Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၁၄)

ခြံဝင်းထဲသို့ ကားကို ထိုးရပ်လိုက်ပြီးသည်နှင့် သခင် ကားပေါ်မှ ဆင်းကာ တဖက်ခြမ်းရှိ တံခါးကို ဆွဲဖွင့်လိုက်ကာ သူမလက်ကောက်ဝတ်ကို လှမ်းဆွဲပြီး အိမ်ထဲသို့ တရွတ်တိုက်မတတ် ဆွဲခေါ်သွားတော့သည်။

"သခင်... လွှတ်...လွှတ်ဦး နာနေပြီ..."

"တောက်... "

ဧည့်ခန်းထဲသို့ ရောက်သည်နှင့် သူမကိုယ်လေးအား ဆိုဖာခုံပေါ်သို့ ပစ်တွန်းပစ်လိုက်သည်။ စံအိမ် ယိုင်လဲကျသွားပြီး အားယူထလိုက်လျှင် သခင်က သူမအရှေ့မှ ပိတ်ရပ်ပစ်လိုက်ကာ ...

"ပြောစမ်း... အဲ့တာ ဘာစောက်ချိုးချိုးတာလဲ။ "

သခင့်အသံက အိမ်ကြီးတစ်ခုလုံးအတွင် ကျယ်လောင်သွားကာ စံအိမ် ခေါင်းခါရမ်းရင်း မျက်ရည်များကျလာ၏။

"ရှင်အထင်လွဲနေတာလို့ ... ဒီအတိုင်း ကျွန်မ ချော်လဲမှာကို သူက ထိန်းပေးလိုက်ရုံပဲလို့ "

"တောက် ...ငါ့မျက်လုံးနဲ့ တပ်အပ်မြင်နေတာတောင် မင်းက

ငါ့ကို နွားလုပ်ချင်သေးတာလား။ "

သခင်က စံအိမ့် ပခုံးနှစ်ဖက်ကို လှုပ်ခါရင်း အော်ဟစ်လိုက်သည်။

"မင်းက တော်တော်သရုပ်ဆောင်ကောင်းတာပဲ... ဖြူစင်သလိုလိုနဲ့ ငါ့ကွယ်ရာမှာကျတော့..."

"သခင်..."

စံအိမ် သည်းမခံနိုင်တော့ဘဲ အော်လိုက်မိသည်။

"ရှင်က လူကို ဘယ်တော့မှ မယုံဘူး... ရှင်က ရှင့်စိတ်ထင်ရာပဲ စွပ်စွဲနေတာ... ကျွန်မ ဘယ်လောက်ရှင်းပြပြ လက်မခံနိုင်ရင်လည်း သဘောပဲ... ဟုတ်တယ်... ရှင်ထင်ချင်သလိုသာထင်တော့ "

"ဖြောင်း..."

စံအိမ့်စကား မဆုံးလိုက်။

ပြင်းထန်သော ရိုက်ချက်တစ်ခုက စံအိမ့် ပါးပြင်ပေါ်သို့ ကျရောက်လာက စံအိမ့်မျက်နှာ ဘေးသို့ လည်ထွက်သွားပြီး ဆိုဖာပေါ်သို့ လဲကျသွားတော့သည်။

စံအိမ် ပါးပြင်တစ်ခုလုံး ပူခနဲဖြစ်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးစလေးများ စီးကျလာ၏။

သခင်လည်း သူ့လက်ဝါးသူ ပြန်ကြည့်ရင်း တုန်လှုပ်သွားရသည်။

သူ စံအိမ့်ကို နာကျင်အောင် လုပ်ဖူးသော်လည်း ပါးရိုက်သည်အထိတော့ တစ်ခါမှ မလုပ်ခဲ့ဖူး။

စံအိမ် ပြန်ထလာကာ လက်ဖြင့် သွေးစများကို သုတ်လိုက်ပြီး သခင့်ကို မယုံနိုင်မှုနှင့်အတူ နာကြည်းစွာ စိုက်ကြည့်လိုက်သည်။

" ရှင် လုပ်ရက်လိုက်တာ ... ကျွန်မကို လူတစ်ယောက်လို မဆက်ဆံဘဲ နှိပ်စက်ခဲ့တာတွေကို ရှင်အထင်လွဲနေလို့ပါလို့ ဖြေသိမ့်ပြီး ရှင့်ကို ချစ်လွန်းလို့ ကျွန်မ သည်းခံခဲ့တယ်။

ဒါပေမယ့်... အခု ကျွန်မရဲ့ သိက္ခာကို စော်ကားပြီး အခုလို လုပ်ရပ်မျိုးတော့ ကျွန်မ ဆက်သည်းမခံနိုင်တော့ဘူး"

"..."

