တနေ့မှာ မိုးကုတ်က အသိဆရာဝန်မလေးတစ်ယောက်က ရန်ကုန်မှာ တာဝန်ကျလို့ တစ်ခါမှ မရောက်ဘူးတာဖြစ်နေတော့ ငွေ့ရည်ကို အကူအညီတောင်းတာနဲ့ ငွေ့ရည်လည်း ကိုယ့်နဲ့အလုပ်တူ မြေရပ်သားချင်းလဲဖြစ်တာနဲ့ ကူညီလိုက်သည်။ထို့ကြောင့် စားသောက်ချက်ပြုတ် ဖို့အတွက် လိုအပ်တာတွေကို နှစ်ယောက်သားလိုက်ဝယ်ပေးဖြစ်သည်။
သူငယ်ချင်းမဟုတ်ပေမယ့် ဆေးရုံမှာနေ့စဥ်နဲ့အမျှတွေ့နေရတာကြောင့် ရင်နှီးကြသည်။သူငယ်ချင်းကတော့ ငွေ့ရည်ဘဝမှာ သုခမောင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်သာရှိခဲ့ဖူးလေသည်။ထိုသူငယ်ချင်းဟာလည်း သူမကြောင့်နဲ့ ထွက်ခွာသွားတာ နှစ်တွေကြာခဲ့လေပြီ။
"ငွေ့ရည်ရေ နေ့လည်ရောက်ပြီဆိုတော့..ကြွေတော့ ဗိုက်ဆာနေပြီ..ငွေ့ရည်လည်း ဆာလောက်ရောပေါ့..ဆိုင်တစ်ဆိုင်မှာ တစ်ခုခုစားကြရအောင်လေနော်...''
"အင်း...''
စျေးကြီးတဲ့ဆိုင် စျေးနည်းနဲ့တိုင်တွေ မကြည့်တော့ဘဲ ငွေ့ရည်တို့နှစ်ယောက်သား နီးစပ်ရာ ဆိုင်ကို ဝင်လာခဲ့သည်။စားသောက်ဖို့မှာထားတုန်းမှာ အရင်လာချပေးထားတဲ့ ရေကိုသာယူပြီး ဗိုက်ဖြည့်ထားလိုက်သည်။
ငွေ့ရည်နဲ့ကြွေတို့ ဆေးဖက်ဆိုင်ရာ အကြောင်းအရာတစ်ချို့ပြောနေတုန်းမှာ ကြားဖူးသည့် အသံလေးကို ကြားလိုက်ရ၍ လှည့်ကြည့်မိပါသည်။
"ပျို ဘာဖြစ်လို့လဲ"
မင်းခန့်ကိုကို၏နူးညံ့သောလေသံကိုကြားလိုက်ရတော့ ရှေ့ကိုခေါင်းလှည့်လိုက်ရင်း ငွေ့ရည် နာနာကျင်ကျင်ဖြင့်ပြုံးလိုက်မိ၏။ ချစ်ရသူအတွက်တော့ ယောက်ျားတိုင်းဟာ သကာလောင်းထားသလိုချိုနေတတ်ပြီး သူတို့မုန်းတီးသောမိန်းမတစ်ယောက်အတွက်တော့ ကြမ်းတမ်းခြင်းနှင့်အတူ ဥပေက္ခာတရားများကိုသာလက်ကိုင်ထားတတ်လေသလားပဲ။ထိုမိန်းကလေးအပေါ် အစစအရာရာ စားသောက်တာလေးက အစဂရုစိုက်နေတဲ့သူဟာ ထိုမိန်းကလေးအတွက် ကြင်နာတက်တဲ့နတ်သားသဖွယ် ဖြစ်ပါလိုက်မယ်။ငွေ့ရည်အတွက်ကတော့ နတ်ဆိုးလိုပါပဲလေ။
"ဘာမှမဖြစ်တော့ဘူး ကို..ခုနက အရိုးဆူးသွားသလိုဖြစ်သွားလို့ပါ..အခုကျသွားပြီ..စိတ်မပူနဲ့တော့နော်..''
ငွေ့ရည် သူ့ကို နောက်တစ်ခါ လှည့်မကြည့်မိအောင်စိတ်တင်းထားရ၏။သူနဲ့ကိုယ်ဟာ သူစိမ်းပဲ မဟုတ်လား။သူစိမ်းထဲက သူစိမ်းတွေလေ။ အစကတည်းက ကိုယ့်အပိုင်မဟုတ်ခဲ့တဲ့ယောက်ျားတစ်ယောက်အတွက် ဘာတွေထူးပြီးနာကျင်ခံစားနေရဦးမှာလဲ။လိုက်ခံစားနေရင် ငွေ့ရည်ပဲ နာကျင်ရပေမည်။
"စားလို့ကောင်းတယ်နော် ငွေ့ရည်...ကြွေတော့ ဒီဆိုင်လက်ရာလေးကိုကြိုက်သွားပြီကွယ်...''
