Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၆၉) Extra 1

ရှင်ငြိမ်း မနက်စာပြင်‌ေနရင်း အောက်က ကော်ဇောပေါ်တွင် ဆော့နေကြသည့် သူမ အသည်းအသက် လေးတွေကို ကြည့်ကာ အလိုလို ပြုံးနေမိသည်။

အခုဆို ရှင်ငြိမ်းတို့အိမ်လေးက ပြည့်စုံတဲ့ မိသားစု အသိုက်အမြုံလေးဖြစ်နေပြီဖြစ်၏။

သန့်ဇင်လင်းဆန္ဒပြင်းပြလွန်းလို့လားမသိ ရှင်ငြိမ်းက ပထဆုံးကိုယ်ဝန်မှာတင် သုံးမွှာပူးလေးမွေးကာ အခုဆို ကလေးတွေက တီတီတာတာပြောတတ်တဲ့ ချစ်စရာအရွယ်လေးတွေဖြစ်နေလေပြီ။

သန့်ဇင်လင်းကတော့ ထိုကိစ္စကို သူ့အကိုကို ပြောပြောပြီး ကြွားလို့မဆုံး။

သုံးမွှာ‌ေလးက သားနှစ်ယောက် သမီးတစ်ယောက်ဖြစ်တာကြောင့် သားရော၊သမီးရော ပြည့်စုံလေသည်။

အကြီးလေးက သားလေးဖြစ်ပြီး နာမည်ကတော့ သန့်ထက်ရှင် တဲ့။

ကြားက အလတ်‌လေးကတော့ မိန်းကလေးဖြစ်ပြီး နာမည်က သန့်လင်းရှင် ပါတဲ့။

အငယ်ဆုံးလေးကတော့ ယောက်ျားလေးပဲဖြစ်ကာ သန့်သွေးရှင် တဲ့လေ။

အကုန်လုံး သူ့အဖေ ပေးထားတဲ့နာမည်တွေပဲပေါ့။

သားကြီးနှင့် သားငယ်လေးက ကားရုပ်လေးများကို ကိုင်ကာ ဆော့နေပြီး သမီးလတ်လေးကတော့ အရုပ်မလေးကို ဖက်ကာ ထိုင်နေလေသည်။

သားနှစ်ယောက်က ယောက်ျားလေးပီပီ တအားဆော့ပြီး တအားဆိုးသလောက် သမီးလေးကတော့ အငြိမ်လေးဖြစ်လေသည်။

သို့သော် ရှင်ငြိမ်းတို့ ကလေး သုံးယောက်လုံးက မျက်နှာသိပ်ရွှင်ပြီး မြင်တဲ့သူတိုင်းက သူတို့ကို

ချစ်ကြ‌၏။

အမြွှာလေးတွေဆိုတော့ သူတို့အချင်းချင်း အဖော်လည်းရနေလေသည်။

သူတို့ နားမှာတော့ သန့်ဇင်လင်း လက်တော့ပ်တစ်လုံးဖြင့် မျက်မှောင်လေးကုတ်ကာ အလုပ်လုပ်နေလေသည်။

ခဏနေတော့ အမြွှာလေးတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အချက်ပြလိုက်ကြပြီး သူတို့အဖေဆီသို့ လုံးတစ်တစ် ကိုယ်လုံးလေးများဖြင့် ပြေးသွားကြလေတော့သည်။

အလတ်မလေးက သူ့အဖေ ပေါင်ပေါ်သို့ တက်ထိုင်လိုက်ပြီး အကြီးလေးနှင့် အငယ်လေးက သူတို့အဖေရဲ့ လက်မောင်းတစ်ဖက်စီကို ဆွဲကိုင်ကာ လှုပ်ယမ်းကြတော့သည်။

"ဖေဖေ... ပျင်းတယ်... ဆော့ပေး..."

သန့်ဇင်လင်း အလုပ်လုပ်နေရင်း မပီကလာ ပီကလာနှင့် အသံစာစာလေးများနှင့် သူ့အနားရောက်လာတဲ့ သူ့ဘေဘီလေးတွေကြောင့် လက်တော့ပ်ကို ပိတ်လိုက်ကာ ဘေးသို့ ချလိုက်ပြီး ကလေးသုံးယောက်လုံးကို သူ့ရင်ခွင်ထဲ ထည့်ဖက်လိုက်၏။

"ဟုတ်လား... ဖေ့ သားနဲ့သမီးတို့က ဘယ်လို ဆော့ချင်တာလဲ ပြောပါဦးဗျ..."

