Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၅၃)

"နွယ်နီ... ဒီမှာ ဝယ်လာတဲ့ အသီးအရွက်တွေ အရင်ဆုံး ရေဆေးပြီး စစ်ထားလိုက်ဦးနော်။ မမ အပေါ်တက်ပြီး အင်္ကျီသွားလဲလိုက်ဦးမယ်။"

"ဟုတ်ကဲ့ မမ။"

နွယ်နီက ခြင်းတောင်းကို ဆွဲယူရန် ပြင်လိုက်စဉ်မှာပင်...

"နေ နေ... ကျွန်တော် ဆေးလိုက်မယ်။ အစ်မ တခြားအလုပ်ရှိတာ သွားလုပ်လိုက်။"

စစ်မက်ရှင် နွယ်နီ့လက်ထဲမှ ခြင်းတောင်းကိုကို လှမ်းဆွဲယူလိုက်ရင်း ပြောလိုက်သည်။ သို့သော် သူစကားပင် ဆုံးအောင် မပြောလိုက်ရ သူ့ဘေးနားမှ ဝက်ရပ်လာသော သန့်ဇင်လင်းက ခြင်းတောင်းကို ဆတ်ခနဲ ပြန်ဆွဲလုသွားလေသည်။

"မင်းက ဘာလုပ်တတ်လို့ပဲ။ ပေး... ငါ့မိန်းမ ဆိုင်အတွက် ငါပဲ လုပ်မယ်။"

"ခင်ဗျားကရော ဘာတွေများ တတ်နေလို့လဲ။ ပေးဗျာ... ကျွန်တော်က မမကို ကူညီချင်လို့ လုပ်ပေးတာ။"

"ငါက မင်းထက် အသက်ကြီးတယ်နော်။ လူကြီးကို လေးစားမှုရှိစမ်း... လက်ကို ဖယ်။"

စစ်မက်ရှင်နှင့် သန့်ဇင်လင်းတို့ နှစ်ယောက် မီးဖိုချောင်အပေါက်ဝတွင် ဈေးခြင်းတောင်းကို လုနေကြပြန်သည်။ နွယ်နီမှာတော့ ထိုနှစ်ယောက်ကို ကြည့်ကာ ဘာလုပ်ရမှန်းမသိပဲ ကြောင်တောင်တောင်လေး ရပ်နေရှာ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှင်ငြိမ်း ဒေါသက ထွက်လာရပြန်သည်။

" နင်တို့ နှစ်ယောက်လုံး ငါ့ဆိုင်က ပစ္စည်းတွေကို ဖျက်ဆီးချင်နေကြတာလား။ ဘယ်သူမှ ဘာမှမလုပ်နဲ့ ပေးတော့။ "

ရှင်ငြိမ်း သူတို့နှစ်ယောက်ကြားထဲ ဝင်ကာ ဈေးခြင်းတောင်းကို အတင်းဆွဲယူလိုက်ပြီး အရင်ဆုံးခရမ်းချဉ်သီးအနှစ်သီးတွေကို ထုတ်ဆေးလိုက်သည်။

ထိုအခါ သန့်ဇင်လင်းက သူမဘေးက ဘေးစင်မှာ မုန်ညှင်ဖြူတွေကို တစ်လွှာချင်းခွာပြီး ထုတ်ဆေးလိုက်၏။

စစ်မက်ရှင်ကလည်း အားကျမခံ နောက်ထပ် ဘေစင်တစ်ခုတွင် ပန်းဂေါ်ဖီများကို ဝင်ဆေးရန် ပြင်လေသည်။

"ကျွန်တော်လည်း ပန်းဂေါ်ဖီတွေ ဆေးပေးမယ် မမ။"

အိမ်မှာဆို မီးဖိုးချောင်ထဲတောင် မဝင်တဲ့ သူများသားလေးတွေက အခုတော့ အပိုးကိုကျိုးနေ၏။

