"ပူနေပြီမလား ... ရေသွားချိုးရအောင်"
ကွပ်ပျစ်ပေါ်ထိုင်နေသော စံအိမ့်အနား သခင်ကရောက်လာပြီး
ရေချောင်းကိုလက်ညှိုးထိုးပြကာ ပြောလျှင် စံအိမ်ခေါင်းရမ်းပြလိုက်သည်။
"ဘာဖြစ်လို့လဲ... ရှက်လို့လား ဒီမှာ ကိုယ်တို့နှစ်ယောက်တည်း ရှိတာပဲ။ "
" မချိုးဘူး"
စံအိမ် လှည့်ထွက်ရန် ပြင်လိုက်သော်လည်း သခင်က သူမလက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်သည်။
"မရဘူး... ချွေးတွေနဲ့ နေရတာ စေးကပ်ကပ်နဲ့ နေလို့မကောင်းဘူး။ လာပါ... ကိုယ် ဘာမှမလုပ်ဘူး ကတိပေးတယ်"
သခင်က ပြောပြောဆိုဆိုနှင့် ရှပ်အင်္ကျီကြယ်သီးများကို တစ်လုံးချင်း စဖြုတ်လိုက်ကာ ကြယ်သီးများ ပြုတ်သွားသည်နှင့် ရင်အုပ်ကျယ်ကြီးနှင့် ကြွက်သားအဖုအထစ်များက နေရောင်အောက်တွင် ဝင်းလက်သွားတော့သည်။
"ရှင်... ရှင် ဘာလုပ်တာလဲ"
စံအိမ် မျက်လုံးအပြူးသားဖြင့် မေးလိုက်လျှင် သခင်က အင်္ကျီကို ချွတ်ပြီး ကျောက်တုံးပေါ် ပစ်တင်လိုက်ကာ ...
"ရေချိုးမလို့လေ... မင်းမချိုးရင်လည်း ကိုယ်ပဲ ချိုးတော့မယ်"
သခင်က ဘောင်းဘီရှည်ကိုပါ ခေါက်တင်လိုက်ပြီး ရေထဲသို့ ဗွမ်းခနဲ ဆင်းလိုက်သည်။
ရေက ခါးလောက်သာ ရှိသော်လည်း အေးမြသော အထိအတွေ့ကြောင့် သခင် "ဟား..." ခနဲ အော်လိုက်မိသည်။
"အရမ်းအေးပြီး နေလို့ကောင်းတာပဲ... တကယ် မလာဘူးလား
"
သခင်က ရေထဲမှ လှမ်းခေါ်လျှင် စံအိမ် ကမ်းပါးပေါ်တွင် ရပ်ရင်း တွန့်ဆုတ်နေမိသည်။သူမကိုယ်တိုင်လည်း ရေမချိုးရတာ ကြာပြီမို့ ချွေးတွေထွက်ပြီး ပူအိုက်နေတာကြောင့် ရေစိမ်ချင်စိတ်က တဖွားဖွား ပေါ်လာ၏။
"ကျွန်မ ဆင်းလာရင် ရှင် ဟိုဘက်လှည့်နေနော်"
"အင်းပါ... လှည့်နေပါ့မယ်"
သခင်က ကျောပေးလိုက်လျှင် စံအိမ် ဖိနပ်လေးကို ချွတ်ပြီး ရေထဲသို့ ခြေချလိုက်သည်။
"အေးလိုက်တာ..."
ရေအေးအေးလေးက ခြေဖျားမှတဆင့် တစ်ကိုယ်လုံးသို့ စီးဆင်းသွားကာ စံအိမ် ဖြည်းဖြည်းချင်း ရေထဲသို့ ဆင်းလိုက်သည်။ ဂါဝန်စလေးများက ရေထဲတွင် ပေါလောပေါ်လာပြီး ခြေသလုံးသား ဝင်းဝင်းလေးများက ရေအောက်တွင် လှုပ်ရှားသွား၏။
စံအိမ် ရေလယ်လောက်ရောက်တော့ ခါးလောက်နက်သော နေရာတွင် ရပ်လိုက်ပြီး မျက်နှာကို ရေဖြင့် သပ်ချလိုက်သည်။
"ဝုန်း..."
