Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၆၈) ဇာတ်သိမ်းပိုင်း

သူများရဲ့ သိချင်စိတ်ကို တစ်ညလုံး နှိုးဆွထားပြီး

မနက်ကျတော့လည်း အပြင်သွားဖို့သာ ပြင်ဆင်ခိုင်းပြီး ဘယ်သွားမယ်ဆိုတာ အခုထိ မပြောသေးပေ။

တကယ်နေနိုင်လွန်းတဲ့ သူ့ကို ကြည့်ရင်း ရှင်ငြိမ်းမှာ အူတွေယားလာရသည်။

"အခု ဘယ်သွားနေတာလဲလို့။ "

"ရောက်တော့မှာပါ။

ဆန္ဒကလည်း စောလိုက်တာ။

ခဏပဲစောင့် "

"..."

ကြည့် ... အခုထိ ပြုံစိစိနဲ့ မေးလို့ကိုမရ။

အမြင်ကပ်လာတာကြောင့် မျက်စောင်းလေးသာ ထိုးပစ်လိုက်သည်။

တကယ့်အရေးကြီးတဲ့နေ့ကို မေ့ထားတဲ့သူ့အား အခုထိ အခဲကြေသေးတာမဟုတ်။

မေးတာလည်း မဖြေတော့ ရှင်ငြိမ်းလည်း သူ့ကို ဘာစကားမှမပြောတော့ပဲ ကားပြတင်းပေါက်ကနေ အပြင်ကိုသာ ငေးကြည့်နေလိုက်သည်။

သို့သော် ကားလေး ထိုးရပ်သွားတဲ့ နေရာကို မြင်လိုက်ရချိန်မှာတော့ ရှင်ငြိမ်း နှုတ်ခမ်းလေး ခပ်ဟဟလေး ပွင့်သွားကာ အံ့သြသွားရသည်။

ရောက်လာတဲ့ နေရာက တခြားမဟုတ် သူမတို့ ကျောင်းလေးရှေ့မှာပင်။ ကျောင်းဝင်းကြီးက အရင်အတိုင်း လှပနေဆဲပင်။

"ရောက်ပြီ... ဆင်းလေ မိန်းမ"

သန့်ဇင်လင်း ကားတံခါးလာဖွင့်ပေးကာ ပြုံးစစနဲ့ ခေါ်လိုက်တော့ ရှင်ငြိမ်း ကားပေါ်ကနေ ဆင်းရင်း

သူ့ကို မော့ကြည့်လိုက်မိ၏။

"ဒါ... ငါတို့ကျောင်းလေ။ ဒီကို ဘာလာလုပ်တာလဲ"

"အဟက်... မောင်က မောင်တို့ရဲ့ Anniversary ကို မေ့ပါ့မလား... ခင်ဗျားလေးကို စချင်လို့ တမင်

မေ့ချင်ယောင်ဆောင်လိုက်တာ။ "

သူက ညစ်ကျယ်ကျယ် ပြုံးရင်း ပြောပြောဆိုဆိုနဲ့ ရှင်ငြိမ်း နှာခေါင်းထိပ်လေးကို အသည်းယားသလို လှမ်းဆွဲညှစ်လေသည်။

"အာ့... နာတယ်လေ။ အဲ့ဒါဆိုလည်း အစကတည်းက ပြောပါလား။ လူကို အလကား စိတ်တိုရအောင်လုပ်တာ။ "

ရှင်ငြိမ်း မျက်စောင်းလေးထိုးကာ သူ့ရင်ဘတ်ကို တစ်ချက်လှမ်းရိုက်လိုက်တော့ သူက အသာလေး ရှောင်ရင်း သဘောတကျ ရယ်လေသည်။

"မောင့်မိန်းမ စိတ်ဆိုးတာလေးက ချစ်ဖို့ကောင်းလို့ပါဗျာ။ လာ... အထဲဝင်ရအောင်။ ကျောင်းအတွက် လိုအပ်တာတွေနဲ့ ကလေးတွေအတွက် စာရေးကိရိယာတွေ လှူဖို့ စီစဉ်ထားတယ်။

ဒီကပြန်ရင် မိဘမဲ့ဂေဟာနဲ့ ဘိုးဘွားရိပ်သာမှာလည်း လှူဖို့ စီစဉ်ထားသေးတယ်။ "