"အင်းပါ ကြွေကြိုက်တယ်ဆိုလည်း များများစားနော်...''
"ဒါနဲ့လေ..ငွေ့ရည် ရှင်ရော အလုပ်ပြန်မလုပ်သေးဘူးလား...ပညာတွေတက်ထားပြီး အလကားမဖြစ်ခံနဲ့နော်...ကြွေတို့က ဒီအလုပ်ကို လုပ်ချင်လွန်းလို့ အသေအလဲ ကြိုးစားခဲ့ရတာ မဟုတ်လား...အဲတော့ လင်ယောကျ်ားသားသမီးအတွက်နဲ့ လက်မလွှတ်နဲ့နော်...''
"အင်းပါ.. ငွေ့ရည် သိပါတယ် ကြွေရယ်..သမီးလေးက ငယ်သေးလို့ပါ''
"အင်းအင်း...''
ငွေ့ရည်နဲ့ကြွေ နေ့လည်စာစားပြီးတာနဲ့ လိုအပ်တဲ့အသုံးဆောင်တွေဝယ်ပြီး ကြွေနေရမယ့် နေရာကို ပြန်လာခဲ့သည်။ ပြီးမှ ငွေ့ရည်လဲ သမီးလေးကိုခေါ်ဖို့အတွက် ကိုကိုတို့အိမ်ကိုရောက်တဲ့အခါ သမီးလေးက အမွှာနှစ်ယောက်ရဲ့ အလယ်မှာ ရယ်မောနေသည်။မမကတော့ ငွေ့ရည်ကို မသွားနဲ့ နေပါဦးဆို၍ နေလိုက်ရသည်။ကိုကိုနဲ့ကိုကြီးထက်ဝေယံက ကုမ္ပဏီမှာဆိုတော့ မရှိပေ။
"သားနဲ့ အဆင်ပြောမလား...''
"အင်း...''
"သားက သမီးနဲ့မေမေ့မြေးမလေးကိုလည်း ဂရုစိုက်ရဲ့လား...''
"ရှင်...''
မမရဲ့နူတ်ကနေ သမီးဆိုတဲ့ အခေါ်အဝေါ်လေးကြောင့် အံ့သြသွားရလေတယ်။ဆယ်စုနှစ်တစ်ခုတိုင် ပြန်မကြားရတော့တဲ့ မေမေဆိုတဲ့ နာမ်စားလေးကြောင့် မျက်ဝန်းဝိုင်းဝိုင်းကလေးကနေ မျက်ရည်ကြည်ဥတွေ ဝိုင်းရစ်နေလျက်ပင်။
သံစဥ်ချိုဟာ သူမကို တအံ့တသြ မျက်ရည်ကြည်ဥတွေ ဝဲရစ်လျက် အကြောင်သား ကြည့်နေသောငငွေ့ရည်ရဲ့လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်ပြီး
"ဒီနေ့ကစပြီး မမလို့မခေါ်တော့ဘဲနဲ့ သားလိုမေမေလို့ပဲ ခေါ်စေချင်တယ်ကွယ်..မောင့်ကိုလဲ ဒီအတိုင်းပဲ ကိုကိုလို့မခေါ်ပဲ ဖေဖေလို့ပဲခေါ်ပေးနော်..တခြားသူတွေအမြင်မှာ မမ ကိုကိုလို့ခေါ်တာ အသင့်တော်ဘူးဆိုတာ သိတယ်မဟုတ်လား..''
"ဟုတ်.ဟုတ်ကဲ့...တနေ့တနေ့တော့ မမခေါ်ချင်သလို ခေါ်ပါ့မယ်နော်..အခုတော့ ကိုကိုနဲ့မမကို ဒီတိုင်းပဲ ခေါ်ပါရစေနော်...''
"ဘာလို့လဲ...''
"ငွေ့ရည် အဲလိုခေါ်ဖို့အတွက်အဆင်သင့်မဖြစ်သေးလို့ပါ...အသက်အရွယ်ကြောင့်မဟုတ်ဘူးဆိုတာ မမကိုသိစေချင်တယ်..ငွေ့ရည်ရဲ့ စိတ်အဆသ်သင့်ဖြစ်တဲ့အချိန်ကျရင် ခေါ်ပါ့မယ်နော်...''