ထိုစဉ် ရေငုပ်ပြီး သခင်က စံအိမ့်ရှေ့တည့်တည့်တွင် "ဘွား" ခနဲ ပေါ်လာလေသည်။
"အမေ့ ..."
စံအိမ် လန့်ပြီး နောက်သို့ ဆုတ်လိုက်ရာ ခြေချော်ပြီး လဲကျမလို ဖြစ်သွားလျှင် စံအိမ့်ခါးကို သူက လှမ်းဖမ်းပြီး ဆွဲတင်လိုက်၏။
"ဗွမ်း..."
နှစ်ယောက်သား ရေထဲတွင် ပူးကပ်သွားကြကာ စံအိမ့်လက်နှစ်ဖက်က သခင့်လည်ပင်းကို အလိုအလျောက် သိုင်းဖက်မိသွားသလို၊
သခင့်လက်မောင်းသန်သန်ကြီးများက စံအိမ့်ခါးနှင့် ကျောပြင်ကို တင်းကြပ်စွာ ထိန်းမတ်ပေးထားလေသည်။
တစ်ကိုယ်လုံး ရေစိုရွှဲသွားသော စံအိမ့် ဂါဝန်ပါးလေးက ခန္ဓာကိုယ်တွင် ကပ်နေပြီး အတွင်းသားများကို ရေးရေးလေး မြင်နေရသည်။ ရေစက်ကလေးများက သူမ မျက်တောင်ကော့ကော့များ၊ နှာတံလေးနှင့် နှုတ်ခမ်းပါးလေးများပေါ်မှ စီးကျနေ၏။
သူ့ရင်ဘတ်နှင့် စံအိမ့်ရင်ဘတ်တို့ ထပ်တူကျနေကာ နှစ်ယောက်စလုံး၏ ရင်ခုန်သံများက ရေစီးသံကို ကျော်လွန်ပြီး ဆူညံနေသည်။
"ရှင်... ရှင် ဟိုဘက်လှည့်နေမယ်ဆို..."
"လှည့်နေမလို့ပဲ... ဒါပေမယ့် ရေထဲမှာ မင်း ချော်လဲမှာ စိုးလို့လေ"
သူ့မျက်လုံးများက စံအိမ့်မျက်နှာအနှံ့ အငမ်းမရ ကြည့်နေကာ ရေစိုနေသော ဆံနွယ်လေးများကို သခင်က နားနောက်သို့ သပ်တင်ပေးလိုက်၏။
ထို့နောက် သခင့်လက်တစ်ဖက် သူမပါးပြင်နုနုလေးကို ပွတ်ဆွဲလိုက်သည်။ အေးမြသော ရေထဲတွင် ဖြစ်သော်လည်း သခင့်လက်ဖဝါး အထိအတွေ့က ပူနွေးလွန်းနေသည်။
"ဖယ်... ဖယ်တော့... ကျွန်မ ဘာမှမဖြစ်တော့ဘူး"
စံအိမ် ရုန်းရန် ကြိုးစားသော်လည်း သခင်က ခါးကို ပိုတိုးပြီး ဖက်လိုက်လေသည်။ရေအောက်မှ သူတို့ ခြေထောက်ချင်းကလည်း ထိကပ်နေ၏။
"ခဏလေး... ခဏလေးပဲ ဒီအတိုင်း နေရအောင်"
သခင်က စံအိမ့်ပခုံးပေါ်သို့ မေးတင်လိုက်ပြီး လည်တိုင်ကျော့ကျော့လေးကို နှာခေါင်းဖြင့် ရှိုက်နမ်းလိုက်သည်။
"အ..."