သူ့ကိုယ်သူ နာမ်စားအမျိုးမျိုးသုံးကာ လူကို ရင်ခုန်အောင် ပြုစားနေပါသည်။

သူက ပြောနေရင်း ရှင်ငြိမ်းလက်ကလေးကို ဆုပ်ကိုင်ရင်း ကျောင်းဝင်းထဲကို ခေါ်သွားလျှင် ရှင်ငြိမ်း ရင်ထဲ ကြည်နူးမှု လှိုင်းလုံးလေးတွေက တလိပ်လိပ် တက်လာရ၏။

သူမတို့အတွက် အရေးကြီးတဲ့နေ့လေးမှာ အပေါ်ယံတွေ မလုပ်ဘဲ အခုလိုလေး စီစဉ်ထားတာကြောင့် သူ့ကိုလည်း ချီးကျူးမိသွားရသည်။

ကျောင်းအုပ်ကြီးနဲ့ တွေ့ပြီး သူမတို့နှစ်ယောက်ကလေးတွေအတွက် ဗလာစာအုပ်တွေ၊ ခဲတံ၊ ဘောပင်စတဲ့ စာရေးကိရိယာတွေကို လိုက်ဝေလိုက်ကြသည်။ လက်ဆောင်ရလို့ ပျော်နေကြတဲ့ ကလေးတွေရဲ့ အပြစ်ကင်းတဲ့ အပြုံးတွေကို ကြည့်ရင်း နှစ်ယောက်လုံး ပီတိဖြစ်နေရ၏။

တခြားလိုအပ်တာတွေကိုတော့ ကျောင်းအုပ်ကြီးက စာရင်းလုပ်ပေးလေသည်။

အလှူကိစ္စတွေ အားလုံးပြီးသွားတော့ နှစ်ယောက်သား ကျောင်းဝင်းထဲမှာ လမ်းလျှောက်ဖြစ်ကြရာ ငယ်ဘဝအမှတ်တရလေးတွေ ပေါ်လာကာ ကျောင်းသားဘဝကို လွမ်းမိသွားရသည်။

"လာ... ခင်ဗျားကို ခေါ်သွားစရာရှိသေးတယ်"

သန့်ဇင်လင်း သူမ လက်ကိုဆွဲကာ သူတို့တက်ခဲ့တဲ့ ကျောင်းဆောင်ရဲ့ လှေကားအောက်က

မှောင်ရိပ်ကျနေတဲ့ အကွယ်လေးဆီသို့ခေါ်သွားကာ သူမ ကိုယ်လုံးလေးကို နံရံနဲ့ သူ့ရင်ခွင်ကြားသို့ ပိတ်ထားလိုက်၏။

"ဟင်... လူတွေ မြင်သွားဦးမယ်လေ"

"မမြင်ပါဘူး။

ဒီနေရာလေးကို မှတ်မိသေးလား... ဟင်"

သူက ရှင်ငြိမ်း မျက်လုံးလေးတွေကို စူးစိုက်ကြည့်ရင်း ခပ်တိုးတိုး အက်ရှရှလေး မေးလာလျှင် ရှင်ငြိမ်း ရင်ခုန်သံတွေ မြန်လာရသည်။

"ဘယ်... ဘယ်မှတ်မိတော့မလဲ"

ဘယ်သူက ‌မမှတ်မိပဲနေမှာလဲ။

လူမှားလို့ဆိုပြီး သူများကို ခပ်တည်တည်နဲ့ ဆွဲနမ်းသွားတာလေ။

"အဟက်... လိမ်ပြန်ပြီ။ သေချာစဉ်းစားကြည့်ပါဦး... "

"တော်ပြီ ... သူများတွေ မြင်သွားရင် မသင့်တော်ဘူး။

အပြင်ထွက်ရအောင်။ "

ရှင်ငြိမ်း ရင်တွေ အဆမတန်ခုန်လာတာကြောင့် သူ့ရင်ခွင်ထဲမှ တိုးထွက်ဖို့လုပ်လျှင် သူက ရှင်ငြိမ်း လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ...

