Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၂၆)

အခုတလော စံအိမ်က သူ့ကို ကောင်းကောင်းဆက်ဆံတော့ သူမြို့ကို သွားတဲ့အချိန်မှလွဲ၍ သူရှိတဲ့အချိန်ဆို သံကြိုးခတ်မထားတော့ပေ။

ရက်အနည်းငယ် ကြာလာသည်နှင့်အမျှ ကိုယ်ဝန်ဆောင် လက္ခဏာများကလည်း ပိုမို သိသာလာသည်။ မနက်ပိုင်းဆိုလျှင် ပျို့အန်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရ၏။ သခင် ရှိနေချိန်တွင် အန်ချင်စိတ် ပေါ်လာပါက သူ မမြင်တဲ့နေရာ အမြန်ပြေးရသည်။

"အွတ်..."

ဒီနေ့လည်း သခင် ဟင်းချက်နေစဉ် စံအိမ် ပျို့တက်လာတာကြောင့်ပါးစပ်ကို လက်ဖြင့် အုပ်ပြီး တဲနောက်ဖေးသို့ အပြေးထွက်ကာ ချုံပုတ်တစ်ခုတွင် အန်ချလိုက်ရသည်။

"စံအိမ်... ဘာဖြစ်တာလဲ"

နောက်ကျောမှ လှမ်းမေးလာတဲ့ သူ့အသံ ထွက်ပေါ်လာလျှင် စံအိမ် ကိုယ်လေး တောင့်ခနဲဖြစ်သွားရသည်။

"ဘာ ... ဘာမှမဖြစ်ဘူး။

အဲ့နားက မီးခိုးမွှန်လို့ "

စံအိမ်က ချောင်းဟန့်ကာ ဖြေရင်း ဘာမှမဖြစ်သလို သူ့အနားလျှောက်သွားလိုက်လျှင် သူကက မျက်မှောင်ကြုတ်ကာ စံအိမ့်ကို စိုက်ကြည့်လျက် ...

"မင်းမျက်နှာလည်းမကောင်းဘူး ...နေမကောင်းဘူးလား"

"ကောင်းပါတယ်... တကယ် ကောင်းပါတယ်။ နည်းနည်း ခေါင်းမူးရုံပါပဲ"

"အင်း ... ခေါင်းမူးနေရင် လှဲနေလိုက်။

ဘာစားချင်တာရှိလဲ။ "

"ဟင့်အင်း "

"အွန်း ... ကြက်စွပ်ပြုတ်လေးလုပ်ခဲ့လိုက်မယ်။ "

______________

အခုဆို စံအိမ် သတိထားရတော့သည်။ အဝတ်အစား ဝတ်လျှင်လည်း ဗိုက်မပေါ်အောင် ပွပွများကို ရွေးဝတ်ကာ

သူက စံအိမ့်ကို ထိတွေ့ရန် ကြိုးစားတိုင်း "ခေါင်းကိုက်တယ်"၊ "ရာသီလာနေတယ်"၊ "နေမကောင်းဘူး" စသည့် အကြောင်းပြချက် အမျိုးမျိုးဖြင့် ရှောင်လွှဲရသည်။

ဒီနေ့တော့ သူမြို့ကိုသွား၍ စံအိမ်လွတ်လပ်နေရ၏။

သို့သော် ညနေစောင်း သခင် ပြန်ရောက်လာချိန်တွင် အခြေအနေက ပြောင်းလဲသွားသည်။

အရက်တွေမူးလာကာ မျက်လုံးများက နီရဲနေပြီး စံအိမ် ရှိရာ ကုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ...

"ဒီနေ့တော့ မင်း ဘယ်လို ဆင်ခြေပေးဦးမလဲ"

အက်ရှရှနှင့် ကြောက်စရာစွာ ပေါ်ထွက်လာတဲ့ သခင့်အသံကြောင့်

စံအိမ် ကုတင်ထောင့်သို့ ကပ်သွားမိသည်။

" ရှင် မူးလာတာလား... အိပ်လိုက်တော့။ "

"မမူးဘူး ... ငါမင်းကို လိုချင်တယ်။ "

ပြောပြောဆိုဆိုနှင့် သူမ ခြေထောက်ကို ဆွဲယူလိုက်သည်။

စံအိမ် ရုန်းကန်သော်လည်း အားမမျှ။ သခင် သူမ ကိုယ်ပေါ်သို့ အုပ်မိုးလိုက်လျှင် အရက်နံ့ ပြင်းပြင်းက ထောင်းခနဲ။

