Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၅၀)

"ကျုပ်ကို ဘာလို့ပစ်သွားတာလဲ ပြော..."

သန့်ဇင်လင်း ဒေါသတကြီး ပြောလိုက်မိသလို သူ့လက်တွေကလည်း ရှင်ငြိမ်းကို သူ့ရင်ခွင်ထဲကနေ ရုန်းထွက်လို့မရအောင် တင်းကျပ်စွာ ပွေ့ဖက်ထားဆဲပင်။

ရှင်ငြိမ်းမှာ အသက်ရှူရတာတောင် မွန်းကျပ်လာပြီး ရင်ထဲမှာလည်း လှိုင်းတွေထန်လာရသည်။

ဘယ်လိုစိတ်မျိုးနဲ့ ဒီစကားကို လာမေးရဲရတာလဲ။

ရှင်ငြိမ်းတစ်ကိုယ်လုံးနှင့် ထိကပ်နေတဲ့ သူ့ရင်ဘတ်ကြီးကို လက်နှစ်ဖက်ဖြင့် တွန်းထားရင်း အေးစက်စက် လေသံဖြင့် တုံ့ပြန်လိုက်သည်။

"ငါနင်နဲ့ ဘာမှ မပြောချင်ဘူး။ "

"ဟ ... ရမလား။ "

"ငါ့ကို သိက္ခာလာမချပါနဲ့။ "

ရှင်ငြိမ်း အံကိုကြိတ်ကာ ပြောလိုက်တော့ သန့်ဇင်လင်း မျက်မှောင်များ တွန့်ချိုးသွားရသည်။ သူ့မျက်နှာပေါ်က ဒေါသအရိပ်အယောင်တွေကြားမှာ နားမလည်နိုင်မှုတွေက အထင်းသား။

"ဘာ ... သိက္ခာချတယ်ပြောရအောင် ကျုပ်က ခင်ဗျားကို ဘာလုပ်နေလို့လဲ။ "

သူမကို မြင်မြင်ချင်း လွမ်းလွန်းလို့ နမ်းမိတာကလွဲရင် သူ သူမကို ဘာများ ရိုင်းရိုင်းစိုင်းစိုင်း လုပ်မိလို့လဲ။

"မိန်းကလေးတစ်‌ယောက်တည်းနေတဲ့နေရာမှာ အခုလို သူစိမ်းယောက်ျားတစ်ယောက်နဲ့အတူရှိနေတာက ဘယ်လိုမှ မသင့်တော်တဲ့ကိစ္စပဲ "

သူမ စကားကြောင့် သန့်ဇင်လင်း ဒေါသတွေ ထိန်းမရတော့ပဲ သူမ ပခုံးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ...

"ဘာ ... သူစိမ်း ဒေါ်ရှင်ငြိမ်း ခင်ဗျား။ ပြောစမ်းပါဉီး ကျုပ်တို့က ဘယ်တုန်းက သူစိမ်းဖြစ်သွားတာလဲ။ "

"နင်နဲ့ငါက ကွာရှင်းပြီးသားဆိုတာ နင်ရော ငါရောသိတယ်။ "

"ဘယ်တုန်းကလဲ။ "

"..."

"ကျုပ်ဘယ်ကွာရှင်းစာချုပ်မှာမှ လက်မှတ်မထိုးထားသလို ခင်ဗျာနဲ့ကျုပ်နဲ့ကလည်း ဘယ်တုန်းကမှ

မကွာရှင်းထားဘူး။ "

"..."

သူ့စကားကြောင့် ရှင်ငြိမ်း မျက်လုံးလေး ပြူးကျယ်သွားကာ သူ့ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

ရင်ထဲမှာ ဗြောင်းဆန်သွားရသော်လည်း အမြန်ဆုံး သတိပြန်စုစည်းလိုက်၏။

"အဲ့တာ နင့်အပိုင်း... ငါ့အတွက်တော့ နင်က ကွာရှင်းပြီးသားယောက်ျား‌တစ်ယောက် "

"ဟာကွာ ... ခင်ဗျား "

သန့်ဇင်လင်း ဒေါသတွေ ထိန်းမရလာတော့ သူမကို လွှတ်ပေးလိုက်ကာ ဘေးနားက ခုံတစ်လုံးကို ခြေထောက်နဲ့ အားကုန် ကန်ပစ်လိုက်သည်။