သခင်လည်း အာစေးမိနေသလို ဘာမျှ ပြန်မပြောနိုင်ပဲ သူမကိုသာ ကြည့်နေမိ၏။

"ကွာရှင်းပေးပါ... ကျွန်မ ရှင်နဲ့ ဆက်မပေါင်းနိုင်တော့ဘူး။

ကျွန်မ ရှင့်နားမှာ ဆက်မနေချင်တော့ဘူး... ကျွန်မတို့ ကွာရှင်းကြရအောင်"

ထိုစကားလုံးများက သခင့်ရင်ဝကို ဓားနှင့် ထိုးစိုက်လိုက်သလိုပင်။

"မင်း ဘာပြောလိုက်တယ်..."

"ကွာရှင်းမယ်လို့ ... ကျွန်မ ဒီငရဲခန်းထဲကနေ ထွက်သွားချင်ပြီ"

"ဟား... ဟား... ဟား..."

သခင်က အရူးတစ်ယောက်လို အော်ရယ်လိုက်ပြီး စံအိမ့် မေးစေ့ကို လက်ဖြင့် အတင်းညှစ်ကိုင်လိုက်လျက် မျက်နှာချင်းဆိုင် ကြည့်စေကာ ...

"အိပ်မက် မက်မနေနဲ့ ... မင်းက ငါ့အပိုင်

မစွန့်ပစ်သရွေ့ မင်း ဘယ်ကိုမှ သွားခွင့်မရှိဘူး

သေတောင် မကွာပေးနိုင်ဘူး။ "

သခင် အံကိုတင်းတင်းကြိတ်ကာ သူမကို စူးစိုက်ကြည့်ရင်း နံ‌ဘေးရှိ ပန်းအိုးကို ရိုက်ခွဲပစ်လိုက်သည်။

"ခွမ်း..."

ဖန်ကွဲစများ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားကာ စံအိမ့် ကိုယ်လေး တုန်ခနဲဖြစ်သွားရသည်။

"တောက် "

သခင် တောက်‌ေခါက်ရင်း စားပွဲတွေနှင့် ထိုင်ခုံတွေကို ကန်ကာ အိမ်ပြင်ထွက်သွားတော့သည်။

ခဏကြာတော့ ကားစက်နှိုးသံနှင့်အတူ ခြံထဲမှ မောင်းထွက်သွားသံကို ကြားလိုက်ရ၏။

အိမ်ထဲမှာ ကျန်ခဲ့တဲ့ စံအိမ်လည်း တစ်ယောက်တည်း ထိုင်ရင်း ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။ ထို့နောက် သူမ လက်ထပ်လက်စွပ်လေးကို ချွတ်ကာ လွှင့်ပစ်လိုက်၏။

သူမ နှလုံးသားက လုံလောက်အောင် နာကျင်ခဲ့ပြီးပါပြီ။

_______________

"ကျွီ..."

သခင် ကားကို လမ်းဘေးတစ်နေရာမှာ ထိုးရပ်ပစ်လိုက်ကာ

ကားစတီယာရင်ကို လက်သီးဖြင့် အားကုန် ထုချလိုက်သည်။

"ဘုန်း..."

သူ အသက်ကို ပြင်းပြင်းရှူနေမိကာ ဆံပင်ထဲသို့ လက်နှင့်ထိုးဖွလိုက်ပြီး သူ့လက်ဖဝါးများကို ပြန်ကြည့်လိုက်သည်။ ခုနလေးတင် စံအိမ့်ပါးပြင်နုနုကို ရိုက်နှက်ခဲ့သော လက်များ...။ စံအိမ့်နှုတ်ခမ်းထောင့်မှ သွေးစများကို ပြန်မြင်ယောင်လာ တော့ သူ့ရဲ့ဘယ်ဘက်ရင်အုံက စူးခနဲ။

သူ စံအိမ့်ကို နာကျင်အောင် လုပ်လိုက်တိုင်း သူ့နှလုံးသားက ထိုနာကျင်မှုထက် နှစ်ဆပိုပြီး ခံစားခဲ့ရတာပင်။

"ဖြောင်း..."

