"ခေါင်းတွေ တအားကိုက်နေတာပဲ... မနေ့ညက ကျုပ် တော်တော်လေး မူးသွားတယ် ထင်တယ်"
သန့်ဇင်လင်းကယ ကော်ဖီခွက်ကို လှမ်းယူရင်း ရှင်ငြိမ်းကို ကြည့်ကာ စကားစလိုက်၏။ သို့သော် သူမထံမှ ဘာစကားသံမှထွက်မလာပဲ သူ့ကို ကျောခိုင်းကာ ပန်းကန်များကိုသာ ဆေးနေလေရဲ့။
"ကျုပ် ဒီနေ့ ရုံးမသွားတော့ဘူး။
ခင်ဗျားက သွားမှာလား။ "
သန့်ဇင်လင်း ကော်ဖီ တစ်ကျိုက်သောက်ရင်း သူမ ကျောပြင်လေးကို ကြည့်ကာ မေးလိုက်ပြန်သည်။
"အင်း"
ခပ်တိုတို ခပ်ပြတ်ပြတ် စကားတစ်ခွန်းတည်းသာ သူမ နှုတ်ခမ်းဖျားမှ ထွက်ကျလာလျှင်
သန့်ဇင်လင်း မျက်မှောင်ကို ခပ်ပြေပြေလေး တွန့်လိုက်သည်။
"မနေ့ညက ကျွန်တော် မူးနေလို့ နည်းနည်း ကြမ်းသွားမိတယ်။ အဲ့ဒါကြောင့် စိတ်ဆိုးနေတာလား"
သူ့လေသံကို အတတ်နိုင်ဆုံး ပျော့ပျောင်းအောင် လုပ်ကာ ချော့သည့်ဟန်ဖြင့် ပြောလိုက်လျှင် ရှင်ငြိမ်း ရေပိုက်ကို ပိတ်လိုက်ပြီး လက်ကို တဘက်ဖြင့် သုတ်ကာ သူ့ဘက်သို့ လှည့်လာလေသည်။
"မဆိုးပါဘူး"
"မဆိုးဘူးသာ ပြောတာ... မျက်နှာကလည်း မှုန်သုန်နေတာပဲ။ စကားကိုလည်း ကောင်းကောင်း မပြောဘူး"
သန့်ဇင်လင်း မကျေမနပ်ဖြင့် ညည်းတွားလိုက်လျှင် ရှင်ငြိမ်း သူ့စကားကို လျစ်လျူရှုကာ ရေခဲသေတ္တာထဲမှ ရေဘူးကို ထုတ်ပြီး ရေတစ်ခွက် ငှဲ့သောက်နေလိုက်သည်။
" ဒေါ် ရှင်ငြိမ်း ကျုပ် မေးနေတယ်လေ။ ဘာတွေ ဖြစ်နေတာလဲလို့"
သန့်ဇင်လင်း လေသံက အနည်းငယ် မြင့်တက်လာပြီး စိတ်မရှည်တော့ပါ။
အခုလို မျက်နှာသေကြီး လုပ်ပြီး စကားမပြောပဲ
နေနေတာကို သူ လုံးဝသဘောမကျပါ။
"ဘာမှ မဖြစ်ပါဘူး"
ရှင်ငြိမ်း ရေခွက်ကို စားပွဲပေါ် တင်လိုက်ရင်း ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ပဲနဲ့ ဘာလို့ အဲ့ပုံစံ ဖြစ်နေရတာလဲ။ ခင်ဗျား အခုတလော ဘာဖြစ်နေမှန်းကို ကျုပ် လုံးဝ နားမလည်တော့ဘူး"
သန့်ဇင်လင်း ရှင်ငြိမ်း အနားသို့ လျှောက်လာခဲ့ကာ သူမ ပခုံးနှစ်ဖက်ကို လှမ်းကိုင်ရန် ပြင်လိုက်လျှင် ရှင်ငြိမ်းက နောက်သို့ ဆုတ်ကာ ရှောင်ဖယ်လိုက် လေသည်။
သူမရဲ့ ရှောင်ဖယ်မှုကြောင့် သန့်ဇင်လင်း လက်အစုံက လေထဲတွင် ရပ်တန့်သွားရပြီး မျက်နှာတစ်ခုလုံး တင်းမာသွားတော့သည်။
"ခင်ဗျား... တကယ်ပဲ ကျုပ်ကို အဲ့ဒီလောက်တောင် ရွံနေတာလား"
"ငါအိမ်ရှေ့ကို သန့်ရှင်းရေး သွားလုပ်လိုက်ဦးမယ်။နင် စားပြီးရင် ပန်းကန်တွေကို ဘေစင်ထဲ ထည့်ထားလိုက်"
