"ရော့ ... ချောကလက် "
သူ့ကိုစိတ်ကောက်ပြီး ချောင်းဘေးက ကျောက်တုံးပေါ်မှာပဲ တစ်နေကုန်သွားထိုင်နေတာကြောင့် သူမနေတတ်တော့ပဲ ဖွက်ထားတဲ့ မုန့်တွေ သွားထုတ်ကာ သူမကို ချော့ဖို့လုပ်ရသည်။
"ရှင် ... ဒါတွေ ဘယ်ကရတာလဲ။ "
ချောကလက်ကို မယူပဲ ကြည့်ကာ သခင့်အား မယုံသင်္ကာနှင့်ကြည့်ကာ မေးလျှင် သူရုတ်တရတ်ဘာဖြေရမှန်းမသိပဲ အယောင်ယောင်အမှားမှား လျှောက်ထွက်ကုန်တော့သည်။
"ဟို ... အဲ့တာ တောထဲ ကောက် ကောက်ရတာ။ "
"ရှင်အဓိပ္ပါယ်မရှိတာမပြောနဲ့။ "
"ဟင် ... အဟင်း စတာပါ ... ကိုယ် ဒီကိုစလာကတည်းက သယ်လာတာ။ "
သူမျက်နှာကိုသေချာပြင်ကာ ပြောလိုက်ပေမယ့် သူမက မယုံသလို စိုက်ကြည့်နေသေး၏။
"ချောကလက်ထည့်ဖို့အထိ ရှင့်မှာ အချိန်တွေ ရခဲ့တာပေါ့။ "
"အင်း ... ကိုယ်ကြိုထည့်ထား ..."
"တောက် ... လူယုတ်မာ။
ကျွန်မကို အချိုသပ်ထားပြီး ရှင်ကတော့ အကွက်ကျကျ စီစဉ်နေခဲ့တာပဲ။ "
သူ့အား စူးစူးရဲရဲ စိုက်ကြည့်ကာ လှည့်ထွက်သွားတော့သည်။
"ဟင်း ..."
သူမေကျာပြင်လေးအား လှမ်းကြည့်ရင်း သက်ပြင်းရှည်ကြီးချကာ
လေပူတစ်ချက်မှုတ်ထုတ်လိုက်၏။
ချောဖို့လုပ်ပေမယ့် ပိုစိတ်ဆိုးသွားတော့သည်။
_________________
အခုဆို သူမတို့ တောထဲရောက်နေသည်မှာ အနည်းငယ်ကြာလာပြီဖြစ်ကာ နေသားကျစပြုလာ၏။ သို့သော် စံအိမ့်စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိထားမိလာသည်။
သခင် ခဏခဏ ပျောက်ပျောက်သွားတတ်သည်။
"ဟင်းရှာထွက်မယ်" "ထင်းသွားခုတ်မယ်" ဟု အကြောင်းပြချက်မျိုးစုံ ပေးတတ်သော်လည်း သူပြန်လာချိန်တိုင်း သူ့ပုံစံက မသင်္ကာစရာ ဖြစ်နေသည်။
ဒီနေ့လည်း မနက်က စံအိမ် မနိုးခင်ကတည်းကဘယ်ပျောက်သွားမှန်းမသိ နေ့လည်ခင်းနေစောင်းချိန်လောက်မှ ပြန်ရောက်လာ၏။
သူ့ပုံစံက ချွေးတလုံးလုံးနှင့် ဖြစ်နေသော်လည်း သူ့အဝတ်အစားတွေက သပ်ရပ်လွန်းနေသည်။
"ရှင် ပြန်ရောက်ပြီလား... ဘယ်တွေသွားနေတာလဲ တစ်မနက်လုံး"
စံအိမ်က ကွပ်ပျစ်ပေါ်မှ လှမ်းမေးလိုက်သည်။
"ဪ... ဒီနား တောင်တစ်ဘက်ခြမ်း ဆင်းသွားတာ။
ယုန်လိုက်လို့ရမလားလို့ သွားကြည့်တာပါ"
