Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၁၇)

"အင်း..."

စံအိမ် ညည်းညူသံသဲ့သဲ့နှင့်အတူ မျက်လုံးများကို ဖွင့်ရန် ကြိုးစားလိုက်လျှင် မျက်ခွံများက ခဲဆွဲထားသလို လေးလံနေပြီး ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိနေ၏။

မျက်လုံးကို အားယူဖွင့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်က သူမ အခန်း၏ မျက်နှာကြက် မဟုတ်။ အရောင်မှိန်နေသော သစ်သားမျက်နှာကြက်နှင့်အတူ ပင့်ကူအိမ်တချို့က ထောင့်စွန်းများတွင် နေရာယူထားလေသည်။

"ငါ... ငါ ဘယ်ရောက်..."

စံအိမ် လန့်ဖျပ်ပြီး ကုန်းထလိုက်လျှင် ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားတာကြောင့် နားထင်ကို လက်ဖြင့် ဖိထားလိုက်ရသည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သောအခါ စိမ်းသက်နေသော နေရာတစ်ခု။

"ဒါ ဘယ်နေရာလဲ..."

စံအိမ် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ မနေ့ညက အကြောင်းအရာတစ်ခုက ဦးနှောက်ထဲသို့ လျှပ်စီးလက်သလို ဝင်ရောက်လာလေသည်။

သခင်... နွားနို့...

"နေမင်းသခင်"

စံအိမ် အော်ဟစ်လိုက်သော်လည်း သူမအသံက ခြောက်ကပ်ပြီး တိုးဝင်နေကာ ကွပ်ပျစ်ပေါ်မှ အတင်းဆင်းလိုက်၏။

ခြေထောက်များက ပျော့ခွေချင်နေသော်လည်း အားတင်းပြီး ပြေးသွားလိုက်သည်။

တံခါးကို တွန်းဖွင့်လိုက်သည်နှင့် မျက်နှာပေါ်သို့ တိုးဝှေ့လာသော လေနုအေးနှင့်အတူ မြင်လိုက်ရသော မြင်ကွင်းကြောင့် စံအိမ် ခြေစုံရပ်သွားရသည်။

ရှေ့တည့်တည့်တွင် မဆုံးနိုင်သော သစ်ပင်အုပ်ကြီးများနှင့် တောအုပ်ကြီး။ ဘေးနားတွင် စီးဆင်းနေသော စမ်းချောင်းရေစီးသံများ။ လူနေအိမ်ခြေဟူ၍ အရိပ်အယောင်မျှ မတွေ့ရ။ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသော ကမ္ဘာခြားတစ်ခုကဲ့သို့ပင်။

"နိုးပြီလား "

အေးစက်တည်ငြိမ်သော အသံတစ်ခုက စံအိမ့် ကျောရိုးထဲထိ စိမ့်ဝင်သွားစေကာ စံအိမ် လှည့်ကြည့်လိုက်လျှင် သစ်သားအိမ်ဘေးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်နေသော သခင့်ကို တွေ့လိုက်ရ၏။

သခင်က ရှပ်အင်္ကျီအဖြူ လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားပြီး လက်ထဲတွင် သစ်ကိုင်းခြောက်တစ်ခုကို ဓားမြှောင်ဖြင့် အချောသတ်နေသည်။ သူ့ပုံစံက ဘာမှမဖြစ်ခဲ့သလို အေးဆေးလွန်းနေခြင်းက စံအိမ့်ကို ပိုပြီး ကြောက်လန့်စေ၏။

"ရှင်... ရှင် ကျွန်မကို ဘယ်ခေါ်လာတာလဲ ...ဒါ ဘယ်နေရာလဲ"

စံအိမ် အိမ်အောက်သို့ ပြေးဆင်းပြီး သခင့်ရှေ့တွင် ရပ်ကာ အော်မေးလိုက်လျှင် သခင်က ဓားမြှောင်ကို ဘေးချပြီး စံအိမ့်ကို မော့ကြည့်လာတဲ့ သူ့မျက်ဝန်းများက နက်ရှိုင်းပြီး ဖတ်ရခက်နေသည်။