စစ်မက်ရှင် ရေပိုက်ကို ဖွင့်ကာ ပန်းဂေါ်ဖီတွေကို စုပြုံထည့်ပြီး အကြမ်းပတမ်းဆေးလိုက်တာကြောင့် ရေတွေက နေရာအနှံ့ စင်ကုန်တော့သည်။

"ဟျောင့် ... မင်း မလုပ်တတ်ရင် ဖယ်နေစမ်းပါ။ "

" ခင်ဗျားအလုပ် ခင်ဗျား လုပ်စမ်းပါ။"

"ကျစ်... တကယ်ပါပဲ။ တော်ပြီ တော်ပြီ နင်တို့ နှစ်ယောက်လုံး ဖယ်ကြတော့ ... ငါ့ဘာသာငါပဲ လုပ်တော့မယ်။"

ရှင်ငြိမ်းက ဆက်ကြည့်မနေနိုင်တော့ပဲ သူမဘေးရှိသန့်ဇင်လင်း ဘေးနားသို့ ဝင်ရပ်ကာ ဘေလ်စင်ထဲတွင်ကျန်နေသော မုန်ညှင်းဖြူများကို ဝင်ဆေးရန် လင်ကိုနှစ်လိုက်လျှင် ရှင်ငြိမ်း လက်ကလေးကို သူက ရေထဲနေ လှမ်းဆုပ်ကိုင်လာ၏။

ရှင်ငြိမ်း ဆတ်ခနဲ ဖြစ်သွားကာ သူ့ကို အလန့်တကြား မော့ကြည့်လိုက်တော့ သူကလည်း ရှင်ငြိမ်းကို ငုံ့ကြည့်နေလေသည်။

ရှင်ငြိမ်းရုန်းလျှင် သူက ရှင်ငြိမ်းကို စိုက်ကြည့်နေရင်းကေန ပြုံးစိစိနှင့် မျက်စိတစ်ဖက်မှိတ်ပြကာ ဆက်ပြီး ဆုပ်ကိုင်ထား၏။

နှစ်ယောက်သား အကြည့်ချင်း ဆုံကာ နေမိစဉ်...

"ခွမ်း..."

စစ်မက်ရှင်ဘက်မှ ပန်းကန်တစ်ခု ပြုတ်ကျပြီးကွဲသွားသော အသံကြောင့် ရှင်ငြိမ်း သတိပြန်ဝင်လာပြီး လက်ကို အတင်း ရုန်းပစ်လိုက်မိသည်။

"ဆောရီး... ဆောရီး မမ။ ကျွန်တော် လက်ချော်သွားလို့။"

စစ်မက်ရှင် ကွဲသွားသော ပန်းကန်ကွဲစများကို ကပျာကယာ ကုန်းကောက်ရင်း အသံတုန်တုန်ဖြင့် ပြောလိုက်၏။

သန့်ဇင်လင်းကတော့ ပျက်သွားသော အခွင့်အရေးလေးကြောင့် သက်ပြင်းတစ်ချက်ကို မသိမသာ

ချလိုက်ရင်း...

"ထားလိုက်တော့။ ကျုပ်ပဲ အကုန်ဆေးလိုက်ပါ့မယ်။ ခင်ဗျား သွားနားတော့လေ။ အေးတယ်။"

"အွန်း ... ပြီးတာပဲ။ "

__________________

ရှင်ငြိမ်း ဆိုင်ပိတ်ပြီးသည်နှင့် ‌ချမ်းတာ‌ေကြာင့် ရေတော့ မချိုးတော့ပဲ ခြေလက်ဆေး မျက်နှာသစ်လိုက်ကာ အခန်းထဲသို့ ရောက်သည်နှင့် ကုတင်ပေါ်သို့ ပစ်လှဲချလိုက်မိသည်။ တစ်နေကုန် ပင်ပန်းထားတာကြောင့် ထိုသို့ လှဲလိုက်ရတာက လောကစည်းစိမ်တစ်ခုလိုပင်။

၁၅မိနစ်လောက် အပန်းဖြေပြီးပြီဆိုမှ အိပ်လည်း

မအိပ်ချင်သေးတာကြောင့် လေညှင်းခံရန် ဝရံတာဆီသို့ လျှောက်သွားလိုက်၏။

သို့သော် အောက်က မြင်ကွင်းကြောင့် ရှင်ငြိမ်း မျက်လုံးလေးများ ပြူးကျယ်သွားရသည်။

"ဟင်..."

