မာမီ့အိမ်မှ ပြန်လာလမ်းတစ်လျှောက်လုံး သူ့ဦးနှောက်ထဲတွင် အတွေးပေါင်းစုံ ယောက်ယက်ခတ်နေ၏။
သို့သော် သူ့နှလုံးသားအလိုက တစ်ခုတည်းသာ ရှိသည်။ သူ စံအိမ့်ကို လက်လွှတ်မခံနိုင်။
သခင် ကားပေါ်မှဆင်းပြီး အိမ်ထဲသို့ ဝင်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားရသည်။
ဧည့်ခန်းရှိ ဆိုဖာခုံရှည်တွင် စံအိမ် ထိုင်နေကာ သူမတစ်ယောက်တည်း မဟုတ်။ သူမနံဘေးတွင် အသက်၅၀လောက်ရှိမည့် လူတစ်ယောက်လည်း ရှိနေ၏။
ဖြူအုနေတဲ့ သူမ ပါးပြင်လေးက သူရိုက်ထားသော လက်ရာကြောင့် ပါးပြင်တစ်ဖက်လုံး ရောင်ကိုင်းနေလေသည်။
"ရှင် ပြန်လာပြီလား "
သူ့ကိုမြင်သည်နှင့် တည်တင်းနေတဲ့ မျက်နှာက ပိုလို့တည်တင်းသွားကာ ...
"ဒါက ရှေ့နေ ဦးမြင့်မောင်... ကျွန်မ အကူအညီတောင်းပြီး ခေါ်ထားတာ"
သခင့်မျက်ခုံးများ ပင့်တက်သွားရသည်။ ရှေ့နေတဲ့လား။
ရှေ့နေဦးမြင့်မောင်က သခင့်ကို ခေါင်းညိတ်ပြလိုက်ကာ နှုတ်ဆက်၏ ...
"ဘာကိစ္စလဲ"
သခင်က သူ့တို့အနားသို့ ဧည့်ခန်းအလယ်သို့ ဖြည်းဖြည်းချင်း လျှောက်လာကာ မေးလိုက်သည်။
"ဒေါ်စံအိမ်က ခင်ဗျားနဲ့ တရားဝင် ကွာရှင်းလိုတဲ့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အခုချက်ချင်း လက်မှတ်ထိုးစေချင်လို့ပါ"
ရှေ့နေက စားပွဲပေါ်မှ စာရွက်စာတမ်းကို ကမ်းပေးလိုက်သည်။
"ကွာရှင်းစာချုပ်..."
သခင် စာရွက်ကို လှမ်းယူလိုက်ပြီး နှုတ်ခမ်းထောင့်တစ်ခု ကွေးတက်သွားကာ မခိုးမခန့် ပြုံးလိုက်သည်။
ထို့နောက် စာရွက်ကို စားပွဲပေါ်သို့ ပြန်ပစ်ချလိုက်ကာ ...
"ကျွန်တော် မထိုးနိုင်ဘူး"
"ရှင်"
" ရှေ့နေကြီးကိုတော့ အားနာပါတယ် ကျွန်တော်တို့လင်မယား
မကွာရှင်းပါဘူး။ "
"ဘာလို့ မကွာရမှာလဲ ...ကွာမှာပါ "
သခင်က စံအိမ့်စကားကို ဂရုမစိုက်ဘဲ စံအိမ့်ပခုံးကို လှမ်းဖက်လိုက်သည်။ စံအိမ် ရုန်းလျှင် သခင်က ပိုတိုးပြီးဖက်လိုက်သေး၏။
" ကျွန်တော်တို့ လင်မယားချင်း စကားများထားလို့ သူ စိတ်ကောက်ပြီး အခုလို ထလုပ်တာပါ။ တကယ်တမ်း ကွာရှင်းဖို့အထိ မဟုတ်ပါဘူး"
"မဟုတ်ဘူး... ရှေ့နေကြီး... သူ့စကားကို နားမထောင်နဲ့။
ကျွန်မ တကယ် ကွာရှင်းချင်တာပါ သူကျွန်မကိုလည်း နှိပ်စက်ပါတယ်"
စံအိမ် အော်ဟစ်ငြင်းဆန်သော်လည်း သခင်က သူမကို ရင်ခွင်ထဲ အတင်း ဆွဲသွင်းထားလိုက်ပြီး ရှေ့နေကို အားနာသည့် မျက်နှာထားဖြင့် ဆက်ပြောလေသည်။
"စိတ်မရှိပါနဲ့ ရှေ့နေကြီးရယ်... ဒီကိစ္စကို ကျွန်တော်တို့ လင်မယားချင်းပဲ ညှိနှိုင်းလိုက်ပါ့မယ်။ ရှေ့နေကြီးကို အလကားသက်သက် အချိန်ကုန်စေမိလို့ တောင်းပန်ပါတယ်ဗျာ"
ရှေ့နေကြီးက မျက်နှာပျက်နေသော စံအိမ်နှင့် ပြုံးနေသော သခင့်ကို တလှည့်စီ ကြည့်ကာ အခြေအနေကို သဘောပေါက်သွားကာ ...