"နေပါဦး ... ရှင်ငြိမ်း ခင်ဗျား ကျွန်တော့်ကို ဘယ်အချိန်က စကြွေသွားတာလဲ။"

ရုတ်တရက် ဆန်လွန်းသော အမေးကြောင့် ရှင်ငြိမ်း အသည်းလေး အေခနဲ ဖြစ်သွားရပြီး သူ့အကြည့်များကို ရှောင်လွှဲထားလိုက်သည်။

"ဟာ ဘာတွေလာမေးနေတာလဲ ... မဖြေချင်ပါဘူး ရှက်စရာကြီး"

"ဟာ ဘာရှက်စရာရှိလို့လဲ အခု မောင်က ရှင်ငြိမ်း ယောက်ျားဖြစ်နေပြီလေ။"

သန့်ဇင်လင်း အလျှော့မပေးဘဲ သူမ မေးလေးကို အသာ ဆွဲမော့ကာ မျက်နှာချင်းဆိုင်စေလိုက်၏။

"မသိဘူး ရှက်တယ်။"

"မရှက်ပါနဲ့ဗျာ ... ကျွန်တော်သိချင်လို့ပါ နော်နော်။ "

သူ့ လေသံလေးက ခပ်ချွဲချွဲလေး ဖြစ်သွားသလို ရီဝေဝေအကြည့်တို့ကြောင့် ရှင်ငြိမ်း ဆက်ပြီး တင်းမခံနိုင်တော့ပေ။

"ဟို ..."

"အွန်း ... ပြော။ မောင် နားထောင်နေတယ်။ "

ရှင်ငြိမ်း သူ့ကို ကြည့်ကာ တံတွေးတစ်ချက် မြိုချလိုက်ပြီး ...

"ဟို ... မြင်မြင်ချင်းလို့ပြောရမလား။ "

"ဟင် ..."

သူမစကားကြောင့် သန့်ဇင်လင်း မျက်ခုံးများ ပင့်တက်သွားရသည်။

ထိုစဉ် သူမထံမှ စကားသံလေးတွေ ထပ်ထွက်လာ၏။

"နင်မှတ်မိသေးလား။ နင် လှေကားပေါ်ကနေ ငါ့ကို လှမ်းစလိုက်တဲ့အချိန်လေ။ အဲ့အချိန်က ငါ့နင့်ကို စမြင်ဖူးပြီး ရင်ခုန်ခဲ့တာပဲ။"

"ဝါး ... တကယ်ကြီးလား။ ကောင်မလေးတစ်ယောက်က ကျွန်တော့်ကို မြင်မြင်ချင်း ပစ်ကြွေသွားတယ် ဆိုပါတော့။ "

သူက အသံထွက်သည်အထိ သဘောတကျ ရယ်မောလိုက်ပြီး သူ့ကိုယ်သူ အထင်ကြီးနေသည့်ဟန်ဖြင့် ပြုံးစစ လုပ်လာတာကြောင့် ရှင်ငြိမ်း အသည်းယားကာ သူ့ရင်ဘတ်ကို လှမ်းထုပစ်လိုက်သည်။

"နင်နော် ..."

"ဟား ဟား ... ဒါပေမယ့် မောင်ကအရင် ရှင်ငြိမ်းကိုချစ်ခဲ့တာနော်။

ကျွန်တော်က ရှင်ငြိမ်းကို မြင်မြင်ချင်းတုန်းက အရမ်းမာနကြီးမယ်ထင်ခဲ့တာ။ "

"ဟင် ... ဘာလို့လဲ။ "

"ခင်ဗျားက စကားသိပ်မပြောဘူးလေ။ အဲ့တာကြောင့် နည်းနည်းရှိန်ခဲ့သေးတာ။ နောက်မှ ရေခဲတုံးလေးဆိုတာ သိတော့တယ်။ "

"စကားသိပ်မပြောတာက မပြောတတ်လို့ပါ။ သူများတွေလို တော်ကီမှ မကြွယ်ပဲ။ "

"ဟား ... ကိုယ်က တော်ကီမကြွယ်လို့ တော်ကီကြွယ်တဲ့ ကောင်လေးကို ပစ်ကြွေခဲ့တယ် ဆိုပါတော့။ ထင်လို့ပါ ... ကျွန်တော်လည်း အပြောမကောင်းပါဘူး။ "

သူက မခိုးမခန့် ပြုံးရင်း ပြောလာတော့ ရှင်ငြိမ်း နှာခေါင်းရှုံ့လိုက်ကာ ...