သခင်က ပေါ့ပေါ့ပါးပါးပင် ဖြေရင်း ကွပ်ပျစ်ပေါ်သို့ တက်လာကာ စံအိမ့်ဘေးနား ဝင်ထိုင်လိုက်ချိန်တွင် လေအဝေ့၌ ရလိုက်သော အနံ့တစ်ခုကြောင့် စံအိမ် နှာခေါင်းရှုံ့လိုက်မိသည်။
ဒါ... တောနံ့မဟုတ်ဘူး ..."Air Con" အနံ့။
အဲကွန်းခန်းထဲ ကြာကြာထိုင်လိုက်ရင် အဝတ်အစားမှာ စွဲကျန်ရစ်တတ်တဲ့ အဲကွန်းနံ့သင်းသင်းနှင့် ရေမွှေးနံ့ ဖျော့ဖျော့။
"ရှင်... တောထဲက ပြန်လာတာ ဟုတ်လို့လား"
စံအိမ် သခင့်အင်္ကျီလက်မောင်းစကို ဆွဲယူပြီး နှာခေါင်းနှင့် ကပ်ကာ ရှူကြည့်လိုက်လျှင် သခင် တွန့်ခနဲ ဖြစ်သွားပြီး ရုန်းလေသည်။
"ဘာ... ဘာလုပ်တာလဲ "
"ရှင့်ဆီက အဲကွန်းနံ့ ရနေတယ် ပြီးတော့... ဒီရေမွှေးနံ့... ဒါ ရှင်
သုံးနေကျ ရေမွှေးနံ့ပဲ"
စံအိမ့်မျက်လုံးတွေက တောက်ခနဲ ဖြစ်သွားကာ သခင်က အင်္ကျီကို ခါလိုက်ပြီး ဟိုကြည့်ဒီကြည့် လုပ်လိုက်သည်။
"မင်း နှာခေါင်းမကောင်းတော့ဘူး ထင်တယ်။ ကိုယ့်ဆီက ချွေးနံ့ပဲ ရမှာပေါ့... တောထဲမှာ ဘယ်က အဲကွန်းရှိမှာလဲ။ ရေမွှေးဆိုတာကလည်း အင်္ကျီမှာ အရင်ကတည်းက စွဲနေတဲ့ အနံ့နေမှာပေါ့"
"မလိမ်နဲ့... ဒီအင်္ကျီကို ရှင်ဝတ်ပြီးလျှော်နေတာဘယ်လောက်ကြာပြီလဲ ... အနံ့က ဘယ်လိုလုပ် ကျန်တော့မှာလဲ"
စံအိမ် ထလိုက်ပြီး သခင့်ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"ရှင် မြို့ကို ပြန်တယ်မလား...ကျွန်မကို ဒီတောထဲမှာ ပစ်ထားပြီး ရှင်ကျတော့ မြို့ကို ခိုးခိုးပြန်နေတာမလား"
"မပြန်ပါဘူးဆိုကွာ... မင်းကလည်း ရစ်ပြန်ပြီ"
သခင်က စိတ်ရှုပ်သလို ပုံစံလုပ်ပြီး ထွက်သွားတော့သည်။
_________________
အမြဲတမ်း စံအိမ် ဘယ်လိုမေးမေး သခင်က ဝန်မခံတာကြောင့်
စံအိမ် သူ့ကို ဖမ်းဖို့ မနက်စောစောထပြီး စောင့်ကြည့်သည်။
သို့သော် အဲ့ဒီနေ့တွေကျရင် သခင်က အိပ်ရာထဲကနေ နေဖင်ထိုးအောင် မထဘဲ နေတတ်၏။
ညဘက်တွေမှာ အိပ်ချင်ယောင်ဆောင်ပြီး စောင့်ကြည့်ပြန်လျှင်လည်း သူက အိပ်တာ ဟောက်လို့တောင်နေလေသည်။
သူမ မထက်ထားမယ့်အချိန်မှ ဘယ်အချိန်ထွက်သွားမှန်း မသိ ပျောက်ပျောက်သွားတတ်သည်။
ပြန်လာရင်လည်း ဘာမှမဖြစ်ခဲ့သလို ပုံမှန်မျက်နှာပေးနှင့်ပင်။
_______________
ဒီနေ့လည်း စံအိမ်နိုးတော့ သူက မရှိတော့ပြန်။
စံအိမ် ဒေါသထွက်လွန်းလို့ ခြေဆောင့်လိုက်မိသည်။
