"ကဲ... တော်တော့ ... လူမမာက လူမမာလို နေစမ်းပါ။ အခု ဆေးသောက်ပြီးပြီဆိုတော့ ခဏ မှေးအိပ်လိုက်ဦး။"
ရှင်ငြိမ်း သူ့ရင်ခွင်ထဲမှ ရုန်းထွက်ကာ ထထိုင်ရင်း ပြောလိုက်လျှင် သူက ကုတင်ပေါ်တွင် ပက်လက်လှဲနေရင်းမှ ရှင်ငြိမ်းကို ကြည့်ကာ ပြုံးစိစိ လုပ်နေလေ၏။
"ကိုယ်ပူကျအောင် ငါ ရေပတ်တိုက်ပေးမယ်။ အင်္ကျီချွတ်လိုက်ဦး။"
ရှင်ငြိမ်း ပြောပြောဆိုဆိုနှင့် ရေခွက်ကို ယူကာ ထရန် ပြင်လိုက်လျှင် သန့်ဇင်လင်း သူမ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြန်၏။
" အင်္ကျီက ဘာလုပ်ဖို့ချွတ်ရမှာလဲ။"
"ရေပတ်တိုက်ပေးမလို့လေ။ နင့် ယတစ်ကိုယ်လုံး ပူကျစ်နေတာကို။ အဲ့ဒီ အထူကြီး ဝတ်ထားရင် ဘယ်လိုလုပ် အဖျားကျမှာလဲ။ မြန်မြန် ချွတ်..."
"အဟက်..."
သူမစကားကြောင့် သန့်ဇင်လင်း ညစ်ကျယ်ကျယ်ပြုံးလိုက်ကာ ...
"ကျွန်တော်က လူမမာဆိုတော့ ကိုယ့်ဟာကိုယ် မချွတ်နိုင်တော့ဘူးလေ။ ခင်ဗျားပဲ ချွတ်ပေး။ မိန်းမက ယောက်ျားကို ပြုစုရမှာပေါ့။"
"အို... နင်နော်..."
ရှင်ငြိမ်း မျက်စောင်းလေး ထိုးလိုက်မိသော်လည်း ဘာမှ ဆက်မပြောတော့ပဲ သူ့အင်္ကျီကြယ်သီးများကို တစ်လုံးချင်း ဖြုတ်ပေးလိုက်၏။
"..."
သူမ လက်ချောင်းနုနုလေးများက သူ့ရင်ဘတ်နှင့် ထိမိတိုင်း သန့်ဇင်လင်း ရင်ခုန်သံများက ပို၍ မြန်ဆန်လာသလို ရှင်ငြိမ်း ကိုယ်တိုင်လည်း မျက်နှာလေး ပူထူလာရသည်။ အင်္ကျီ ချွတ်လိုက်လျှင် သူ့ရဲ့ ကျယ်ပြန့်သော ရင်အုပ်ကြီးနှင့်အတူ ဘယ်ဘက်ရင်အုံပေါ်မှ ရှင်ငြိမ်း မျက်နှာပုံ တက်တူးလေးက ထင်းခနဲ ပေါ်လာ၏။
ရှင်ငြိမ်း ထိုတက်တူးလေးကို ကြည့်ရင်း ရင်ထဲတွင် ဆို့နင့်သွားရပြန်သည်။
ထို့နောက် ကုတင်ပေါ်မှ ထကာ ရေဇလုံလေးနှင့် တဘက်တစ်ထည်ကို ယူလာခဲ့လိုက်သည်။
သူမ ပြန်ရောက်လာတော့ သူက မျက်လုံ မှိတ်ထားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူနေကာ အဖျားရှိန်ကြောင့် သူတော်တော် ပင်ပန်းနေပုံရ၏။
ပူနွေးနေသော သူ့ကိုယ်ကြီးက တဘက်အစိုလေးနှင့် ထိတွေ့သွားတိုင်း သက်ပြင်းလေး ချလိုက်သည်ကို တွေ့ရသည်။
တဘက်လေးက သူ့ဘယ်ဘက်ရင်အုံပေါ်မှ တက်တူးလေးအပေါ်သို့ ရောက်သွားချိန်တွင် ရှင်ငြိမ်း လက်အနည်းငယ် တန့်သွားပြီး အသာအယာလေး
ဖိကပ်ထားလိုက်မိသည်။
ထိုစဉ် မှိတ်ထားသော သူ့မျက်လုံးများ ပွင့်လာပြီး ရှင်ငြိမ်းကို စိုက်ကြည့်လာလေသည်။
"ဘာတွေတွေးပြီး မျက်ရည်ဝဲနေတာလဲ ။"
"ဟင်... ဘာမှမတွေးပါဘူး။"
ရှင်ငြိမ်း အမြန် မျက်နှာလွှဲကာ တဘက်ကို ရေပြန်ဆွတ်ရန် ပြင်လိုက်သည်။
သို့သော် သူက ရှင်ငြိမ်းလက်တစ်ဖက်ကို ဖမ်းဆုပ်လိုက်ပြီး ခပ်ဖွဖွ နမ်းရှိုက်လိုက်လေသည်။
"ပြွတ်စ်..."
