ထိုနေ့မှ စပြီး သခင်က ဂေဟာကို ရောက်လာတိုင်း စံအိမ့်ကို အမြဲလိုက်ရှာကာ စကားမရှိစကားရှာပြီး သွားပြောတတ်လေသည်။
အရင်က သူ့မိဘတွေ ဂေဟာကိုလာရင် မလိုက်ချင်ဘူးလို့ အမြဲငြင်းတဲ့ သခင်က အခုတော့ ထိုနေ့ရောက်ဖို့ကို လက်ချိုးရေတွက်ကာ စောင့်မျှော်နေတတ်ပြီ ဖြစ်၏။
ဂေဟာကိုရောက်တာနှင့် သခင် သူမကို လိုက်ပတ်ရှာလျှင်
စံအိမ့်ကို သစ်ပင်ကြီးအောက်ရှိ ခုံတန်းလျားလေးတွင် စာအုပ်လေးတစ်အုပ်ကို ဖတ်နေသည်ကို တွေ့လိုက်ရသည်။
သခင် အင်္ကျီကို သပ်ရပ်အောင် ဆွဲဆန့်လိုက်ပြီး လက်ထဲတွင် အိမ်က ယူလာသော နိုင်ငံခြားဖြစ် ချောကလက်ထုပ်ကို ကိုင်ကာ သူမအနားသို့ တိုးသွားလိုက်သည်။
"ဟို... ဒီမှာ..."
သူမအရှေ့ ခြေစုံရပ်ကာ ခေါင်းကိုကုတ်ရင်း ခပ်တိုးတိုးခေါ်လိုက်လျှင် စံအိမ်က မော့ကြည့်ပြီး ပြုံးပြလေသည်။
" ရောက်လာပြီလား နေမင်းသခင်"
"..."
သူမက သူ့နာမည်ကို မှတ်မိနေသည်ဟူသော အသိက သခင့်ရင်ကို ဒိန်းခနဲ ခုန်သွားစေသည်။ သခင်က ခေါင်းတစ်ချက်ညိတ်ပြပြီး လက်ထဲမှ ချောကလက်ထုပ်ကို စံအိမ့်ပေါင်ပေါ်သို့ ပစ်ချပေးလိုက်၏။
"ရော့... ဒါ ငါ့အိမ်မှာ များနေလို့ လာပေးတာ။
ငါက ချောကလက် သိပ်မကြိုက်ဘူး... မင်းပဲ ယူစားလိုက်"
တကယ်တော့ ထိုချောကလက်သည် သခင် အကြိုက်ဆုံးဖြစ်ပြီး
စံအိမ့်အတွက် တမင်သက်သက် ဝယ်ခိုင်းထားခြင်း ဖြစ်၏။
စံအိမ်က ချောကလက်တုံးလေးကို ကိုင်ကြည့်ရင်း မျက်လုံးလေးတွေ အရောင်တောက်သွားကာ ...
"ကျေးဇူးပါပဲနော်... "
စံအိမ်က ကျေးဇူးတင်စကားပြောပြီး အနားရှိ ကလေးငယ်များကို ခေါ်ကာ ချောကလက်ကို အညီအမျှ ခွဲဝေပေးလိုက်သည်။
ထိုအရာကို သခင်က အစအဆုံးကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ ...
"ငါက မင်းကို ပေးတာလေ... မင်းဘာလို့ သူများတွေကို ပေးပစ်ရတာလဲ"
"ဘာပဲနေနေ မျှဝေလိုက်လေ ပိုတိုးပွားလေပဲ သခင်ရဲ့... အခု နင်ပေးတဲ့ လက်ဆောင်ကြောင့် ငါ့သူငယ်ချင်းတွေပါ ပျော်သွားကြတယ်လေ... ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ "
ချောကလက် စားနေကြသော ကလေးများရဲ့ ပျော်ရွှင်နေသော မျက်နှာများကို ကြည့်ပြီး စံအိမ်က ကျေနပ်စွာ ပြုံးနေမိသည်။
ထိုအပြုံးကို မြင်ရသောအခါ သခင့်စိတ်ထဲမှ ဒေါသလေးများ ပျောက်ကွယ်သွားပြီး နွေးထွေးမှုတစ်ခု အစားထိုး ဝင်ရောက်လာပြန်၏။
__________
ဂေဟာကိုရောက်လာတိုင်း သခင်က စံအိမ့်အနားသို့ ကပ်ရန် နည်းလမ်းမျိုးစုံ သုံးလာသည်။
တစ်ခါက စံအိမ် တံမြက်စည်းလှည်းနေသည်ကို မြင်တော့ သခင်က ဘေးနားသွားရပ်ပြီး...
