"ပြော ... အခုပြောတော့ ကျုပ်ကို ဘာလို့ပစ်သွားတာလဲ ပြော..."
"..."
"မေးနေတယ်လေ ... ဖြေလေ ခင်ဗျား။ နောက်တစ်ယောက်ရှိသွားလို့လား။"
"ဘာ ..."
သူ့စကားကြောင့် ရှင်ငြိမ်း မျက်ရည်များကြားမှပင် မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိ၏။
ဘယ်သူက ဘယ်သူ့ကို ပြောရမယ့်စကားလဲ။
"နင်လည်း ငါ့ကိုမချစ် ငါလည်း နင့်ကိုမှမချစ်ပဲ ကွာရှင်းလိုက်ကြတာ အကောင်းဆုံးမလား။"
"ဘာကိုအကောင်းဆုံးလဲ။"
သန့်ဇင်လင်း ချက်ချင်းပင် ဒေါသတကြီး ပြန်အော်လိုက်ပစ်သည်။
ဘာစောက်အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေတွေ လာပေးနေတာလဲ အခု ...
"နင်လည်း ငါ့ကိုမှ ချစ်တာမှမဟုတ်တာ။ နင်ချစ်တဲ့သူကို နင် ..."
"ဘယ်သူပြောလဲ "
သူ့အော်သံကြောင့် ရှင်ငြိမ်း လန့်သွားကာ ပခုံးလေး တွန့်သွားရသည်။
"ဟင်..."
"ခင်ဗျားကို မချစ်ဘူးလို့ ဘယ်သူပြောလဲလို့။ "
သန့်ဇင်လင်း သူမအနားသို့ နောက်တစ်လှမ်း ထပ်တိုးသွားလိုက်ပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ မေးလိုက်သည်။
"နင်... နင်ပဲလေ..."
ရှင်ငြိမ်း အသံလေးတွေ တုန်ရီနေခဲ့သည်။
ထိုကိစ္စတွေ ရှင်ငြိမ်း ထပ်ပြီး အစဖော်ဖို့ ကြောက်ရွံ့နေမိ၏။
"ခင်ဗျားကို မချစ်ပဲ ကျုပ်က ဘာကိစ္စယူမှာလဲ။"
"ဒါတော့ လူကြီးတွေ သဘောတူလို့..."
"တော်စမ်းပါ ... အဲ့လို စောက်အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်နဲ့ ယူရအောင် ကျုပ်က ခင်ဗျားမဟုတ်ဘူး။"
"အဲ့တာဆို..."
"မကွာပေးနိုင်ဘူး ... စောက်ရမ်းချစ်တာ သိလား။"
"အဲ့တာဆို နင်ဘာလို့ ဖောက်ပြန်တာလဲ။"
"ဖောက်ပြန်တယ် ... ကျုပ်က ဘယ်တုန်းကလဲ။"
သန့်ဇင်လင်း နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်တော့ ရှင်င်ငြိမ်း မျက်နှာလွှဲပစ်လိုက်ကာ ...