လမ်းမီးတိုင်အောက်က အမှောင်ရိပ်ထဲတွင် ကားကို မှီကာရပ်နေသော သန့်ဇင်လင်းပင်...။ သူဘာလုပ်နေတာလဲ။ ဒီလောက် ချမ်းစိမ့်နေတာကို လက်တိုလေးနဲ့ ကြည့်ပါဦး။

ရှင်ငြိမ်း ရင်ထဲဒိန်းခနဲ ဖြစ်သွားပြီး အခန်းထဲ ပြန်ဝင်လာလိုက်၏။

သူများ ဂရုစိုက်လာအောင် တမင် သနားစရာ လုပ်ပြနေတာ။

ရှင်ငြိမ်း... နင် လုံးဝ သွားမကြည့်နဲ့။

လှည့်တောင် မကြည့်နဲ့။

ကိုယ့်ကိုယ်ကိုယ် အတင်း သတိပေးကာ ကုတင်ပေါ် ပြန်တက်ပြီး စောင်ကို ဆွဲခြုံထားလိုက်သည်။ သို့သော်... အိပ်နေပေမယ့် အိပ်လို့လည်းမပျော်သလို ရှင်ငြိမ်း နှလုံးခုန်သံတွေကလည်း မငြိမ်သက်နိုင်ဖြစ်နေ၏။

နောက်ဆုံးတော့ သူမ မနေနိုင်တော့ပဲ အိပ်ယာပေါ်မှ ထထိုင်လိုက်မိသည်။

ကျစ်... သူမဆိုင်ရှေ့မှာ တစ်ခုခု ဖြစ်သွားရင် သူမပဲ ရှင်းရခက်မှာ။ သူ့ကို သနားလို့ မဟုတ်ဘူး။

ရှင်ငြိမ်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးရင်း ကုတင်ပေါ်မှ ဆင်းကာ အနွေးထည် အထူကြီး တစ်ထည်ကို ကောက်ဝတ်လိုက်ကာ အောက်ထပ်သို့ ခပ်သုတ်သုတ် ဆင်းလာခဲ့တော့သည်။

ထိုအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ ခြေလှမ်းတွေ ရပ်တန့်သွားရသည်။ သန့်ဇင်လင်းက ကားတံခါးကို မှီကာ အရုပ်ကြိုးပြတ် ထိုင်ချနေပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေ၏။

"သန့်ဇင်လင်း..."

ရှင်ငြိမ်း ခပ်တိုးတိုး ခေါ်သံကြောင့် ‌သူက မော့ကြည့်လာကာ ရှင်ငြိမ်းကို မြင်လိုက်ရတာကြောင့် သူ့နှုတ်ခမ်းထောင့်လေးက ခပ်ဟဟ ကွေးတက်သွား လေသည်။

"ခင်ဗျား... ထွက်လာမယ်ဆိုတာ ကျုပ်... ကျုပ် သိသားပဲ..."

ကွဲအက်အက် ရှတတနှင့် ပြောလာ၏။

ရှင်ငြိမ်း ဒေါသထွက်ထွက်နှင့် သူ့အနားသို့ သွားကာ လက်မောင်းကို ဆွဲထူလိုက်သည်။

"နင် အရူးလား။ ဒီလောက် ချမ်းနေတာကို ပြန်မအိပ်ဘဲ ဒီမှာ ဘာလာလုပ်နေတာလဲ။ ထ... အခုချက်ချင်း ပြန်..."

