Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၅၇)

ရှင်ငြိမ်း သူ့ရင်ဘတ်ကို ထုထားသော လက်သီးဆုပ်လေးကို ပြန်ရုတ်ရန် ပြင်လိုက်လျှင် သူက အလွတ်မပေးပဲ ရှင်ငြိမ်း လက်ဖဝါးလေးကို သူ့ရင်ဘတ်ပေါ်တွင် ဖိကပ်ထားလိုက်၏။

"ဒုတ်... ဒုတ်... ဒုတ်..."

သူ့ရင်ခုန်သံတွေက မြန်ဆန်နေသလို အဖျားရှိန်ကြောင့် ရင်ဘတ်ကြီးကလည်း ပူနွေးနေ၏။

နှလုံးသားလေးက နိမ့်ချည်မြင့်ချည် ခုန်လှုပ်လာခြင်းနှင့်အတူ ရှင်ငြိမ်းပုံ တက်တူးလေးကလည်း ကြွကြွတက်လာ၏။

ထို့နောက် ရယ်နေသော သန့်ဇင်လင်း မျက်နှာက တဖြည်းဖြည်း တည်ငြိမ်သွားပြီး ရှင်ငြိမ်း မျက်လုံးများကို အတန်ကြာအောင် စိုက်ကြည့်နေလေသည်။ ထိုအကြည့်တွေထဲတွင် အချစ်တွေ မြတ်နိုးမှုတွေက အထင်းသား။

"ကျေးဇူးတင်ပါတယ် ...ကျွန်တော့်ရှင်းပြတာကို နားထောင်ပေးလို့။ မဟုတ်ရင် ကျွန်တော် ရူးသွား တော့မှာ။"

"ငါလည်း တောင်းပန်ပါတယ်။ သေချာ မမေးမြန်းဘဲနဲ့ ငါ့ဘာသာ လျှောက်တွေးပြီး... နင့်ကို အထင်လွဲခဲ့မိလို့။"

"ရတယ်... အခု အထင်လွဲတာတွေ အကုန် ရှင်းသွားပြီဆိုတော့ ကျုပ်မိန်းမကို ကျုပ်ဆီ အပိုင် ပြန်ရပြီမလား။"

သန့်ဇင်လင်း ပြောရင်းဆိုရင်း သူမ ခါးလေးကို လှမ်းဆွဲကာ သူ့ရင်ခွင်ထဲသို့ အတင်း ပွေ့သွင်းလိုက်ပြန်သည်။

"အို... သန့်ဇင်လင်း။"

ရှင်ငြိမ်း သူ့ရင်ခွင်ကျယ်ကြီးထဲသို့ ဝင်တိုက်မိသွားပြီး ရုတ်တရတ် အသက်ရှူရပင် ခက်သွားရသည်။ သန့်ဇင်လင်းကတော့ သူမ ပခုံးလေးပေါ်သို့ မေးတင်လိုက်ပြီး သူမ ဆံနွယ်တွေကို ခပ်ဖွဖွ နမ်းရှိုက်လိုက်၏။

"သန့်ဇင်လင်း... နင် ကိုယ်တွေ ပူနေတုန်းပဲ။ အဖျားက မကျသေးဘူး။"

ရှင်ငြိမ်းက စိုးရိမ်တကြီးဖြင့် သူ့ရင်ခွင်ထဲမှ ရုန်းထွက်ရန် ပြင်လိုက်သည်။

"ခဏလွှတ်ဦး... အခန်းထဲ သွားနားရအောင် ဆိုင်ပိတ်လိုက်ဦးမယ်။"

"မလွှတ်ချင်သေးဘူး... ဒီအတိုင်းလေး ခဏလောက် နေပါရစေဦး။"

သူက ပို၍ပင် တင်းကျပ်စွာ ဖက်တွယ်လာ၏။

"ခေါင်းမာမနေနဲ့လေ။ နင့်တစ်ကိုယ်လုံး ပူကျစ်နေတာကို။ ဆေးသောက်ပြီး နားမှ ရမှာပေါ့။"