"မဟုတ်ဘူး ... ဖောက်ပြန်တာမဟုတ်ဘဲ ငါက ဒုတိယများဖြစ်နေတာလား။ ဟုတ်တယ်မလား။"
"ကျစ် ... ဒေါ်ရှင်ငြိမ်း ... ခင်ဗျားကျုပ်ကို ဘာတွေပြောနေတာလဲ။"
သန့်ဇင်လင်းက စိတ်မရှည်တော့သလို ဆံပင်တွေကို လက်ဖြင့် ဆွဲဖွပစ်လိုက်သည်။
"နင့်မှာ မိန်းမရော ကလေးတစ်ယောက်ပါ ရှိနေတာလေ။"
"ဘာ ... ဘယ်က မိန်းမနဲ့ ကလေးလဲ။ ကျုပ်မိန်းမက ခင်ဗျားလေ "
သန့်ဇင်လင်း မျက်လုံးများ ပြူးကျယ်သွားပြီး
ေအာ်ပစ်လိုက်သည်။
သူတို့နှစ်ယောက်ကြားမှာ ဘာတွေလွဲနေတာလဲ။
"နင်ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့။ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ။"
"လုပ်ပြီကွာ ... ခင်ဗျားက ဘာတွေမြင်ခဲ့ပြီး ကျုပ်ကို ဘာတွေ လာစွပ်စွဲနေတာလဲ။"
"ကစားကွင်းမှာလေ... မင်းက ကလေးတစ်ယောက်ကိုချီပြီး ဘေးက မိန်းမတစ်ယောက်နဲ့ အတူတူ... ပျော်နေခဲ့တာ။"
ပြောရင်းဆိုရင်း ရှင်ငြိမ်း လည်ချောင်းထဲတွင် တစ်ဆို့လာပြီး အသံများ တိမ်ဝင်သွားရသည်။
ကြိုးစားပြီး မေ့ပစ်ထားခဲ့ရတာတွေကို အစဖော်နေရပြန်ပြီ။
"ဟင်..."
"ညညဆိုလည်း နင့် အဲ့မိန်းမဆီ ထွက်ထွက်သွားတာ ငါမသိဘူး ထင်နေလား။"
ရှင်ငြိမ်း စကားလည်း ဆုံးရော သန့်ဇင်လင်း မျက်နှာပေါ်မှ ဒေါသတွေက ချက်ချင်း ပျောက်ကွယ်သွားပြီး ပြုံးစစဖြစ်သွားရသည်။ ထို့နောက် သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်ပြီး...
"ကျစ် ... ဒေါ်ရှင်ငြိမ်းတို့ကတော့ လုပ်ပြီ။ ငရဲတွေတော့ ကြီးကုန်တော့မှာပဲ။ အဲ့ဒါ ကျွန်တော့်အစ်ကိုရဲ့ မိန်းမ ... မဟုတ်ဘူး ကွဲနေတဲ့ မိန်းမလို့ ပြောရမလား။ ပြီးတော့ ညညဆို ထထသွားတယ်လို့ မပြောပါနဲ့၊ နှစ်ညတည်းပါဗျာ။ ကလေးနေမကောင်းလို့ ... အဲ့တာလည်း ဟို အစ်ကိုဆိုတဲ့ကောင်ကို ခေါ်ပေးပြီး ပစ်ထားခဲ့တာ။"
"ဟင်..."
ရယ်သံစွက်ကာ ပြန်ပြောလာတဲ့ သူ့စကားတွေကြောင့် ရှင်ငြိမ်း မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရသည်။
"ဟင် ... မင်းအစ်ကိုက လူပျိုကြီးမဟုတ်ဘူးလား။"
"ဘာလူပျိုလဲ... ရရစ်နဲ့ 'ပြို' တဲ့ လူပြိုကြီး။"
သန့်ဇင်လင်းက မဲ့ရွဲ့ကာ ပြောလိုက်သည်။
"အို ... အဲ့တာဆို..."
"ဟုတ်တယ် ... အဲ့အစ်ကိုဆိုတဲ့ကောင်က အကူအညီတောင်းလို့ ... သူ့ဟာသူ သူ့မယားနဲ့ ပြန်ပေါင်းချင်တာကို အဖြစ်မရှိဘဲ သူများကို လာချောဆွဲတာလေ။ အခု သူတို့လည်း ပြန်ပေါင်းနေကြပြီ။ သူများအကျိုးဆောင်တာ ကိုယ့်အကျိုးပြောင်တော့မယ်။"
အဖေက အစ်ကို့ကို မရီးနဲ့ သဘောမတူခဲ့တာကို အစ်ကိုက နောက်တော့ သဘောတူသွားမယ်ထင်ပြီး အတင်းယူခဲ့ပေမယ့် ခေါင်းမာတဲ့အဖေကလည်း လုံးဝအလျှော့မပေးတော့ နောက်ဆုံး သားလိမ္မာလေးအစ်ကိုက သူ့မိန်းမနဲ့ကွဲသွားတော့သည်။
သူတို့ ကွဲသွားပြီးမှ မရီးမှာ ကိုယ်ဝန်ပါသွားတာကိုသိပြီး အကိုက သွားတောင်းပန်ပြီး ပြန်ပေါင်းဖို့လုပ်ပေမယ့် မရီးက လုံးဝလက်မခံတော့ပေ။
အဲ့တော့ ဒီကောင်ကြီးက မြှားနတ်မောင် ဝင်လုပ်ခဲ့ရတာပေါ့။
အခုတော့ သူတို့လည်း ပြန်ပေါင်းနေပြီဖြစ်သလို အဖေကလည်း သူ့မြေးမျက်နှာနှင့် မရီးကိုလည်း ကြည်ဖြူနေပါပြီ။
အခုဆို မရီးက နောက်တစ်ဗိုက်တောင် ရနေပြီဖြစ်၏။
သူတို့သာ ...
