ငွေ့ရည် မနက်မိုးသောက် အလင်းရောင်လေးဖြာကျလာတာနဲ့ ထလိုက်ပြီး ဆံပင်တွေကို စုလိမ်လိုက်ပြီး အကုတ်နဲ့ ညှပ်လိုက်၏။ပြီးမှ သူမ အိပ်ရာကို ခေါက်သိမ်းပြီး ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ပြီး ကိုယ်လက်သန့်စင်ကာ ထွက်လာခဲ့သည်။မနက်စာအတွက် ပြင်ဆင်ဖို့ အောက်ကိုဆင်းရမှာဖြစ်တော့ ဘေးမှာအိပ်ပျော်နေသော သမီးလေးကို မနိုးသွားအောင် အသာလေးချီယူလိုက်ပြီး အောက်ကိုဆင်းလာခဲ့သည်။သမီးလေးကိုတော့ သူမတို့သားမိ အရင်နေခဲ့တဲ့ အခန်းလေးထဲ ထားခဲ့လိုက် မနက်စာပြင်ဆင်လေတော့သည်။
သူအလုပ်သွားတော့မှ သမီးလေးကို ခေါ်ပြီး အပေါ်အခန်းထဲကို ပြန်လာခဲ့တယ်။သူ ပြန်ရောက်လာတော့မယ့် အချိန်ရောက်တာနဲ့ တဖန် နေရာပြန်ရွေ့ရသည်။ဒီနည်းလေးက ငွေ့ရည်နဲ့သူ့ကြားမှာ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ခဲ့ပြီး တစ်ခါတစ်ရံကျပြန်တော့လဲ သမီးလေးအစား ရင်ထဲနာကျင်ရလေသည်။နှစ်ပတ်လောက် သမီးလေးရဲ့ မျက်နှာရော ငိုသံလေးတွေပါ မကြားရတာတောင် ဟန်ဆောင်ပန်ဆောင် မမေးတဲ့ သူ့ကို အံ့သြမိပါရဲ့လေ။
"သမီးလေးအတွက် မေမေက ချစ်ခြင်းမေတ္ထာတွေ အများကြီးပုံပေးပြီး ချစ်ပေးမယ်.. မေမေရဲ့ သမီးမှာ အဖေဆို့တဲ့စကားလုံးကို မတမ်းတစေရသလို ဖေဖေဆိုတဲ့ အဓိပ္ပယ်ကို မသိရလေအောင် မေမေ့အချစ်တွေနဲ့တင် ပျော်ရွင်နေအောင်ထားပါ့မယ်ကွယ် ..သမီးလေးရဲ့ဘဝမှာ မေမေဆိုတဲ့ ဟောဝါရလေးရဲ့အဓိပ်ပါယျလေးကိုပဲ သိစေချင်တယ်...မေမေရှိယုံနဲ့တင် သမီးလေးအတွက် လုံလောက်စေချင်တယ်..''