"ဒီဂေဟာက ဝန်ထမ်းတွေ မရှိဘူးလား... ဘာလို့ မင်းက လှည်းနေရတာလဲ" ဟု ရစ်သည်။
ထိုအခါ စံအိမ်က ...
" သန့်ရှင်းရေးလုပ်တာပဲဟာ... ပင်ပန်းတာမှ မဟုတ်တာ"
ဟု ပြန်ဖြေတော့ သခင်က ဘေးနားရှိ တံမြက်စည်းတစ်ချောင်းကို ကောက်ယူကာ ကူလှည်းပေးတတ်ပြန်သည်။
အိမ်တွင် ရေတစ်ခွက်ပင် ကိုယ်တိုင်ခပ်မသောက်သော သခင်က
သစ်ရွက်ခြောက်များကို ချွေးတလုံးလုံးနှင့် မလှည်းတတ် လှည်းတတ် လိုက်လှည်းနေတာကြောင့် ဘေးက ကြည့်နေသော စံအိမ်က သခင့်ပုံစံကို ကြည့်ပြီး သဘောကျစွာ ရယ်မောပြန်သည်။
ထိုရယ်သံလေး ကြားရလျှင် သခင် ရင်တွေ ခုန်လာရမြဲ။
___________
အချိန်ကာလတို့ ရွေ့လျားလာသည်နှင့်အမျှ သခင်နှင့် စံအိမ်တို့ရဲ့သံယောဇဉ်ကြိုးသည်လည်း ပိုမိုခိုင်မာလာခဲ့သည်။ သခင်တို့က အပတ်တိုင်းလိုလို ဂေဟာကို ရောက်လာတတ်ပြီး စံအိမ်နှင့် အတူ ကစားခြင်း၊ စာကျက်ခြင်း၊ စကားပြောခြင်းတို့ဖြင့် အချိန်ကုန်လေ့ရှိသည်။
ဒါပေမယ့် တစ်နေ့တော့ သခင် ဂေဟာသို့ ရောက်လာချိန်တွင် ထုံးစံအတိုင်း စံအိမ်ကို လိုက်ရှာရင်း အမြဲတမ်း သူတို့ထိုင်နေကျ သစ်ပင်ရိပ်အောက်တွင် စံအိမ်ကို မတွေ့ရတာကြောင့်
ဂေဟာနောက်က ပန်းခြံဘက်သို့ လှမ်းကြည့်လိုက်လျှင် သူ့ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားရသည်။
"ဟား... ဟား... ဟား..."
စံအိမ်က သူမနှင့် ရွယ်တူခန့်ရှိမည့် ကောင်လေးတစ်ယောက်နှင့်အတူ ရယ်မောနေကြ၏။
ထိုကောင်လေးက စံအိမ့်ဆံပင်ပေါ်မှ သစ်ရွက်စလေးကို ဖယ်ရှားပေးနေပြီး စံအိမ်က ရှက်သွေးဖြာကာ ပြုံးနေရာ
ထိုမြင်ကွင်းက သခင့်ရင်ဝကို ဆောင့်ကန်လိုက်သလို ခံစားလိုက်ရသည်။ သခင့်လက်သီးများ အလိုအလျောက် ကျစ်ကျစ်ပါအောင် ဆုပ်မိသွားကာ ...
"စံအိမ်..."
သခင် ဒေါသတကြီး အော်ဟစ်ကာ သူတို့အနားသို့ လျှောက်သွားလိုက်သည်။
စံအိမ်နှင့် ထိုကောင်လေးတို့လည်း သခင့်အော်သံကြောင့် လန့်ဖျပ်ပြီး လှည့်ကြည့်လာကြ၏။
"သခင်... ရောက်နေတာလား "
စံအိမ်က ပြုံးပြရန် ပြင်လိုက်သော်လည်း ခက်ထန်တင်းမာနေသော သခင့်မျက်နှာထားကြောင့် အပြုံးများ ပျောက်ကွယ်သွားရသည်။ သခင်က စံအိမ့် လက်ကောက်ဝတ်ကို ဆွဲကာ သူ့ဘက်သို့ အတင်း ဆွဲယူလိုက်ပြီး ...