အဲ့အစ်ကိုဆိုတဲ့ကောင်ကိုသာ သူပိတ်ပိတ်ပြီး သွားထိုးပစ်လိုက်ချင်ပါသည်။
ဒါတွေအားလုံးက သူ့ကြောင့်။
"..."
ရှင်ငြိမ်း နှုတ်ဆိတ်နေမိသည်။ ရင်ထဲတွင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသလို ရှက်သလိုလို ဖြစ်လာရ၏။
အဲ့ဒါဆို... ရှင်ငြိမ်း ထင်နေခဲ့တာတွေ အားလုံးက အလွဲကြီး လွဲနေခဲ့တာပေါ့။သူမ ဘာတွေ လုပ်ခဲ့မိတာလဲ။
"ဘာလဲ မယုံသေးဘူးလား။ ဖုန်းဆက်မေးပေးရမလား။"
သန့်ဇင်လင်းက ပြောပြောဆိုဆိုနှင့်ဖုန်းကို ထုတ်လိုက်လျှင် ...
"အို ... အဲ့လိုတော့မလုပ်ပါနဲ့ အားနာစရာ။"
ရှင်ငြိမ်း အလန့်တကြား တားလိုက်ရ၏။
"ဘာမှ အားနာစရာမလိုဘူး။ အခု ပြဿနာက သူတို့ကြောင့်ဖြစ်တာ။ သူတို့ ဖြေရှင်းပေးရမယ်။"
"မဆက်ပါနဲ့ဆို..."
ရှင်ငြိမ်း သူ့လက်ကို လှမ်းဆွဲလိုက်သည်။
ရှက်စရာကြီးမလား။
"နေဦး ... သူတို့မိသားစုပုံ ကျုပ်ဆီမှာရှိတယ်။ ပြမယ်။"
ပြောပြောဆိုဆိုနှင့် သူ့ဖုန်းကို ဖွင့်ကာ သူ့အစ်ကို မိသားစုပုံနှင့် မင်္ဂလာဆောင်တုန်းကပုံတွေကို ထုတ်ပြလေသည်။ ဖုန်းစခရင်ပေါ်မှ ပုံတွေကို ကြည့်ရင်း ရှင်ငြိမ်း တစ်ကိုယ်လုံး အားအင်တွေ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။
ဟုတ်တယ်... ပုံထဲက အမျိုးသမီးက သူနဲ့အတူ သူမ တွေ့ခဲ့တဲ့ အမျိုးသမီးပဲ။ ရှင်ငြိမ်း အထင်လွဲခဲ့မိတာပဲ။
"အဲ့ဒါဆို... ကလေးအဖေနာမည်မေးတော့ ကလေးက ဘာလို့ မင်းနာမည်ပြောတာလဲ။"
ရှင်ငြိမ်း နောက်ဆုံး လက်ကျန် သံသယလေးကို
မေးလိုက်မိသည်။
"ဟ ... ဇင်မင်းခန့်ကလား။ သူက ကျွန်တော့်နာမည်တော့ မပြောလောက်ပါဘူး။ သူ့အဖေနာမည်က သန့်ဇင်မင်းလေ။ ခင်ဗျားဟာ ခင်ဗျား နားကြားလွဲပြီး လူကို လာစွပ်စွဲနေတာနေမှာပေါ့။"
"အို..."