စံအိမ် တွန့်ခနဲ ဖြစ်သွားရကာ သူ့နှုတ်ခမ်းများက စံအိမ်ါ လည်ပင်း၊ ပခုံးသားနှင့် ညှပ်ရိုးလေးများကို ရေစက်များကြားမှ ဖွဖွလေး နမ်းရှိုက်နေလေသည်။
"ဟင့်အင်း ... မလုပ်နဲ့... ယားတယ်"
"အဟက် ... ဆောရီး မြန်မြန်ချိုး အအေးပက်မယ်။ "
ပြောပြောဆိုဆိုနှင့် သခင် ရေထဲကနေ တက်သွားတော့သည်။
အကြောင်းအရင်းကတော့ ထကြွသောင်းကျန်းချင်နေတဲ့ သူ့ကိုယ်သူသိနေလို့ပင်။
__________________
သခင် နိုးနေတာ ကြာပြီဖြစ်သော်လည်း မထသေးပဲ သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေသော စံအိမ့်ကို ငေးကြည့်နေမိသည်။
"စိတ်ဆိုးနေတဲ့ နှုတ်ခမ်းလေးက အိပ်နေတာတောင် ထော်နေတုန်း..."
သခင် ပြုံးလိုက်မိကာ လက်ချောင်းထိပ်လေးများဖြင့် စံအိမ့် ပါးပြင်နုနုကို ဖွဖွလေး ပွတ်သပ်လိုက်ပြီးမှ ထရန် ပြင်လိုက်သည်။
ဒီနေ့ သူ မြို့ထဲကို ခဏပြန်ရမည်ဖြစ်၏။
ကုမ္ပဏီကိစ္စ အရေးကြီးစာရွက်စာတမ်းတချို့ လက်မှတ်ထိုးရန်နှင့် စံအိမ့်အတွက် လိုအပ်တာလေးတွေ ဝယ်ရန်ဖြစ်သည်။
သို့သော် ဒီကိစ္စကို စံအိမ် သိလို့မဖြစ်။ သူမ သိသွားလျှင် သူမကိုပါ ပြန်ခေါ်သွားဖို့ တောင်းဆိုလိမ့်မည်။ ဒီတောထဲမှာပဲ သူမနဲ့အတူ နှစ်ယောက်တည်း ကမ္ဘာတည်ဆောက်ထားချင်သေးသည်။
သခင် စံအိမ့်ခေါင်းအုံးလေးကို သေချာပြင်ပေးပြီး နှဖူးလေးကို တိတ်တဆိတ် နမ်းရှိုက်ပြီးနောက် ခြေသံလုံလုံဖြင့် အိမ်အပြင်သို့ ထွက်ခဲ့လိုက်တော့သည်။
သခင် တောလမ်းအတိုင်း ခြေကျင်လျှောက်ပြီး တောင်အောက်တွင် ဝှက်ထားသော သူ့ကားဆီသို့ ရောက်အောင်သွားကာ မြို့ထဲသို့ ဦးတည်မောင်းနှင်လိုက်၏။
_______________
"MD... ရောက်လာပါပြီလားခင်ဗျာ"
အတွင်းရေးမှူးက ရုတ်တရက် ရောက်လာသော သခင့်ကို ကြည့်ပြီး အံ့သြတကြီး နှုတ်ဆက်သည်။
"စာရွက်စာတမ်းတွေ ပေး... ငါ အချိန်မရဘူး"
သခင်က ရုံးခန်းထဲသို့ ဝင်ကာ စားပွဲပေါ်ရှိ ဖိုင်များကို အမြန်စစ်ဆေးပြီး လက်မှတ်ထိုးလိုက်သည်။ သူ့စိတ်က ရုံးခန်းထဲတွင် မရှိပဲ တောထဲက အိမ်လေးဆီသို့သာ ရောက်နေသည်။
' ဒီအချိန်ဆိုစံအိမ် နိုးလောက်ပြီမလား... သူ မရှိတာ သိရင် ကြောက်နေမလား' ဟူသော အတွေးများက သူ့ကို လောဆော်နေ၏။
"ဒါနဲ့ MD... ဒီနေ့ အစည်းအဝေး..."