ဒါပေမယ့် ခဏအကြာမှာ သူမ မျက်လုံးတွေ အရောင်ပြောင်းသွားကာ ဒေါသအရောင်ကနေ မျှော်လင့်ချက် အရောင်သို့။
"ဟုတ်တယ် ...ဒါ... အခွင့်အရေးပဲ။
ထွက်ပြေးဖို့ အကောင်းဆုံး အချိန်ပဲ။"
တစ်ယောက်တည်းရေရွတ်လိုက်ကာ တဲထဲကနေ အမြန်ထွက်ခဲ့လိုက်တော့သည်။
ပထမတစ်ခါ ထွက်ပြေးတုန်းက တောအုပ်ထဲကို သွားလိုက်တာ ထွက်လမ်းမမြင်တာကြောင့် ဒီတစ်ခါ ဘယ်ဘက်လမ်းကနေ သွားရမလဲဆိုတာ လျှောက်ရှာရင်း သူမ အကြည့်တွေက တဲရှေ့က ချောင်းဆီ ရောက်သွား၏။
ဟုတ်တယ် ... ဒီတစ်ခါ ချောင်းဘက်ကနေ သွားကြည့်ရမယ်။
ချောင်းကလည်း ရေတိမ်တာကြောင့် အဆင်ပြေသည်။
စံအိမ် ဆုံးဖြတ်ချက်ချကာ ချောင်းစပ်ကို ဆင်းလာခဲ့သည်။
တစ်လှမ်း၊နှစ်လှမ်း၊သုံးလှမ်း အတိအကျ သုံးလှမ်းလောက်မှာပဲ ...
"အဲ့တာ ဘယ်သွားမလို့လဲ။ "
ရုတ်တရက် ကျောဘက်ဆီကနေ ထွက်ပေါ်လာတဲ့ အသံမာမာကြောင့် စံအိမ် ခါးပါ ညွတ်ခနဲ ဖြစ်သွားရသည်။ လှည့်ကြည့်ဖို့တောင် အချိန်မရလိုက် .... မာကျောတဲ့ လက်မောင်းကြီးနှစ်ဖက်က သူမ ခါးသိမ်သိမ်လေးကို နောက်ကျောဘက်ကနေ ရစ်ပတ်ကာ ဆွဲဖက်ထားလိုက်ပြီ ဖြစ်၏။
"အ ...လွှတ်... လွှတ်စမ်း"
စံအိမ် လန့်ဖျပ်ပြီး ရုန်းကန်လိုက်သည်။ သို့သော် သခင့်ရဲ့ ရင်ခွင်ကျယ်ကြီးက နံရံတစ်ခုလို သူမ ကျောပြင်ကို ဖိကပ်ထားပြီး လက်မောင်းတွေက ရုန်းမရအောင် ချုပ်နှောင်ထားလေသည်။
"ထွက်ပြေးဖို့ ကြံနေတာလား... "
သခင့်အသံက ဒေါသသံ စွက်နေပြီး အမောဖြေနေရသည့် အသက်ရှူသံပြင်းပြင်းက စံအိမ့် ဂုတ်ပိုးသားလေးကို လာရိုက်ခတ်နေသည်။
"လွှတ်... ရှင် ကျွန်မကို တစ်သက်လုံး ဒီလို ဖမ်းချုပ်ထားလို့ ရမယ်ထင်နေလား"
စံအိမ် လက်သည်းတွေနဲ့ သခင့်လက်မောင်းကို ကုတ်ဖဲ့သော်လည်း သခင်က မလွှတ်သည့်အပြင် ပိုပြီး တင်းကျပ်အောင် ဖက်ထားလေသည်။
"အဲ့တော့ ... အခုရော ငါ့လက်ကလွတ်လို့လား ... အဟက် "
သခင် ပြောပြောဆိုဆိုနှင့် စံအိမ့် ကိုယ်လေးကို သူ့ဘက် လှည့်ယူဖို့ ကြိုးစားလေသည်။ ထိုအချိန်မှာပင် စံအိမ့်စိတ်ထဲ ဒေါသရော၊ အကြောက်တရားပါ ရောထွေးလာကာ အံကိုတင်းတင်းကြိတ်လိုက်ပြီး သူမရဲ့ တံတောင်ဆစ်ကို နောက်သို့ အရှိန်ပြင်းပြင်း ပစ်ဆောင့်ပစ်လိုက်သည်။
"အင့်..."