လို့ ငွေ့ရည်ကသာ တတွတ်တွတ်နဲ့ ပြောနေပေမယ့်လည်း ဘာမှမသိတဲ့ သမီးလေးကတော့ နို့ကိုသာ အငမ်းမရ တွယ်ဆို့နေသည်မှာ အပြစ်ကင်းစင်လှသည်။ဒီနေ့လည်း ကာကွယ်ဆေး သွားထိုးပြီး ဆေးရုံမှာထဲက အီလာလိုက်တာ အိမ်ရောက်လာတဲ့အထိပါပဲ။ဆေးရုံဆိုလို့ ဆေးရုံကအကြောင်းကို တွေးမိသွားပြန်သည်။
တချို့ကလေးတွေရဲ့အဖေတွေက သူ့တို့ရင်သွေးလေးတွေကို ကပွေ့ချီထားပြီး အဖေအမေစုံစုံလင်လင်နဲ့ရှိနေချိန်မှာ ငွေရည်ရဲ့သမီးကညာလေးကတော့ ငွေ့ရည်တစ်ယောက်ပဲရှိတာကြောင့် သမီးလေးကို သနားမိသည်။ ဆေးထိုးတဲ့အချိန်မှာဆိုလဲ သူတို့သားသမီးလေးတွေ ငိုတဲ့အခါ ယောကျ်ားရင့်မာကြီးတွေ ဖြစ်ပါလျက်နဲ့ မျက်စိပျက်မျက်နှာပျက်နှင့် ချော့မြူနေကြသည်။သမီးကတော့ ငွေ့ရည်တစ်ယောက်ထဲရဲ့ ချော့မြူတာကိုပဲခံရလေသည်။
သမီးလေးကို ဆေးထိုးဖို့ နာမည်ကိုကြည့်တဲ့အခါ ဆရာမလေးက ငွေ့ရည်ကို နားမလည်သည့် အကြည့်နဲ့ကြည့်လေသည်။ကြည့်လဲကြည့်ချင်စရာပါပဲလေ။ ငွေ့ရည် ပေးထားတဲ့ သမီးလေးရဲ့ နာမည်က အမုန်းချည်တဲ့လေ။
ကိုကိုသာ သိရင် ငွေ့ရည်ကို ဆူမှာ..ကိုကို မှည့်ပေးထားတဲ့ နာမည်လေးက ရွှေရည်ကိုကိုတဲ့ ။သမီးလေးမမွေးခင်ထဲက ကိုကိုဟာ သမီးလေးအတွက် နာမည်ရွှေးထားပြီးသားပါ။သို့သော် သူ့နာမည်နဲ့တူနေတာကြောင့် မပေးချင်တော့တာကြောင့်ရယ် နောက်ပြီး ငွေ့ရည်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြလို့မဟုတ်ဘဲ သမီးကြောင့်နဲ့သာ အမုန်းတရားတွေနဲ့တည်အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့တာ။ထို့ကြောင့် အချစ်ကြိုးနဲ့ချည်တာမဟုတ်ဘဲ အမုန်းနဲ့ချည် ထားတာမို့လို့ သမီးလေးရဲ့ နာမည်လေးကို အမုန်းချည်ဆိုတဲ့ နာမည်လေးကို မှည့်ခဲ့ခြင်းသာ။
"ညီမလေး တောင်းပန်ပါတယ်..ကိုကိုမှည့်ပေးထာတဲ့ ကိုကိုပေးစေချင်တဲ့ နာမည်လေးကို သမီးလေးကို မပေးနိုင်တာကြောင့်ပါ ခွင့်လွတ်ပါ ကိုကိုရယ်..''
လို့ တောင်းပန်စကားလေးက သူစိတ်ထဲမှာ အကြိမ်ကြိမ် အခါခါပါပဲ။
***************** ****************
သူမက သူပြောသမျှကို နားထောင်တာပဲလား ရွဲ့နေတာလား စဥ်းစားလို့မရ။သူ လုပ်ခိုင်းတဲ့အရာတွေကို နှစ်ခါမပြောရလေအောင် တစ်ခါလောက်ပြောလိုက်တာနဲ့ အလိုက်တသိ လုပ်ပေးလေတယ်။သူတောင်းဆိုတဲ့အခါမျိုးမှာလည်း လိုက်လျောပေးတယ်။ ခင်ဗျားကလေး ငိုသံမကြားချင်ဘူး ပြောလိုက်တော့လည်း တကယ်ငိုသံမကြားရအောင် လုပ်နိုင်ခဲ့တယ်။ခင်ဗျားသွားတဲ့ နေရာခေါ်သွားဆိုတော့လည်း ဘာပဲလုပ်လုပ် အခန်းထဲမှာ သူရှိနေတာတောင် မထားခဲ့ပဲ ခေါ်သွားသည်။