"ဖျက်လိုက်... ငါ ခရီးထွက်စရာ ရှိသေးတယ်"
သခင်က စကားဖြတ်ပြောပြီး ထိုင်ခုံမှ ထလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်ကာ ...
"ဒီစာရင်းထဲက ပစ္စည်းတွေ အခုချက်ချင်း သွားဝယ်ပေး... ၁ နာရီအတွင်း ရရမယ်"
အတွင်းရေးမှူးက စာရင်းကို ကြည့်လိုက်တော့ မျက်လုံးပြူးသွားရ၏။
အမျိုးသမီးသုံး တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ၊Skin Care Set ၊ ချောကလက်နှင့် မုန့်များ၊အသား၊ ငါးနှင့် လတ်ဆတ်သော သစ်သီးများ။
"MD... ဒါတွေက..."
"မေးမနေနဲ့... မြန်မြန်လုပ်"
"ဟုတ် ဟုတ်ကဲ့ "
_______________
" နေမင်းသခင်... ရှင်ဘယ်မှာလဲ။ "
စံအိမ် နိုးနိုးချင်း ဘေးနားကို စမ်းကြည့်တော့ သခင့်ကို မတွေ့တာကြောင့် တဲပတ်လည် နေရာစုံ ရှာသော်လည်း အရိပ်အယောင်မတွေ့ရ။
သူ့ကို မတွေ့ရတာကြာလာသည်နှင့်အမျှ စံအိမ့်စိတ်ထဲတွင် ကြောက်စိတ်များ ဝင်လာတော့သည်။
"ဒီလူ ဘယ်သွားနေတာလဲ... ငါ့ကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ပြီး ထွက်ပြေးသွားတာလား"
တောထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည့် အဖြစ်က တွေးကြည့်ရုံနှင့် ထိတ်လန့်စရာ။ ပုရစ်အော်သံ၊ ငှက်အော်သံတွေက အရင်လို သာယာမနေဘဲ ခြောက်ခြားစရာ ကောင်းလာသည်။ စံအိမ် ကွပ်ပျစ်ပေါ်တွင် ဒူးပိုက်ပြီး ငိုချင်လာသည်။ ဗိုက်ကလည်း ဆာ၊ လူကလည်း ကြောက်နှင့် သခင့်ကို စိတ်ထဲကနေ ကျိန်ဆဲနေမိသည်။
" လူယုတ်မာကြီး ... ငါ့ကို တစ်ယောက်တည်း ပစ်ထားခဲ့ပြီ အဟင့် အင့် အင့် အဟင့် "
သူမ ငိုနေမိတာ ဘယ်လောက်ကြာသည်မသိ။
ခြေသံကြားလိုက်ရကာ ဝမ်းသာအားရ ထကြည့်လိုက်တော့ သခင်။
"ဟာ ... ငိုနေတာလား ... ဘာလို့ငိုနေတာလဲကွာ။ "
"ရှင်... ရှင် ဘယ်သွားနေတာလဲ။ ကျွန်မကို တစ်ယောက်တည်း ထားခဲ့ပြီး..."
"ဟင် ... ဟို ဟို ဟင်းစား နည်းနည်းသွားရှာတာပါ။... မငိုနဲ့တော့နော် လာ။ "
လက်ထဲပါလာတဲ့ အရွက်နှင့် အသီးတချို့ကို မြှောက်ပြကာ ပြောလိုက်၏။
ကျန်တာတွေက လမ်းမှာ တစ်ခါတည်းဖွက်ခဲ့လေသည်။
သူမကလည်း သူ့စကားကို ယုံသွားပုံရ၏။
"အဲ့တာဆို ခဏစောင့်ဦးနော် ... ကိုယ်ဟင်းချက်လိုက်ဦးမယ်။ "
"..."
ဘာမျှ ပြန်မဖြေပေမယ့် ကွပ်ပျစ်မှာ ပြန်ထိုင်လေသည်။
_________________
အပိုင်း (၂၀) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)