ရှင်ငြိမ်း သူ့မေးခွန်းကို မဖြေတော့ဘဲ စကားလမ်းကြောင်း လွှဲကာ မီးဖိုချောင်ထဲမှ ထွက်သွားရန် ပြင်လိုက်သည်။
"ရှင်ငြိမ်း"
သန့်ဇင်လင်း သူမ လက်ကောက်ဝတ်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်၏။
"လွှတ်ပေး... ငါနာတယ်"
ရှင်ငြိမ်း မျက်မှောင်ကြုတ်ကာ သူ့လက်ကို ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
သူမ လေသံက အေးစက်လွန်းတာကြောင့် သန့်ဇင်လင်းပင် အနည်းငယ် တွန့်သွားရသည်။ သူ ဆုပ်ကိုင်ထားသော လက်ကို တဖြည်းဖြည်း ပြန်လွှတ်ပေးလိုက်ချိန်တွင် ရှင်ငြိမ်းက သူ့ကို တစ်ချက်လေးမှ လှည့်မကြည့်တော့ဘဲ မီးဖိုချောင်ထဲမှ ထွက်သွားလေတော့သည်။
သန့်ဇင်လင်း တစ်ယောက်တည်း မီးဖိုချောင်ထဲတွင် ကျန်ရစ်ခဲ့ကာ သူ့ဆံပင်များကို သူ ကြမ်းတမ်းစွာ ဆွဲဖွလိုက်မိ၏။
"ကျစ် ... ဘာတွေ ဖြစ်နေတာလဲ ကွာ"
_________________
ဒီနေ့ ရုံးပိတ်ရက် ဖြစ်သော်လည်း သန့်ဇင်လင်းကတော့ မနက်အစောကြီးကတည်းက အပြင်သို့ ထွက်သွားပြီ ဖြစ်၏။ ဘယ်သွားမည် ဘာကိစ္စရှိသည်ဟု တစ်ခွန်းမှ မပြောခဲ့သလို ရှင်ငြိမ်းကလည်း ဘာတစ်ခုမှ လိုက်မမေးခဲ့ပေ။ မေးစရာ အကြောင်းလည်း မရှိတော့ပါဘူးလေ။ ရုံးပိတ်ရက်ကြီးကိုတောင် မနားဘဲ ထွက်သွားတယ်ဆိုတော့... ဟိုအမျိုးသမီးဆီ သွားတာပဲ နေမှာပေါ့။
ဆိုဖာပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်နေရင်း အတွေးနယ်ချဲ့နေစဉ် အိမ်ရှေ့မှ ကားရပ်သံနှင့်အတူ လူခေါ်ခေါင်းလောင်းသံကို ဆက်တိုက် ကြားလိုက်ရလေသည်။
"ဒီအချိန်ကြီး ဘယ်သူပါလိမ့်..."
ရှင်ငြိမ်း နေရာမှ ထကာ တံခါးဆီသို့ လျှောက်သွားလိုက်ကာ တံခါးကို ဖွင့်ကြည့်လိုက်ချိန်တွင် အပြင် ရပ်နေသူကို မြင်လိုက်ရသဖြင့် ရှင်ငြိမ်း မျက်လုံးလေးများ ဝိုင်းစက်သွားရသည်။
"မေမေ ဘယ်လိုရောက်လာတာလဲ။"
"ဒီမှာလေ ... သမီးတို့အတွက် ဟင်းလေးချက်ပြီးလာပို့တာ။"
ရှင်ငြိမ်း မေမေက လက်ထဲတွင် ချိုင့်လေးကို ကိုင်ထားရင်း အပြုံးချိုချိုလေးဖြင့် ပြန်ဖြေလေသည်။
ရှင်ငြိမ်း မေမေ့ကို မြင်လိုက်ရသည့် အချိန်တွင် ရင်ထဲ၌ ခံစားနေရသော ဝမ်းနည်းမှု အားငယ်မှုများက အလုံးအရင်းနှင့် ဆို့တက်လာကာ ပြေးဖက်ပြီး ငိုချလိုက်ချင်စိတ်များ တဖွားဖွား ပေါ်လာ၏။
သို့သော် မေမေ့ကိုပါ အပူတွေသွားပေးလို့မရပေ။ ရှင်ငြိမ်း မျက်နှာကို ဟန်လုပ်ပြုံးလိုက်ကာ...
