Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၄၄)

ရှေ့တွင်ချထားသော ကော်ဖီခွက်ထဲမှ ကော်ဖီများမှာ အေးစက်နေပြီ ဖြစ်သော်လည်း ရှင်ငြိမ်းကတော့ ဇွန်းလေးဖြင့် ဟိုမွှေဒီမွှေသာ လုပ်နေမိသည်။

ဖြူစင် ချိုသဲနှင့် မိုးပွင့်ဖြူတို့ သုံးယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရှင်ငြိမ်း မျက်နှာလေးကို ကြည့်ကာ စိတ်ပူနေကြ၏။

"အိမ်တွင်းရေးမို့လို့ သူများတွေကို မပြောပြသင့်ဘူးဆိုတာ ငါသိပါတယ်ဟာ... ဒါပေမယ့် ငါ့မှာလေ ရင်ဖွင့်စရာဆိုလို့ နင်တို့ သုံးယောက်ပဲ ရှိတော့တာမို့လို့ပါ..."

တိတ်ဆိတ်မှုကို ခွဲထွက်လာသော ရှင်ငြိမ်း အသံလေးမှာ အက်ကွဲကာ တုန်ယင်နေကာ မျက်လွှာချထားသည့် မျက်ဝန်းအိမ်များမှာလည်း မျက်ရည်များ ပြည့်လျှံလာသည်ကို အထင်းသား မြင်နေရ၏။

"ပြောပါ ရှင်ငြိမ်းရယ်... ငါတို့က နင့်သူငယ်ချင်းတွေပဲဟာ။ ဘာတွေဖြစ်လို့လဲ... နင့်မျက်နှာကလည်း လူမမာကျနေတာပဲ"

မိုးပွင့်ဖြူ ရှင်ငြိမ်း လက်ဖဝါးလေးကို ဆုပ်ကိုင်ပေးရင်း စိုးရိမ်တကြီး မေးလိုက်လျှင် ရှင်ငြိမ်း သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်ကာ သူမတို့ အိမ်ထောင်ရေးအကြောင်းစုံကို ပြောပြလိုက်တော့သည်။

သူမ စကားဆုံးသွားချိန်တွင် သူငယ်ချင်း သုံးယောက်စလုံးမှာ ပါးစပ်အဟောင်းသားနှင့် မှင်သက်သွားကြ၏။

"ဟယ်... မဖြစ်နိုင်လောက်ပါဘူး ရှင်ငြိမ်းရယ်။

သန့်ဇင်လင်းက အဲ့လိုတော့မလုပ်လောက်ပါဘူး။ "

ချိုသဲက မယုံနိုင်စွာဖြင့် ဝင်ပြောလိုက်လျှင် ဖြူစင်ကလည်း ထောက်ခံလေသည်။

"ဟုတ်တယ် ရှင်ငြိမ်း... သန့်ဇင်လင်းက အဲ့လို ဖောက်ပြန်မယ့်လူမျိုး‌ေတာ့ မဟုတ်လောက်ပါဘူး။

နောက်ပြီး ကလေးပါရှိနေတယ်ဆိုတာကြီးကျ "

"ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလေဟာ...

ဖြစ်နိုင်တာပေါ့... သူနဲ့ငါက ချစ်လို့ကြိုက်လို့ လက်ထပ်ခဲ့ကြတာမှ မဟုတ်တာ။ သူကလည်း ငါ့ကို မချစ်ဘူးလေ..."

"မချစ်လို့ပဲ ထားပါတော့ ရှင်ငြိမ်းရယ်။ မချစ်တိုင်း ဒီလို ဇာတ်ရှုပ်တွေ ရှိနေရမယ်လို့တော့ မဆိုလိုဘူးလေ။ သူ့ ဆွေမျိုးတွေထဲက ကလေးများလား"

မိုးပွင့်ဖြူက အတတ်နိုင်ဆုံး အကောင်းဘက်မှ တွေးပေးရန် ကြိုးစားနေသော်လည်း ရှင်ငြိမ်းကတော့ ခေါင်းကိုသာ ခပ်သွက်သွက် ရမ်းပြလိုက်သည်။

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး။ "

ရှင်ငြိမ်း ရှိုက်သံတွေ ပိုမို ပြင်းထန်လာကာ သူမ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ပြီး...