ထိုအခါမှ သန့်ဇင်လင်း သူမကို ဖက်ထားရာမှ အနည်းငယ် ခွာပေးလိုက်၏။ သို့သော် သူမ ခါးပေါ်မှ လက်များကိုတော့ မဖယ်သေးပဲ သူ့မျက်လုံးတွေက ရှင်ငြိမ်း မျက်နှာတစ်ပြင်လုံးကို စူးစိုက်ကြည့်နေပြီး နောက်ဆုံးတွင် ခုနက စစ်မက်ရှင်ရဲ့ အနမ်းများကြောင့် နီရဲဖောင်းအစ်နေသော ရှင်ငြိမ်း နှုတ်ခမ်းဖူးဖူးလေးများဆီသို့ အကြည့်တွေ ရပ်တန့်သွားလေသည်။

အဲ့သူတောင်းစားကိုလည်း သတ်ပစ်ချင်တာ။

ဘယ်သူ့အပိုင်ကို လာထိတာလဲ။

"ကျွန်တော်က ဆေးသောက်ပြီး နားရုံနဲ့ မပျောက်နိုင်လောက်ဘူး ... တခြား အထူးကုသမှုလေး လိုနေသေးတယ်။"

"ဟင် ... ဘာအထူးကုသမှုလဲ။ ဆေးရုံ သွားမလို့လား။"

ရှင်ငြိမ်း မျက်လုံးလေး အဝိုင်းသားနှင့် ပြန်မေးလိုက်လျှင် သူက ခေါင်းရမ်းပြကာ ...

"ဟင့်အင်း... ဆေးရုံသွားစရာ မလိုဘူး။ ကျွန်တော့် ဆရာဝန်မလေးက ဒီမှာပဲ ရှိနေတာကို။"

ပြောပြောဆိုဆိုနှင့် သူမ ခါးလေးကို ဆွဲဖက်လိုက်ရင်း သူမ မျက်နှာနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်၏။

"သန့်... သန့်ဇင်လင်း..."

ရှင်ငြိမ်း ရင်တွေ အဆမတန် ခုန်လာကာ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရသည်။ အခြေအနေကို ရိပ်မိလိုက်သော်လည်း မရှောင်မိပဲ သူ့ရဲ့ ပူနွေးနေသော နှုတ်ခမ်းများက ရှင်ငြိမ်း နှုတ်ခမ်းများပေါ်သို့ နူးညံ့စွာ ကျရောက်လာတော့၏။

"အွန့် ... ပြွတ်စ် ပြွတ်စ် အွန်း ပြွတ် '"

သန့်ဇင်လင်း သူမ နှုတ်ခမ်းလွှာလေးများကို ညင်သာစွာ စုပ်ယူနမ်းရှိုက်ရင်း ဟိုကောင်ရဲ့ အငွေ့အသက်များကို ဖယ်ရှားပစ်လိုက်သည်။

"ပြွတ်စ်... အွန်း..."

သူ့အနမ်းတွေက တဖြည်းဖြည်းနဲ့ ပိုမို နက်ရှိုင်းလာကာ အဖျားရှိန်ကြောင့် ပူလောင်နေသော သူ့အသက်ရှူငွေ့များက ရှင်ငြိမ်း ပါးပြင်ပေါ်သို့ ရိုက်ခတ်နေပြီး ရှင်ငြိမ်း လက်နှစ်ဖက်ကလည်း သူ့လည်တိုင်ကို အလိုအလျောက် သိုင်းဖက်လိုက်မိတော့သည်။

အချိန်အတော်ကြာ နမ်းရှိုက်ပြီးမှ သန့်ဇင်လင်း အနမ်းတွေကို ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်ပြီး သူ့နဖူးနှင့် သူမ နဖူးလေးကို တေ့ကပ်ထားလိုက်၏။