သခင့်လက်တစ်ဖက်က သူမ ခါးသိမ်သိမ်လေးပေါ်သို့ ရောက်ရှိလာကာ ခါးမှတဆင့် အောက်ဘက်သို့ တဖြည်းဖြည်း လျှောဆင်းသွားပြီး တင်ပါးများကို ဆုပ်နယ်လိုက်သည်။

"ဟင့်အင်း ... မလုပ်ပါနဲ့... တောင်းပန်ပါတယ် ... ကျွန်မ တကယ် နေမကောင်းလို့ပါ"

"လိမ်မနေနဲ့ ... မင်းက ငါ့ကို တမင် ရှောင်နေတာ ငါသိတယ်။ "

‌ပါးစပ်က ပလုံးပထွေးပြောရင်း လက်က သူမ အင်္ကျီကို ဆွဲဖြဲရန် ပြင်လိုက်စဉ် စံအိမ် လက်နှစ်ဖက်ဖြင့် သူမ ဗိုက်ကို အလိုအလျောက် ကာကွယ်လိုက်မိသည်။ ထိုအခါ သူက စံအိမ့် လက်များကို ဖမ်းချုပ်ပြီး ခေါင်းရင်းဘက်သို့ ပို့လိုက်ကာ ...

"ဒီညတော့ မင်း မလွတ်စေရဘူး..."

သခင် ကြမ်းတမ်းစွာ နမ်းရှိုက်ရင်း သူမ လည်ပင်းကို ကိုက်ခဲလိုက်သည်။

စံအိမ် အော်ဟစ်ငိုကြွေးရုန်းကန်ရင်း စိတ်ထဲမှ ဘုရားတနေမိသည်။

'ဟင့်အင်း ... သူမကလေးလေး တစ်ခုခုဖြစ်သွားလို့မရဘူး။ '

ကံကောင်းထောက်မစွာပင် သခင်က တအား မူးနေတာကြောင့် အင်္ကျီကြယ်သီးများကို ဖြုတ်နေရင်းမှ ခေါင်းက စံအိမ့် ရင်ဘတ်ပေါ်သို့ မှီကျသွားပြီး လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။

"သခင်... သခင်..."

စံအိမ် တိုးတိုးလေး ခေါ်ကြည့်လျှင် ပြန်ထူးသံမကြားရပဲ ဟောက်သံသဲ့သဲ့ ထွက်လာမှ စံအိမ် သက်ပြင်းချနိုင်တော့သည်။

စံအိမ် သူ့ကိုယ်လေးကို အသာအယာ တွန်းဖယ်ပြီး ကုတင်ဘေးသို့ ရွှေ့လိုက်၏။ အခုမှရင်ဘတ်ထဲက အလုံးကြီး ကျသွားသလို ခံစားရသော်လည်း မျက်ရည်များကတော့ မရပ်တန့်နိုင်သေး။

ဒီလိုနဲ့ ဘယ်လောက်ကြာကြာ ဆက်သွားနိုင်မလဲ။

ဗိုက်က တစ်နေ့တစ်ခြား ပူလာတော့မည်။

သူမက သူမရင်သွေးကိုတောင် ကာကွယ်နိုင်ပါ့မလား။

____________

စံအိမ် ကုတင်ပေါ်တွင် ထိုင်နေကာ သခင်က ကုတင်အောက်တွင် ဒူးထောက်ထိုင်လျက် သူမ ခြေမျက်စိနားရှိ ပွန်းပဲ့ဒဏ်ရာကို ဆေးထည့်ပေးနေသည်။ သံကြိုးခတ်ထားမှုကြောင့် ပွန်းပဲ့နေသော အသားနုနေရာလေးကို သခင်က ဆေးရည်စိမ်ထားသော ဂွမ်းစဖြင့် ဖွဖွလေး တို့ထိပေးနေခြင်း ဖြစ်၏။

"အ..."

စပ်ဖျင်းဖျင်း ဖြစ်သွားတာကြောင့် စံအိမ် ခြေထောက်ကို အနည်းငယ် တွန့်မိသွားလျှင် သခင်က မော့ကြည့်လာပြီး အနာကို တဟူးဟူးမှုတ်ပေးနေလေသည်။

ဆေးထည့်ပြီးသည်နှင့် ပတ်တီးစတစ်ခုကို ယူကာ သေသေသပ်သပ် စည်းနှောင်ပေးနေပြန်သည်။

စံအိမ် သူ့ကို ငုံ့ကြည့်ရင်း စိတ်ရှုပ်ထွေးမှုများက ရင်ထဲတွင် ဒီရေအလား တိုးဝင်လာသည်။

ဒီလူ... ဒီလူ့ကို သူမ နားမလည်နိုင်တော့။

တစ်ခါတစ်လေကျတော့လည်း ရက်စက်လွန်းသလို၊ တစ်ခါတစ်လေကျတော့လည်း ဂရုစိုက်တတ်ပြန်သည်။

"သခင်..."