ရှင်ငြိမ်း သူ့လက်မောင်းကို ကိုင်လိုက်ချိန်တွင် အင်္ကျီပေါ်ကနေတောင် ခံစားလိုက်ရသော အပူရှိန်ကြောင့် သူမ ဆတ်ခနဲ လန့်သွားမိသည်။

"ဟင်... ကိုယ်တွေ အရမ်းပူနေတာပဲ။ သန့်ဇင်လင်း... နင် ဖျားနေတာလား။"

ရှင်ငြိမ်း မနေနိုင်တော့ပဲ သူ့ နဖူးကို စမ်းလိုက်မိသည်။ ပူခြစ်နေသော အတွေ့အထိကြောင့် ရှင်ငြိမ်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရ၏။

"ဘာမှမဖြစ်ဘူး... နည်းနည်း... နည်းနည်း အေးနေရုံပါ။"

သန့်ဇင်လင်း အားတင်းကာ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း ခြေထောက်တွေက ခွေကျသွားတာကြောင့် ရှင်ငြိမ်း ပခုံးပေါ်သို့ မှီကျသွားတော့သည်။

"အို..."

ရှင်ငြိမ်း သူ့ကိုယ်လုံးကြီးကို မနိုင်မနင်း ထိန်းဖက်ထားလိုက်ရကာ သူမ လည်တိုင်နားသို့ ကျရောက်လာသော သူ့မျက်နှာကြောင့် ကြက်သီးတွေ ဖြန်းခနဲထသွားရသည်။

ချမ်းလို့ပါ ... ဟုတ်တယ်။

တအားအေးနေလို့ ကြက်သီးတွေ ထလာတာပါ။

"ဟဲ့ ဖယ်ဦးလေ ... ငါ့ပေါ် မမှီနဲ့လေ နင့်ဟာနင် သေချာ ရပ်စမ်းပါ။ "

ရှင်ငြိမ်း အတင်း ရုန်းဖယ်ရန် ကြိုးစားသော်လည်း သူ့ လက်နှစ်ဖက်က ရှင်ငြိမ်း ခါးလေးကို တင်းကျပ်စွာ လှမ်းဖက်လိုက်၏။ ခေါင်းကို ရှင်ငြိမ်းပခုံးပေါ်တွင် အပ်ထားရင်း... လေသံတိုးတိုးလေးဖြင့် ရေရွတ်လာလေသည်။

"ခဏလေးပါ... ခဏလေးပဲ ဒီအတိုင်းလေး နေခွင့်ပြု

... ကျုပ် တောင်းပန်ပါတယ်။ ခင်ဗျားကို ကျုပ် ... အရမ်းလွမ်းနေလို့ပါ..."

သူ့စကားကြောင့် သူမ ရုန်းကန်နေသော လက်တွေက တန့်သွားရသည်။

"အပိုတွေ လာပြောမနေနဲ့။ နင့်ဟာနင် ဖျားလို့ သေချင်သေ ငါ့ဆိုင်ရှေ့မှာတော့ လာမသေနဲ့။ ကားတံခါး ဖွင့်... ငါ နင့်ဟိုတယ်ကို လိုက်ပို့ပေးမယ်။"

ရှင်ငြိမ်း သူ့ကို အတင်း တွန်းဖယ်ကာ ကားတံခါးကို ဖွင့်ပေးလိုက်ပြီး အထဲသို့ ဝင်ထိုင်စေလိုက်သည်။ သန့်ဇင်လင်းကတော့ သူမ တွန်းပို့ရာသို့ အလိုက်သင့်လေး ပါသွားရင်း နောက်မှီကို မှီကာ မျက်လုံးများကို မှိတ်ချလိုက်၏။ သူ့နှုတ်ခမ်းထောင့်တွင်တော့ အပြုံးလေးတစ်ခုက ထင်ဟပ်နေဆဲ။

ရှင်ငြိမ်း ကားတံခါးကို ပြန်ပိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်မိကာ ကားမောင်းသူ နေရာသို့ ဝင်ထိုင်ကာ ...

"ဘယ်မှာ တည်းတာလဲ။ "

"----- တည်းခိုခန်း "

"..."

အပိုင်း (၅၄) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅၂) နောက်အခန်း - အပိုင်း (၅၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