Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၅၂)

"မမ..."

"မင်း ဘာလာလုပ်တာလဲ ... ဆိုင်မှာ ဧည့်သည်တွေလည်း ရှိတယ်။ မနေ့ကလို ထပ်ပြီး သောင်းကျန်း

မလို့ ဆိုရင်တော့ အခုချက်ချင်း ပြန်ပါ..."

ရှင်ငြိမ်း ခပ်တည်တည်နှင့်ပြောလိုက်လျှင်

စစ်မက်ရှင် ခေါင်းကို ခပ်သွက်သွက် ရမ်းလိုက်ရင်း...

"မဟုတ်ပါဘူး မမရဲ့။ ကျွန်တော် မမကို တောင်းပန်ချင်လို့ လာတာပါ။ မနေ့က ကျွန်တော် လူတွေအများကြီးရှေ့မှာ မမကို အရှက်ရစေခဲ့မိတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ မမရယ်...နော် "

စစ်မက်ရှင် စကားကြောင့် ရှင်ငြိမ်း သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်ကာ ...

"စစ်မက်ရှင် ... မင်းက တို့အပေါ် ကောင်းခဲ့တာတွေ အများကြီးမို့ တို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းကို တို့ အရင်ကတည်းက ပြောထားပြီးသားပါ။ မင်းက တို့အတွက် မောင်လေးတစ်ယောက်လိုပါပဲ။ အဲ့ဒီထက်ပိုပြီး ဘာမှ ဖြစ်မလာနိုင်သလို မင်းကိုလည်း တို့ကိစ္စတွေမှာ ဝင်မပါစေချင်ဘူး။ "

ရှင်ငြိမ်း စကားဆုံးသည်နှင့် စစ်မက်ရှင် လက်သီးဆုပ်လေးက တင်းခနဲ ဖြစ်ရသွားသည်။

ရင်ထဲမှာ မခံချိမခံသာ ဖြစ်သွားရသော်လည်း ယမမကို ထပ်ပြီး စိတ်မညစ်စေချင်တော့တာကြောင့် အံကိုကြိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ မမ။ နောက်ကို မမ

မကြိုက်တာ ဘာမှမလုပ်တော့ပါဘူး။"

ပြောပြီးသည်နှင့် စစ်မက်ရှင် လှည့်ထွက်သွားတော့သည်။ သူ ထွက်သွားမှ ရှင်ငြိမ်းလည်း ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိနှိပ်ကာ မှီချလိုက်မိ၏။

စိတ်မကောင်းဖြစ်ပြီး စိတ်ကောက်သွားမှာသိပေမယ့်

ပြဿနာဆိုတာ မဖြစ်ခင် တားတာ အကောင်းဆုံးပဲ

မလား။

ထိုအချိန်တွင်... ဆိုင်အပြင်ဘက်ရှိ ကားပါကင်တွင် ရပ်ထားသော ကားထဲမှ စူးရှသော မျက်ဝန်းအစုံက ဆိုင်ထဲက အဖြစ်အပျက် အားလုံးကို စောင့်ကြည့်နေခဲ့သည်ကိုတော့ ရှင်ငြိမ်း သတိမထားမိခဲ့ပေ။

သန့်ဇင်လင်း ညကတည်းက တစ်ရေးမှ မအိပ်ခဲ့ရတာကြောင့် မျက်လုံးများက နီရဲနေကာ လက်ချောင်းများကြားတွင် ညှပ်ထားသော စီးကရက်မှ မီးခိုးငွေ့များက ကားမှန်ပေါ်သို့ လွင့်ဝဲနေ၏။ ဟိုကောင် ဆိုင်ထဲမှ ထွက်သွားသည်ကို မြင်လိုက်ရတော့မှ သူ့နှုတ်ခမ်းထောင့်က ခပ်ဟဟ ကွေးတက်သွားလေသည်။

သန့်ဇင်လင်း စီးကရက်တိုကို ပစ်ချလိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့လိုက်သည်။

သူ ရှင်ငြိမ်းရှိတဲ့ ကောင်တာဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလျှင် ရှင်ငြိမ်းက သူ့ကိုမြင်သည်နှင့် ချက်ချင်းပင် မျက်နှာကို တင်းပစ်လိုက်ပြီး...