ဖြစ်နိုင်ပါသည်။ အဲ့အချိန်က သံသယတွေနဲ့ ရှင်ငြိမ်း ထူပူနေခဲ့တာကြောင့် အကုန်ရှုပ်ကုန်ခဲ့တာ။
"သဝန်တိုရင်လည်း...သဝန်တိုရင်လည်း အဲ့နေရာမှာတင်ဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ကျွန်တော့်ကို ထုရိုက်ပြီး ပေါက်ကွဲလိုက်ပါလား ... ဒီကောင်က ခင်ဗျား သဝန်တိုတာ ခံချင်နေတဲ့ကောင်ပါ။ "
"..."
"အခုတော့... ဘာမပြော ညာမပြောနဲ့... လူကို ရက်ရက်စက်စက် ပစ်ထားခဲ့တယ်။ "
ပြောရင်းဆိုရင်း သန့်ဇင်လင်း မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။
"ဟင်..."
သန့်ဇင်လင်းက အခု ငိုနေတာတဲ့လား။
"သန့်... သန့်ဇင်လင်း..."
သူ့အနားသို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်ကာ မျက်ရည်များ စီးကျနေသော သူ့ပါးပြင်ကို အသာ လှမ်းကိုင်လိုက်၏။
သူ့ပါးပြင်က အဖျားရှိန်ကြောင့် ပူနေသည်။
"ငါ... ငါ တောင်းပန်ပါတယ်... "
"..."
သူမ လက်ဖဝါးလေးက သူ့ပါးပြင်ပေါ်သို့ ထိတွေ့လာလျှင် သန့်ဇင်လင်း သူမ လက်ကလေးကို ပြန် ဆုပ်ကိုင်လိုက်ပြီး သူမ ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲသို့ အတင်း ဆွဲပွေ့ဖက်လိုက်တော့သည်။
"အို..."
" တောင်းပန်စရာ မလိုဘူး။ ခင်ဗျားသာ ကျုပ်အနားကနေ ထပ်မထွက်သွားရင် ရပြီ။ ဘာအကြောင်းပြချက်နဲ့မှ ကျုပ်ကို ထပ်ပြီး မပစ်သွားပါနဲ့တော့။"
သူ့အသံက ရှင်ငြိမ်း ပခုံးစွန်းလေးဆီမှ တိုးရှရှ ထွက်ပေါ်လာသလို သူ့လက်တွေကလည်း ရှင်ငြိမ်း ခါးလေးအား တင်းကျပ်နေအောင် ဖက်တွယ်ထားလေသည်။
ထိုအခါ ရှင်ငြိမ်းလည်း သူ့ကို ပြန်လည် သိုင်းဖက်လိုက်မိ၏။ သူ့ရဲ့ပူနွေးနေသော ကိုယ်ငွေ့နှင့် အတူ ရင်ခုန်သံပြင်းပြင်းတို့ကို သူမ ခံစားနေရပါသည်။
"အင်းပါ... မသွားတော့ပါဘူး။ "
ရှင်ငြိမ်း သူ့ရင်ခွင်ထဲသို့ မျက်နှာလေး အပ်ကာ တိုးတိုးလေး ကတိပေးလိုက်မိသည်။
"ကျေးဇူးပါ ... ကျေးဇူးပါ။ "
ခပ်တိုးတိုးလေးဆိုလိုက်ပြီး သန့်ဇင်လင်း နှုတ်ခမ်းထောင့်လေးက ခပ်ဟဟ ကွေးတက်သွားလေသည်။ သူ့ကို သဝန်တိုပြီး ထွက်သွားခဲ့တာဆိုတော့ သူမလည်း သူ့ကို ချစ်နေသေးတာမလား။
"ကျွန်တော် ပြောစရာကျန်သေးတယ်။ "
ရင်ခွင်ထဲက သူမကိုယ်လုံးလေးအား ဖြည်းဖြည်းချင်းထုတ်ပေးကာ ပြောလိုက်လျှင် သူမက မျက်လုံးအဝိုင်းသားလေးနှင့် မော့ကြည့်လာ၏။
" ခင်ဗျားကို ကျွန်တော်ချစ်တာ အခုမှ မဟုတ်ဘူး။ ကျောင်းကတည်းက"
"ဟင်..."
