Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၂၃)

"ပြီးပြီမလား ... ဖယ် "

စံအိမ် အံကြိတ်ကာ သူ့ကိုယ်ကြီးအား တွန်းထုတ်ပစ်လိုက်သည်။

"..."

သခင် သူမကို ဖက်ထားရာမှ လက်ကို ဖြေလျှော့ပေးလိုက်သော်လည်း မျက်လုံးချင်း ဆုံကြည့်နေဆဲ။ စံအိမ့်မျက်နှာတွင် မျက်ရည်များနှင့် ရေစက်များ ရောထွေးနေပြီး နှုတ်ခမ်းများက တုန်ရီနေသည်။

နာကျင်မှု၊ ရှက်ရွံ့မှုနှင့် ရွံရှာမှုတို့ ရောပြွန်းနေသော သူမအကြည့်က သခင့်ရင်ကို "ဒိန်း" ခနဲ ဆောင့်ကန်လိုက်သလိုပင်။

စံအိမ် ကုန်းရုန်းထလိုက်ပြီး ရေစိုနေသော အဝတ်အစားများကို ဖုံးဖိရန် ကြိုးစားသော်လည်း ဂါဝန်က စုတ်ပြဲနေပြီဖြစ်၍ ခန္ဓာကိုယ်ကို လုံလောက်အောင် မကာကွယ်နိုင်တော့။ သူမ နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း ကုန်းပေါ်သို့ တက်ရန် ခြေလှမ်းလှမ်းလိုက်လျှင် ...

"အ "

ပေါင်ကြားမှ စူးခနဲ နာကျင်မှုကြောင့် စံအိမ် ခြေခေါက်လဲမလို ဖြစ်သွားလျှင် သခင်က လှမ်းထိန်းပေးဖို့ လက်ကမ်းလိုက်သော်လည်း...

"မထိနဲ့"

စံအိမ် အော်ဟစ်လိုက်ပြီး သူ့လက်ကို ပုတ်ထုတ်ပစ်လိုက်သည်။ သူမ တစ်ကိုယ်လုံး တုန်ယင်နေကာ ...

"ကျွန်မကို လာမထိနဲ့... ရွံတယ်ရှင့်ကို ရွံတယ်"

သခင်က ဘာမှပြန်မပြောဘဲ စံအိမ့်ကို စိုက်ကြည့်နေလေသည်။ ပြီးမှ သက်ပြင်းတစ်ချက် ချလိုက်ပြီး စံအိမ့်ရှေ့သို့ ရောက်လာကာ သူမကို ပွေ့ချီလိုက်၏။

"လွှတ်... ဘာလုပ်တာလဲ ... လွှတ်လို့ ပြောနေတယ်လေ"

"ငြိမ်ငြိမ်နေစမ်း ... မင်း လမ်းတောင် ဖြောင့်ဖြောင့် မလျှောက်နိုင်ဘဲနဲ့ ဘယ်ကို သွားချင်နေတာလဲ။ "

စံအိမ် သခင့် ရင်ဘတ်ကို လက်သီးဆုပ်လေးများဖြင့် ထုရိုက်ကာ ရုန်းကန်ကာ ခြေထောက်နှစ်ဖက်ကို ယမ်းခါပြီး ဆင်းဖို့ကြိုးစားသော်လည်း သခင်က မတုန်မလှုပ်နှင့် သူ့လက်မောင်းကြီးများက စံအိမ့်ကို ချုပ်ကိုင်ထားပြီး တဲရှိရာဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

သူမ ထုရိုက်မှုများက သူ့အတွက်တော့ ယားလို့ ကုတ်ပေးနေသလောက်သာ ရှိသည်မို့ ဂရုပင်မစိုက်ပဲ တဲဆီသို့သာ ဦးတည်သွားတော့သည်။

တဲထဲသို့ ရောက်သည်နှင့် သခင်က ကုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး စံအိမ့်ကို ကုတင်ပေါ်သို့ "ဘုန်း" ခနဲ ပစ်ချလိုက်၏။

"အ... နာတယ် လူယုတ်မာ"

စံအိမ် နာကျင်သွားသော ခါးလေးကို ကိုင်ရင်း ထရန် ပြင်လိုက်သော်လည်း သခင်က သူမ ကိုယ်ပေါ်သို့ အုပ်မိုးလိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ ရင်ဘတ်ကို ဖိထားလိုက်သည်။ ကျန်လက်တစ်ဖက်က ကုတင်ဘေးရှိ တိုင်တွင် ချိတ်ထားသော ကြိုးခွေကို လှမ်းယူလိုက်ကာ ...