"ချစ်တယ် ... ဘာတွေပဲဖြစ်ဖြစ် ကျုပ်အနားမှာပဲ နေပေးပါ။ "

"အင်းပါ... အခုတော့ ဆိုင်တံခါး သွားပိတ်ပေး။

ပြီးရင် အထဲဝင်မယ်။ နင် တကယ် ဆေးသောက်ဖို့ လိုနေပြီ။"

ရှင်ငြိမ်း ရှက်သွေးဖြာနေသော မျက်နှာလေးကို သူ့ရင်ခွင်ထဲ အတင်းအပ်ကာ တိုးတိုးလေး ပြောလိုက်၏။

"အဟက် ... ဟုတ်ပါပြီဗျာ။ "

သန့်ဇင်လင်း သဘောကျစွာ ရယ်လိုက်ပြီး သူမ နဖူးလေးကို ခပ်ဖွဖွ တစ်ချက် ထပ်နမ်းလိုက်၏။

ဆိုင်တံခါး ပိတ်ပြီးသည်နှင့် သူနှင့် ရှင်ငြိမ်း အပေါ်ထပ် တက်ခဲ့လိုက်၏။

ဆိုင်ဖွင့်ဖို့က စောသေးပြီး ဝန်ထမ်းတွေလည်း မရောက်သေးတာကြောင့် စိတ်ဖြောင့်ဖြောင့်ပဲ တက်လာခဲ့လေသည်။

ဝန်ထမ်းတွေရောက်လာလည်း သူတို့မှာ သော့အပိုရှိတာကြောင့် အဆင်ပြေပါသည်။

ရှင်ငြိမ်း အခန်းထဲရောက်သည်နှင့် သူ့ကို ဆေးတိုက်ဖို့ ပြင်ရတော့သည်။

သန့်ဇင်လင်းကတော့ သူမ အခန်းထဲရောက်သည်နှင့် ရုပ်ရှင်တွေထဲကလို သူမမှာ သူနဲ့ရတဲ့ကလေးများ ရှိနေမလားလို့ အခန်းထဲ ဝေ့ဝိုက်ရှာကြည့်လိုက်မိ၏။

ဒါပေမယ့် အခန်းထဲမှာ ဘယ်သူ့ကိုမှ မတွေ့ရပါ။

"ဘာတွေရှာနေတာလဲ။"

ရှင်ငြိမ်း ဆေးနှင့် ရေယူလာပေးရင်း ကဏာမငြိမ်ဖြစ်နေတဲ့ သူ့အားကြည့်ကာ မေးလိုက်၏။

"ဟင် ... ဟို ကလေး..."

"ဟမ် ... ဘာကလေးလဲ။"

"ဟိုလေ ... ခင်ဗျားမှာ ကျွန်တော်နဲ့ရတဲ့ ကလေးများ ပါသွားမလားလို့။ "

"အို... ဘာကလေးမှ မရှိပါဘူး။

ရှိရင် နင်ရောက်နေတာပဲ ကြာလှပြီ တွေ့မှာပေါ့။"

"မသိဘူးလေ...ကျွန်တော်တွေ့မှာစိုးလို့ ဖွက်များထားသလားလို့။ "

"ဟယ်... ပေါက်ပေါက်ရှာရှာ။ တကယ် ဘာကလေးမှ မရှိဘူး။ "

"ဟာဗျာ... ကျွန်တော်က ကျွန်တော် ကလေးအဖေ ဖြစ်နေလောက်ပြီလို့ ထင်နေတာ။ ကျွန်တော် မစွမ်းလို့ ထင်တယ်..."

"အို..."