မင်းခန့် ဒီရက်တွေမှာ ကလေးလေးက ဒီအိမ်ထဲမှာ ရှိနေပါလျက်နဲ့ ငိုသံလဲမကြားရတော့သလို မတွေ့ရမမြင်ရတာကြောင့် ရင်ထဲမှာ တစ်ခုခုလစ်ဟာနေသလို ခံစားနေရသည်။ကလေးလေးအကြောင်း သူမကို မေးချင်ခဲ့ပေမယ့် သူ့မာနက ခွင့်မပြုပေ။ကလေးလေးကို သူ့မှာ တွေ့ချင်နမ်းရှိုက်ချင်လို့ သူမထက် အစောကြီးထနေ့တွေမှာလည်း သူ့ကိုကျောပေးပြီး ကလေးလေးကို ရင်ခွင်ထဲထည့်ထားပြီး သိပ်ထား၍ မျက်နှာကလေးကို ရှင်းရှင်းလင်းလင်း မတွေ့ခဲ့ရပါ။
ကလေးလေးမငိုအောင် ကလေးလေးပါးစပ်ကို တိတ်နဲ့ပိတ်ထားတာများလား...ဆိုပြီး ထိုအတွေးကို စဥ်းစားမိတော့ စုတ်သတ်လိုက်၏။
"ခင်ဗျား ကျုပ်ကို သက်သက်ရွဲ့နေတာပဲ...ကျုပ် အလျော့ပေးလို့ မရတော့ဘူးပဲ..ဒေါ်ပန်းငွေ့ရည်... ''
သူ့အာရုံတွေ ပြန့်လွှင့်နေသည့်အချိန် ဖုန်းမြည်သံလေးကြားတော့မှ သတိပြန်ဝင်လာခဲ့သည်။ဖုန်းကိုယူလိုက်တော့ မေမေဆီက ဖြစ်နေ၍ ကိုင်လိုက်၏။ မေမေဆီက ကြားလိုက်တဲ့စကားကြောင့် မင်းခန့် လက်သီးကိုဆုပ်ထားသည်။ဖုန်းပြောပြီးတာနဲ့ အပေါ်ထပ်ကို ယူလိုက်ပြီး ကုမ္ပဏီထဲကနေ ခြေလှမ်းကျဲများဖြင့် ထွက်လာကာ ကားကို လိုတာထက်ပိုပြီး အရှိန်မြှင့် မောင်းနှင်လာခဲ့သည်။ကားမောင်းလာတဲ့ တစ်လျှောက်လုံးမှာလည်း ဒေါသတွေလျှံပယ်ထွက်နေသည်။
မင်းခန့် ဒေါသထွက်ထွက်နဲ့ အခန်းတံခါး ဆောင့်တွန်းဖွင့်ပြီး ဒေါသရောင်လွှမ်းနေသောမျက်လုံးများနဲ့အတူ ခြေလှမ်းကျဲများဖြင့် ငွေ့ရည်ဆီကို ဦတည်လာတာကြောင့် ကြောက်စိတ်တွေဖြစ်လာခဲ့၏။မင်းခန့်လည်း မတ်တက်ရပ်ကာ သူ့ကို ညိုးငယ်နေတဲ့ မျက်နှာကလေးနဲ့ကြည့်နေတဲ့ သူမရဲ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လှုပ်ရမ်းလိုက်ပြီး
"ခင်ဗျား ဘာအချိုးချိုးနေတာလဲ...ဘာကြောင့် ခင်ဗျားကလေးကို ဒီနေ့ ကာကွယ်ဆေးသွားထိုးရမယ့်ရက်ဆိုတာကို ဘာလို့ ကျုပ်ကို မပြောတာလဲ.. ကျုပ်ကို ဘာလို့ လူဆိုးဖြစ်အောင်လုပ်တာလဲ...ဖေဖေ ကျုပ်ကို ပိုမုန်းလာအောင် ခင်ဗျားတမင်သက်သက်လုပ်နေတာမဟုတ်လား..ဒေါ်ပန်းငွေ့ရည်...ခင်ဗျားက သိပ့်ရွံစရာကောင်းတဲ့မိန်းမပဲ..ခင်ဗျားကိုလေ ကျုပ် မုန်းယုံမကလို့ ရွံပါရွံသွားပြီ...''
