သခင့်အမေ ဒေါ်အေးမြရိပ်တစ်ယောက် ဆိုဖာပေါ်တွင်ထိုင်နေရင်း စိတ်တွေဗလောင်ဆူနေရ၏။
အခုဆို သခင်နဲ့ စံအိမ်တို့ ပျောက်သွားသည်မှာ အတော်ကြာနေပြီဖြစ်သလို၊ ဘယ်မှာ သွားနေလို့နေကြမှန်းလဲမသိရသလို ဖုန်းလည်းဆက်လို့မရပေ။
ကုမ္ပဏီကို လာတယ်ဆိုလို့ လိုက်သွားပေမယ့် သူမသွားတဲ့နေ့တိုင်း သခင်မလာတဲ့ရက်တွေချည်းပဲဖြစ်ကာ မတွေ့ရပေ။
သူမက စံအိမ့်ကို ကွာရှင်းခိုင်းလိုက်ကတည်းက ဒီကောင်လေးက ခြေရာဖျောက်သွားကာ မအေ့ကိုပင် လာမတွေ့တော့ပေ။
ဘယ်ရောက်နေကြသလဲဆိုတာ စိတ်ပူမိသလို
တွေးမိတိုင်းလည်း စိတ်လည်းတိုမိ၏။
____________
"ကိုယ် ဒီနေ့ မြို့ထဲကို သွားစရာရှိတယ်။ ကုမ္ပဏီမှာ အလုပ်တွေ ပုံနေပြီ "
ခုတင်ပေါ်တွင် ကွေးကွေးလေး လှဲအိပ်နေသော စံအိမ့်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ စံအိမ်က ဘာမှပြန်မပြောတာကြောင့် သခင် ခုတင်နားသို့ လျှောက်သွားပြီး ထိုင်ချလိုက်ကာ ...
"ကိုယ် မရှိတုန်း လိမ္မာမယ်မလား..."
သူ့လက်ချောင်းများက စံအိမ့် ပါးပြင်နုနုကို ဖွဖွလေး ပွတ်သပ်လိုက်လျှငိ စံအိမ် မျက်ခွံများ တုန်သွားသော်လည်း မျက်လုံးများကမဖွင့်ပေ။
"မင်း ကိုယ့်စကား နားထောင်ရင် ဆုချမယ်။ နားမထောင်ရင်တော့... ဒီသံကြိုးက မင်းခြေထောက်မှာ တစ်သက်လုံး ရှိနေလိမ့်မယ်"
သခင် လေသံအေးအေးလေးဖြင့် ပြောပြီး သူမနှဖူးကို နမ်းလိုက်သည်။ ထို့နောက် ကုတင်အောက်မှ သံကြိုးကို သော့ခတ်လိုက်၏။ စိတ်ချရပြီဟု ယူဆမှ သူ မတ်တတ်ရပ်လိုက်သည်။
"ရေဘူးတွေ အနားမှာ ချပေးထားတယ်။ ထမင်းချိုင့်လည်း စားပွဲပေါ်မှာ ရှိတယ်။ ဗိုက်ဆာရင် စားထား... ညနေစောင်းလောက်မှ ပြန်ရောက်မယ်"
မှာစရာရှိတာမှာပြီး သူထွက်သွားသည်နှင့် စံအိမ့် ပါးပြင်ပေါ်သို့ မျက်ရည်များက အထိန်းအကွပ်မဲ့ စီးကျလာတော့သည်။
စံအိမ့်ဘဝက တိရစ္ဆာန်တစ်ကောင်နှင့် ဘာထူးသေးလို့လဲ။
_________________
သခင် ရုံးမှာ လုပ်စရာရှိတာအကုန်လက်စသတ်ပြီး အပြန်လမ်းတွင် စူပါမားကက်တစ်ခုသို့ ဝင်ကာ လိုအပ်တာေတွ ဝယ်ရန်ပြင်လိုက်သည်။
တွန်းလှည်းတစ်စီးကို ယူပြီး အရင်ဆုံး အမျိုးသမီး အသုံးအဆောင် ပစ္စည်းတန်းသို့ လျှောက်သွားလိုက်လျှင် သူ့အား ဈေးဝယ်နေသူ အချို့က သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်ကြလေသည်။ တန်ဖိုးကြီး ဝတ်စုံပြည့် ဝတ်ထားသော လူချောတစ်ယောက်က အမျိုးသမီး လစဉ်သုံး ပစ္စည်းများကို ရွေးချယ်နေသည်က ထူးဆန်းနေသည်ကိုး။