" ဟုတ်ကဲ့... နားလည်ပါပြီ ... အဲ့ဒါဆိုလည်း ညှိနှိုင်းလိုက်ကြပါဦး အဆင်မပြေမှပဲ ပြန်ဆက်သွယ်ပါ"
ရှေ့နေကြီးက စာရွက်စာတမ်းများကို ပြန်သိမ်းကာ အိတ်ထဲ ထည့်လိုက်ကာ ထပြန်ဖို့လုပ်လျှင် ...
"မပြန်ပါနဲ့ဦး ရှင်... ကျွန်မ ပြောတာ ယုံပါ... ဒီလူက ကျွန်မကို လက်စားချေဖို့ လက်ထပ်ထားပြီး နှိပ်စက်နေတာပါ။"
စံအိမ် ရှေ့နေလက်ကို လှမ်းဆွဲရန် ကြိုးစားသော်လည်း သခင်က သူမ ခါးကို တင်းကြပ်စွာ ဖက်ထားလိုက်ကာ ...
" ရှေ့နေကြီး ... ကျွန်တော် လိုက်မပို့တော့ဘူးနော်"
သခင်က ခေါင်းညိတ်ပြလိုက်လျှင် ရှေ့နေကြီးလည်း ခပ်သုတ်သုတ်ပင် အိမ်ထဲမှ ထွက်သွားတော့သည်။
"လွှတ်...ကျွန်မကိုလွှတ် လူယုတ်မာ"
စံအိမ် သခင့်ရင်ခွင်ထဲမှ အတင်း ရုန်းထွက်ပြီး သခင့်ရင်ဘတ်ကို တွန်းထုတ်ပစ်လိုက်သည်။
"ကိုယ်မကွာရှင်းချင်ဘူး။ "
"ကျွန်မကတော့ ကွာမှာ ... ရှင့်အရိပ်အောက်မှာ ဆက်မနေနိုင်တော့ဘူး။ "
"တောက် ... မကွာပေးနိုင်ဘူးလို့ ပြောနေတယ်လေ။ "
"ကျွန်မကို လာမအော်နဲ့ ... ကျွန်မ ရှင်နဲ့လည်း ဆက်မနေနိုင်တော့ဘူး။ ကျွန်မကို အမြန်ဆုံးကွာပေးပါ။ "
ပြောပြောဆိုဆိုနှင့် စံအိမ် မတ်တပ်ထရပ်ကာ ထွက်သွားဖို့လုပ်လျှင် သခင်က အနောက်မှ သူမခါးကို လှမ်းဖက်လိုက်၏။
"မသွားပါနဲ့ "
"ကျွန်မကိုလွှတ် "
သူမခါးမှာ တင်းကြပ်စွာ တွယ်ချိတ်ထားတဲ့ သခင့်လက်နှစ်ဖက်အား
ဆွဲဖြုတ်လျှင် သခင်ကလည်း မလွှတ်ပေးပဲ တွယ်ကပ်ထားကာ သူမပခုံးအနားသို့ မျက်နှာကိုတိုးကပ်လျက် ...
"မင်းသဘောအတိုင်းဖြစ်စေရပါမယ် ..."
"..."
"ကွာပေးပါ့မယ် ... ကိုယ့်ကို အချိန်နည်းနည်းလောက်ပေးပါ။
ထွက်မသွားပါနဲ့ ... ခဏလောက် ခဏလေးပဲ နေပေးပါဦး "
ကွဲအက်စွာ ထွက်ပေါ်လာတဲ့ သခင့်စကားတွေကြောင့် စံအိမ့်ရင်ထဲ နာကျင်မှုကို တိုးဝှေ့လာပြန်သည်။
"ကွာရှင်းပေးမှာ သေချာလား။ "
"မင်းစိတ်ချမ်းသာမယ်ဆိုရင် ..."
"ကျွန်မက ဘယ်လောက်စောင့်ရမှာလဲ။ "
"တစ်လ ..."
"ရှင်မဖြစ်နိုင်တာမပြောနဲ့ ... ဖယ်တော့ ကျွန်မသွားတော့မယ်။ "
ပြောပြောဆိုဆိုနှင့် သူ့ရင်ခွင်ထဲမှ အတင်းရုန်းထွက်လျှင် သခင် လွတ်ထွက်မသွားအောင် မနည်းပြန်ဖက်ထားရကာ ကပြာကယာ ပြန်ပြောလေသည်။
"တစ်ပတ် ... တစ်ပတ်ပဲ စောင့်ပေးပါ။
တစ်ပတ်ပါပဲ "
"သေချာလား။ "
"သေချာပါတယ်။ "
"ကောင်းပြီလေ ... တစ်ပတ်ပြည့်တာနဲ့ ကျွန်မ ရှေ့နေကြီးကို ပြန်ခေါ်လိုက်မယ်။
အဲ့အချိန်ကျရင် ရှင်ငြင်းဖို့ မကြိုးစားပါနဲ့။ "
"စိတ်ချပါ။ "
စံအိမ်က ပြောချင်တာပြောပြီး သူ့ကို လှည့်မကြည့်စတမ်းနှင့် အပေါ်ထပ်သို့ ပြန်တက်သွားလျှင် သခင် ဆိုဖာပေါ်တွင် ခေါင်းကို အနောက်သို့လှန်ချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
"တစ်ပတ်..."