စံအိမ် ခပ်တိုးတိုး ခေါ်လိုက်မိလျှင် သခင်က ပတ်တီးစည်းပေးနေရင်းမှလက်ကို ရပ်တန့်လိုက်ပြီး မော့ကြည့်လာ၏။

"ဘာလဲ..."

"ရှင်... ရှင် ကျွန်မကို မမုန်းတော့ဘူးလား"

သူမ အသံထဲတွင် မျှော်လင့်ချက်ရောင်ခြည်တွေသမ်းနေ၏။ အကယ်၍ သူသာ မမုန်းတော့ဘူးဆိုလျှင်... သူမတို့ မိသားစုဘဝလေး ရနိုင်သည် မဟုတ်လား။

သူမမေးခွန်းအား သခင် ပြန်မဖြေပဲ သူက ခြေထောက်ကို အသာအယာ ပြန်ချပေးလိုက်ပြီး မတ်တတ်ထရပ်လိုက်ကာ စံအိမ့် မျက်နှာကို စိုက်ကြည့်လိုက်သည်။

"မုန်းတယ်..."

တိုတောင်းလှသော စကားတစ်ခွန်း။ သို့သော် ထိုစကားလုံးက စံအိမ့် နှလုံးသားကို ဆူးချွန်တစ်ခုနှင့် ထိုးစိုက်လိုက်သလို နာကျင်သွားရသည်။ စံအိမ် မျက်ရည်များ ဝဲတက်လာကာ ...

"ဘာ... အဲ့ဒါဆို ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ။ "

"မစွန့်လွှတ်နိုင်လို့..."

သူမ မေးစေ့လေးကို သူ့လက်ချောင်းများဖြင့် ဆွဲမော့ကာ နှုတ်ခမ်းပါးလေးကို သူ့လက်မဖြင့် ဖိချေလိုက်သည်။

"ရှင်က... တော်တော် အတ္တကြီးတဲ့ လူပဲ"

စံအိမ် အံကိုတင်းတင်းကြိတ်လျက် နာကျင်စွာဆိုလိုက်သည်။

သခင်က ဘာမျှပြန်မပြောပဲ သူမကိုပဲ စေ့စေ့စိုက်ကြည့်နေကာ တဲထဲတွင် တိတ်ဆိတ်သွား၏။

တစ်ပြိုင်နက်တည်းမှာပဲ စံအိမ်လည်း သန္ဓိဌာန်တစ်ခုချလိုက်သည်။

ထိုအရာက သူမရင်သွေးလေးအတွက် သူ့လက်က လွတ်အောင်ကြိုးစားရမည်ဆိုတာပင်။

______________

"ဟ ... ဟိုမှာ တဲတစ်လုံး ... လူနေသလားမသိဘူး။ "

"သစ်ခိုးထုတ်တဲ့သူတွေရဲ့ စခန်းလားမသိဘူးဆရာ။ "

တဲရှေ့မှ ယောက်ျားသံတွေကြောင့် စံအိမ် အသက်ရှူ ရပ်မတတ် ဖြစ်သွားရသည်။ လူဆိုးတွေလား ... လူကောင်းတွေလားမသိ။

သခင်ကလည်းမရှိတော့ စံအိမ် ရင်တွေထိတ်လာမိ၏။

"အိမ်ရှင်တို့ ... အိမ်ရှင်တို့ လူရှိလားဗျ "

လှမ်းခေါ်နေတာသိပေမယ့် စံအိမ်အသံမပြုရဲပဲ ငြိမ်နေလိုက်သည်။

"လူမရှိဘူးနေမှာ ... ဘုန်း..."

တဲတံခါးကို တစ်စုံတစ်ယောက်က အတင်း တွန်းဖွင့်လိုက်ကာ သော့ခတ်ထားတာကြောင့် တံခါးက မပွင့်။

"ဟိုမှာ သော့ခတ်ထားတယ်လေကွာ ... အတွင်းထဲမှာ ပစ္စည်းတွေ ဘာတွေ ဝှက်ထားတာလားမသိဘူး ဟေ့ရောင်... ရိုက်ဖွင့်စရာ တစ်ခုခုယူခဲ့စမ်းကွာ။"

"ဟင် ..."

