်ဟစ်အော်နေသဖြင့် ပတ်ဝန်းကျင်မှ ခွေးဟောင်သံများပါ ဆူညံသွား၏။

ခဏအကြာတွင် အိမ်ထဲမှ မီးများလင်းလာပြီး ထက်အာကာတစ်ယောက် မျက်မှောင်ကြီးကြုတ်ကာ ထွက်လာလေသည်။

"ညကြီးအချိန်မတော် ငါ့အိမ်ရှေ့မှာ မင်း ဘာတွေ လာအော်နေတာလဲ။ "

ထက်အာကာ ခြံတံခါးကို လာဖွင့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သခင် အတင်းတိုးဝင်ကာ ထက်အာကာရဲ့ အင်္ကျီကော်လံကို လက်နှစ်ဖက်ဖြင့် ဆောင့်ဆွဲကာ ထိုးချလိုက်သည်။

"ခွပ် "

"မင်း ..."

" ဘယ်မှာလဲ ... ငါ့မိန်းမကို အခုချက်ချင်း ထုတ်ပေးစမ်း "

သခင့် အသံက အက်ကွဲကာ တုန်ယင်နေပြီး မျက်လုံးများက လူကိုသတ်မတတ်ဖြတ်မတတ် စူးရဲနေ၏။

"မင်း ဘာတွေ လာပြောနေတာလဲ ... စံအိမ်က မင်းနဲ့ အတူရှိနေတာလေ... ငါ့ဆီကို ဘယ်တုန်းက ရောက်လာလို့လဲ"

"ငါ့ကိုလာလိမ်မနေနဲ့... မင်း သူ့ကို ခေါ်သွားတာ။ "

သခင် ထက်အာကာ၏ ပခုံးကို အားကုန်တွန်းထုတ်လိုက်ပြီး အိမ်ထဲသို့ ဇွတ်ဝင်သွားလေသည်။ ဧည့်ခန်းထဲသို့ ရောက်သည်နှင့် သူ့ဒေါသများကို ထိန်းချုပ်မရတော့ဘဲ စားပွဲပေါ်ရှိ ပန်းအိုးများ၊ အလှဆင်ပစ္စည်းများကို လက်ဖြင့် ဆွဲချကာ ရိုက်ခွဲပစ်လိုက်သည်။

"ခွမ်း...ဝုန်း..."

ဖန်ကွဲစများ၊ ပစ္စည်းများက ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲ ပြန့်ကျဲကုန် တော့သည်။

"စံအိမ်... ထွက်ခဲ့ ... မင်း ဘယ်မှာ ပုန်းနေတာလဲ ထွက်ခဲ့စမ်း"

သခင်က အိမ်ခန်းတံခါးများကို တစ်ချပ်ပြီး တစ်ချပ် အတင်းဆွဲဖွင့်ကာ ကုတင်အောက်များ၊ ဗီရိုများထဲအထိ အရူးတစ်ယောက်လို ဝင်ရောက် ရှာဖွေနေတော့သည်။ သူ ပုံစံမှာ ဆုံးရှုံးသွားသော အရာတစ်ခုကို အသည်းအသန် လိုက်ရှာနေသည့် ကလေးငယ်တစ်ယောက်နှင့်လည်း တူနေ၏။

ထိုအချိန်တွင် အနောက်မှ ပြေးလိုက်လာသော ထက်အာကာက သခင့် ပခုံးကို အားကုန်ဆွဲလှည့်လိုက်ပြီး မျက်နှာကို လက်သီးဖြင့် တစ်ချက် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။

"ခွပ်"

"မင်း တော်တော်လွန်နေပြီ နေမင်းသခင် ... ဒါ ငါ့အိမ်... ငါ့အိမ်ကို ညကြီးအချိန်မတော် ဝင်လာပြီး လာဖျက်ဆီးခွင့်၊ သောင်းကျန်းခွင့် မင်းမှာ မရှိဘူး"

"မင်း ငါ့မိန်းမကို ခိုးသွားတာလေ မယားခိုးရဲ့... ပြော... ငါ့မိန်းမစံအိမ် ဘယ်မှာလဲ ... မပြောလို့ကတော့ အကုန်လုံး မီးလောင်သိုက်သွင်းပစ်မယ်။ "

"ငါမသိဘူးလို့ ပြောနေတယ်လေ"

"တောက် ... ကဲကွာ ခွပ် "

သခင် နောက်တစ်ကြိမ် ထက်အာကာကို ထိုးချလိုက်၏။

"ခွပ် ခွပ် ခွပ် ... ပြောစမ်း ငါ့မိန်းမ ဘယ်မှာလဲ။ "

မနားတမ်း ကျရောက်လာတဲ့ ထိုးချက်များကြောင့် ထက်အာကာ မျက်နှာတစ်ပြင်လုံး ရစရာမရှိတော့‌။

"‌ပြောစမ်းလို့ ... ငါ့မိန်းမဘယ်မှာလဲ။ "

"မသိဘူးလို့ ... မင်းမိန်းမကို ဘာလို့ ငါ့ဆီ လာရှာနေတာလဲ။

သြော်... အခုမှ သဘောပေါက်ပြီ ... အဟက် "

အထိုးခံနေရသည့်ကြားမှ ထက်အာကာ နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သေး၏။

"မင်း စံအိမ့်ကို နှိပ်စက်လွန်းလို့ သူ မခံနိုင်တော့ဘဲ ထွက်ပြေးသွားပြီလား။ "

"မင်း ဘာပြောတယ်..."

" ဒီမှာ စံအိမ် မရှိဘူး။

တကယ်လို့ စံအိမ်ရောက်လာခဲ့ရင်လည်း... မင်းလို လူလက်ထဲကို ဘယ်တော့မှ ပြန်မထည့်ပေးဘူး ... သေချာ မှတ်ထား"

ထက်အာကာဆီက စကားများကြောင့် သခင် စိတ်တိုရမည့်အစား

ဒူးများက ရုတ်တရက် ပျော့ခွေသွားမတတ် ဖြစ်သွားရသည်။

ဒီမှာ မရှိရင် ဘယ်များ ထွက်သွားရတာလဲ။

အပိုင်း (၂၈) ဆက်ရန် ...

« ရှေ့အခန်း - အပိုင်း (၂၆) နောက်အခန်း - အပိုင်း (၂၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