"အင်းပါ..မေမေ..အယ်..မမအရမ်းကြီး မတိုက်တွန်းပါဘူး..အဆင်ပြေတဲ့အချိန်တစ်ခုရောက်မှ ခေါ်ပါနော်..အခုတော့မပြန်နဲ့ဦး..
ညနေစာစားပြီးသွားမှာပြန်နော်..သားကိုပါ ဒီကိုလာဖို့ မမဖုန်းဆက်လိုက်မယ်...''
"ဟုတ်ကဲ့...''
ချို သားကို ဖုန်းဆက်တော့ အရေးကြီးဧည့်သည်နဲ့ ချိန်းထားလို့ သူမလာနိုင်ဘူးတဲ့လေ။ငွေ့ရည်တို့သားမိကို လာကြိုဖို့အတွက်လည်း နောက်ကြမှာမို့လို့ သူ့ဖေဖေကို ပြန်ပေးခိုင်းလိုက်ပါတဲ့။အလုပ်နဲ့ ကိုင်ပေါက်နေတော့ ချိုလည်း ဆက်မပြောတော့ပဲ ဖုန်းချလိုက်တော့သည်။
ငွေ့ရည်က သိလိုက်ပြီထင်ပါတယ်..ချို့ကိုကြည့်ပြီး ပြုံးပြလေ၏။ထိုအပြုံးသည် တစ်ချိန်က သူမအပြုံးနဲ့တူလေသည်။အပြင်မှာ ချိုသာနေပေမယ့် ရင်ထဲမှာ နာကျင်နေတာကို တွေ့လိုက်ရ၏။
"သားရဲ့ တကယ်အဆင်ပြေရဲ့လား...သားကိုဖုန်းဆက်တိုင်းပြေတယ်ပြောပေမယ် မမ စိတ်ထဲ မတင်မကျဖြစ်နေလို့ပါ...''
"သူပြောတဲ့အတိုင်း ငွေ့ရည်တို့ အဆင်ပြေပါတယ် မမရယ်..တစ်ယောက်နဲ့တစ်ယောက်က ချစ်ကြိုက်လို့ လက်ထက်ထားတာ မဟုတ်တော့ မမနဲ့ကိုကိုလို့တော့ အမြဲကြင်နာအချိန်တွေတော့အချိန်ပြည့်ဘယ်ရှိပါ့မလဲနော်..ငွေ့ရည်ပြောတာ မှန်တယ်မဟုတ်လားဟင်..''
သူမတို့နှစ်ယောက်ရဲ့ ပြတ်တောက်နေတဲ့အနေအထားတစ်ခုကို ရောက်နေတဲ့အကြောင်းကို ရင်ထဲမှာသာ သိမ်းထားလိုက်သည်။ထွက်သွားဖို့ နီးကပ်လာတာနဲ့အမျှ အမုန်းတွေကို ဆက်၍ မသယ်ဆောင်သွားချင်တာကြောင့် သူ့အကြောင်းနဲ့ ပက်သတ်၍ ဘာတစ်ခုမှ မပြောချင်ပေ။နူတ်စိတ်လိုက်ခြင်းက အားလုံးအတွက် အကျိုးမယုတ်ချေ။
"ညီမလေး ဘယ်တုန်းက ရောက်နေတာလဲ..''
"ဟင်...ကိုကို''
ငွေ့ရည်နဲ့မမစကားကောင်းနေတုန်းမှာ အိမ်ထဲကို ရောက်လာတဲ့ ကိုကိုက အသံပြုလိုက်တာကြောင့် အသံလာရာကို မော့ကြည့်ရင်း ကိုကိုနဲ့အတူ ကိုကို့နောက်ကနေ တစ်ပါတည်း လိုက်ပါတာသော ကိုကြီးထက်ဝေယံကိုပါ ပြုံးပြလိုက်တော့သည်။မမကတော့ အပြုံးချိုချိုလေးနဲ့ ပြုံးပြရင်း ငွေ့ရည်နားက ထလိုက်ပြီး ကိုကို့အနားကို သွားကာ ကိုကိုရဲ့လက်ထဲက အိတ်ကိုယူပြီး နဖူးလေးကို ခြေဖျားထောက်ပြီး နမ်းလိုက်၏။
"ပင်ပန်းသွားပြီ မောင်...''