"ဝုန်း... ဒုန်း"

ခုံလေးက အဝေးသို့ လွင့်စင်သွားကာ သန့်ဇင်လင်း အသက်ကို ပြင်းပြင်းရှူရင်း ခေါင်းကို မော့ကာ ဆံပင်တွေကို လက်နဲ့ အကြမ်းပတမ်း ဆွဲဖွပစ်လိုက်သည်။

"ငါ့ဆိုင်ထဲမှာ လာသောင်းကျန်းမနေနဲ့ ဆိုင်ပိတ်တော့မှာမို့ ပြန်တော့။"

"မပြန်နိုင်ဘူး "

သန့်ဇင်လင်း ချက်ချင်းပင် ဒေါသတကြီး ပြန်အော်လိုက်သည်။

"ဘာလို့ မပြန်နိုင်ရမှာလဲ။ နင်နဲ့ငါနဲ့က ဘာမှမှ မပတ်သက်တော့တာ... ထွက်သွားလို့ ပြောနေတယ်လေ"

"ကျုပ်က ဘာလို့ ထွက်သွားရမှာလဲ။ ခင်ဗျားရှိတဲ့နေရာမှာ ကျုပ်ရှိမှာပဲ။ ခင်ဗျားနဲ့ကျုပ်က မကွာရှင်းရသေးဘူးလို့ ကျုပ် ပြောပြီးပြီလေ။ "

"အဲ့ဒါက နင့်အထင်လေ။ ငါ့ဘက်ကတော့ အရာအားလုံးကို အဆုံးသတ်ခဲ့ပြီးပြီ။ ငါ့ဆိုင်ထဲကနေ အခုချက်ချင်း ထွက်သွားစမ်းပါ..."

ရှင်ငြိမ်းကလည်း အလျှော့မပေးဘဲ ပြန်အော်ပစ်လိုက်လျှင် သူက ရှင်ငြိမ်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ထပ်မံတိုးကပ်လာကာ ရှင်ငြိမ်း လက်မောင်းတစ်ဖက်ကို ဆတ်ခနဲ ဆွဲကိုင်လိုက်လေသည်။

"လွှတ်စမ်း "

"ခင်ဗျား တကယ်ပဲ ကျုပ်ကို အဲ့ဒီလောက်တောင် မုန်းနေတာလား ... ဟမ်။ "

သူ့အသံက ဒေါသသံထက်စာလျှင် နာကျင်သံတွေ

ပိုပေါ်လွင်နေ၏။

သူ့လွမ်းဆွတ်မှုတွေက အခုတော့ သူမရဲ့ အေးစက်စက် စကားလုံးတွေအောက်မှာ ချိနဲ့ကုန်ရသည်။

ရှင်ငြိမ်း မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်တွေ ဝဲတက်နေပေမယ့် ကျဆင်းမလာအောင် အတင်းထိန်းချုပ်ထားလိုက်ကာ ...

"ဟုတ်တယ်... ငါ နင့်ကို မုန်းတယ်။ နင့်မျက်နှာကိုတောင် မမြင်ချင်လောက်အောင် မုန်းတယ်။ ဒါကြောင့် ငါ့ရှေ့ကနေ ထွက်သွားပေးပါ။"

ထိုစကားအဆုံးမှာတော့ သန့်ဇင်လင်း ကိုင်ထားသော လက်တွေက တဖြည်းဖြည်း ပြေလျော့သွားခဲ့ကာ သူမ မျက်နှာလေးကို သေချာစိုက်ကြည့်လိုက်မိသည်။ ဒေါသကြောင့် နီရဲနေသော ပါးပြင်လေး သူ့ရဲ့ အကြမ်းပတမ်း နမ်းရှိုက်ထားမှုကြောင့် သွေးစို့နေသော နှုတ်ခမ်းဖူးဖူးလေး...။

သန့်ဇင်လင်း သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်မိ၏။

"ကောင်းပြီ... ဒီနေ့တော့ ကျုပ် ပြန်မယ်။"

"..."