" ကိုယ်တို့နှစ်ယောက်တည်း ရှိတဲ့နေရာ"

"ရှင် ရူးနေလား ... ကျွန်မကို အခုချက်ချင်း ပြန်ပို့ပေး ကျွန်မ ဒီမှာ မနေဘူး"

စံအိမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ထွက်ထွက်ပေါက်ရှာကြည့် ပေမယ့် ဘယ်ဘက်ကို ကြည့်ကြည့် သစ်ပင်ကြီးတွေကလွဲပြီး ဘာလမ်းမှ မမြင်ရ။

"ကျွန်မ ဖုန်းရော... ကျွန်မ ဖုန်းဘယ်မှာလဲ"

စံအိမ် သူမအိတ်ကပ်တွေကို စမ်းသပ်ကြည့်သော်လည်း ဘာမှမရှိ။ သခင်က ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်ကာ ...

"ဖုန်းမရှိဘူး ... ကားလည်း မရှိဘူး။ ဒီနေရာက မြို့နဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ တောနက်ကြီးထဲမှာ... ဖုန်းလိုင်းလည်း မမိဘူး။

မင်း အော်ဟစ်နေလည်း တောရိုင်းတိရစ္ဆာန်တွေကလွဲရင် ဘယ်သူမှ ကြားမှာ မဟုတ်ဘူး"

သခင့်စကားကြောင့် စံအိမ် ခြေဖျားလက်ဖျားတွေ အေးစက်သွားရသည်။ဒါ ပြန်ပေးဆွဲတာပဲမလား။

သူမ ယောကျာ်းအရင်းက သူမကို ပြန်ပေးဆွဲလာခြင်းပင်။

"ရှင်... ရှင် တကယ်ပဲ ယုတ်မာလှချည်လား။

ကွာရှင်းပေးမယ်ဆိုပြီး ကတိပေးထားပြီးတော့... အခုလို လုပ်ရလား"

စံအိမ် ဒေါသကြောင့် မျက်ရည်များ ဝဲတက်လာပြီး သခင့်ရင်ဘတ်ကို လက်သီးဖြင့် ထုရိုက်ပစ်လိုက်သည်။

"လူလိမ်... လူယုတ်မာ... ကျွန်မကို ပြန်ပို့ပေး"

သခင်က စံအိမ့်လက်သီးချက်များကို မရှောင်ဘဲ ငြိမ်ခံနေသည်။ ထို့နောက် စံအိမ့် လက်ကောက်ဝတ်နှစ်ဖက်ကို ဖမ်းချုပ်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

။

"ကိုယ် မင်းကို ကွာရှင်းပေးမယ်လို့ ပြောခဲ့တယ်လေ... ဒါပေမယ့် အခု မဟုတ်သေးဘူး"

သခင်က စံအိမ့်မျက်နှာနှင့် သူ့မျက်နှာကို လက်မတစ်ထောက်အကွာထိ တိုးကပ်လိုက်လျှင် သူ့ဝင်သက်ထွက်သက်နွေးနွေးက စံအိမ့်မျက်နှာပေါ် ဖြတ်သန်းသွား၏။

"ဒီနေရာမှာ... ကိုယ်တို့နှစ်ယောက် အေးအေးဆေးဆေး နေကြမယ်။ ကိုယ်တို့နှစ်ယောက်တည်း အစကနေ ပြန်စကြမယ်"

"မနေနိုင်ဘူး ... လွှတ်"

စံအိမ် သခင့်လက်ထဲမှ အတင်းရုန်းထွက်ပြီး သခင့်ခြေထောက်ကို နင်းကာ တွန်းထုတ်လိုက်ပြီး သခင် အနည်းငယ် ယိုင်သွားချိန်တွင် စံအိမ် အိမ်ရှေ့ရှိ တောလမ်းအတိုင်း ထွက်ပြေးတော့သည်။

"ဟေ့ မပြေးနဲ့ ...အန္တရာယ်ရှိတယ်"

သခင့်အော်သံကို ဂရုမစိုက်ဘဲ စံအိမ် ဖိနပ်မပါပဲ ခြေဗလာဖြင့် ကျောက်ခဲများနှင့် သစ်ရွက်ခြောက်များအပေါ် နင်းကာ ပြေးသည်။ ခြေဖဝါးများ နာကျင်လာသော်လည်း သူမ ဂရုမစိုက်နိုင်။ ဒီအရူးလက်ထဲက လွတ်ဖို့သာ အဓိက။

"ဝုန်း..."