" မနေ့ကလို ထပ်ပြီး သောင်းကျန်းမလို့ ဆိုရင် အခုချက်ချင်း ပြန်ထွက်သွား။"

သူမရဲ့ အေးတိအေးစက် စကားကြောင့် သန့်ဇင်လင်း ခြေလှမ်းများ ရပ်တန့်သွားကာ မို့အစ်နေသော မျက်လုံးလေးများကို သူ သေချာ စိုက်ကြည့်လိုက်မိသည်။

ငိုထားတာပဲ ... သူ့ကြောင့် သူမ မျက်ရည်ကျရပြန်ပြီ။

သန့်ဇင်လင်း သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ပြီး ကောင်တာရှေ့ရှိ ခုံအမြင့်လေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ရှင်ငြိမ်း မျက်နှာကို မျက်တောင်မခတ်တမ်း ကြည့်ရင်း ...

"ကျုပ် ပြဿနာလာရှာတာ မဟုတ်ဘူး။ ကော်ဖီတစ်ခွက်လောက် ရမလား။"

"ဒီမှာ ကော်ဖီ မရဘူး။ "

"အဲ့ဒါဆိုလည်း ခင်ဗျား ချက်ထားတဲ့ ဟင်း တစ်ပွဲလောက် ချပေးပါ။"

"ငါ မချက်ဘူး။ စားဖိုမှူး ချက်တာ။"

"ရတယ်။ ခင်ဗျားဆိုင်က ဟင်းဆိုရင် ရပြီ။"

ရှင်ငြိမ်း ဘာဆက်ပြောရမှန်း မသိတော့တာကြောင့် အံကိုသာ ကြိတ်လိုက်ပြီး ဝန်ထမ်းကောင်မလေး တစ်ယောက်ကို လှမ်းခေါ်ကာ...

"ဟိုဘက်ထောင့်က ဝိုင်းမှာ ဧည့်သည်ကို အဆင်ပြေမယ့် မီနူးတစ်ခု‌ေလာက်ချပေးလိုက်ပါ။"

"ဟုတ်ကဲ့ မမ။"

ဝန်ထမ်းလေးက သန့်ဇင်လင်းကို နေရာချပေးရန် ခေါ်သော်လည်း သန့်ဇင်လင်းက ကောင်တာရှေ့က ခုံမှ

မထဘဲ ရှင်ငြိမ်းကိုသာ ဆက်ကြည့်နေကာ ...

"ဒီမှာပဲစားလို့မရဘူးလား။

နေရာဝယ်ဆိုရင်လည်း ဝယ်မယ်လေ။ "

"သန့်ဇင်လင်း..."

"အင်းပါ ... သိပါပြီ။

မောင်းမထုတ်နဲ့ ... ဟိုဝိုင်းမှာ သွားထိုင်ရင်

ရပြီမလား။ "

သန့်ဇင်လင်း ထောင့်ဘက်ရှိ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ပြီး လာချပေးသော ဟင်းပွဲများကို စားရင်း သူမကိုသာ လှမ်းကြည့်ကာ သူမအကြည့်‌ေတွက သူ့ဘက်ရောက်လာလျှင် မျက်လုံးမှိတ်ပြလိုက်၊ နှုတ်ခမ်းလေးကို စုကြုံ့ကာ မွချိလုပ်ပြလိုက်နှင့် လှမ်းစနေလိုက်သည်။

ဘယ်လောက်ကြည့်ကြည့် အလွမ်းကို မပြေနိုင်သေးပါ။

သူအလုပ်တွေအကုန်ပစ်ထားခဲ့တာကြောင့် သူ့အဖေနဲ့ အစ်ကိုက ဖုန်းတဂွမ်ဂွမ်ဆက်ကာ လှမ်းခေါ်နေပေမယ့် သူမသိချင်ယောင်ဆောင်ကာ ဆင်းမ်ကဒ်ပါ ထုတ်ထားလိုက်၏။