ရှင်ငြိမ်း မျက်နှာလေး ချက်ချင်း ရဲခနဲ ဖြစ်သွားကာ တစ်ကိုယ်လုံး ပူထူသွားရတော့သည်။

"နင်နော်... ပါးစပ်က ဘာတွေ လျှောက်ပြောနေတာလဲ"

ရှင်ငြိမ်း သူ့လက်မောင်းကို ခပ်နာနာလေး တစ်ချက် လှမ်းရိုက်လိုက်လျှင် သူက ရှင်ငြိမ်း ရိုက်လိုက်သည့် နေရာလေးကို ပွတ်ရင်း သဘောကျစွာဖြင့် အသံထွက်သည်အထိ ရယ်နေတော့သည်။

"ရှင်ငြိမ်း... ကျွန်တော် တည်းခိုခန်းကို ပြန်မသွားတော့ဘူးနော်။"

"ဟင်...ဘာလို့လဲ... ပိုက်ဆံတွေ ရှင်းပြီးသားမလား။ ပစ္စည်းတွေကရော။ "

"ပိုက်ဆံက ဘာမှမဖြစ်ပါဘူး။

ပစ္စည်းတွေက မနက်ဖြန်မှ သွားယူမယ်။ ကျုပ်က အခု ဒီမှာပဲ နေတော့မှာ။"

"အို... မရပါဘူး။"

ရှင်ငြိမ်း ချက်ချင်းပင် ငြင်းလိုက်သည်။ ဘယ်လိုလုပ် ရမှာလဲ။ အခန်းကလည်း ဒီလောက် ကျဉ်းကျဉ်းလေးကို။

"ဘယ်လိုလုပ် ရမှာလဲ ... နေရာက ကျဉ်းကျဉ်းလေး ပြီးတော့ သူများတွေ မြင်ရင် ဘယ်လိုပြောကြမလဲ။ "

"ဘာဖြစ်လဲဗျာ။

ကိုယ့်မိန်းမအိမ် ကိုယ်လာနေတာ ဘယ်သူ့ ဂရုစိုက်စရာလိုလို့လဲ။ မဟုတ်ရင်လည်း အကုန်လုံးကို ကျွန်တော်တို့က လင်မယားတွေပါဆိုပြီး လိုက်မိတ်ဆက်လိုက်မယ်လေ။ "

"ဟယ် ... နင်မရှက်တတ်ဘူးလား။ "

"ဘာရှက်စရာ ရှိလို့လဲ။ မသိဘူး... မပြန်ဘူး။ ကျုပ်က အခု ဖျားနေတဲ့ လူမမာလေ။ ခင်ဗျားက နေမကောင်းတဲ့ ယောကျ်ားကို တစ်‌ယာက်တည်း ပစ်ထားရက်တယ်ပေါ့လေ..."

အသံကို တမင် သနားစရာကောင်းအောင်နေ လုပ်ပြောနေမှန်း ရှင်ငြိမ်း သိပါသည်။

ဟွန့် ... တကယ် ဒရာမာကင်း။

ဘယ်တုန်းကဘအခုလောက် ပလီတတ်သွားမှန်းကို မသိပါ။

ခုနကကျတော့ လူတစ်ယောက်လုံးကို ထိုးကြိတ်လာနိုင်ပြီး အခုမှ လူမမာတဲ့လား။

"ထပါ... သန့်ဇင်လင်းရဲ့။ ဒီမှာက နင်အိပ်ဖို့ နေရာတောင် မရှိဘူးလေ။ ပြန်ပါနော်... မနက်ဖြန်ကျမှ လာခဲ့။"

ရှင်ငြိမ်း သူ့အနားသို့ တိုးသွားကာ ကုတင်ပေါ်တွင် လှဲနေသော သူ့လက်မောင်းတစ်ဖက်ကို အတင်း ဆွဲထူရန် ကြိုးစားလိုက်လျှင် ...

"အား... မထနိုင်တော့ဘူး။ လူက တကယ် နုံးနေပြီ..."

သူက ကိုယ်လုံးကြီးကို အတင်း လျော့ချထားကာ ရှင်ငြိမ်း ဘယ်လိုမှကို ဆွဲထူလို့မရ။

"ကျစ်... သန့်ဇင်လင်း "

"ဘာလဲ ... မပြန်ဘူးဆို မပြန်ဘူးပဲဗျာ"

ပြောပြောဆိုဆိုနှင့် သန့်ဇင်လင်း သူ့ကို ဆွဲထားတဲ့ သူမ လက်ကို ဆတ်ခနဲ အောက်သို့ ပြန်ဆွဲချလိုက်ရာ...