"မပင်ပန်းပါဘူး ချိုရယ်...မောင့်မိသားစုအတွက် အလုပ်လုပ်ရတာကို မောင် ပင်ပန်းတယ်လို့မထင်မိပါဘူးကွာ...ဒါနဲ့ ဒီနေ့ မောင့်သမီးနှစ်ယောက်က မောင့်ကို ထွက်မကြိုပါလားကွာ...''
"ကလေးအနားမှာ နှစ်ယောက်သား တစ်ဖွားမှမခွာဘူး မောင်ရေ...အဲဒါကြောင့် မောင်ရောက်တဲ့အချိန်ကို သတိမရတော့တာ..မောင့်သမီးတွေကို တကယ် မနိုင်ဘူး သိလား...''
ကောင်း သူ့ကို သမီးတွေအကြောင်းကို ပြောပြနေတဲ့ ချို့ကိုပြုံးပြီး ကြည့်နေတော့သည်။ချိုက သူ့ပြုံးနေတာကိုကြည့်ပြီး
"မောင် ချိုပြောတာ ပြုံးစရာဘာပါလို့လဲကွာ...''
ထိုအခါ ကောင်းဟာ ချို၏ ပုခုံးလေးကိုတင်းကြပ်စွာဖက်လိုက်ပြီး
"မောင် တစ်ခုစဥ်းစားမိလို့ပါ..''
"ဘာစဥ်းစားမိလို့လဲ မောင်ရဲ့..ချို့ကိုပြောပါဦး..ချိုသိချင်လို့...''
"မြေးမလေးပြန်ရင် မောင်တို့သမီးလေးနှစ်ယောက်က လွမ်းပြီးကျန်ခဲ့တော့မှာ ချိုတယ်မလား..''
"သိတယ်လေ မောင်..''
"အဲတော့ သမီးလေးတွေလဲမပျင်းရအောင် မောင်တို့အတွက်လဲသားလေးတစ်ယောက်ရအောင် ချိုက ကလေးမွေးပေးပါလားကွာ...နော်..မွေးပေးမယ်မဟုတ်လား ချို...မောင့်ကိုချစ်ရင် မွေးပေးရမယ်နော်...''
ချို မောင်ကလေးဆူဆာနေပုံကိုကြည့်ပြီး ခေါင်းလေးရမ်းကာ ပြုံးလိုက်ပါတော့သည်။သားဖြင့်မိန်းမရလို့ မြေးတောင်တစ်ယောက်ရနေပြီကို မောင့်မှာ ကလေးလိုချင်သေးတယ်ဆို၍ ချို့မှာ မပြုံးဘဲမနေနိုင်ပါ။
"ချို ပြုံးပဲပြုံးမနေနဲ့ကွာ..မွေးပေးမှာလား..မမွေးပေးဘူးလားပြောကွာ...''
"မောင်ရယ်..ကလေးသေးသေးလေးကို ချစ်ချင်ရင် ချိုတို့မြေးလေးကိုချစ်လို့ရတာပဲ...ချိုတို့ ကလေးထပ်ယူရင် မောင့်သားက ကြိုက်လောက်မှာဘူး...''
"ဘာဆိုင်လို့လဲချိုရာ...ဘာလဲ ချိုက မောင့်ကိုမချစ်ဘူးလား..မချစ်လို့ မမွေးပေးချင်တာ ဟုတ်တယ်မလားကွာ...''
"အဟမ်း...အဟမ်း ...''
