"ဘာမှာလို့ရမလဲခင်ဗျ "
"ဟင် ..."
ရှင်ငြိမ်း ဆိုင်အတွက်လိုအပ်တာတွေ စာရင်းလုပ်နေတုန်း အနီးကပ်ပေါ်ထွက်လာသော အသံကြောင့် မော့ကြည့်လိုက်လျှင် သန့်ဇင်လင်း မြင်လိုက်ရတာကြောင့် အလိုအလျောက် မျက်မှောင်ကြုတ်မိလျက်သားဖြစ်သွားရသည်။
"နင်ဘာလာလုပ်ပြန်ပြီလဲ။ "
"စားသောက်ဆိုင်လာမှတော့ စားဖို့လာတာပေါ့ဗျာ။
ဧည့်သည်ကိုတော့ နှင်မထုတ်ဘူးမလား။ "
မျက်ခုံးကိုပင့်ကာ ပြီတီတီမျက်နှာနှင့် ဆိုလာလျှင် ရှင်ငြိမ်း သူ့အား မျက်စောင်းထိုးပစ်လိုက်၏။
"စားဖို့လာတာဆိုလည်း စားပွဲမှာသွားထိုင်။ "
"ဒီမှာပဲ ထိုင်လို့မရဘူးလား။ "
"မရဘူး။ "
"ဒီမှာထိုင်စားမှ အစားပိုဝင်မယ်ထင်တယ်။ "
"ကျစ် ... စားဖို့လာတာ မဟုတ်ဘူးဆိုရင်လည်း ထွက်သွားပေးပါ။ ငါ အလုပ်လုပ်နေတယ်။"
"အိုကေ အိုကေ ... စားလို့ရတာအကုန်ချ "
"လာချပေးမယ် ... စားပွဲမှာသွားထိုင် "
"ဟုတ်ကဲ့ပါဗျာ ... ကတ်စီးနည်းလိုက်တာ။
အနကပ်ကြည့်ခွင့်လေးတောင်မရဘူး။ "
ပွစိပွစိနဲ့ မကြားနိုးနားပြောသွားသေးပေမယ့် ရှင်ငြိမ်း ဘာမှ ပြန်မပြောပဲနေလိုက်တော့သည်။
သူနဲ့ တုပြီး ပြောချင်စိတ်လည်းမရှိပါ။
စားပွဲမှာ သွားထိုင်ပြန်တော့လည်း လူကိုပဲ မျက်တောင်မခတ်ပဲ ကြည့်နေပြန်ကာ ဟင်းပွဲတွေ သွားချပြန်တော့ ဝန်ထမ်းတွေကို ငြင်းလွှတ်ပြန်၏။
"မမ ဟိုဝိုင်းက ဧည့်သည်က မမကိုယ်တိုင်လာချပေးပါတဲ့။ "
"မရဘူးလို့ပြောလိုက်ပါ။
အဆင်မပြေရင် တခြားဆိုင်သွားလို့ပါ တစ်ခါတည်းထည့်ပြောလိုက်ပါ။ "
ရှင်ငြိမ်းက ပြန်ပြောတော့ ဝန်ထမ်းကောင်မလေးက သန့်ဇင်လင်းဆီ ပြန်သွားပြီး ရှင်ငြိမ်းဆီ ပြန်ရောက်လာပြန်သည်။
"အဲ့ဒါဆို ဆိုင်ပိတ်တဲ့အထိ မပြန်ဘူးတဲ့ မမ "
"ကျစ် ... ဟုတ်ပြီ ... ထားခဲ့တော့ မမ သွားပို့လိုက်မယ်။ "
အကျယ်အကျယ် ထပ်မဖြစ်ချင်တော့တာကြောင့် ရှင်ငြိမ်းပဲ လက်လျှော့ကာ သွားချပေးလိုက်ရတော့သည်။
ဟင်းပွဲတွေ အကုန်ချပြီး လှည့်ထွက်ဖို့လုပ်တော့ ရှင်ငြိမ်းလက်တစ်ဖက်အား သူက ဆတ်ခနဲ လှမ်းဆွဲလိုက်တာကြောင့် ထိတ်ခနဲဖြစ်သွားရ၏။
တစ်ဆိုင်လုံး လူတွေကျနေတာကြောင့် အကြည့်တွေအများကြီးဖြစ်နေတာမလား။
"ဘာလုပ်တာလဲ။ "
"အတူတူစားမယ်။ "
"ဘာလို့ စားရမှာလဲ ... လွှတ် "
"ဟင်းမချက်တတ်တဲ့ ကျွန်တော့်မိန်းမက ဘယ်လိုဖြစ်လို့ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သွားရတာလဲ။ "
သူက ရှင်ငြိမ်း လက်ကို မလွှတ်ပဲ ခနဲ့တဲ့တဲ့ဆိုလျှင် ရှင်ငြိမ်း အံသာကြိတ်ထားလိုက်သည်။
"လွှတ်လို့ပြောနေတယ်နော်။ "
ရှင်ငြိမ်း ခပ်ကြိတ်ကြိတ်ဆိုကာ မသိမသာနှငိ့ ဆက်ရုန်းကြည့်ပေမယ့် ဘယ်လိုမှမလွှတ်။
"ခဏပဲ ... ကျွန်တော်တို့ ထမင်းလက်စုံမစားရတာ တော်တော်ကြာနေပြီမလား။ "
"နင်နဲ့ငါက အဲ့လို အခြေအနေမဟုတ်ဘူး။ "
"ဘယ်လိုအခြေအနေလဲ။ "
"ကျစ် သန့်ဇင်လင်း ... ငါစိတ်တိုလာပြီနော်။ "
ရှင်ငြိမ်းကသာ ထူပူကာ စိတ်တိုနေပေမယ့် သူကတော့ ပြုံးစိစိနှင့် ရှင်ငြိမ်း မျက်နှာကိုသာ စိုက်ကြည့်နေလေရဲ့။
ထိုစဉ် ဆိုင်ထဲသို့ စစ်မက်ရှင် ရောက်လာ၏။
"မမ... ကျွန်တော် လာကူ..."