"ဒီကောင်က ဘယ်သူလဲ... သူက မင်းကို ဘာလို့ ထိတာလဲ"
"သခင်... နာတယ်... လွှတ်ပါဦး... သူက ငါ့သူငယ်ချင်းပါ"
"သူငယ်ချင်း... ဟုတ်လား...ငါကလွဲရင် မင်းမှာ ဘာသူငယ်ချင်းမှ မရှိစေရဘူးလို့ ငါပြောထားတယ်မလား "
ဟိန်းထွက်နေတဲ့ သခင့်အသံကြောင့် စံအိမ့်ကိုယ်လေး တုန်တက်သွားရကာ လက်ကို အတင်းရုန်းထွက်လိုက်သည်။
" ငါက နင့်အရုပ်မဟုတ်ဘူး... ငါ့မှာလည်း တခြားသူငယ်ချင်းတွေ ရှိခွင့်ရှိတာပေါ့"
စံအိမ့်စကားကြောင့် သခင် ပိုဒေါသထွက်သွားရကာ သူ့ရင်ထဲတွင် ပူလောင်နေသော ခံစားချက်ကို သူကိုယ်တိုင်လည်း နားမလည်နိုင်။ သူသိသည်မှာ စံအိမ့်ကို ဘယ်သူနဲ့မှ မဝေမျှနိုင်ခြင်းပင်။
"ငါ မင်းကို ပိုင်ချင်တယ်... မင်းက ငါ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ်"
"နင် ဘာစကားတွေ ပြောနေတာလဲ... ငါတို့က သူငယ်ချင်းတွေပဲလေ... အဲ့လိုပိုင်ချင်လို့မှမရတာ "
စံအိမ်က စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်ရန် ပြင်လိုက်လျှင်
သခင် စံအိမ့် ပခုံးနှစ်ဖက်ကို နောက်မှ လှမ်းဆွဲလိုက်ပြီး သူ့ဘက်သို့ ဆွဲလှည့်လိုက်ကာ ...
"ငါနင့်ကို ချစ်တယ်..."
စံအိမ် မျက်လုံးများ ပြူးကျယ်သွားပြီး သခင့်ကို ကြောင်ကြည့်နေမိလျှင် သခင်က စံအိမ့်မျက်ဝန်းများကို စူးစူးရဲရဲကြည့်ရင်း ထပ်ပြောလိုက်သည်။
"ငါနင့်ကိုအရမ်းချစ်တယ် ... ငါကြီးလာရင် နင့်ကိုယူမှာ... အဲ့တာကြောင့် နင်က ငါ့အပိုင်ပဲ "
စံအိမ့်ကို စိုက်ကြည့်ရင်းပြောလာတဲ့ သခင့်စကားတို့ကြောင့် စံအိမ် မျက်နှာလေး နီရဲလာပြီး မျက်ရည်များ ဝဲတက်လာတော့သည်။
"နင်နဲ့ငါ သူငယ်ချင်းမလုပ်တေယ့ဘူး နေမင်းသခင် ... နောက်တစ်ခါ ငါ့ရှေ့ မလာနဲ့တော့"
စံအိမ် သခင့်ရင်ဘတ်ကို တွန်းထုတ်လိုက်ပြီး အဆောင်ဘက်သို့ ထွက်ပြေးသွားတော့သည်။
သခင် စံအိမ့်နောက်သို့ ပြေးလိုက်ကာ ပြန်ချော့ရန် ပြင်လိုက်ပေမယ့် ...