ပါးဖောင်းဖောင်းလေးတွေကို တစ်လှည့်စီ လိုက်နမ်းလိုက်ရင်း မေးလိုက်လျှင် သားငယ်လေးက နှုတ်ခမ်းလေး စူကာ ခေါင်းကို ရမ်းပြလိုက်ပြီး...

"သိဝူး... ဖေဖေ ဆော့ပေး..."

"အိုကေ... အဲ့ဒါဆို ဖေဖေတို့ အာဘွားပေးကြေး ဆော့ကြမလား... ဖေဖေက ဘီလူးကြီး လုပ်မယ်။ သားတို့ သမီးတို့ကို လိုက်ဖမ်းမယ်။ ဖေဖေ ဖမ်းလို့ မိတဲ့လူက ဖေဖေ့ကို အာဘွား လာပေးရမယ်။ ဘယ်လိုလဲ... သဘောတူလား။"

သန့်ဇင်လင်းက လက်ဝါးကြီးနှစ်ဖက်ကို ဖြန့်ထောင်ကာ ပြောလိုက်လျှင် အမြွှာလေးတွေက သူတို့လက်ဖဝါးသေးသေးလေးတွေနှင့် သူတို့အဖေရဲ့ လက်ဖဝါးကို လာရိုက်ကြကာ ...

"ယေး... ဆော့မယ်... ဆော့မယ်..."

ဝမ်းသာအားရ အော်‌လိုက်ကြပြီး ကော်ဇောပေါ်ကနေ ဧည့်ခန်းအနှံ့သို့ သုံးယောက် သုံးနေရာ ပြေးကြတော့သည်။

"လာပြီဟေ့... ဘီလူးကြီး လာပြီနော်... ဖမ်းပြီ ဖမ်းပြီ..."

သန့်ဇင်လင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်ဖြင့် လိုက်ရင်း ကလေး တွေနောက်သို့ လိုက်ဖမ်းလေသည်။ ထိုအခါ ကလေးတွေက တခစ်ခစ် ရယ်ကြကာ ...

"ဖေဖေ မိဘူး... ဖေဖေ မိဘူး"

"ဖေ‌ဖေ အငယ့်ကို မိအောင်ဖမ်း။ "

"မိပြီဟေ့... ကြီးကြီးကို အရင်မိပြီ။ ကဲ... ရှုံးတဲ့လူက ဘာလုပ်ရမလဲ။"

သန့်ဇင်လင်း သားကြီးကို လှမ်းဆွဲကာ ရင်ခွင်ထဲ အတင်း ဖက်ထားလိုက်လျှင် အကြီးလေးက ရယ်မောရင်း သူ့အဖေ လည်ပင်းကို ဖက်ကာ ပါးပြင်ကို အသံမည်အောင် နမ်းလိုက်၏။

"မွ ... မွ "

"ဟား ဟား... ဟုတ်ပြီကွ။ ကဲ နောက်ထပ် ဘယ်သူ့လှည့်လဲ..."

အကြီးလေးကို အသာချပေးလိုက်ပြီး အလတ်လေးနှင့် အငယ်လေးနောက်သို့ ဆက်လိုက်ပြန်သည်။ အလတ်မလေးက ပြေးရင်း ဆိုဖာအနား ရောက်လာသော သူ့အမေ အနောက်သို့ ဝင်ပုန်းလိုက်၏။

"မေမေ... ကယ်ပါဦး... ဖေဖေကြီး ဖမ်းနေပြီ..."

"ဟော... မိပြီ။ မိပြီ။ မေမေ့နောက် ပုန်းလည်း မရပါဘူးနော်..."