ဒါပေမယ့် သခင် ဂရုမစိုက်ပဲ စံအိမ့်အတွက် လိုအပ်မည့် ပစ္စည်းများကို ဂရုတစိုက် ရွေးကာ အမျိုးသမီးလစဉ်သုံးပစ္စည်း အထုပ်ကြီးများ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ပြီးတော့ စံအိမ်ကြိုက်တတ်သည့် ချောကလက်နှင့် မုန့်များကိုပါ ခြင်းထဲ ထည့်လိုက်သည်။
အဝတ်အစားတန်းကို ရောက်တော့ ပန်းရောင် ဂါဝန်လေးတစ်ထည်ကို တွေ့ပြီး ခြေလှမ်းတုံ့သွားရပြန်ကာ ခြင်းထဲ ကောက်ထည့်လိုက်၏။
______________
သခင် တောထဲကို ပြန်ရောက်တော့ ညနေစောင်းနေပြီဖြစ်ကာ
တဲထဲမှာ မှောင်နေ၏။
ကုတင်ပေါ်ကို လှမ်းကြည့်လိုက်တော့ စံအိမ်က မနက်က ပုံစံအတိုင်း မလှုပ်မယှက်။
"စံအိမ်..."
သခင် မီးခလုတ်ကို ဖွင့်လိုက်သည်နှင့် စံအိမ်က မျက်လုံးဖွင့်ကြည့်လာ၏။ ဘေးက ထမင်းတွေက သူထားခဲ့တဲ့အတိုင်းအရာမယွင်းသေးတာကြောင့် မျက်မှောင်ကြုံ့လိုက်ကာ ...
"မင်း ထမင်းမစားဘူးလား..."
သခင်က ပစ္စည်းတွေကို ချရင်း မေးလျှင် သူမက ဘာမျှပြန်မဖြေ။ သခင် စိတ်မရှည်ချင်သော်လည်း ကိုယ့်စိတ်ကို ထိန်းလိုက်ကာ
ကုတင်ပေါ် တက်ထိုင်လိုက်ပြီး စံအိမ့်ကို ဆွဲထူလိုက်သည်။
"ရော့ ... ထမင်းမစားချင်ရင် မုန့်စားလိုက်။
မင်းကြိုက်တဲ့မုန့်တွေပါတယ်။ "
သခင်က ကလေးတစ်ယောက်ကို မုန့်ပြပြီး ချော့သလို ပြောနေလျှင် စံအိမ်က သူ့ကို အံကြိတ်ကာ ကြည့်ရင်း...
"ကျွန်မ လိုချင်တာ မုန့်မဟုတ်ဘူး... လွတ်လပ်ခွင့်"
သခင့် မျက်နှာ တင်းခနဲ ဖြစ်သွားသည်။ သို့သော် သူ စံအိမ့် ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"အဲ့ဒါတစ်ခုပဲ မတောင်းဆိုနဲ့ စံအိမ်... ကျန်တာ မင်းကြိုက်တာပြော ငါ ဖြည့်ဆည်းပေးမယ်"
သခင် ပြောရင်း သူမဆံနွယ်တွေကို နမ်းရှိုက်လိုက်၏။
စံအိမ်ကတော့ သူ့ရင်ခွင်ထဲမှာ အံကြိတ်ရင်း ငြိမ်နေလိုက်တော့သည်။
_______________
ခါတိုင်းလိုပင် ဒီနေ့လည်း သခင်က စံအိမ့်ကို ကြိုးတုတ်လျက် ပစ်ထားခဲ့ကာ မြို့ထဲသွားပြန်သည်။
စံအိမ် သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ရင်း ကုတင်ပေါ်တွင် ခွေခွေလေး လဲလျောင်းနေမိကာ ခြေထောက်က သံကြိုးစကို ကြည့်ရင်း နာကျင်မှုတွေက ရင်ထဲအထိ စိမ့်ဝင်လာ၏။
"အင်း..."