"ရှင်... ရှင် ဘာလုပ်မလို့လဲ"

စံအိမ် မျက်လုံးပြူးသွားကာ သခင်က ကြိုးကို ဖြည်ရင်း အေးစက်စက် ပြုံးလိုက်ပြီး ...

"မင်းက စကားပြောရင် နားမဝင်ဘူးလေ။ ထပ်ပြေးဦးမယ်မလား... အဲ့တော့ မပြေးနိုင်အောင် လုပ်ထားရမှာပေါ့"

"ရှင် ... လွန်မလာနဲ့နော် "

စံအိမ် ကုတင်ပေါ်တွင် နောက်သို့ ဆုတ်ကပ်ရင်း ရုန်းနေပေမယ့် သူက သူမ ခြေထောက်တစ်ဖက်ကို ဆွဲယူလိုက်ကာ ...

"ငြိမ်ငြိမ်နေစမ်း... မင်းမငြိမ်ရင် ငါ ဒီ့ထက်ကြမ်းရလိမ့်မယ်"

ပြောပြောဆိုဆိုနှင့် သူမ ခြေကျင်းဝတ်လေးကို ကြိုးတစ်စဖြင့် ရစ်ပတ်လိုက်သည်။ ကြိုးက နာမှာစိုးတာကြောင့် ဘေးနားက အဝတ်စုတ်တစ်ခုကို အရင်ပတ်ပြီးမှ ကြိုးကို အပေါ်က ထပ်ချည်လိုက်၏။

"မင်း ငါ့ကို အပြစ်မတင်နဲ့ ... ဒါ မင်းရွေးတဲ့လမ်းပဲ။ "

သူမအား ကြည့်ရင်း ကြိုးတစ်ဖက်ကို ကုတင်ခြေရင်းတိုင်တွင် ချည်လိုက်၏။

စံအိမ်ကတော့ ကုတင်ပေါ်တွင် ဒူးလေးပိုက်ကာ ကွေးကွေးလေး ဖြစ်သွားပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

______________

ထိုနေ့မှ စ၍ စစ်အေးတိုက်ပွဲတစ်ခု စတင်လေတော့သည်။

စံအိမ်က စကားမပြော။ ထမင်းမစား ရေမသောက်ပဲ ကုတင်ပေါ်တွင် ဒူးပိုက်ပြီး ငူငူကြီး ထိုင်နေကာ သခင်က ထမင်းခွံ့လျှင် ပါးစပ်ပိတ်ထားပြီး ရေတိုက်လျှင် မျက်နှာလွှဲထားလေသည်။

"စားလိုက်... မင်း အငတ်နေပြလို့ ငါက စိတ်လျော့မယ် ထင်နေလား"

သခင် ထမင်းပန်းကန်ကို ကိုင်ရင်း ဒေါသတကြီး အော်လိုက်လျှင်

စံအိမ်က သူ့ကို စူးစူးရဲရဲ ပြန်ကြည့်လာကာ ...

"မစားဘူး... ရှင် ကျွန်မကို သတ်ချင်နေတာမလား... သတ်လိုက်လေ အခုလို နှိပ်စက်နေမယ့်အစား တစ်ခါတည်း သတ်လိုက်စမ်းပါ "

"ဒါ နှိပ်စက်တာ မဟုတ်ဘူး... ငါ့အနားမှာ ရှိနေစေချင်လို့ လုပ်တာမင်း နားလည်စမ်းပါ"

"အဟက်... ဘာကိုနားလည်ရမှာလဲ ရှင်က မုဒိမ်းကောင်၊ လူစိတ်မရှိတဲ့ကောင်"

စံအိမ် လက်ထဲရှိရာ ခေါင်းအုံးနှင့် သခင့်ကို ပစ်ပေါက်လိုက်သည်။ ထမင်းပန်းကန် လွတ်ကျပြီး "ခွမ်း" ခနဲ ကွဲသွားကာ ဟင်းရည်တွေက မြေပြင်ပေါ် ပြန့်ကျဲသွား၏။

"တောက်..."