တက်ကြွစွာ ဝင်လာသော စစ်မက်ရှင် အသံက ဆိုင်ထဲရှိ သန့်ဇင်လင်းကို မြင်လိုက်ရချိန်မှာတော့ ရုတ်တရက် ရပ်တန့်သွားကာ သန့်ဇင်လင်းဆီသို့ စူးစူးရဲရဲ ရောက်သွားသလို သန့်ဇင်လင်းကလည်း ခေါင်းကို အနည်းငယ် စောင်းကာ ဝင်လာသော စစ်မက်ရှင်ကို အေးစက်စက် အကြည့်များဖြင့် တုံ့ပြန်လိုက်သည်။
လေထုက ရုတ်တရက် တင်းမာသွားပြီး မမြင်ရသော မီးပွားတွေက သူတို့နှစ်ယောက်ကြား ပွင့်ထွက်သွားသလိုပင်။
ဘာလဲ ... ဒီကောင်က။
မြွေမြွေချင်း ခြေမြင်ဆိုသလို ပထမဆုံးတွေ့လိုက်ချိန်မှာတင် အာရုံတွေက ကောင်းမနေပါ။
လူပုံကလည်း ဒေါင့်က မကျိုး။
စစ်မက်ရှင် ဒေါသတကြီးဖြင့် သူတို့အနားသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး ရှင်ငြိမ်း ဘေးနားတွင် ဝင်ရပ်လိုက်သည်။ ထို့နောက် သန့်ဇင်လင်းကို မေးငေါ့လိုက်ကာ ...
"ခင်ဗျားက ဘာကိစ္စ ဒီကို ထပ်လာတာလဲ။"
"မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါ့မိန်းမဆီ ငါ လာတာလေ။ မင်းက ဘာကိစ္စ ဝင်ပါနေတာလဲ။"
"ဘာ... မိန်းမလဲ။
ခင်ဗျားနဲ့ မမက ကွဲပြီးသား။
ဘာတွေ အရူးချေးပန်း လာလုပ်နေတာလဲ။"
"စစ်မက်ရှင် တော်တော့။"
ရှင်ငြိမ်းက ဝင်တားလိုက်သော်လည်း မမီလိုက်တော့။ စစ်မက်ရှင်၏ စကားအဆုံးမှာ သန့်ဇင်လင်း မျက်နှာက ချက်ချင်းကို မှောင်မိုက်သွားပြီး နေရာမှ ဆတ်ခနဲ မတ်တတ်ရပ်လိုက်၏။
"မင်း ပါးစပ်ကို ပိတ်ထားတာ ကောင်းလိမ့်မယ်။ ရှင်ငြိမ်းက ငါ့မိန်းမ... အရင်ကရော၊ အခုရော၊ နောင်ရော... ငါ့မိန်းမပဲ။ ငါတို့ကြားထဲကို ဝင်လာမယ့် ဘယ်ကောင်ကိုမဆို ငါ အရှင်ထားမှာ မဟုတ်ဘူး။"
သန့်ဇင်လင်း အံကိုခပ်တင်းတင်းကြိတ်ကာပြောရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
စစ်မက်ရှင်ကလည်း သွေးဆူလွယ်သည့် အရွယ်ပီပီ လုံးဝ အလျှော့မပေး။
"ခင်ဗျားက ခြိမ်းခြောက်နေတာလား။ မမကို ဒဏ်ရာတွေပေးတုန်းက ပေးပြီး အခုမှ ဘာတွေ လာပြီး ပိုင်ရှင်လုပ်နေတာလဲ။ မမကို ထပ်ပြီး နာကျင်အောင် လုပ်ဖို့ဆိုရင်တော့ ကျွန်တော်က ခွင့်ပြုမှာ မဟုတ်ဘူး။"
ပြောပြောဆိုဆိုဖြင့် စစ်မက်ရှင် ရှင်ငြိမ်း လက်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး သူ့နောက်သို့ ကွယ်ထားလိုက်သည်။
"လာ မမ... "
ထိုမြင်ကွင်းကို မြင်လိုက်ရသော သန့်ဇင်လင်းကတော့ မျက်လုံးထဲတွင် ဒေါသမီးတွေ ပေါက်ထွက်သွားရတော့သည်။ တခြားယောကျ်ားတစ်ယောက်က သူ့မိန်းမရဲ့ လက်ကို သူ့ရှေ့မှာတင် လာကိုင်နေသည်တဲ့လား။
"မင်း လက် ဖယ်လိုက်စမ်း။ "
အသံကြီးက ဟိန်းထွက်သွားကာ စစ်မက်ရှင် ဆွဲထားသော ရှင်ငြိမ်း လက်ကို အတင်းဖြုတ်ချလိုက်ပြီး ရှင်ငြိမ်းရဲ့ ခါးလေးကို သူ့ဘက်သို့ ဆွဲကာ ရင်ခွင်ထဲသို့ အတင်း ပွေ့ဖက်သွင်းထားလိုက်လေသည်။
"အမေ့..."