"မလိုဘူးထင်လို့ မပြောမိတာ..မင်းထင်သလို ငါ့မှာ တခြားအတွေးမရှိဘူး...ငါပြောလဲ မင်းက ခင်ဗျားကလေးဆိုပြီး ပြောမှာပဲမဟုတ်လား..''
"ဘာ..''
မင်းခန့်ရဲ့ ကျယ်လောင်သော အသံကြောင့် ကလေးက လန့်ပြီး ငိုပါတော့သည်။ကလေးငိုတဲ့အခါ သူမပုခုံးကို ကိုင်ထားသည့် သူ့ရဲ့လက်တွေကို ဖယ်ရှားလိုက်ပြီး ကလေးကို ပွေ့ချီပြီး အခန်းထဲက ထွက်ပို့ ပြင်လိုက်သည်။မင်းခန့်လည်း အမိအရ သူမရဲ့လက်မောင်းကို လှမ်းဆွဲလိုက်၏။
"ကျုပ်စကား မဆုံးသေးဘူး...''
"သမီးကို အောက်ထပ်မှာ ထားပြီးရင် ပြန်လာခဲ့မယ်... မကြာဘူး...''
"ခွမ်း...ခွမ်း...''
အနားမှာရှိတဲ့ ဖန်ခွက်တွေကို နံရံကို ပစ်ပေါက်လိုက်သည်။ထို့ကြောင့် ငွေ့ရည်လည်း လန့်သွားပြီး အသားတွေတုန်ယင်သွားသလို သမီးလေးလည်း ခုနကထက်ပင် ပိုလို့ငိုပါတော့သည်။သူ့ကိုကြည့်လိုက်ပြန်တော့လဲ ငွေ့ရည်ကို ဒေါသမျက်လုံးတွေနဲ့ ကြည့်ပြီး
"ခင်ဗျား ကျုပ်ကို ရွဲ့နေတာ များနေပြီ...ကျုပ်ရောက်လာတဲ့အချိန်တွေဆို ခင်ဗျားကလေးလေးကို ခေါ်သွားတယ်..ကလေးလေး ငိုရင်လည်း နို့အရင်မတိုက်ဘဲ အခန်းထဲက ကလေးလေးကို ခေါ်သွားတယ်...''
ငွေ့ရည် ယဲ့ယဲ့လေး ပြုံးလိုက်ပြီး သူ့မျက်နှာကို စေ့စေ့စိုက်ကြည့်ပြီး
"မင်းဘဲ ခင်ဗျားကလေးငိုသံမကြားချင်ဘူးဆို..အဲတော့ ငါ့ကလေး ငိုသံမကြားရလေအောင် ရှောင်ထွက်ပေးတာလေ..အဲအတွက် မင်းကတောင် ဝမ်းသာနေရမှာလေ..အခုဆို ငါ့ကလေးရဲ့ ငိုသံမပြောနဲ့ ငါ့ကလေးမျက်နှာတောင် မမြင်ရတာ မင်းအတွက် ပိုကောင်းတယ်မဟုတ်လား...''
"ငိုသံမကြားချင်ဘူးပဲ ပြောတာလေ...ငိုသံမထွက်အောင် ခင်ဗျားကလေးကို ခင်ဗျားနို့တိုက်ရမှာ ခင်ဗျားတာဝန်လေ...ကလေးငိုလို့ တခြားအခန်းထဲ သွားထားတာဖြစ်သင့်ရဲ့လား...ကျုပ်မပြောချင်လို့ နေနေတာကို ခင်ဗျားက ပိုပိုရွဲ့လာတယ်..ကလေးကို ကျုပ်မမြင်အောင် လုပ်လို့ခင်ဗျားကို ကျုပ်ပြောမိလို့လား..ခင်ဗျားကလေးကို မမြင်ချင်ဘူး.. ကျုပ် မျက်စိရှေ့ပေါ်မလာခဲ့နဲ့လို့ ပြောဖူးလို့လား..''