မိန်းမထက် ဘာမှအရေးမကြီးဘူး။

" နွယ်နီ ... ဟိုထောင့်က ဝိုင်းကို ဘေလ်သွားရှင်းပေးလိုက်တော့။"

သန့်ဇင်လင်းထိုင်နေတဲ့ ဝိုင်းကို မသိမသာမေးငေါ့ပြကာ လှမ်းပြောလိုက်သည်။

တစ်ဝိုင်းပြီးတစ်ဝိုင်းထပြန်သွားပေမယ့် သူကတော့ ဖင် ကျောက်ချထားသလို မပြန်နိုင်သေးပဲ တစ်နေကုန်ထိုင်နေတာကြောင့် ထပြောရတော့သည်။

နောက်ပြီး ထိုင်နေတာကလည်း သူ့ဟာသူ အေးဆေးထိုင်နေတာမဟုတ်ပဲ လူကိုစိုက်ကြည့်နေကာ လှမ်းလှမ်းစနေတာကြောင့် တော်တော်အမြင်ကပ်နေပြီဖြစ်၏။

"ဟုတ် မမ"

သို့သော် နွယ်နီ မရောက်ခင်မှာပင် သန့်ဇင်လင်း နေရာမှ မတ်တတ်ရပ်ကာ ကောင်တာဆီသို့ လျှောက်လာခဲ့ကာ ...

"ဘယ်လောက်ကျလဲ... "

"၃သောင်း၂ထောင် "

"ဟင်းတွေက စားလို့ကောင်းပါတယ်။ ဒါပေမဲ့... ကျုပ်ကတော့ ခင်ဗျားကိုယ်တိုင် ချက်ကျွေးတဲ့ ငံတူးတူး အရသာလေးတွေကို ပိုလွမ်းတယ်။"

သူ့စကားကြောင့် ရှင်ငြိမ်း ရင်ထဲ ဆစ်ခနဲဖြစ်သွားရသည်။

ရှင်ငြိမ်း အံကိုတင်းတင်းကြိတ်လိုက်ပြီး ပိုက်ဆံအမ်းရန် အံဆွဲကို ဖွင့်လိုက်ရင်း ...

"အဲ့ဒီအရသာကို ဘယ်တော့မှ စားခွင့်ရတော့မှာ မဟုတ်ဘူး။ အဲ့ဒီ ရှင်ငြိမ်းကလည်း မရှိတော့ဘူး။ "

"အဲ့ဒီလိုလား... ဒါပေမဲ့ ကျုပ်ကတော့ အချိန်ဘယ်လောက်ကြာကြာ အဲ့ဒီ ရှင်ငြိမ်းကို ကျုပ်အနား ပြန်ရောက်လာအောင် လုပ်မှာပဲ။ ခင်ဗျား ဘယ်လောက်ပဲ ရုန်းရုန်း ကျုပ်က အထပ်ထပ်ချည်နှောင်တော့မှာ။ "

သူမ မျက်နှာ‌နားလေးသို့ တမင်တိုးကပ်ကာ ပြောလိုက်၏။

"ပိုက်ဆံ ပြန်အမ်းစရာမလိုပါဘူး။

ကိုယ့်ယောက်ျားက ပိုက်ဆံက ကိုယ့်ပိုက်ဆံပဲ မဟုတ်ဘူးလား။ "

"ကျစ် ... နင် ..."

"အဟက် ... မေတ္တာတွေ ပိုနေပြန်ပါပြီ။ "

စိတ်တိုနေတဲ့ မျက်နှာလေးကိုကြည့်ကာ စခဲ့ပြီး အပြင်ရောက်မှ နှစ်နှစ်ခြိုက်ခြိုက် ရယ်ပစ်လိုက်သည်။

သူမ ထွက်သွားပြီးကတည်းက သူမရယ်ဖြစ်ခဲ့တာ တော်တော်ကြာနေပြီဖြစ်၏။

________________

ရှင်ငြိမ်း ဆိုင်အတွက် လိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသားငါးအချို့ ဝယ်ရန် ခြင်းတောင်းလေးဆွဲကာ မနက်ခင်းဈေးဘက်သို့ ထွက်လာခဲ့သည်။ ပါးစပ်မှ ထွက်ပေါ်လာသော အသက်ရှူငွေ့ ဖြူဖြူလေးများကို ငေးရင်း ဈေးသည်တွေရဲ့ ဆူညံသံတွေကြားထဲ လျှောက်လာစဉ်...