ရှင်ငြိမ်း အလန့်တကြား ရေရွတ်လိုက်မိရင်း သန့်ဇင်လင်း ရင်အုပ်ကြီးထဲသို့ ရောက်သွားရတော့သည်။
ဆိုင်ထဲက လူတွေအကုန်လုံးကလည်း သူတို့ဆီသို့သာ ပွဲကြည့်သလို အကြည့်ေတွ စုပြုံရောက်ရှိလာ၏။
သန့်ဇင်လင်း ရှင်ငြိမ်းကို လက်တစ်ဖက်ဖြင့် ဖက်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် စစ်မက်ရှင်ရဲ့ ကော်လာကို ဆတ်ခနဲ လှမ်းဆွဲလိုက်ကာ ...
"ငါ့မိန်းမကို နောက်တစ်ခါ မင်းလက်နဲ့ ထိရဲ ထိကြည့်စမ်း... မင်း လက်ကို ငါ ချိုးပစ်မယ်။ "
"လွှတ် ... ခင်ဗျား အခု မမကို အတင်းအကျပ် လုပ်နေတာလေ... မမကို လွှတ်လိုက်စမ်း"
စစ်မက်ရှင်ကလည်း သန့်ဇင်လင်း လက်ကို အတင်းပြန်ရုန်းရင်း အော်လေသည်။
ရှင်ငြိမ်းမှာတော့ သူတို့နှစ်ယောက်ကြားထဲ အရှက်ရော၊ ဒေါသပါ ပေါင်းဆုံသွားကာ သန့်ဇင်လင်း ရင်ဘတ်ကို အားကုန်သုံးပြီး တွန်းထုတ်ပစ်လိုက် တော့သည်။
"တော်ကြတော့လို့ ပြောနေတယ်လေ "
ရှင်ငြိမ်း အသံစူးစူးလေးကြောင့် သန့်ဇင်လင်းရော စစ်မက်ရှင်ပါ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး ရှင်ငြိမ်းကို ဝိုင်းကြည့်လာကြ၏။
ရှင်ငြိမ်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်ရည်တွေပင် ဝဲတက်လာတော့သည်။
ရှင်ငြိမ်း သန့်ဇင်လင်းကို တစ်ချက်၊ စစ်မက်ရှင်ကို တစ်ချက် စူးရဲစွာ စိုက်ကြည့်လိုက်ပြီး...
"နင်တို့နှစ်ယောက်လုံး ငါ့ကို ဘာမှတ်နေကြတာလဲ ငါက နင်တို့ လုချင်တိုင်း လုနေရအောင် အရုပ် မဟုတ်ဘူး။ ငါ့ဆိုင်ထဲမှာ လာပြီး ရန်ဖြစ်မနေကြနဲ့။ နှစ်ယောက်လုံး အခုချက်ချင်း ငါ့ဆိုင်ထဲကနေ ထွက်သွားကြစမ်း။ "
"ထွက်သွားလို့ ပြောနေတယ်နော်။"
ရှင်ငြိမ်း လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ပြီးမောင်းထုတ်လိုက်တော့သည်။ သန့်ဇင်လင်း မျက်နှာက တင်းမာနေဆဲဖြစ်သော်လည်း ရှင်ငြိမ်းရဲ့ မျက်ရည်ဝဲနေသော မျက်လုံးလေးများကို မြင်လိုက်ရချိန်တွင်တော့ ဆုပ်ထားသော လက်သီးများကို တဖြည်းဖြည်း ဖြေလျှော့လိုက်ရတော့သည်။ စစ်မက်ရှင်ကလည်း ရှင်ငြိမ်း ဒေါသထွက်သွားသည်ကို မြင်တာကြောင့် ဘာမှ ဆက်မပြောရဲတော့ပဲ ငြိမ်ကျသွားတော့၏။
အပိုင်း (၅၂) ဆက်ရန်...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)