သခင် သူ့ပါးသူ အားကုန် လွှဲရိုက်ပစ်လိုက်သည်။ ညာဘက်ပါးပြင်တစ်ခုလုံး ထုံကျင်သွား၏။ သို့သော် အားမရသေးပဲ ...

"ဖြောင်း..."

နောက်ထပ်တစ်ချက် ထပ်ရိုက်လိုက်ကာ သုံးချက်ပြည့်လျှင် သူ့နှုတ်ခမ်းထောင့်မှ သွေးစို့လာမှ ရပ်တန့်လိုက်သည်။

ကားစတီယာရင်ပေါ်သို့ မျက်နှာအပ်ချလိုက်ပြီး သခင့်ပခုံးများ တုန်ခါလာကယ မျက်ရည်ပူများက တပေါက်ပေါက် ကျလာတော့၏။

"တောင်းပန်ပါတယ် ...အရမ်းချစ်တာပါ "

သခင့်နှုတ်ဖျားမှ တိုးညှင်းသော အသံများထွက်လာ၏။

စံအိမ်က သူ့အတွက် ပထမဆုံးသော ရင်ခုန်သံ၊ အချစ်ဦးဖြစ်ခဲ့တာပင်။

သခင် မျက်လုံးများကို မှိတ်လိုက်သည့်အခါ နေ့တစ်နေ့ဆီသို့ သူ့စိတ်အာရုံများ ရောက်ရှိသွားတော့သည်။

"မေတ္တာရိပ် မိဘမဲ့ကလေးများ ပရဟိတဂေဟာ"

ကျယ်ဝန်းလှသည့် ခြံဝင်းကြီးထဲ၌ သစ်ပင်ပန်းမန်များဖြင့် စိမ်းလမ်းစိုပြေနေ၏။

ထိုနေ့က သခင်တို့ မိသားစုရဲ့ အလှူရက်ဖြစ်၍ တစ်မိသားစုလုံး ဂေဟာသို့ ရောက်လာကြ၏။

အသက် ၁၂ နှစ်အရွယ် နေမင်းသခင်က သူဌေးသားပီပီ သပ်ရပ်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လူကြီးတွေကြားတွင်

မနေချင်တာကြောင့် ခြံဝင်းထဲသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။

နေမင်းသခင်ဆိုတာက မာနကြီးပြီး ဘာမဆို လိုချင်တာရမှ ကျေနပ်တတ်သော ကလေးဆိုးလေးတစ်ယောက်။

သူ ဂေဟာထဲ လျှောက်သွားရင်း ပန်းခြံနား ရောက်ချိန်မှာတော့ မျက်စိရှေ့မှ နှင်းဆီခင်းထဲတွင် အနီရောင်ရဲရဲတောက်နေသော နှင်းဆီပွင့်ကြီး တစ်ပွင့်ကို တွေ့လိုက်ရကာ နေရောင်အောက်တွင် နှင်းဆီပွင့်ဖတ်များက ကတ္တီပါသားလို နူးညံ့ပြီး လှပလွန်းသဖြင့်

သခင့်စိတ်ထဲတွင် ပိုင်ဆိုင်ချင်စိတ် ဖြစ်ပေါ်လာတော့သည်။

သခင် နှင်းဆီပန်းအနားသို့ တိုးသွားပြီး ပန်းပွင့်ကို ခူးရန် လက်လှမ်းလိုက်ရယ သူ့လက်ချောင်းများ ပန်းပွင့်နှင့် ထိလုထိခင် အချိန်လေးမှာပင်...