"အား..."

သခင်နှင့် အနည်းငယ်အကွာအရောက်တွင် သစ်မြစ်တစ်ခုကို ခလုတ်တိုက်ပြီး စံအိမ် လဲကျသွားကာ ခြေထောက်တွင် ပွန်းပဲ့သွားပြီး သွေးစို့လာ၏။ ပြန်ထရန် ကြိုးစားသော်လည်း ခြေထောက်က နာကျင်လွန်း၍ မထနိုင်။

ထိုအချိန် အနောက်မှ ခြေသံများ ကြားလိုက်ရကာ သခင်က ဖြည်းဖြည်းချင်း လျှောက်လာနေသည်။

သခင် စံအိမ့်အနားသို့ ရောက်သောအခါ ဒူးထောက်ချလိုက်ကာ ...

"တွေ့လား... ကိုယ်ပြောသားပဲ အန္တရာယ်ရှိပါတယ်လို့"

သခင် စံအိမ့် ခြေထောက်ဒဏ်ရာကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"နာသွားပြီမလား... လာ ကိုယ်ချီမယ်"

"မထိနဲ့ ... ကျွန်မကို မထိနဲ့"

စံအိမ် အနောက်သို့ ဆုတ်ရင်း အော်လိုက်သည်။ သို့သော် သခင်က ဂရုမစိုက်ပဲ စံအိမ့်ကို ပွေ့ချီလိုက်၏။

"လွှတ်ပါဆို... အီးဟီး... ရှင် ကျွန်မကို သတ်ပစ်လိုက်ပါတော့လား... အခုလိုကြီးတော့ မနှိပ်စက်ပါနဲ့တော့..."

စံအိမ် သခင့်ရင်ခွင်ထဲတွင် ငိုရင်း ပြောလိုက်ကာ သူမ ခုခံအားများ ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။

သခင်က သူမကို ပွေ့ချီလျက် အိမ်ပြန်လမ်းအတိုင်း လျှောက်ရင်း တိုးတိုးလေး ပြန်ပြောလေသည်။

"ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်လို့ပါ။ "

"အဟမ့် ... ဒါကရော ရှင့်ရဲ့ဘာလှည့်ကွက်တွေလဲ။

ကျွန်မထပ်ပြီး ရှင့်လှည့်ကွက်ထဲ လုံးဝ ဝင်တော့မှာ မဟုတ်ဘူး။ "

စံအိမ်က သူမထင်ရာပဲ ပြောနေပေမယ့် သူလည်းရှင်းမပြဖြစ်တော့။

ဒီနေရာက လူသူအရောက်အပေါက် နည်းပါးလှပြီး သဘာဝအတိုင်း တည်ရှိနေသော တောကြီးဖြစ်ကာ သခင့်အဖေ ရှိစဉ်က သူ့သူငယ်ချင်းများနှင့်အတူ အမဲလိုက် လာနေကျ တောဖြစ်၏။

တောဆိုပေမယ့် အရမ်းကြီး နက်လွန်းတာလည်းမဟုတ်တာကြောင့် အန္တရာယ်များတဲ့ သားကောင်တွေတော့မရှိပဲ ယုန်၊သမင်၊ဆတ် စသည့် အကောင်ငယ်တွေသာ ပေါသည်။

သခင် ကလေးဘဝက သူ့ဒယ်ဒီနှင့်အတူတူ လိုက်ပါရင်း ဒီနေရာရဲ့မြေပုံအနေအထားကို မျက်စိမှိတ်ပြီး လမ်းလျှောက်လို့ရသည်အထိ ကျွမ်းကျင်နေခဲ့သည်။