ရုတ်တရက် ရင်ခေါင်းထဲမှ လှိုက်ခနဲ ဖြစ်သွားကာ ပျို့တက်လာသော ဝေဒနာကြောင့် စံအိမ် ထထိုင်လိုက်မိသည်။ မူးဝေနေသော ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိနှိပ်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သော်လည်း အခြေအနေက သက်သာမသွား။ ဘေးမှ ဟင်းနံ့ ရလိုက်သည်နှင့် အစာအိမ်တစ်ခုလုံး ပြောင်းပြန်လှန်ပစ်လိုက်သလို ဗိုက်ထဲမှ အောင့်တက်လာတော့သည်။
"အွတ်... ဝေါ..."
စံအိမ် ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်ကာ ကုတင်အောက်သို့ ငုံ့လိုက်ရသည်။ ထိန်းချုပ်လို့ မရတော့။
"ဝေါ... အွတ်... အဟွတ် အဟွတ်"
စံအိမ် ေမြပြင်ပေါ်သို့ အန်ချလိုက်ကာ တစ်ကိုယ်လုံး အားအင်တွေ စုတ်ယူခံလိုက်ရသလို နွမ်းနယ်သွားပြီး ကုတင်ဘောင်ကို မှီကာ မောဟိုက်နေမိသည်။
"ဘာဖြစ်တာလဲ... ငါ နေမကောင်းဘူးလား"
စံအိမ် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရင်း နဖူးကို စမ်းကြည့်သည်။ ကိုယ်မပူ။ ဒါဆို ဘာလို့လဲ။
ရုတ်တရက်... သူမ ခေါင်းထဲသို့ အတွေးတစ်စ ဝင်ရောက်လာကာ ရင်ဘတ်ထဲ "ဒိန်း" ခနဲ ဆောင့်ခုန်သွား၏။
သူမ ရာသီ မပေါ်တာ ဘယ်လောက်ကြာသွားပြီလဲ။
လက်ချောင်းလေးများကို ချိုးရေတွက်ရင်း စံအိမ့်မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။
"မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ဟင့်အင်း မဖြစ်ရပါစေနဲ့"
စံအိမ် ဗိုက်သားပြင်လေးကို လက်ဖြင့် အုပ်ကိုင်လိုက်ကာ
ကြောက်ရွံ့မှုက လွှမ်းမိုးလာတော့၏။
ကိုယ်ဝန်... သူမ ဗိုက်ထဲမှာ ကလေးလေးရှိနေပြီလား။
"ကလေးရလို့ မဖြစ်ဘူး။ "
"ငါ မင်းကို လက်ထပ်ထားတာ ငါ့အစ်မအတွက် လက်စားချေဖို့ မင်းကို နှိပ်စက်ဖို့ပဲ။ ငါ့သွေးသား ကလေးတစ်ယောက်ကို မင်းလို မိန်းမမျိုးရဲ့ ဗိုက်ထဲမှာ မကြီးပြင်းစေချင်ဘူး"
"မင်းဗိုက်ထဲက မွေးလာမယ့်ကလေးက ငါ့အစ်မကို သတ်တဲ့ လူသတ်သမားရဲ့ သွေးပါလာမှာ ငါ ရွံတယ်"
သခင် ပြောခဲ့ဖူးတဲ့ စကားသံတွေက နားထဲမှာ ပဲ့တင်ထပ်လာ၏။
"ဟင့်အင်း... သူသိလို့ မဖြစ်ဘူး"
စံအိမ် ချက်ချင်းပဲ သူမအတွက် ထားပေးခဲ့တဲ့ ရေဘူးကိုယူကာ မြေပြင်ပေါ်က အန်ဖတ်တွေကို လောင်းချလိုက်သည်။
အကုန်ပြောင်စင်သွားပြီဆိုမှ ကုတင်ပေါ် ပြန်တက်ပြီး ငြိမ်နေလိုက်၏။သို့သော် နှလုံးခုန်သံတွေကတော့ ရပ်တန့်မသွား။ ဗိုက်ထဲက သက်ရှိလေးကို လက်ဖြင့် အသာအယာ ဖိရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ကလေးလေးရေ ... သားလေးပဲ ဖြစ်ဖြစ် သမီးလေးပဲ ဖြစ်ဖြစ်... မေမေ ကာကွယ်ပေးမယ်နော်။ "
ထို့အတူ မျက်ရည်ပူများက ခေါင်းအုံးပေါ် စီးကျသွား၏။
______________
"စံအိမ်..."