"ပန်းမခူးရဘူး"

နောက်ကျောဘက်ဆီမှ ရုတ်တရတ် ထွက်ပေါ်လာသော အသံချိုချိုအေးအေးလေးကြောင့် သခင့်လက်များ လေထဲတွင် တုန့်ခနဲ ရပ်တန့်သွားရသည်။ သခင် မျက်မှောင်ကြုတ်ကာ နောက်သို့ လှည့်ကြည့်လိုက်လျှင် သူ့ရှေ့တွင် ရပ်နေသည်က သူနှင့် ရွယ်တူလောက်ရှိမည့် ကောင်မလေးတစ်ယောက်။ သူမက ဂေဟာဝတ်စုံ အဖြူရောင်နှင့် အပြာရောင် ထဘီလေးကို ဝတ်ဆင်ထားကာ ဆံပင်ကို သပ်သပ်ရပ်ရပ် စည်းနှောင်ထားပြီး မျက်နှာလေးက သနပ်ခါးပါးကွက်ကြားလေးနှင့် ကြည်လင်နေ၏။ အထူးခြားဆုံးကတော့ သူမရဲ့ မျက်ဝန်းများပင် ... ဝိုင်းစက် ကြည်လဲ့နေပြီး ထိုမျက်ဝန်းများနှင့် သူ့ကို စိုက်ကြည့်နေသည်။

သခင်က မျက်မှောင်ကြုတ်လိုက်ပြီး...

"ဘာလို့လဲ"

"ဆရာမကြီးက မခူးရဘူးတဲ့... ပန်းတွေက အပင်ပေါ်မှာပဲ လှတာတဲ့"

သူမစကားကြောင့် သခင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ...

"ကျန်တဲ့သူတွေ မရလည်း ငါရတယ် ... ဘာလို့လဲဆိုတော့ ဒီဂေဟာကြီးက ငါတို့ပိုင်တာ... ဒီဂေဟာကို ငါ့အဘိုးက လှူထားတာ"

သခင်က ဂေဟာအဆောက်အဦးကြီးကို လက်ညှိုးထိုးပြရင်း မာန်ပါပါ ပြောလိုက်သည်။

သို့သော် ထိုကောင်မလေးက သူ့အား တည်ငြိမ်စွာ စိုက်ကြည့်ကာ ...

"ပိုင်တိုင်း ဖျက်ဆီးလို့မှ မရဘဲ... သူ့ဟာသူ အပင်ပေါ်မှာ နေနေတဲ့ ပန်းကလေးတွေကို မသတ်ပါနဲ့"

"ဟင်..."

သခင် ဆွံ့အသွားရသည်။

"ပန်းလေးကို လှလို့ခူးတာလေးကို ဘာလို့သတ်တယ်ဖြစ်ရမှာလဲ "

သခင်က မကျေနပ်စွာ ပြန်ချေပလိုက်လျှင် ထိုကောင်မလေးက ပြုံးလိုက်သည်။ ထိုအပြုံးများက နေရောင်ခြည်ထက် ပိုနွေးထွေးပြီး ပန်းပွင့်များထက် ပိုလတ်ဆတ်နေသယောင် သူမက နှင်းဆီပန်းနားသို့ တိုးလာပြီး ပန်းပွင့်လေးကို မခူးဘဲ လက်ကလေးဖြင့် ဖွဖွလေး ပင့်မပြကာ ...

"ကြည့်လေ... အပင်ပေါ်မှာမို့လို့ သူ လှနေတာပေါ့။ နင်ခူးလိုက်ရင် ခဏလေးနဲ့ ညှိုးသွားမှာ... အဲ့ဒါဆို နင်လည်း မပိုင်ဆိုင်ရတော့ဘူး... သူလည်း သေသွားမှာပေါ့။ တကယ်ချစ်ရင် မဖျက်ဆီးရဘူးလေ"

"တကယ်ချစ်ရင်... မဖျက်ဆီးရဘူး..."

သခင် ထိုစကားကို ရေရွတ်လိုက်မိသည်။

ထိုအချိန်၊ ထိုအခိုက်အတန့်မှာပင် နေမင်းသခင်ဆိုသော ကောင်လေး၏ ရင်ဘတ်ထဲရှိ နှလုံးသားလေးက ပုံမှန်မဟုတ်သော စည်းချက်ဖြင့် စတင်ခုန်လှုပ်သွားခဲ့သည်။ ဒါဟာ အချစ်တဲ့လား။

"မင်းနာမည် ဘယ်သူလဲ"

"စံအိမ်..."

"စံအိမ်..."

သခင် နာမည်လေးကို တစ်လုံးချင်း ရေရွတ်လိုက်သည်။

"ငါက သခင်... နေမင်းသခင်"

"အွန်း "

အပိုင်း (၁၅) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၃) နောက်အခန်း - အပိုင်း (၁၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