အရေးကြီးဆုံးအချက်က ဒီနေရာကို မာမီလည်း လုံးဝမသိခြင်းပင်။ အဖေက အမဲလိုက်တာကို မကြိုက်တဲ့ မာမီ့ကို လျှို့ဝှက်ထားခဲ့တာကြောင့် ထိုနေရာလေးကို လုံးဝမသိ။

အိမ်ကတော့ ဒယ်ဒီတို့ ညအိပ်အမဲပစ်ခရီးတွေထွက်လျှင် အနားယူလို့ရအောင် အဖြစ်ဆောက်လုပ်ထားသည့်တဲလေးဖြစ်ကာ နှစ်တွေကြာနေပြီဖြစ်တာကြောင့် ဟောင်းနွမ်းဆွေးမြေ့နေပေမယ့် ပြန်ပြင်လိုက်လျှင်တော့ နေလို့ရပါသေးသည်။

နောက်ရက်မှ ဒီတောထဲက ဈ

ဝါးတွေခုတ်ပြီး ပြန်ပြင်ရဦးမည်။

___________

အိမ်ပေါ်သို့ ပြန်ရောက်သောအခါ သခင်က စံအိမ့်ကို ကွပ်ပျစ်ပေါ်တွင် ပြန်ချပေးလိုက်သည်။ ထို့နောက် သူယူလာတဲ့ အိတ်ထဲမှ ဆေးဘူးအချို့ကို ထုတ်ယူလိုက်ကာ ရေဇလုံတစ်ခုနှင့် အဝတ်သန့်တစ်ခုကို ယူလာပြီး စံအိမ့်ခြေထောက်မှ ဖုန်များကို ဖွဖွလေး သုတ်ပေးပြီးတော့မှ ဆေးဝါကို ဂွမ်းဖြင့်တို့ကာ ဒဏ်ရာပေါ် သိပ်ပေးလေသည်။

စံအိမ် မရုန်းတော့။ ရုန်းလည်း မလွတ်နိုင်မှန်း သိတာကြောင့် မျက်ရည်များ တိတ်တဆိတ် ကျဆင်းရင်း သခင့်အပြုအမူကိုသာ ငေးကြည့်နေမိသည်။

ဒီယောကျာ်းက ရက်စက်လိုက်တာလည်း အကန့်အသတ်မရှိ။ ဂရုစိုက်လိုက်ပြန်တော့လည်း အသည်းနှလုံး အရည်ပျော်မတတ်။ သူ့အချစ်တွေက ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ။

ဆေးထည့်ပေးပြီးနောက် သခင်က စံအိမ့်မျက်နှာကို မော့ကြည့်လာကာ ...

"မင်းပြေးနေလို့လည်း အလကားပဲ။

မင်း ကိုယ့်ကို ပြန်ချစ်လာတဲ့အထိ... ကိုယ်တို့နှစ်ယောက်ကြားက အတိတ်ဆိုးတွေ ပျောက်ကွယ်သွားတဲ့အထိ ကိုယ်တို့ဒီမှာပဲ နေမယ်။ တစ်နှစ်ကြာမလား... ဆယ်နှစ်ကြာမလား... ကိုယ်မသိဘူး။ ဒါပေမယ့် မင်း ကိုယ့်ကို ပြန်မချစ်သရွေ့ ကိုယ်တို့ ဒီတောထဲက ထွက်မှာ မဟုတ်ဘူး"

စံအိမ် နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။

နေမင်းသခင် ရူးသွားခဲ့ပြီ။ သူ့အချစ်က ရူးသွပ်မှုအသွင် ပြောင်းသွားခဲ့ပြီ။ ဒီတောနက်ကြီးထဲမှာ သူမ ဘယ်လောက်ကြာကြာ နေရမှာလဲ။

"ရှင်... ရှင် နောင်တရလိမ့်မယ် သခင်"

"နောင်တဆိုတာ ကိုယ့်ရာဇဝင်မှာ မရှိဘူး "

သခင် ပြုံးလိုက်ကာ ထိုအပြုံးက နွေးထွေးသယောင် ရှိသော်လည်း ကျောချမ်းဖွယ်ရာ။

အပိုင်း (၁၈) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၆) နောက်အခန်း - အပိုင်း (၁၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