"အို ... မေမေကလည်း အလုပ်ရှုပ်ခံလို့။"
မေမေ့ဆီမှ ချိုင့်ကို လှမ်းယူရင်း အိမ်ထဲသို့ ခေါ်ခဲ့လိုက်၏။ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်နှင့် မေမေက ရှင်ငြိမ်း မျက်နှာလေးကို စေ့စေ့စပ်စပ် ကြည့်ကာ မျက်မှောင်လေး ကုတ်သွားလေသည်။
"အမေ့သမီးပိန်သွားသလားလို့။ မဖြစ်ပါဘူး အမေ ဟင်းတွေ သေချာဂရုစိုက်ပြီး လာပို့ဦးမှပါ။"
မေမေ့စကားကြောင့် ရှင်ငြိမ်း ရင်ဘတ်ထဲက ဆစ်ခနဲ နာကျင်သွားရသည်။
"မေမေကလည်း ... မလုပ်ပါနဲ့။ ရှင်ငြိမ်းတို့ စားရ၊သောက်ရတာ အဆင်ပြေပါတယ်။ နောက်ပြီး ရှင်ငြိမ်းလည်း ဟင်းချက်ကြည့်နေပါတယ်။ နောက်နေ့မှ မေမေ့ဆီလာသင်ဦးမယ်။"
"အေးအေး ... ချက်တတ်ထားတော့ ကောင်းတာပေါ့ကွယ်။ ဒါနဲ့ မောင်သန့်ဇင်လင်းရော ... "
မေမေက အိမ်ထဲတွင် မျက်လုံးဝေ့ရှာရင်း မေးလိုက်သည့် မေးခွန်းကြောင့် ရှင်ငြိမ်း အပြုံးများ ရပ်တန့်သွားရသည်။
"သူ ... သူအလုပ်ကိစ္စရှိလို့ အပြင်ထွက်သွားတာ မေမေ"
ရှင်ငြိမ်း မျက်လွှာကို ချကာ လိမ်ပြောလိုက်ရသည်။ ကိုယ့်ယောက်ျား ရုံးပိတ်ရက်ကြီး ဘယ်သွားမှန်းတောင် သေချာမသိရလောက်အောင် ဖြစ်နေသည့် သူမအဖြစ်ကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် သနားမိလာသည်။
"ဪ ... အလုပ်ပိတ်ရက်လေး နားခိုင်းတာမဟုတ်ဘူးကွယ်။ ဒါနဲ့ သမီးတို့အချင်းချင်းအဆင်ပြေကြတယ်မလား။"
မေမေက သမီးရှင်ပီပီ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ ထိုမေးခွန်းက ရှင်ငြိမ်းရဲ့ ဟန်ဆောင်ထားသမျှ ခွန်အားများကို ဖြိုခွဲပစ်လိုက်သလိုပင်။ သူမ လက်ချောင်းလေးများကို အချင်းချင်း တင်းကျပ်စွာ ယှက်နွယ်ထားလိုက်မိသည်။
'ဘယ်လိုလုပ် အဆင်ပြေရမှာလဲ မေမေရယ်။
"ဟုတ် ပြေပါတယ် မေမေ"
"အေးအေး ... မေမေက စိတ်ပူနေတာ။ သမီးတို့က ချစ်လို့ကြိုက်လို့ယူကြတာမဟုတ်ပဲ မိဘပေးစားလို့ ယူထားကြရတာဆိုတော့။"
"အဟွန်း..."
"သမီး... နေမကောင်းဘူးလား မျက်နှာလည်း မကောင်းဘူး"
မေမေက ရှင်ငြိမ်း ပခုံးလေးကို အသာပုတ်ကာ မေးလာသဖြင့် ရှင်ငြိမ်း အတွေးတို့ ရပ်တန့်သွားကာ ...
"အာ... မဟုတ်ပါဘူး မေမေရဲ့။ ညက ဇာတ်လမ်းတွဲ ကြည့်တာ ညဉ့်နက်သွားလို့ အိပ်ရေးမဝတာနေမယ်။ လာ... မေမေ ချက်လာတဲ့ ဟင်းတွေ ပန်းကန်ထဲ သွားပြောင်းထည့်ရအောင်"
"အေးအေး ... ဟင်းတွေ မကုန်ရင် နွှေးနွှေးစားနော်သမီး ... မေမေ အထားခံအောင် ပဲဆီတွေနစ်နေအောင်ထည့်ထားတာ။ "
"ဟုတ် မေမေ "
_______________
ရှင်ငြိမ်း အခုတလော စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတာကြောင့် ဘာမှလည်းမလုပ်ဖြစ်သလို အခု အိမ်မှာလည်း ဘာစားစရာမှ မရှိတော့တာကြောင့် ဈေးသွားဝယ်ဖို့ပြင်ရတော့သည်။
မျက်နှာသစ် အဝတ်အစား ခပ်မြန်မြန်လဲကာ ဈေးဝယ်စင်တာကို ထွက်လာခဲ့လိုက်ကာ ထိုစင်တာထဲရှိ ကော်ဖီဆိုင်တစ်ခုဆီသို့အရောက် သူမ ခြေလှမ်းများ ရုတ်တရက် နေရာတင် ရပ်တန့်သွားရ၏။
အရှေ့ဘက် မလှမ်းမကမ်းရှိ ရေခဲမုန့်ဆိုင်လေးရှေ့တွင် ရပ်နေသော ကျောပြင်ကျယ်ကြီး...။ အမြဲတမ်း ရင်းနှီးနေသည့် ထိုကျောပြင်ကို ရှင်ငြိမ်း နောက်ကျောဘက်ကနေ မြင်တာတောင် တန်းပြီး မှတ်မိနေပါသည်။ သန့်ဇင်လင်း ...