"ဒါပေမဲ့ မနက်ဖြန် ကျုပ် ထပ်လာခဲ့မယ်။ နောက်ထပ် ကျုပ်ဆီကနေ ထွက်ပြေးဖို့ လုံးဝ မစဉ်းစားပါနဲ့။ ခင်ဗျား ဘယ်ကိုပဲ ပြေးပြေး... ငရဲပြည်အထိဖြစ်ဖြစ် ကျုပ် လိုက်ရှာပြီး ခင်ဗျားကို ပြန်ခေါ်လာမှာပဲ။"

ပြောချင်ရာပြောပြီးသည်နှင့် သန့်ဇင်လင်း လှည့်ထွက်လာခဲ့တော့သည်။

ထို့နောက် သူမ ဆိုင်နှင့် မလှမ်းမကမ်းရှိ တည်းခိုခန်းလေးမှာ ဝင်တည်းလိုက်သည်။

အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်သို့ ပစ်လှဲချလိုက်ကာ အခန်းကျဉ်းကျဉ်းလေးထဲတွင် မျက်နှာကြက်ကိုသာ ငေးကြည့်နေမိရင်း သူ့ရင်ထဲက အပူမီးတွေကတော့ ကလောမြို့ရဲ့ အအေးဒဏ်ကိုပင် အန်တုနေသလို တဟုန်းဟုန်း တောက်လောင်နေဆဲ။

လက်တစ်ဖက်က လည်ပင်းရှိ ဆွဲကြိုးလေးဆီသို့ အလိုလို ရောက်သွားပြီး ထိုလက်စွပ်လေးကို ကိုင်ကာ နှုတ်ခမ်းလေးနှင့် ခပ်ဖွဖွလေး နမ်းလိုက်၏။

မျက်မှောင်ကို တင်းတင်းကြုတ်ထားရင်း မျက်လုံးများကို မှိတ်ချလိုက်သည့်အခါ မျက်တောင်စပ်မှ မျက်ရည်တစ်ပေါက်က နားထင်စပ်သို့ လိမ့်ဆင်းသွားတော့သည်။

"ခင်ဗျား ဘယ်လောက်ပဲ မုန်းတယ်ပြောပြော... ကျုပ်ကတော့ ခင်ဗျားကို လုံးဝ အလွတ်မပေးနိုင်တော့ဘူး ... လုံးဝပဲ..."

__________________

"ချွင်..."

ဆိုင်တံခါးဝရှိ ဆွဲလဲသံလေး မြည်သွားသဖြင့် သန့်ဇင်လင်းအထင်ဖြင့် ရှင်ငြိမ်း လှည့်ကြည့်လိုက်ပေမယ့် စစ်မက်ရှင်ပင်။

"မမ... မနေ့ညက ဆိုင်ကို ဘယ်သူ လာသွားတာလဲ"

"ဟင် ...ဘာကိုလဲ။

ဘယ်သူမှ မလာပါဘူး။ "

ရှင်ငြိမ်း မျက်နှာကို လွှဲကာ ခပ်တည်တည်ပင် လိမ်ပြောလိုက်သည်။ သို့သော် စစ်မက်ရှင်က သူမ လက်ကောက်ဝတ်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်ပြီး...

"မလိမ်ပါနဲ့ မမ... ညက ကျွန်တော်အကုန်မြင်လိုက်တယ်။ အဲ့ဒီလူက... မမရဲ့ ဟိုဘိုးတော်မလား။ "

ညက သူနဲ့မေမေနဲ့ ဆိုင်မှာ ပစ္စည်းမေ့ခဲ့လို့လာယူရင်း သူမတို့ကို လှမ်းမြင်လိုက်တာပင်။

သူကားပေါ်က ဆင်းကာ မမ ဆိုင်ထဲဝင်သွားဖို့လုပ်ပေမယ့် မေမေက အတင်း တားတာကြောင့် လက်လျှော့လိုက်ရခြင်းပင်။

သူ့မှာ တစ်ညလုံးအိပ်လို့မရတဲ့အပြင် မမကလည်း သူဖုန်းခေါ်တာကို မကိုင်တော့ ပိုဆိုး၏။

အခုမနက်အစောကြီးကတည်းက အိမ်ကနေထွက်လာကာ မမဆိုင် ရှေ့မှာစောင့်နေပြီး ဆိုင်ဖွင့်ဖွင့်ချင်း ဝင်လာခဲ့ခြင်းပင်။