"ချစ်လား။ "
"အင်း...စကားများမနေနဲ့တော့။
အိပ်လိုက်မှ အားရှိမှာ။ "
"ကျွန်တော် အိပ်ချင်တယ် ... ဒါပေမယ့် အိပ်ပျော်သွားလို့ နိုးလာတဲ့အချိန် ခင်ဗျား မရှိတော့မှာကို ကြောက်တယ်။"
သူ့စကားကြောင့် ရှင်ငြိမ်း ရင်ထဲ ဟာခနဲ ဖြစ်သွားရသည်။
"မသွားပါဘူး... ဘယ်မှ မသွားဘူး။ငါ့ကို ယုံတယ်မလား။"
ရှင်ငြိမ်း သူ့ ပါးပြင်ကို အသာအုပ်ကိုင်ပေးရင်း လေသံတိုးတိုးလေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။ ထိုအခါမှ သန့်ဇင်လင်း မျက်နှာပေါ်တွင် ကျေနပ်သွားသော အပြုံးတစ်ခု ပေါ်လာပြီး သူမ လက်ဖဝါးလေးကို သူ့ ပါးပြင်နှင့် အတင်း ပွတ်သပ်ကာ မှီတွယ်ထားလေသည်။
"အင်း... ယုံတယ်။"
ရှင်ငြိမ်း ဘယ်မှမသွားပဲ သူ့အနားမှာပဲ ထိုနေကာ သူ့မျက်နှာကို စိုက်ကြည့်နေမိပြီး တဖြည်းဖြည်းနှင့် သူအိပ်မောကျသွားမှ နဖူးပြင်လေးကို ခပ်ဖွဖွလေး နမ်းရှိုက်လိုက်၏။
____________________
"တော်ပါသေးရဲ့... ကိုယ်ပူကျသွားပြီ။"
ရှင်ငြိမ်း တိုးတိုးလေး ရေရွတ်လိုက်ပြီး ကုတင်ပေါ်မှ ထရန် ပြင်လိုက်၏။ နေလည်း အတော်မြင့်နေပြီဖြစ်ရာ ဆိုင်ဖွင့်ရမည့်အပြင် သူ့အတွက်လည်း မနက်စာ ဆန်ပြုတ်လေး ဘာလေး ပြုတ်ပေးရဦးမည်လေ။
သို့သော် သူမ ကိုယ်လေး အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူမ ခါးပေါ်မှ သူ့လက်မောင်းကြီးက ပိုမို တင်းကျပ်သွားကာ ရှင်ငြိမ်း ကိုယ်လုံးလေးမှာ သူ ရင်ဘတ်ကြီးနှင့် အိခနဲ သွားဆောင့်မိတော့သည်။
"အို..."
"ဘယ်သွားမလို့လဲ..."
မနိုးတနိုးဖြင့် အိပ်ချင်မူးတူး ဖြစ်နေသော သူ့ အသံဩဩကြီးက ထွက်ပေါ်လာကာ သူက မျက်လုံးများမဖွင့်သေးဘဲ ရှင်ငြိမ်း ကိုယ်လုံးလေးကို သူ့ ကိုယ်ပေါ်သို့ အတင်း ဆွဲတင်ကာ ဖက်ထားလေသည်။
"သန့်ဇင်လင်း... လွှတ်ဦး။ မိုးလင်းနေပြီလေ။
ထတော့... ငါ ဆိုင်ဖွင့်ရဦးမယ်။"
"မဖွင့်ပါနဲ့ဦးဗျာ... ဆိုင်က ဒီနေ့ တစ်ရက်လောက် ပိတ်လိုက်လို့ ဘာဖြစ်သွားမှာမို့လို့လဲ။ ယောက်ျား နေမကောင်းဖြစ်နေတာကို မိန်းမက အနားမှာ ကပ်ပြီး ပြုစုရမှာပေါ့။"
သူက မျက်လုံးမှိတ်ထားလျက်နှင့်ပင် နှုတ်ခမ်းကို စူကာ ဂျစ်တိုက်နေလေသည်။
"ဘာပြုစုရမှာလဲ... အဖျားက လုံးဝ ကျသွားပြီကို။ လွှတ်တော့... နင့်အတွက် ဆန်ပြုတ် သွားလုပ်ပေးမလို့။"
မနေ့ကလည်း တစ်နေကုန် သူများအနားပဲ ကပ်နေပြီးတော့။
သူက ကလေးထက်တောင်ပိုဆိုးသေးသည်။
ကိုယ့်မှာသာ ဝန်ထမ်းတွေရှေ့ မျက်နှာပူနေမိကာ သူကတော့ ခပ်တည်တည်ပင်။
ဟိုဟာလေးတွေကလည်း ပြုံးစိစိနဲ့ လုပ်နေကြလေရဲ့။
ထိုအခါမှ သန့်ဇင်လင်း မျက်လုံးတစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်အထိ ပြုံးလိုက်ပြီး...