အပြင်မှ စကားသံတို့ကြောင့် စံအိမ် ကြောက်လန့်တကြား ကုတင်ထောင့်မှာ ကပ်နေလိုက်၏။

"ဒုန်း... ဒုန်း... ဂျောက်"

တဲတံခါးပွင့်သွားတာနှင့် အလင်းရောင် စူးစူးက တဲအမှောင်ထဲကို ဝင်ရောက်လာကာ လူရိပ်တစ်ခု ဝင်လာလေသည်။

"ဟောဗျာ..."

ဝင်လာသူက ကုတင်ပေါ်က တုန်ယင်နေတဲ့ စံအိမ့်ကို မြင်တော့ အံ့ဩတကြီး ရေရွတ်လိုက်၏။

"မိန်းကလေး တစ်ယောက်ပါလား... ခင်ဗျား ဘယ်သူလဲ။ ဘာလို့ ဒီမှာ လာနေတာလဲ"

ထိုလူက မေးခွန်းထုတ်ရင်း ရှေ့ကို တိုးလာလျှင် စံအိမ် ကြောက်လန့်တကြား နောက်တိုးကာ မော့ကြည့်လိုက်သည်။

ထိုအခိုက်အတန့်...

ကမ္ဘာကြီး ရပ်တန့်သွားသလိုပင်။

ညိုညက်သော အသားအရေ၊ ထူထဲသော မျက်ခုံးတန်း၊ ပြီးတော့... မျက်လုံးအိမ် ကျဉ်းကျဉ်းလေးတွေနဲ့ ကြင်နာတတ်တဲ့ အကြည့်။

စံအိမ့် နှလုံးသားထဲမှာ လျှပ်စီးတစ်ချက် လက်သွားသလို ခံစားလိုက်ရသည်။ ဒီမျက်နှာ... ဒီအသံ... ဒီပုံစံ...။

"ကို... ကိုကို..."

စံအိမ့် နှုတ်ခမ်းဖျားက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ထိုအခါ သူမအရှေ့မှ ထိုလူက သူမအား သေချာ စိုက်ကြည့်လာကာ ...

"စံ... စံအိမ်... ညီမလေးမလား"

"ကိုကို ..."

ကိုကိုမင်းသီဟ ... စံအိမ်နဲ့အတူ ဂေဟာမှာ အတူနေခဲ့ရပြီး စံအိမ့်လိုမိဘမဲ့တစ်ယောက်ပင်။

ကြီးလာမှ ကွဲသွားခဲ့ရပြီး ကိုကိုက စံအိမ့်အတွက်တော့ အရာရာဖြစ်ခဲ့၏။

"တကယ် ... တကယ်ပဲ ညီမလေးလား "

သူ စံအိမ့် ပခုံးနှစ်ဖက်ကို ကိုင်ပြီး မေးလိုက်သည်။

စံအိမ် ကိုကို့ကို ပြန်တွေ့လိုက်ရချိန်မှာ ထိန်းချုပ်ထားသမျှ ဝမ်းနည်းမှုတွေ ပေါက်ကွဲထွက်လာတော့သည်။

"ကိုကို... ဟင့်... ကိုကို... စံအိမ့်ကို ကယ်ပါဦး"

စံအိမ် မင်းသီဟရဲ့ ရင်ခွင်ထဲကို အတင်း တိုးဝင်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိသည်။

မင်းသီဟက ကြောင်အ နေဆဲဖြစ်နေတုန်း သူမ ခြေထောက်က သံကြိုးကြီးကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ့မျက်လုံးများ

ပြူးကျယ်သွားရ၏။

"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ ...ညီမလေးကို ဘယ်သူက ဒီလို လုပ်ထားတာလဲ"

မင်းသီဟရဲ့ လက်တွေ တုန်ယင်လာရသည်။ ငယ်ငယ်က သူ တယုတယ စောင့်ရှောက်ခဲ့ရတဲ့ ညီမလေးကို အခုလို အခြေအနေနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိ။

"အင့် ... အဟင့် ဟင့် အင့် "

မင်းသီဟက သူမ ကျောပြင်လေးကို ခပ်ဖွဖွ ပုတ်ပေးရင်း တုန်လှုပ်နေသော စိတ်ကို ထိန်းချုပ်နေရသည်။

"မငိုပါနဲ့တော့နော် ညီမလေး... ကိုကို ရောက်လာပြီ။

ဘာမှ မကြောက်နဲ့တော့နော်"

သူ စံအိမ့် ကိုယ်လုံးလေးကို အသာအယာ ခွာလိုက်ပြီး မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။

သူ့အကြည့်က အောက်ဘက်သို့ ရောက်သွားလျှင် ခြေထောက်နုနုလေးကို ရစ်ပတ်ထားသော သံကြိုးကြီးနှင့် ပွန်းနေသော ဒဏ်ရာများကြောင့် မင်းသီဟ မျက်နှာ တစ်ခုလုံး နီရဲလာပြီး မေးကြောများ ထောင်တက်လာကာ ...