"ဟုတ်တယ်... ခင်ဗျားကို အမြဲတမ်း ခိုးကြည့်နေခဲ့ရတာ။ ခင်ဗျားကသာ စာအုပ်တွေနဲ့ အမြဲရှုပ်နေလို့ ကျွန်တော့်ကို မမြင်ခဲ့တာ။"
ပြောရင်းဆိုရင်း သန့်ဇင်လင်း သူ့အင်္ကျီကြယ်သီးများကို တစ်လုံးချင်း ဖြုတ်ချလိုက်ကာ ...
"ဒီမှာ ဘာလဲ တွေ့လား။"
"ဟင်..."
ရှင်ငြိမ်း မျက်လုံးလေးများ ပြူးကျယ်သွားရကာ ပါးစပ်လေး ဟသွားရသည်။ သူ့ရဲ့ ဘယ်ဘက်ရင်အုံတွင် ရှင်ငြိမ်းရဲ့ မျက်နှာပုံ တက်တူးလေးကို တွေ့လိုက်ရတာကြောင့်ပင်။
"မြင်လား... အဲ့တက်တူးကို ကျွန်တော် ခင်ဗျားကို စချစ်ကတည်းက ထိုးခဲ့တာ။
၉တန်း ကျောင်းသားဘဝကတည်းက။ "
"ဟင် ... ငါလည်း မသိရပါလား..."
"ဘယ်သိမလဲ... ခင်ဗျားက အတူနေတိုင်း ရှက်ပြီး မျက်လုံးကြီးပဲ ဇွတ်မှိတ်ထားတာကို။ ကိုယ့်ယောက်ျားခန္ဓာကိုယ် ဘယ်နေရာ ဘာရှိတယ်ဆိုတာရော သိရဲ့လား။"
သန့်ဇင်လင်း သူမ မျက်နှာနားသို့ ငုံ့ကိုင်းလိုက်ပြီး လေသံတိုးတိုးလေးဖြင့် ကလူ၏မြူ၏လုပ်ကာ ပြောလိုက်လျှင် ...
"အို... အဲ့တာမျိုးက သိစရာမှမလိုဘဲ။"
ရှင်ငြိမ်း မျက်နှာလေး ရဲခနဲ ဖြစ်သွားကာ အမြန် မျက်နှာလွှဲလိုက်မိသည်။
"ကျုပ်ကတော့ အကုန်သိတယ်။"
သန့်ဇင်လင်း ပြုံးစိစိနှင့် မျက်စပစ်ပြလိုက်ကာ သူမ နားသယ်စပ်နားသို့ ကပ်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ခင်ဗျားရင်သားမှာနဲ့... ဟိုနေရာမှာ မှဲ့ပါတယ်... အဲ့တာကြောင့် ကျွန်တော် ခင်ဗျားကို ဒီလောက် စွဲနေမိတာထင်တယ်။"
"အို... မင်းနော် "
ရှင်ငြိမ်း ရှက်လွန်းလို့ မျက်နှာတစ်ခုလုံး ပူထူသွားကာ သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ခပ်ဖွဖွ လှမ်းထုလိုက်မိတော့သည်။ သန့်ဇင်လင်းကတော့ သူမ လက်သီးဆုပ်လေးကို ဖမ်းဆုပ်လိုက်ပြီး သဘောကျစွာဖြင့် အသံထွက်သည်အထိ ရယ်မောလိုက်၏။
အပိုင်း (၅၇) ဆက်ရန်...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)