"ဆန်ပြုတ်က ဘယ်လောက် အားရှိမှာမို့လို့လဲ။
ကျုပ်က အခု အဖျားကျသွားပေမယ့် လူက တအား နုံးနေတာ။ အဲ့ဒီတော့ ဆန်ပြုတ်ထက် ပိုကောင်းတဲ့ အားဆေးလေး လိုချင်တယ်။"
"ဘာအားဆေးလိုပြန်ပြီလဲ။ "
"ဒီအားဆေးလေးလေ။ "
စကားဆုံးသည်နှင့် သန့်ဇင်လင်း စူမ နှုတ်ခမ်းလေးများကို တိုးဝှေ့နမ်းရှိုက်လိုက်ပြန်သည်။
ချိုမြနေတာပဲ။
"အွန်း... သန့်..."
ရှင်ငြိမ်း မျက်လုံးလေးများ ပြူးကျယ်သွားရကာ ရုန်းထွက်ရန် ပြင်လိုက်သော်လည်း သူ့ရဲ့ ကျွမ်းကျင်လှသော အနမ်းများအောက်တွင် အရည်ပျော်ကျသွားရပြန်သည်။ မနက်ခင်း၏ လတ်ဆတ်မှုနှင့်အတူ ရောယှက်နေသော သူ့ အနမ်းများက ညင်သာမှု အပြည့်ဖြင့် ရှင်ငြိမ်းအသက်ရှူသံများပင် ကမောက်ကမ ဖြစ်ကုန်တော့၏။
"ပြွတ်စ်... အွန်း..."
အချိန်အတော်ကြာ နမ်းရှိုက်ပြီးမှ သန့်ဇင်လင်း သူမ နှုတ်ခမ်းလေးကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး နှာခေါင်းထိပ်လေးကို သူ့ နှာခေါင်းဖြင့် ခပ်ဖွဖွ ပွတ်တိုက်ကာ...
"အင်း... ဒီအားဆေးက တကယ် စွမ်းတာပဲ။ တစ်ကိုယ်လုံးက အားအင်တွေ ပြည့်သွားသလိုပဲ။"
သူသဘောကျစွာ စနောက်လိုက်လျှင် သူမ မျက်နှာလေး ရဲခနဲဖြစ်သွားကာ သူ့ ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ထုလာ၏။
"အာ့... နာတယ်ဗျ။ "
"နာပါစေ... တအားကဲတယ်။ တော်ပြီ... လွှတ်တော့။ ထတော့မယ်။"
ရှင်ငြိမ်း အတင်း ရုန်းထွက်လိုက်ရာ ဒီတစ်ခါတော့ သန့်ဇင်လင်းလည်း အသာတကြည် လွှတ်ပေးလိုက်လေသည်။ ရှင်ငြိမ်း ကုတင်ပေါ်မှ ဆင်းကာ ဆံပင်များကို သပ်တင်ရင်း ...
"နင် မျက်နှာသစ်လိုက်တော့။ ပြီးရင် တည်းခိုခန်း ပြန်ပြီး လိုအပ်မယ့် နင့်ပစ္စည်းတွေ သွားယူ။ ပြီးမှ ဆိုင်ကို လာခဲ့... "
ရှင်ငြိမ်း အဝတ်အစားများ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ရင်း လှမ်းပြောလိုက်လျှင်
သူက ကုတင်ပေါ်တွင် ပက်လက်လှန်နေရင်း သူမကို ကြည့်ကာ ပြုံးစိစိဖြင့်...
"အိုကေလေ... မယားလေး အမိန့်အတိုင်း ပါပဲ။ ဒါပေမယ့်... တည်းခိုခန်းက ပစ္စည်းတွေ အကုန်ယူပြီး ကျုပ်က ဒီမှာပဲ အပြီး လာနေတော့မှာ"
"အို... မရပါဘူးဆို..."
"မသိဘူး... ရတယ်ပဲ သတ်မှတ်တယ်။ "
ဂျစ်တစ်တစ်နှင့် ဆိုလျှင် ရှင်ငြိမ်း သူ့ကို မျက်စောင်းလေးတစ်ချက်ထိုးပစ်လိုက်သည်။
"ပြီးရော... အရင်ဆုံး သွားသာ ယူချေ။ မြန်မြန်လုပ်နော်... ပြီးရင် ဆန်ပြုတ် သောက်ရမယ်။"
"Yes... my wife "
သူက ရဲတွေ အလေးပြုသလိုလုပ်ကာ ပြောင်စပ်စပ်နှင့် ပြောလာတာကြောင့် မထိန်းနိုင်ပဲ ရယ်လိုက်မိတော့သည်။
အပိုင်း (၅၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)