သခင့်အသံက အိပ်ချင်မူးတူးဖြင့် ထွက်ပေါ်လာပြီးနောက် သူ့လက်မောင်းတစ်ဖက်က စံအိမ့်ခါးကို လာရောက် သိုင်းဖက်လိုက်လျှင် စံအိမ် လန့်ဖျပ်သွားရကာ ကိုယ်လေး ကျုံ့သွားမိ၏။
"ဘာလို့ မအိပ်သေးတာလဲ... အေးနေလို့လား"
သခင်က မေးရင်း သူမ လည်ပင်းသားလေးကို နှာခေါင်းဖြင့် ပွတ်သပ်လိုက်သည်။
"အ... ဟို... ကျွန်မ ဗိုက်နာနေလို့"
သူက စံအိမ့်အနား တအားပူးကပ်လာတာကြောင့် မတော်တဆ ဗိုက်ကို ထိသွားမှာစိုးကာကိုယ်လေးအား တွန့်ကာရုန်းရင်း ပြောလိုက်လျှင် သခင် လက်ကို ရပ်တန့်လိုက်ပြီး ကိုယ်တစ်စောင်းထကာ သူမကို ငုံ့ကြည့်လေသည်။
"ဗိုက်နာတာလား... ဘာဖြစ်လို့လဲ အစာမကြေတာလား"
"ဟုတ် ... ဟုတ်မယ် ထင်တယ်။ ညက စားတာ များသွားလို့ နေမှာ... အင့်... ရစ်နာနေတယ်"
စံအိမ်က ဗိုက်ကို ဖိရင်း ညည်းပြလိုက်သည်။
ထိုအခါ သခင်က သူမ ဗိုက်ပေါ် လက်တင်ရန် ပြင်လိုက်လျှင် စံအိမ် အသက်ရှူရပ်မတတ် ဖြစ်သွားရသည်။
"ဆေးလိမ်းပေးမယ်။ "
"နေ... နေပါစေ။ ဆေးမလိုပါဘူး... ခဏနေရင် သက်သာသွားမှာပါ"
" လက်နဲ့ ပွတ်ပေးမယ်လေ... နွေးသွားရင် သက်သာမှာပါ"
ပြောပြောဆိုဆိုနှင့် သူ့လက်ကြီးက စံအိမ့်ဗိုက်သားပေါ်သို့ အုပ်မိုးလိုက်လျှင် ကြက်သီး မွှေးညှင်းများ ထသွားရသည်။
သူတစ်ခုခုကို သိသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်က ငယ်ထိပ်ရောက်လာ၏။
"မ... မလုပ်နဲ့ ယားတယ်... ဖယ်ပါ ကျွန်မ အိပ်ချင်နေပြီ"
စံအိမ် သူ့လက်ကို အတင်း တွန်းဖယ်ပစ်လိုက်ပြီး တစ်ဖက်သို့ စောင်းအိပ်လိုက်ကာ ခြေထောက်များကို ကွေးထားလိုက်သည်။
ထိုအခါ သူ့ဆီမှ သက်ပြင်းချသံတစ်ချက်ကြားလိုက်ရ၏။
အပိုင်း (၂၆) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)