"ဘယ်သူလဲ... ညီမလေးကို အခုလိုလုပ်ထားတာ ဘယ်သူလဲ။ "

"ကိုကို... သူ... သူပြန်လာတော့မှာ ... စံအိမ့်ကို ဒီကနေ ခေါ်ထုတ်သွား‌ ပေးပါနော် ... သူလာရင် လုံးဝလွတ်မှာမဟုတ်ဘူး။

ညီမလေးတို့ အခု ပြေးမှ ဖြစ်မယ် ကိုကို"

"အင်းပါ ညီမလေးရယ်... ကိုကို ညီမလေးကို ခေါ်ထုတ်သွားမှာပါ။ အရင်ဆုံး ဒီသံကြိုး..."

မင်းသီဟ ကုတင်တိုင်တွင် ခတ်ထားသော သော့ခလောက်ကြီးကို ကိုင်ကြည့်လိုက်သည်။ သော့မပါဘဲ ဖွင့်ဖို့ မလွယ်တာကြောင့် သူ ခါးကြားက ဓားမြှောင်ကို ထုတ်လိုက်၏။

" သော့က သူ့ဆီမှာ ပါသွားတာ ... ဓားနဲ့ ဖြတ်လို့ ရပါ့မလား"

"မရဘူး ... ဒါပေမယ့် ကိုကို့ ကားပေါ်မှာ သံဖြတ် ကတ်ကြေးပါတယ်"

သူမကိုပြောရင်း သူ့နောက်မှလူတစ်ယောက်ကို မေးငေါ့ကာ သွားယူခိုင်းလိုက်သည်။

"မြန်မြန်ယူခဲ့ "

"ဟုတ်ကဲ့ ဆရာ "

ခဏအကြာ သံဖြတ်ကတ်ကြေးပါလာလျှင် သူ အချိန်မဆွဲဘဲ စံအိမ့် ခြေထောက်နားတွင် ဒူးထောက်ထိုင်ချလိုက်သည်။

"ညီမလေး... မျက်နှာ လွှဲထား ...သံစတွေ လွင့်စင်လာလိမ့်မယ်"

စံအိမ် ခေါင်းကို တစ်ဖက်သို့ လှည့်ကာ မျက်လုံးကို တင်းတင်း မှိတ်ထားလိုက်သည်။ သူမ လက်နှစ်ဖက်ကတော့ ဗိုက်သားလေးကို အုပ်မိုးကာ ကာကွယ်ထားလိုက်၏။

'ကလေးလေးရေ... မေမေတို့ လွတ်တော့မယ်'

"ဂလောက်... ဖြောင်း "

"ရပြီ ညီမလေး... လာ ထတော့"

မင်းသီဟက ကတ်ကြေးကို အနောက်ကလူကို လှမ်းပေးလိုက်ပြီး စံအိမ့်ကို တွဲထူလိုက်သည်။

"ရလား ညီမလေး ကားနဲ့ နည်းနည်းတော့လှမ်းသေးတယ်။

ဒီဘက်ထိ မောင်းလာလို့မရလို့။ "

"ဟုတ် ... မြန်မြန်သွားရအောင် ကိုကို။

သူပြန်ရောက်လာလိမ့်မယ်။ "

"အွန်းပါ ... ညီမလေးရယ်။

ညီမလေးပြောတဲ့ အဲ့ဒီသူရောက်လာလည်း ကိုကိုရှိပါတယ် ဘာမှမကြောက်နဲ့နော်။ "

သူသာဆိုတယ်။

ဘယ်သူမှန်း သူမသိပေ။

အတော်လေး ကြောက်နေပုံရသည့် ညီမလေးကိုလည်း ဖိအားမပေးချင်တော့တာကြောင့် ထပ်မမေးတော့။

သေချာတာတစ်ခုကတော့ ... အဲ့ဒီသူက ဘယ်သူပဲဖြစ်ဖြစ် ညီမလေးကို သူ့လက်ထဲက ရအောင် ကယ်ထုတ်သွားမည်ဖြစ်သည်။

အပိုင်း (၂၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၅) နောက်အခန်း - အပိုင်း (၂၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