ပစ်မှတ်က တိကျလွန်းသည်။ စံအိမ့် တံတောင်ဆစ်က သခင့်ရဲ့ ပေါင်ခြံကြား အဓိကနေရာကိုထိသွား၏။
"အား..."
သခင့်ထံမှ နာကျင်စွာ အော်ဟစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာကာ စံအိမ့်ခါးကို ဖက်ထားသော သူ့လက်တွေ ပြေလျော့သွားတော့သည်။
သခင် ထိုနေရာအား လက်နှစ်ဖက်ဖြင့် ဖိရင်း မျက်နှာကြီး နီရဲကာ ခွေခနဲ ဖြစ်သွားရသည်။
စံအိမ်လည်း လွတ်ပြီဆိုတာ သိလိုက်သည်နှင့် ချက်ချင်း ရှေ့သို့ ခြေကုန်သုတ်ပြေးတော့၏။ ဒါပေမယ့် ခြေလှမ်း လေးငါးလှမ်းလောက် ရောက်တဲ့အချိန်မှာ...
"ဘုန်း"
အနောက်ဆီကနေ လူတစ်ယောက် လဲကျသွားသံ ကြားလိုက်ရတာကြောင့် စံအိမ် ခြေလှမ်းတွေ တုန့်ခနဲ ရပ်တန့်သွားရသည်။
လှည့်မကြည့်ဘူးလို့ စိတ်ကူးထားပေမယ့် သူမ နှလုံးသားက အဲ့လောက်ထိ ရက်စက်ခွင့်မပြု။
စံအိမ် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်လျှင်သခင်က ချောင်းရေထဲမှာ လဲကျနေကာ လုံးဝ မလှုပ်တော့။
"ဟင်... သခင်"
စံအိမ် မျက်လုံးပြူးသွားရသည်။ သူမ ရိုက်လိုက်တာ အဲ့ဒီလောက်တောင် ပြင်းသွားတာလား။ ယောကျာ်းလေးတွေ အဲ့ဒီနေရာကို ထိရင် သေတတ်တယ်လို့ သူမ ကြားဖူးသည်။ တကယ်ပဲ သခင်... သေသွားတာလား။
"နေမင်းသခင်..."
စံအိမ် လှမ်းခေါ်လိုက်သော်လည်း သခင်က တုပ်တုပ်မျှမလှုပ်။
"မလုပ်ပါနဲ့... ထစမ်းပါ ...ကျွန်မ မရည်ရွယ်ပါဘူး"
စံအိမ် ထွက်ပြေးဖို့ အစီအစဉ်ကို မေ့ပျောက်သွားကာ ခြေထောက်တွေက အလိုလိုနေရင်း သခင့်ဆီသို့ ပြန်ပြေးသွားမိသည်။
သူမ သူ့ဘေးနားမှာ ဒူးထောက်ထိုင်ချလိုက်ကာ ...
"သခင်... သခင် မျက်လုံးဖွင့်ပါဦး... ကျွန်မ ခေါ်နေတယ်လေ"
စံအိမ် သခင့်ပခုံးကို လှုပ်ခါလိုက်လျှင် သူ့ကိုယ်လုံးကြီးက အရုပ်ကြိုးပြတ်လို ပါလာကာ အသက်ရှူသံတောင် မကြားရသလို ဖြစ်နေတာကြောင့် စံအိမ့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
ချက်ချင်း မျက်ရည်တွေက ဝဲတက်လာ၏။
"ရှင် မသေရဘူးနော်... ရှင် သေသွားရင် ကျွန်မ တစ်ယောက်တည်း ဘယ်လိုလုပ်မလဲ။ ထပါ... ကျွန်မ မပြေးတော့ပါဘူး"
စံအိမ် စိုးရိမ်တကြီးဖြင့် သခင့် ရင်ဘတ်ပေါ် လက်တင်ကာ လှုပ်နှိုးနေမိသည်။
"ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်... ထပါတော့နော်"
စံအိမ် ငိုသံပါကြီးဖြင့် ပြောရင်း သူ့မျက်နှာနားသို့ တဖြည်းဖြည်း ငုံ့ကိုင်းလိုက်ကာ သူ့နှာခေါင်းဝနားသို့ ပါးလေးကပ်ပြီး အသက်ရှူသံ စမ်းရန် ပြင်လိုက်ချိန်...
"မိပြီ..."
အပိုင်း (၂၂) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)