"မပြောဖူးပေမယ့်လည်း ငါ့ကလေးကို မင်းမမြင်ချင်ဖူးထင်လို့ပါ..ဘာပဲဖြစ်ဖြစ် နေသားကျနေပြီဘဲ ဒီတိုင်းလေးပဲထားလိုက်တာ မင်းအတွက်လည်း ကောင်းတယ်လေ..တချိန်ချိန်မှာ ငါတို့နှစ်ယောက်က ကွာရှင်းမှာပဲမဟုတ်လား..''
"ဘာ...''
မင်းခန့် သူမရဲ့စကားအဆုံးမှာ မျက်လုံးဝိုင်းသွားလျက် အံ့သြသွားရလေသည်။
"ခင်ဗျား သိနေတယ်...''
"အင်း...ငါ့ကို ကွာရှင်းမှာမို့လို့ ပတ်ဝန်းကျင် မသိတောင် လက်မှတ်ထိုးခဲ့တာပဲ မဟုတ်လား...ကွာရှင်းပြီး မင်းကောင်မလေးနဲ့ လက်ထက်ဖို့ ဆုံးဖြတ်ထားလို့ မင်းပဲငါနဲ့ လက်ထက်ထားတဲ့ အကြောင်းကို သိမှာကြောက်နေတာလေ..''
"ကျုပ် ကွာရှင်းမှာကို သိလျက်နဲ့ လက်ထက်ခဲ့တာပေါ့လေ...''
"အင်း...ငါ့သမီးအတွက် အဖေဆိုတာရှိခဲ့တာကို သိစေချင်ယုံသက်သက်ပဲ...''
"ကျုပ်ဘက်စပြီးတော့ ခင်ဗျားကို ကွာရှင်းမှာမဟုတ်ဘူး...''
"သိတယ်..မင်းငါ့အပေါ် ဒီလောက်နှိပ်ကွပ်နေမှတော့ ငါမသိပဲ နေမလား...မင်းဘက်က ငါ့ကိုစပြီး မကွာရှင်းချင်တဲ့အကြောင်းရင်းက ကိုကိုကြောင့်ပဲလေ...အခုမှ ပြန်တွေ့တဲ့ အဖေရဲ့အမုန်းကို မခံချင်လို့ ငါ့ကိုနှိမ်စက်ပြီး ကွာရှင်းစကားပြောစေချင်တာမဟုတ်လား...''
မင်းခန့် သူမကို အံ့သြနေသော အကြည့်တို့ဖြင့် မှင်သက်စွာကြည့်နေတော့သည်။ငွေ့ရည် သူမလက်ကို ဆုပ်ကိုင်ထားတဲ့ သူ့ရဲ့ လက်ကို ရှန်းဖယ်လိုက်၏။
"ခင်ဗျား ဉာဏ်ကောင်းသားပဲ..''
ငွေ့ရည် သူ့ကို လှမ်းကြည့်လိုက်ပြီး အပြုံးလွင်လွင်လေးနဲ့
"ငါက မင်းလို ကလေးမှမဟုတ်ပဲကွယ်..''
"အဟက်..ကျုပ်ကလေးလား လူကြီးလား ခင်ဗျား မခွဲခြားသေးဘူးလား...ကျုပ်က ခင်ဗျားပြောသလို ကလေးလား လူကြီးလားဆိုတာ ခင်ဗျားတကယ် မသိတာလား...''
"ဟင်...''