"အို..."

ရှင်ငြိမ်း တစ်ကိုယ်လုံး အရှိန်ဖြင့် ပါသွားကာ သူ့ ရင်ခွင်ကျယ်ကြီးထဲသို့ ပစ်ကျသွားတော့သည်။

"အာ့..."

သန့်ဇင်လင်း သူမ ကိုယ်လုံးလေးကို အမြန် ပွေ့ဖက်ထားလိုက်ပြီး သူ့မေးဖျားလေးက သူမပခုံးလေးပေါ်သို့ ကျရောက်သွား၏။

"လွှတ်... "

"မလွှတ်ဘူး... ကျုပ်ကို ပြန်မလွှတ်ပါနဲ့တော့ ရှင်ငြိမ်းရယ်။"

သူ့အသံက ခုနကလို ကလေးဆန်ဆန် ဂျစ်တိုက်နေတဲ့ လေသံမဟုတ်တော့ပဲ တကယ့်ကို လေးနက်ကာ တောင်းဆိုနေသည့် လေသံမျိုး ဖြစ်သွားပြန်သည်။

အမျိုးမျိုး ပြောင်းလည်းပြောင်းနိုင်လွန်းတယ်။

"ကျုပ် ခင်ဗျားကို မခွဲနိုင်တော့လို့ပါ။ ခင်ဗျားမရှိတဲ့ အချိန်တွေမှာ ကျုပ် ဘယ်လောက်တောင် အထီးကျန်နေခဲ့ရလဲ ခင်ဗျား မသိပါဘူး။ "

"ကျစ် ... ပြီးရော... ဒါပေမယ့်..."

"အွန်း ... ဒါပေမယ့်... ဘာဖြစ်လဲ ဟင်။"

"ဒီကုတင်ပေါ်မှာ ငါပဲ အိပ်မှာ။ နင်က အောက်က ကြမ်းပြင်မှာ အိပ်ရမှာနော်။"

"ဟာဗျာ..."

သန့်ဇင်လင်း ချက်ချင်းပင် ခေါင်းထောင်လာပြီး သူမကို မကျေမနပ် ကြည့်ကာ...

"မိန်းမက ကုတင်ပေါ် ယောက်ျားက ကြမ်းပြင်ပေါ်မှာ အိပ်ရမယ်လို့ ဘယ်ဥပဒေမှာ ပါလို့လဲဗျ။ တရားဝင် လင်မယားတွေပဲ... တူတူအိပ်မှာပေါ့။ မရဘူး... ကျွန်တော့် မယားလေးကို ဖက်အိပ်မှာ။"

ပြောပြောဆိုဆိုနှင့် သန့်ဇင်လင်း သူမကို ပိုမို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူမပါးပြင်လေးကို အသံမြည်အောင် နမ်းရှိုက်ပစ်လိုက်လေသည်။

"ပြွတ်စ်... "

"အို... နင်ကတော့လေ... ဒါဘာဖျားတာလဲ။ လွှတ်စမ်းပါ..."

ရှင်ငြိမ်း သူ့ရင်ဘတ်ကို တွန်းဖယ်ရင်း ပြောလိုက်သော်လည်း နှုတ်ခမ်းထောင့်များကတော့ တားမရ ဆီးမရ ကွေးတက်နေလေပြီဖြစ်၏။

အပိုင်း (၅၈) ဆက်ရန် ...(အင်း ... အချိုလေးတွေလာတော့မှာပါ။

ရှည်လျားထွေပြား အီဆောင့်နေအောင် ဆက်ဖတ်ချင်သေးလား။

ပျင်းနေပြီလား။)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅၆) နောက်အခန်း - အပိုင်း (၅၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