"တောက် ... တကယ်ပဲ အဲ့ဒီလူလား... သူက ဘာကိစ္စ ဒီအထိ ရောက်လာရတာလဲ။ မမကို ထပ်ပြီး ဒုက္ခပေးမလို့လား။ ဘယ်မှာလဲ အဲ့လူ ကျွန်တော်နဲ့တွေ့မယ်။ "

" မင်းနဲ့ ဘာမှမဆိုင်ဘူး... ဝင်မပါနဲ့။"

"ဘာလို့ မဆိုင်ရမှာလဲ မမရဲ့ "

"မမ မျက်လုံးတွေ ဘယ်လောက်တောင် မို့အစ်နေလဲ မှန်ထဲ ပြန်ကြည့်ဦး။ မနေ့ညက တစ်ညလုံး ငိုထားတာမလား။ အဲ့လူကြောင့် မမ ဒီလောက်တောင် နာကျင်နေရတာကို ကျွန်တော်က လက်ပိုက်ကြည့်နေရမှာလား။ မမက သူ့ကို ခုထိ ကာကွယ်ပေးချင်နေတုန်းပဲလား"

အဲ့လူက ဘယ်လောက်တောင် အရေးပါလို့ မမကို ဒီလောက်တောင် လွှမ်းမိုးထားနိုင်ရတာလဲ။ ကျွန်တော်ကတော့ မမ ပြုံးဖို့အတွက် အရာအားလုံး လုပ်ပေးချင်နေတာကို... မမက ဘာလို့ အဲ့ဒီလူပေးတဲ့ ဒဏ်ရာတွေကိုပဲ ဖက်တွယ်ထားရတာလဲ...

စစ်မက်ရှင် ရင်ထဲတွင် မနာလိုမှုနှင့် ဝန်တိုမှုတို့က အလုံးအရင်း ထကြွလာရသည်။ သူ မမကို ချစ်သည်။ အဲ့ဒီ ယောက်ျားဆီကနေ မမကို လုယူပြီး ကာကွယ်ပေးချင်သည်။

"ငါ သူ့ကို ကာကွယ်ပေးနေတာ မဟုတ်ဘူး။

အလကားနေရင်း ပြဿနာတွေ ပိုကြီးလာလိမ့်မယ်။ ဒါက တို့ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာပါ။ တို့ဘာသာ ရှင်းပါ့မယ်။"

" ကျွန်တော်က မမကို ထိခိုက်အောင် လုပ်မယ့် ဘယ်သူ့ကိုမဆို ရိုက်သတ်ဖို့ ဝန်မလေးဘူး သိလား။ "

" မင်းကို တို့ အတန်တန် ပြောထားပြီးသားပါ။ တို့ ရင်ထဲမှာ နောက်ထပ် ဘယ်သူ့ကိုမှ နေရာပေးဖို့ အစီအစဉ် မရှိတော့ဘူးလို့။ မင်း တို့ကို တကယ် ခင်တယ်ဆိုရင်၊ တကယ် သံယောဇဉ်ရှိတယ်ဆိုရင်... ဒီကိစ္စကို လျစ်လျူရှုပေးပါ။ တို့ကို ပိုပြီး စိတ်အိုက်အောင် မလုပ်ပါနဲ့တော့..."

တော်တော်ကို ညှိုးနွမ်းနေတဲ့ မမအသံလေးကြောင့် စစ်မက်ရှင် မချင့်မရဲဖြစ်သွားရကာ သူ့ဒေါသတွေက ချက်ချင်းပင် ရေနဲ့ပက်လိုက်သလို ငြိမ်ကျသွားရ၏။

"ကောင်းပြီ... မမ သဘောပဲ။ ဒါပေမဲ့... အဲ့လူ မမကို ထပ်ပြီး အနိုင်ကျင့်တာ၊ ငိုအောင်လုပ်တာမျိုး ကျွန်တော့်မျက်စိရှေ့မှာ တွေ့လို့ကတော့ ကျွန်တော် လုံးဝ သည်းခံနေမှာ မဟုတ်ဘူး မမ "

သူပြောချင်ရာတွေပြောပြီး တရှူးရှူးတရှဲရှဲနှင့် ဆိုင်အပြင်သို့ထွက်သွားလျှင် ရှင်ငြိမ်း သက်ပြင်းချလိုက်မမိသည်။

ပြဿနာတွေက တစ်ခုပြီးတစ်ခု...။

အပိုင်း (၅၁) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၉) နောက်အခန်း - အပိုင်း (၅၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