ခြောက်ကပ်ကပ်အသံနှင့် ခပ်တိုးတိုးရေရွတ်လိုက်၏။
သူ့ဘဝက ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ။
လက်နှစ်ဖက်နှင့် မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်ဆွဲရင်း လေပူတစ်ချက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်ပစ်လိုက်သည်။
"ဟူး ..."
ထိုအချိန် သခင့်ဦးနှောက်ထဲတွင် အကြံအစည်တစ်ခု လက်ခနဲ ပေါ်လာသည်။ ရူးသွပ်မိုက်မဲလွန်းသည့် အကြံအစည်ဖြစ်သော်လည်း ယခုအချိန်တွင် ထိုနည်းလမ်းကလွဲ၍ တခြားရွေးချယ်စရာ မရှိတော့။
"ငါတို့နှစ်ယောက်တည်း... ဘယ်သူမှ မရှိတဲ့ ကမ္ဘာတစ်ခု..."
သခင် ချက်ချင်း ထရပ်လိုက်ကာ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက် ကွေးညွတ်သွားသည်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်၏။
______________
စံအိမ် အိပ်မပျော်နိုင်ဘဲ ကုတင်ပေါ်တွင် လူးလှိမ့်နေမိသည်။
ဒီနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမကို စိတ်ပင်ပန်းစေ၏။
သခင် တကယ် ကွာရှင်းပေးပါ့မလားဟု တွေးပူနေမိစဉ် အခန်းတံခါး ခေါက်သံ ကြားလိုက်ရသည်။
"ဒေါက်... ဒေါက်..."
"ဘယ်သူလဲ"
"ကိုယ်ပါ ... နွားနို့ပူပူလေး လာပို့တာ"
"..."
ထူးဆန်းလှတဲ့ သခင့်စကားကြောင့် စံအိမ် မျက်မှောင်ကိုကြုံ့လိုက်မိသည်။
ဒါပေမယ့် သခင့်အသံက ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးနေတာကြောင့် စံအိမ် သက်ပြင်းချလိုက်ပြီး တံခါးကို ထဖွင့်ပေးလိုက်သည်။ သခင့်လက်ထဲတွင် နွားနို့တစ်ခွက် ပါလာကာ ...
"ရော့... ဒါလေးသောက်ပြီး အိပ်လိုက် ... မင်း ဒီနေ့ အရမ်းပင်ပန်းသွားပြီမလား"
စံအိမ်က သံသယဝင်သလို ကြည့်သော်လည်း သခင့်မျက်နှာတွင်
မူပျက်တာ ဘာမှမတွေ့ရ။
"မသောက်ချင်ပါဘူး... "
"လိမ္မာပါတယ်ကွာ... ကိုယ် မင်းကို ကွာရှင်းပေးမယ်လို့ ကတိပေးထားပြီးပြီပဲ။ ဒီရက်ပိုင်းလေးမှာတော့ ကိုယ့်စေတနာကို မငြင်းပါနဲ့... နော် ... ကိုယ်မင်းနဲ့ အမှတ်တရကောင်းလေးတွေ နည်းနည်းတော့ ကျန်ခဲ့ချင်လို့ပါ။ "
သခင့်လေသံက တောင်းပန်တိုးလျှိုနေတာကြောင့် စံအိမ် စိတ်လျော့လိုက်ပြီး နွားနို့ခွက်ကို လှမ်းယူလိုက်သည်။
"ကောင်းပြီလေ... ပေး"
စံအိမ် နွားနို့ကို တကျိုက်တည်း မော့သောက်လိုက်သည်။
သခင်က ခွက်အလွတ်ကို ပြန်ယူရင်း ကျေနပ်စွာ ပြုံးလိုက်ကာ ...
"Good Night နော် ... အိပ်မက်လှလှ မက်ပါစေ"
သခင် အခန်းပြင်သို့ ပြန်ထွက်သွားကာ တံခါးပိတ်သံ ကြားလိုက်ရသည်နှင့် စံအိမ် ကုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်။ ခဏကြာတော့ သူမ မျက်ခွံများ လေးလံလာပြီး ခေါင်းထဲတွင် မူးဝေဝေ ဖြစ်လာပြီး အရာအားလုံး ဝေဝါးလာကာ စံအိမ် အိပ်မောကျသွားတော့သည်။
_____________
သခင် စတီယာရင်ကို တင်းတင်းဆုပ်ကိုင်ထားရင်း ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်ကာ အရှိန်ပြင်းပြင်းမောင်းနှင်နေ၏။
ကားနောက်ခန်းတွင် စံအိမ်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေလျက်။
"ကိုယ့်မှာ ရွေးချယ်စရာ မရှိတော့လို့ပါ..."
အပိုင်း (၁၇) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)