"အပိုတွေ ... အပြောလေးတွေနဲ့ ကောင်မလေးတွေ အသည်းပတ်ခွဲခဲ့တာလေ။ "

"မဟုတ်ရပါဘူးဗျာ။ အဲ့တုန်းက ရှင်ငြိမ်းကို စိတ်ကောက်ပြီး လျှောက်တွဲပြခဲ့တာပါ။ ခင်ဗျားက ကျွန်တော့်ကို သူများနဲ့ အတင်း‌ဖြစ်စေချင်နေတာကိုး။ "

"မဟုတ်ပါဘူး။ အဲ့တုန်းက ဆုဝေက ဖုန်းနံပါတ်တောင်းလို့ ဒီအတိုင်းပဲ ရှင်ငြိမ်းဆီမှာ ရှိနေလို့ ပေးလိုက်တာပါ။ မဟုတ်လည်း ရှင်ငြိမ်းမှ အသုံးမလိုပဲ။ "

"အသုံးမလိုလည်း အဲ့လို ပေးပစ်စရာလား။ ကျုပ်က သူများတောင်းတာဆို ပေးခိုင်းမှာလား။ ခင်ဗျား သူငယ်ချင်းက ခင်ဗျားအတွက် တောင်းပေးမှန်းသိလို့ ဟိုကောင့်ကို ပေးခိုင်းလိုက်တာကို။ "

သူက ပြောရင်းဆိုရင်း မျက်မှောင်လေး ကုတ်လာတာကြောင့် ရှင်ငြိမ်း ပြုံးလိုက်မိကာ ...

"ဟုတ်လား ..."

"ဘာ ... ဟုတ်လားလဲ။ ခင်ဗျား‌ကလေ လူကို တအားစိတ်ယားအောင် လုပ်တယ်သိလား။ "

"အောင်မယ် ... နင်က စိတ်ယားတယ်ဆိုတော့ ငါ့ကို ဘာလုပ်ချင်တာလဲ ပြော ... ပြွတ်စ် "

ရှင်ငြိမ်း စကားပင် မဆုံးလိုက်...

နှုတ်ခမ်းလေး စုချွန်ကာ သူ့ကို ရန်တွေ့ချင်နေတဲ့ဟာလေးအား သန့်ဇင်လင်း ပိတ်နမ်းပစ်လိုက်သည်။

"ဒါလုပ်ချင်တာ ... သိပြီလား။ ပြွတ်စ် ပြွတ်စ် "

နှုတ်ခမ်း‌ေလးအား ထိလိုက်ခွာလိုက်နှင့် ဆက်တိုက် ဆက်တိုက် အနမ်းတွေ ကြဲချပေးလိုက်ကာ နောက်ထပ် ထပ်နမ်းမယ်လုပ်လျှင် ...

"ဟိုးထား ဆရာ ... ကျောင်းရောက်နေတာလေ။ "

ရှင်ငြိမ်း သူမနှုတ်ခမ်းပေါ်ကျရောက်လာတော့မယ့် သူမနှုတ်ခမ်းလေးအား လှမ်းကာပြီး တားလိုက်၏။

ထိုအခါ သူက သူမလက်ကလေးအား ဆွဲကိုင် ဖယ်လိုက်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး...

"ဘာဖြစ်လဲ ... ဒီနေရာမှာ ကျွန်တော်နဲ့ခင်ဗျား first kiss ခဲ့ကြတာလေ။ "

"အို ... အဲ့တာ နင်ဇွတ်နမ်းသွားတာပါ။ "

ရှင်ငြိမ်း မျက်စောင်းလေး ထိုးကာ ပြောလိုက်တော့ သူက ရှင်ငြိမ်း ခါးလေးကို ဆွဲဖက်လိုက်ပြီး...

"ဟုတ်လား ... ဒီလိုလေးလား ပြွတ်စ် ပြွတ်စ် ပြွတ်စ် "

ပြုံးစစနှင့် သူမ နှုတ်ခမ်းလုံးလုံးလေးအား မပြီးဆုံးနိုင်တဲ့ အနမ်းတွေ ထပ်မံ ခြွေချလိုက်တော့သည်။

သူမ နှုတ်ခမ်းလေးက ချိုမြိန်ဆဲဖြစ်သလို

ရင်ခုန်သံတွေကလည်း လတ်ဆတ်ဆဲ။

... ပြီးပါပြီရှင် ...

(🚨 Extra လေး ကျန်ပါသေးတယ်နော်)

(အစကနေ အဆုံးထိ လိုက်ပါဖတ်ရှုပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်ရှင့် 🫶🏻💛

ဇာတ်လမ်းနဲ့ဇာတ်သိမ်းလေးအား သဘောမကျဖြစ်သွားရင်လည်း စာရေးသူရဲ့ လိုအပ်ချက်လေးကို ဖြည့်တွေးပေးဖို့ တောင်းဆိုအပ်ပါတယ်ရှင့်)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၆၇) နောက်အခန်း - အပိုင်း (၆၉) Extra 1 »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