သူမ မျက်လုံးများက သူ့ဘေးနားသို့ အလိုအလျောက် ရောက်သွားချိန်တွင် ရှင်ငြိမ်း ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်သွားရပြန်သည်။ သူ့ဘေးတွင် ရပ်နေသူက တခြားသူမဟုတ်... ဟိုတစ်ခေါက်က ဈေးဝယ်စင်တာမှာ တွေ့ခဲ့ရတဲ့ အမျိုးသမီးပင်။ ဒီနေ့တော့ အဖြူရောင် ဂါဝန်ဖော့ဖော့လေး ဝတ်ဆင်ထားကာ ပို၍ပင် နုပျိုရှင်းသန့်နေ၏။
သို့သော်... ဒီတစ်ခါ သူတို့ နှစ်ယောက်တည်း မဟုတ်ပေ။
ထိုအမျိုးသမီး လက်တစ်ဖက်ကို ဆွဲထားသော အသက် (၄) နှစ်၊ (၅) နှစ် အရွယ် ချစ်စရာ ကလေးငယ် တစ်ယောက်ပါ သူတို့နှင့်အတူ ပါလာခြင်းပင်။
ရှင်ငြိမ်း အသက်ရှူဖို့ပင် မေ့သွားသလို ခံစားလိုက်ရပြီး ခြေလှမ်းများက မြေကြီးနှင့် ကပ်နေသလို လှည့်ထွက်၍လည်း မရ၊ ရှေ့ဆက်တိုး၍လည်း မရတော့လောက်အောင် မှင်သက်သွားမိသည်။
ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သန့်ဇင်လင်းနဲ့ အဲ့ဒီမိန်းမကြားမှာ ကလေးတောင် ရှိနေပြီလား။ ရှင်ငြိမ်းနဲ့ လက်မထပ်ခင်ကတည်းက သူတို့မှာ မိသားစုတစ်ခု ရှိနေခဲ့တာလား။
ရှင်ငြိမ်း နှုတ်ခမ်းများကို သွေးထွက်မတတ် တင်းတင်းကိုက်ထားမိရင်း ရင်တွေလည်း တဆစ်ဆစ်နာကျင်လာရ၏။
သူမ မျက်စိရှေ့က မြင်ကွင်းက တကယ့်ကို ပြည့်စုံလှသော မိသားစုလေး တစ်စု ပုံစံပင်။
ကလေးလေးက လက်ထဲမှ ရေခဲမုန့်ကို စားရင်း သန့်ဇင်လင်းကို မော့ကြည့်ကာ တစ်ခုခုကို လှမ်းပြောလိုက်လေသည်။ ထိုအခါ သန့်ဇင်လင်းက ငုံ့ကြည့်ပြီး ကလေး ဆံပင်လေးများကို ခပ်ဖွဖွ သပ်တင်ပေးလိုက်ကာ ရယ်မောနေလေရဲ့။ ထို့နောက် အမျိုးသမီးဘက်သို့ လှည့်ကာ ကြင်နာယုယသည့် အပြုံးမျိုးဖြင့် ပြုံးပြီး ပြောနေပြန်သည်။
ရှင်ငြိမ်းကသာ သူတို့ကြားထဲကို အတင်း ဝင်ရှုပ်နေမိတဲ့ လူပိုတစ်ယောက်ဖြစ်နေတာလား။
မျက်ဝန်းအိမ်ထဲတွင် ပူနွေးသော မျက်ရည်များက ပြည့်လျှံလာကာ အမြင်အာရုံများပင် ဝေဝါးလာတော့သည်။
သူတို့ ပျော်ရွှင်နေတဲ့ ကမ္ဘာလေးကို အဝေးကနေ ရပ်ကြည့်နေရုံကလွဲပြီး ရှင်ငြိမ်း ဘာမှ မလုပ်နိုင်ခဲ့ပါ။ သွားပြီး ရန်တွေ့ဖို့လည်း သူမမှာ အခွင့်အရေး မရှိသလို ခံစားရသည်။ သူမချစ်တဲ့ မိန်းမ တစ်ယောက်အနေနဲ့ ဘာအခွင့်အရေးများ ရှိမှာမို့လို့လဲ။
အပိုင်း (၄၄) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)