သန့်ဇင်လင်း လက်လှမ်းကာ သမီးလေးကို ပွေ့ချီလိုက်ပြီး ရှင်ငြိမ်း ဘေးက ဆိုဖာတွင် ဝင်ထိုင်လိုက်၏။ ထို့နောက် ပြေးလာသော သားငယ်လေးနှင့် သားကြီးကိုပါ ကျန်လက်တစ်ဖက်ဖြင့် ဆွဲဖက်လိုက်ကာ သားအဖ လေးယောက်သား ဆိုဖာပေါ်တွင် အပုံလိုက်ကြီး ဖြစ်သွားရသည်။

"မွ မွ "

ကလေးတွေက သူတို့ အဖေရဲ့ ပါးကို ဝိုင်းနမ်းလာကြကာ သန့်ဇင်လင်း မျက်နှာပေါ်တွင် ပီတိအပြုံးများက ဝေဆာနေလေသည်။

ထိုစဉ် သန့်ဇင်လင်း ညစ်ကျယ်ကျယ် ပြုံးကာ ဘေးတွင် ထိုင်နေသော ရှင်ငြိမ်းဘက်သို့ လှည့်လာကာ ...

"ကဲ... သားတို့ သမီးတို့က ဖေဖေ့ကို အာဘွားပေးပြီးပြီဆိုတော့... မေမေ့ကိုပါ ဖမ်းကြရအောင်။"

"အို... ‌မောင်နော် ... နင်တို့ဘာသာ ဆော့တာကို ငါ့ကို လာမဆွဲထည့်နဲ့။ ကလေးတွေနဲ့ကို..."

ရှင်ငြိမ်း မျက်လုံးလေး ပြူးကာ တားလိုက်သော်လည်း မရတော့ပေ။ ကလေးသုံးယောက်က ရှင်ငြိမ်း ကိုယ်လုံးလေးကို ဝိုင်းဖက်ကာ ပါးပြင်ကို တစ်ယောက်တစ်လှည့် ပြိုင်တူ နမ်းကြလေတော့သည်။

"အမေ့... ယားတယ် ယားတယ်... "

ရှင်ငြိမ်း ရယ်ရင်း ကလေးတွေကို ပြန်ဖက်ထားလိုက်သည်။ ထိုစဉ် သန့်ဇင်လင်း ကလေးသုံးယောက် အနောက်က‌နေ ရှင်ငြိမ်းဆီသို့ တိုးကပ်လာကာ...

"သားတို့ သမီးတို့က အာဘွားသေးသေးလေးပဲ ပေးနိုင်တာ... ဖေဖေကမှ မေမေ့ကို အာဘွား အကြီးကြီး ပေးနိုင်တာ... ဖယ် ဖယ်... ဖေဖေ့အလှည့် ရောက်ပြီ။"

ပြောပြောဆိုဆိုနှင့် သန့်ဇင်လင်း သူမကိုယ်လေးကို ကလေးတွေကြားထဲကနေ သူ့ ရင်ခွင်ကျယ်ကြီးထဲသို့ ဆွဲသွင်းလိုက်၏။ ထို့နောက် သူမ နဖူးလေးကိုရော ပါးပြင်နုနုလေးကိုပါ ပြွတ်ခနဲ အသံမည်အောင် မက်မက်မောမော နမ်းရှိုက်လိုက်လေသည်။

"အို... ကလေးတွေ ရှေ့မှာကို..."

ရှင်ငြိမ်း မျက်နှာလေး နီရဲသွားကာ သူ့ရင်ဘတ်ကို

ခပ်ဖွဖွလေး တွန်းလိုက်လျှင် သူက တဟားဟားနှင့်ရယ်ပြီး ရှင်ငြိမ်းကိုယ်လေးကို ဆက်ဖက်ထားလေသည်။ တင်းကျပ်စွာ ဖက်ထားဆဲပင်။

"ခစ် ခစ် ... ဖေဖေက မေမေ့ကို အာဘွားပေးတယ်ဟေ့..."

အမြွှာလေးတွေက သူတို့ မျက်လုံးလေးတွေကို လက်ဝါးသေးသေးလေးများဖြင့် ကွယ်ကာ အော်ဟစ် ရယ်မောနေကြကာ သန့်ဇင်လင်းလည်း

သဘောတကျ ရယ်ရင်း ရှင်ငြိမ်းကိုရောကလေးသုံးယောက်ကိုပါ တစ်ပေါင်းတည်း သိမ်းကျုံး ပွေ့ဖက်ထားလိုက်တော့သည်။

Extra 2 ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၆၈) ဇာတ်သိမ်းပိုင်း နောက်အခန်း - အပိုင်း (၇၀) Extra 2 »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