"မောင်လေး... လာ ပြန်ကြစို့။ "
"ခဏလေး မမ... ကျွန်တော် လုပ်စရာလေးရှိလို့ "
"မရဘူး မောင်လေး... မိုးချုပ်တော့မယ်။ ဒယ်ဒီတို့ စောင့်နေကြပြီ လာ သွားမယ်"
နွေအရိပ်က အတင်းဆွဲခေါ်တာကြောင့် သခင် မတတ်သာပဲပါသွားရသည်။
ပျောက်ကွယ်သွားသည့် စံအိမ်နောက်ကျောလေးကို လှမ်းကြည့်ရင်း အပတ်မှ ချော့မယ်လို့ တေးထားလိုက်၏။
သို့သော်... ထိုနောက်အပတ်ဆိုသည်မှာ သူအတွက် ဘယ်တော့မှ ရောက်မလာတော့မည့် အနာဂတ်တစ်ခု ဖြစ်သွားခဲ့သည်။
ဂေဟာသို့ နောက်တစ်ခေါက် မသွားရသေးခင်မှာပဲ သခင့် အဖေက ကားအက်စီးဒန့်ဖြစ်ပြီး ဆုံးသွားကာ သူတို့လည်း ဂေဟာကို
မရောက်တော့။
ထိုနေ့မှစ၍ သခင့်ဘဝက အမှောင်ကျသွားခဲ့ကာ နာရေးကိစ္စ၊ကုမ္ပဏီ ရှယ်ယာ ပြဿနာများနှင့် ဆွေမျိုးများ၏ အမွေလုပွဲများကြားတွင် သူတို့မိသားစု ရုန်းကန်ခဲ့ရ၏ယ
စံအိမ့်ကို လွမ်းသော်လည်း သွားတွေ့ဖို့ အခြေအနေက မပေးခဲ့။
နောက်တော့ သခင်လည်း နိုင်ငံခြားသို့ ပညာသင်ထွက်ခဲ့ရကာ
စံအိမ်နှင့် ဝေးသည်ထက် ဝေးခဲ့ရတော့သည်။
ဒါပေမယ့် သူမကို မေ့တဲ့နေ့ဟူ၍ မရှိခဲ့။
သို့သော် သူ နိုင်ငံခြားက ပြန်ရောက်ပြီး စံအိမ်နှင့် ဒုတိယအကြိမ်
ပြန်ဆုံတွေခဲ့ပေမယ့် ကောင်းသောတွေ့ဆုံခြင်းမဟုတ်ခဲ့။
နွေအရိပ်ရဲ့ ဒဏ္ဍာရီစာအုပ်ထဲမှ သူမနာမည်နှင့်အတူ သူမပုံတွေကိုပါ တွေ့လိုက်ရချိန် သူ့မှာ သွေးပျက်မတတ်ဖြစ်ခဲ့ရ၏။
အချစ်နဲ့အမုန်းကြားမှာ သူ့နှလုံးသားကိုလည်း လွန်ဆွဲခဲ့ရ၏။
__________
သခင် တစ်ညလုံး လမ်းပေါ်မှာပဲ ကားရပ်ကာ နေနေပြီး မနက်မိုးလင်းတော့လည်း အိမ်မပြန်ချင်တာကြောင့် သူ့အမေရဲ့ အိမ်သို့သာ ကားကို ဦးတည်လိုက်၏။
သူအိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ....
"သားဆီ မာမီ အခုပဲ လာမလို့ ..."
"ကိစ္စရှိလို့လား မာမီ "
"စံအိမ် စံအိမ်က ထက်အာကာနဲ့ ဖောက်ပြန်တဲ့ မိန်းမဆို
ဟုတ်လား သား ... "
သခင် ရေသောက်ရန် ရေခွက်ကို လှမ်းယူလိုက်သော လက် တုန့်ခနဲ ဖြစ်သွားကာ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရ၏။
"ဟင် ... မေမေ့ကို ဘယ်သူပြော "
"အဲ့တာဆို တကယ်ပဲပေါ့ ... မင်း မင်းဘာလို့ အဲ့လိုမိန်းကလေးကို သိသိကြီးနဲ့ လက်ထပ်ခဲ့ရတာလဲ ... ဟမ် မာမီ့သမီးလေးက သူတို့ကြောင့် ... အဟင့် ဟင့် "
အသံက တဖြည်းဖြည်း မြင့်တက်လာပြီး အဆုံးတွင် အော်ဟစ်သံအဖြစ် ပြောင်းလဲသွားကာ မျက်ရည်များက သူမ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။
"ကျွန်တော် ... ကျွန်တော် သူ့ကို လက်စားချေဖို့ပါ။ "
"အမယ်လေး ... အခုချက်ချင်းကွာရှင်းလိုက်
မာမီ လုံးဝ လက်မခံနိုင်ဘူး။ မင်းအစ်မလည်း လက်ခံနိုင်မှာမဟုတ်ဘူး။
မာမီတောင်းပန်ပါတယ်သားရယ် သူနဲ့ကွာရှင်းလိုက်ပါနော် "
"ကျွန်တော် နောက်မှ ပြန်လာခဲ့မယ် မာမီ "
သခင် အမြန်လှည့်ထွက်ခဲ့ပြီး အပြင်ရောက်သည်နှင့် စိတ်ရှုပ်စွာ
လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
အပိုင်း (၁၆) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)