သခင် ဒေါသထွက်သွားပြီး ကုတင်ပေါ် တက်ကာ စံအိမ့် ပခုံးနှစ်ဖက်ကို လှုပ်ခါလိုက်သည်။

"မင်း တော်တော် ဆိုးနေပါလား... ငါ သည်းခံနေတာ အတိုင်းအတာ ရှိတယ်နော် ငါ ကျွေးတာမစားရင် မင်း ဒီတိုင်းပဲ နေတော့"

"မစားဘူး... ရှင့်ကိုမုန်းတယ် အဟင့် ဟင့်"

စံအိမ် အော်ဟစ်ငိုကြွေးရင်း သခင့်ရင်ဘတ်ကို ထုရိုက်ပစ်လိုက်လျှင် သခင် သူမ လက်တွေကို ဖမ်းချုပ်ပြီး ကုတင်ပေါ် ဖိချလိုက်သည်။ နှစ်ယောက်သား အမောဖြေရင်း စိုက်ကြည့်နေကြကာ သခင့်မျက်လုံးများထဲတွင် ဒေါသအပြင် နာကျင်မှုအရိပ်အယောင်တချို့ပါ ဖြတ်ပြေးနေ၏။

"မင်း ငါ့ကို ဘယ်လောက်ပဲ မုန်းမုန်း... မင်းက ငါ့မိန်းမပဲ။ ဒီအမှန်တရားကို မင်း ပြင်လို့မရဘူး။

အခုထမင်း ထစား ... မစားရင် ငါ့နည်းငါ့ဟန်နဲ့ ကျွေးရမှာပဲ "

ခြိမ်းခြောက်ပြီး သူမ နှဖူးကို အတင်းနမ်းကာ ထွက်လာခဲ့တော့သည်။ စံအိမ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရာ ခြေထောက်က ကြိုးရာကို ကြည့်ရင်း သူမ မျက်ရည်တွေ စီးကျလာပြန်သည်။

ဒီလိုနှင့် နေ့ရက်တွေ ကုန်ဆုံးလာသည်။

သခင်က စံအိမ် ရေချိုးချင်လျှင် ပွေ့ချီပြီး ရေချိုးပေးသည်။ အိမ်သာတက်ချင်လျှင် လိုက်စောင့်ပေးသည်။

စံအိမ်က ရှက်လို့ အော်ဟစ်ငိုယိုသော်လည်း သူက "လင်မယားချင်းပဲ ဘာရှက်စရာရှိလဲ" ဟုဆိုကာ မျက်နှာပြောင်တိုက် လုပ်ပေးတတ်၏။

________________

စံအိမ် အိပ်ပျော်နေရင်း ခြေထောက်က နာကျင်မှုကြောင့် လန့်နိုးလာကာ ကြည့်လိုက်တော့ သခင်က ကုတင်ခြေရင်းတွင် ထိုင်ပြီး သူမ ခြေထောက်က ကြိုးချည်ထားသည့် နေရာလေးကို ဆေးလူးပေးနေသည်။ ကြိုးပွန်းထား၍ နီရဲနေသော အရာလေးကို သူက ဖွဖွလေး ပွတ်သပ်ပေးနေပြီး သူ့မျက်နှာတွင် သနားဂရုဏာသက်သော အရိပ်အယောင်များ ယှက်သန်းနေ၏။

"နာနေလား..."

စံအိမ် နိုးနေမှန်းသိတော့ သခင်က မော့ကြည့်ပြီး မေးလျှင် စံအိမ် ခြေထောက်ကို ရုတ်လိုက်သည်။

"ဟန်ဆောင်မနေပါနဲ့... ဒီဒဏ်ရာတွေက ရှင်ပေးထားတာလေ"

"ငါ သိပါတယ်... ဒါပေမယ့် မင်းမှ မလိမ္မာတာ"

သခင် သက်ပြင်းချလိုက်ပြီး သူမဘေးတွင်ဝင်လှဲကာ သူမကိုယ်လုံးလေးအား နောက်ကျောမှ သိုင်းဖက်လိုက်သည်။

"ဖယ်... မထိနဲ့"

"မဖယ်နိုင်ဘူး... အေးတယ်ကွာ။ ဖက်အိပ်မယ်"

သခင် ပြောပြောဆိုဆိုနှင့် သူမ ဂုတ်ပိုးလေးကို သူ့နှာခေါင်းဖြင့် ပွတ်သပ်လိုက်သည်။ စံအိမ် ရုန်းကန်ချင်သော်လည်း အားမရှိတော့။ နောက်ဆုံးတော့ သူ့ရင်ခွင်ထဲတွင် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေလိုက်ရတော့သည်။

"စံအိမ်..."

"..."

"မင်း ငါ့ကို တကယ်မချစ်တော့ဘူးလား။ "

"ဘာတွေစိတ်ကူးယဉ်နေတာလဲ"

စံအိမ့် စကားကြောင့် သခင့်လက်များ တင်းခနဲ ဖြစ်သွားသော်လည်း သူဘာမှ ပြန်မပြောပဲ သူမကိုသာ ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

"သိပြီ ... အိပ်တော့ "

အပိုင်း (၂၄) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၂) နောက်အခန်း - အပိုင်း (၂၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