ငွေ့ရည်အသံပေးလိုက်တော့မှပဲ ကိုကိုက ရှက်ပြုံးလေးနဲ့ အပေါ်တက်သွားတော့တယ်။မမကတော့ ကိုကို့နောက်ကနေ လိုက်သွားပြီး ငွေ့ရည်ကို သမင်လည်ပြန် လှည့်ကြည့်ကာ ပြုံးပြလေ၏။ငွေ့ရည်လည်း ပြန်လည်ပြုံးပြလိုက်၏။
ကိုကိုဟာ မှတ်ဉာဏ်တွေသာ အကုန်ပြန်မရသေးတာ မမကိုတော့ တော်တော်လေး ချစ်ပါသည်။အခုတောင် မမကို ချွဲနွဲ့ပြောတက်တာ အရင်အချိန်တုန်းကလဲ ဒီထက်ပိုမလားမပြောတက်ပါ။ကိုကိုနဲ့မမရဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို ကြည့်ပြီး တစ်ခေါက်လောက်ပဲ ကောင်လေးရဲ့ အကြင်နာကို ရချင်မိပါလေသည်။
ထမင်းစားအခါမှာလည်း မမဟာ ကိုကို့ကိုအရင်ဦးချပေးတယ်။ကိုကိုက ထမင်းလေးတစ်လုတ်စားလိုက်တာနဲ့ အပြုံးလွင်လွင်လေးနဲ့ အကြင်နာမျက်ဝန်းတွေနဲ့ ကြည့်ပြီး စားလို့ကောင်းလား မောင်ဟု မေးပြန်သည်။ထိုအခါ ကိုကိုဟာ အပြုံးလေးနဲ့ မောင့်မိန်းမ လက်ရာက အကောင်းဆုံးပဲဟုပြောလေသည်။ဘေးနားကရှိတဲ့ ကိုကြီးထက်ဝေယံကတော့ ကိုကို့ကိုကြည့်ပြီး နှာခေါင်းရှုံ့လေသည်။အဲဒါကို ကိုကိုနဲ့မမက သဘောတွေကျနေတော့သည်။
"ဖေဖေရေ..ကျောင်းတက်တဲ့နေ့ကျရင် ပန်းနဲ့နှင်းကို ဖေဖေလိုက်ပို့ပေးရမယ်နော်...ကိုကိုကြီးကို လိုက်မပို့ခိုင်းနဲ့ ကိုကိုကြီးက ပန်းတို့ကို စိတ်မရှည်ဘူး သိလား...''
"ဟုတ်လား..သမီးငယ်..အဲကောင်ကို ဖေဖေရိုက်မယ် သိလား...''
"သူ့ဖေဖေကို ရိုက်တော့ သူ့သမီးလေးက ငိုမှာပေါ့ ဖေဖေရဲ့...''
အမွှာနှစ်ယောက်က ကိုကိုရဲ့ပေါင်ပေါ်မှာ တစ်ယောက်တစ်ဖက်စီမှာ ထိုင်ပြီး ကောင်လေးကို ကျောင်းလိုက်မပို့စေချင်ကြောင်းပြောလေသည်။အရင်က ကောင်လေးက သူ့ညီမတွေကို အမြဲလိုက်ပို့နေကျနဲ့တူသည်။
အမွှာလေးနှစ်ယောက်ကလည်း ကိုကိုအနားကပ်လိုက်တာမှ လွန်ရောပဲ ။မမပြောတာကတော့ သူတို့ဆီကနေ ကိုကိုဟာ နောက်တစ်ကြိမ် ပြန်ပျောက်သွားကြောက်လို့တဲ့လေ။ဒီလိုကြားရပြန်တော့လည်း ရင်ထဲမကောင်းပေ။
"ငွေ့ရည်က သူတို့လေးတွေဖေဖေရဲ့ အချစ်တွေကို ခိုးယူလိုက်တာပေါ့နော် မမ...''
"မဟုတ်တာ ညီမလေးရယ်...ညီမလေးကြောင့်သာ သူတို့လေးတွေဆီကို မောင်ဟာ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့တာပါ...အဲဒါတော့ ညီမလေးက အချစ်ခံရသင့်ပါတယ်...တလွဲတွေးပြီး စိတ်မကောင်းမဖြစ်ရဘူးနော်...''
"ဟုတ် မမ..''
ကိုကိုနဲ့မမဟာ ကြင်နာတက်သလောက် ကောင်လေးက ဘာလို့များ ကြင်နာမှုမရှိရတာလဲ။ငွေ့ရည်အပေါ် မကြင်နာရင်တောင်မှ သမီးလေးအပေါ်ကို ကြင်နာရင် ခံသာပါသေးသည်။
"ညီမလေး မပြန်နဲ့တော့နဲ့ ..ဒီည ဒီမှာသာ အိပ်သွားလိုက်နော်...ချို သားကိုဖုန်းဆက်ပြီး ပြောလိုက်ပါဦးကွာ..မဟုတ်ရင် သားက မိန်းမနဲ့သမီးကိုပျောက်လို့ စိတ်ပူနေပါဦးမယ်...''
ငွေ့ရည်ခေါင်းကို ညိတ်ပြပြီး ကိုကို ပြောတာကို ပြုံးလိုက်မိပါသည်။စိတ်ပူနေပါမယ်တဲ့လား။အိမ်တောင် ပြန်မလာတော့သူက ဘယ်လိုလုပ် ငွေ့ရည်တို့သားမိကို စိတ်ပူမယ်တဲ့လား ကိုကိုရယ်။ဝေးပါသေးတယ်ကိုကိုရယ်လို့ ပြောလိုက်ချင်ပေမယ့် မပြောဖြစ်ပဲ ရင်ထဲမှာပဲထားလိုက်ပါသည်။