မင်းခန့် ငွေ့ရည်လက်ထဲက သမီးလေးကို မေးငေါ့ပြီး ရိသဲ့သဲ့နဲ့ ပြောလာတာကြောင့် မျက်နှာတစ်ခုလုံး ပူထူအမ်းလာပြီး နီးမြန်းလာတော့လေသည်။သူနဲ့ဆက်ပြီး ရင်မဆိုင်ချင်တော့တာနဲ့ အခန်းထဲက အမြန်ထွက်ပို့သာ ပြင်လေသည်။
"ကလေးလေးကို ဒီမှာ နို့မတိုက်ဘူးလား..''
"အင်း...''
"ခင်ဗျား ကလေးကို မငိုအောင်လဲ တိတ်နဲ့တော့ မပိတ်ထားပါဘူးနော်...''
"ငါ့ကလေး ငါဘာသာငါဘယ်လိုလုပ်လုပ် မင်းနဲ့မဆိုင်ဘူး..မင်းကလေးလဲ ဟုတ်မနေဘူးလေ..ဟုတ်တယ်မဟုတ်လား...''
"ခင်ဗျား...''
သူ့ရဲ့ မကျေမနပ်သံနဲ့ ပြောတာတဲ့ သူ့ကိုကြည့်ပြီး ပုခုံးလေး တွန့်ပြလိုက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။
"ကျစ်..''
မင်းခန့်လည်း စုတ်သပ်ပြီး ငွေ့ရည်ရဲ့နောက်ကနေ လိုက်သွားလိုက်တော့တယ်။သူ အခန်းကို ဝဖွင့်လိုက်တော့ အပြုံးလွင်လွင်လေးနဲ့ ကလေးလေးကို နို့တိုက်နေသော သူမကို တွေ့လိုက်ရ၍ သူ ငေးမောကြည့်မိသည်။တံခါးကို ဖြေးဖြေးလေး ပြန်စေ့လိုက်ပြီး အပေါ်ပြန်တက်လာခဲ့သည်။သူ့မှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ သူမအလာကို စောင့်နေမိသည်။တော်တော်နဲ့ ပြန်တက်မလာသေးတဲ့ သူမကြောင့် မင်းခန့် စိတ်မရှည်တော့ဘဲ သူသာ အောက်ကို နောက်တစ်ကြိမ် ပြန်ဆင်းရခဲ့လိုက်ရခြင်းသာ။
"ဒေါက်...ဒေါက်...''
တံခါးခေါက်သံ ပေးလိုက်ပြီးမှ
"ခင်ဗျား ထွက်မလာသေဘူးလား...ကျုပ် ရေချိုးတော့မယ်...''
သူ နှစ်ခါခေါ်စရာမလိုအောင် သူမ ထွက်လာခဲ့သည်။သူကတော့ နေခဲ့၏။သူမအပေါ်တက်သွားတာနဲ့ အခန်းထဲဝင်လိုက်ပြီး ခြေကားလက်ကားနဲ့ ဖြစ်နေတဲ့ ကလေးလေးကို ပွေ့ချီလိုက်ပြီး နှစ်ပတ်လောက် မတွေ့မမြင်ရတာကြောင့် ကလေးလေးရဲ့ ဝါဂွမ်းလို နူးညံ့တဲ့ ပါးနုနုလေးကိုနမ်းလိုက်တော့သည်။သူ့မှာ အသဲယားစရာကောင်းလွန်းသော ကလေးလေးကို ခဏခဏနမ်းတော့ ကလေးလေး မျက်နှာကလေးက လိမ္မော်သီးလေးလို ရှုပ်တွလာတော့သည်။
"ဟေး...ချစ်လို့ နမ်းတာ မငိုရဘူးလေ ကလေးလေးရဲ့...''
ထိုကလေးလေးက သူပြောတာကို နားလည်သလိုနဲ့ သူ့ကိုပြုံးပြလာတာကြောင့် သူ့မှာ အသဲယားပြီး ထပ်နမ်းလိုက်ပြီး
"ချစ်ဖို့ကောင်းလိုက်တာ...ခင်ဗျားကလေးလေးက သိပ့်ချစ်ဖို့ကောင်းတာပဲ..ဒေါ်ပန်းငွေ့ရည်... ''