"မမ..."

ရင်းနှီးနေသော ခေါ်သံနှင့်အတူ ရှင်ငြိမ်း လက်ထဲက ဈေးခြင်းတောင်းလေးက ဆတ်ခနဲ လွတ်ထွက်သွား၏။ လှည့်ကြည့်လိုက်တော့ ပြုံးဖြီးဖြီး လုပ်နေသော စစ်မက်ရှင်။

"မနက်အစောကြီး တစ်ယောက်တည်း ထွက်လာရလား မမရဲ့ ... ကျွန်တော့်ကို ဖုန်းဆက်ရင် လာကြိုမှာပေါ့။ ပေး... ခြင်းတောင်း ကျွန်တော် သယ်ပေးမယ်။"

စစ်မက်ရှင် ခြင်းတောင်းကို ဆွဲယူကာ ပြောလိုက်၏။

ရှင်ငြိမ်း ဘာမှမပြောရသေးခင်မှာပင် နောက်ကျောဘက်မှ အသံတစ်ခုက ထွက်ပေါ်လာပြန်သည်။

"ငါ့မိန်းမ ပစ္စည်းတွေကို တခြားလူက ဝင်သယ်ပေးစရာ မလိုပါဘူး။"

ပြောပြောဆိုဆိုနှင့် သန့်ဇင်လင်း စစ်မက်ရှင် ကိုင်ထားသော ခြင်းတောင်းကို လှမ်းဆွဲလိုက်လေသည်။

စစ်မက်ရှင် မျက်နှာ ချက်ချင်း တင်းမာသွားပြီး ခြင်းတောင်းကိုလည်းမလွှတ်ပေးပဲ သန့်ဇင်လင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ...

"ခင်ဗျားက ဘာကိစ္စ ဒီရောက်နေတာလဲ။ "

"မင်း လက်ကို အခုချက်ချင်း လွှတ်လိုက်တာ ကောင်းမယ် ... ငါ့မိန်းမ ပစ္စည်းတွေ ငါပဲသယ်မယ်။ "

ဈေးအလယ်ခေါင်မှာ ခြင်းတောင်းတစ်လုံးကို ဟိုဘက်ဒီဘက် အပြိုင်အဆိုင် ဆွဲထားကြသော ယောက်ျားနှစ်ယောက်ကြောင့် ဘေးနားက ဈေးဝယ်သူတွေပင် လှည့်ကြည့်လာကြလျှင်

ရှင်ငြိမ်း သက်ပြင်း ချလိုက်မိပြီး အံတင်းတင်းကြိတ်လိုက်သည်။

ဟိုနေ့ကလို ဈေးထဲမှာသာ ထပ်ရန်ဖြစ်နေရင် ရှင်ငြိမ်း ရှက်လို့သေမှာပင်။

"နင်တို့ နှစ်ယောက်လုံး... အခုချက်ချင်း လွှတ်လိုက်ကြ။"

ရှင်ငြိမ်း အံကြိတ်ကာ ခပ်တိုးတိုးဆိုလိုက်လျှင်

နှစ်ယောက်လုံးက ရှင်ငြိမ်းကို ဆတ်ခနဲ လှမ်းကြည့်လာကြ၏။

" အခု လူတွေအများကြီးရှိတဲ့ ဈေးထဲမှာပါ ငါ့ကို ထပ်ပြီး အရှက်ခွဲချင်နေကြတာလား။ ရန်ဖြစ်ချင်ရင် နှစ်ယောက်လုံး ငါ့ရှေ့က အခုချက်ချင်း ထွက်သွားကြ။"

ထိုစကားလည်း ကြားရော သန့်ဇင်လင်းရော စစ်မက်ရှင်ပါ ကိုင်ထားသော ခြင်းတောင်းကို ပြိုင်တူ လွှတ်ချလိုက်ကြလေသည်။

ထိုအခါ ရှင်ငြိမ်း ခြင်းတောင်းကို ကောက်ကိုင်လိုက်ပြီး ရှေ့ကနေ ခပ်သုတ်သုတ် လျှောက်လာခဲ့တော့သည်။

ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး ဈေးဝယ်လို့ကိုမရဘူး။

သန့်ဇင်လင်းနဲ့ စစ်မက်ရှင်ကတော့ တစ်ယောက်ကို တစ်ယောက် မျက်စောင်းခဲကြည့်ရင်း ရှင်ငြိမ်း နောက်မှ ကပ်လိုက်လာကြ၏။

" ဒုတ်..."

လမ်းလျှောက်ရင်း သန့်ဇင်လင်း စစ်မက်ရှင်ကို ပခုံးနဲ့ တမင် ဝင်တိုက်လိုက်လျှင် စစ်မက်ရှင်ကလည်း သန့်ဇင်လင်းကို တံတောင်နဲ့ ပြန်တွက်လိုက်၏။

မမရှိလို့သာ မဟုတ်ရင် တစ်ချက်လောက် ကောင်းကောင်း ထိုးပစ်လိုက်ပြီ...

ရှင်ငြိမ်းကို ကြောက်တော့ နှစ်ယောက်လုံး အသံမထွက်ရဲကြပဲ အကြည့်တွေနှင့် စစ်ခင်းနေကြ၏။

ရှင်ငြိမ်း ဈေးဝယ်ပြီးတော့ ပိုက်ဆံရှင်းမည်အလုပ် စစ်မင်ရှင်က အမိအရဝင်တားကာ ...

"အန်တီ... ဘယ်လောက်ကျလဲ ကျွန်တော် ရှင်းမယ်..."

စစ်မက်ရှင် ပိုက်ဆံထုတ်ရန် ပြင်စဉ်မှာပင် သန့်ဇင်လင်းက စစ်မက်ရှင်ထက် လက်ဦးကာ တစ်သောင်းတန်ဆယ်ရွက်ကို ဆိုင်ရှင်လက်ထဲသို့ ထည့်ပေးလိုက်ပြီး...

"အမ်းစရာမလိုဘူး ... အကုန်ယူလိုက်။ "

ထို့နောက် စစ်မက်ရှင်ဘက်ကိုလှည့်ကာ လှောင်ပြုံးလေး ပြုံးပြကာ မေးငေါ့ပြလိုက်သေး၏။

စစ်မက်ရှင်မှာ ဒေါသကြောင့် မျက်နှာကြီး နီရဲလာပေမယ့် မမ ရှေ့မှာဖြစ်နေတာကြောင့် ဘာမှ မပြောရဲပဲ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရသည်။

"ကျုပ် သယ်ပေးမယ်လေ ။"

သန့်ဇင်လင်း ရှင်ငြိမ်းဘက် လှည့်ကာ သူမ လက်ထဲက ဈေးခြင်းတောင်းကို ယူဖို့လုပ်လျှင် စစ်မက်ရှင်ကလည်း ရှေ့တိုးလာတာကြောင့် ရှင်ငြိမ်း နှစ်‌ောာက်လုံးကို မျက်စောင်းထိုးပစ်လိုက်၏။

"မလိုဘူး ... ငါ့ဟာငါပဲ သယ်မယ်။ နင်တို့ နှစ်ယောက်လုံး ဘာမှ ဝင်မရှုပ်နဲ့။ ငြိမ်ငြိမ်လေး လိုက်လာခဲ့ကြ... မဟုတ်ရင် နှစ်ယောက်လုံး ပြန်ကြတော့..."

ပြောပြီး အရှေ့ကနေ ဆက်လျှောက်သွားလျှင်

နှစ်ယောက်လုံး ဘာမှ ဆက်မပြောရဲတော့ဘဲ ရှင်ငြိမ်း နောက်မှ နှုတ်ခမ်းလေးတွေ စုကြုံ့ကာ အမြီး လေတွေကုပ်ပြီး လိုက်သွားရတော့သည်။

သို့သော်လည်း...

အပိုင်း (၅၃) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅၁) နောက်အခန်း - အပိုင်း (၅၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