"သူတို့က ကလေးတောင် ရနေပြီဆိုတော့... တကယ်တမ်းကျ ငါက အငယ်ဖြစ်နေတာမလား။ ငါကမှ သူတို့ မိသားစုကြားထဲကို အတင်း ဝင်ရှုပ်နေတဲ့ လူပိုကြီး ဖြစ်နေတာမလား..."

"အို... ရှင်ငြိမ်းရယ်။ ဘာတွေ လျှောက်ပြောနေတာလဲ။ နင်က တရားဝင် လက်ထပ်ထားတဲ့ မယားကြီးလေ။ ဘာလို့ နင်က အငယ်ဖြစ်ရမှာလဲ"

"လက်မှတ်တစ်ခု ထိုးထားရုံနဲ့ တရားဝင်ဖြစ်တာမှ မဟုတ်တာ ... သူ့နှလုံးသားထဲမှာ ငါမဟုတ်ပဲ အဲ့ဒီမိန်းမနဲ့ ကလေးက နေရာယူထားတာလေ။

သူ့မှာ ဒီလို မိသားစု ရှိနေတယ်ဆိုရင်လည်း ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့သင့်တာပေါ့။ အခုတော့... ငါ့မှာ ဘာမှမသိဘဲ သူများမိသားစုကို ဖျက်ဆီးတဲ့ မိန်းမယုတ်ကြီး တစ်ယောက်လို ခံစားနေရပြီဟာ... ငါ တကယ် ရှက်လွန်းလို့ သေချင်တာပဲ သိလား..."

ရှင်ငြိမ်း ဘေးနားက ဖြူစင့် ရင်ခွင်ထဲသို့ မှီချလိုက်ပြီး ကလေးတစ်ယောက်လို အသံထွက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်တော့ကာ ချိုသဲနှင့် မိုးပွင့်ဖြူတို့လည်း ဘာဆက်ပြောရမှန်း မသိတော့ဘဲ ရှင်ငြိမ်း ကျောပြင်လေးကိုသာ အသာ ပွတ်သပ်ပေးနေကြတော့သည်။

____________

...ကွာရှင်းပြတ်စဲခြင်း သဘောတူစာချုပ်...

စာရွက်ထက်ရှိ စာလုံးမည်းမည်းကြီးများကို ကြည့်ရင်း ရှင်ငြိမ်း မျက်ဝန်းမှ မျက်ရည်တစ်ပေါက်က ကျဆင်းသွားကာ လက်ထဲမှ ဖောင်တိန်လေးကို တင်းတင်းဆုပ်ကိုင်ထားသော်လည်း လက်ချောင်းလေးများက သိသိသာသာ တုန်ယင်နေ၏။

ခဏလောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး စာရွက် အောက်ခြေတွင် သူမ နာမည်ကို ခပ်သွက်သွက် လက်မှတ်ရေးထိုးလိုက်တော့သည်။

ထို့နောက် ဘယ်ဘက်လက်သူကြွယ်မှ လက်ထပ်လက်စွပ်လေးကို ဖြည်းညှင်းစွာ ချွတ်ယူလိုက်ပြီး ကွာရှင်းစာချုပ်ပေါ်တွင် တင်လိုက်ချိန်၌ ရှင်ငြိမ်း နှလုံးသားတစ်ခုလုံး ဆွဲညှစ်ခံလိုက်ရသလို အောင့်တက်သွားရ၏။

အခန်းကို နောက်ဆုံးအနေဖြင့် တစ်ချက် ဝေ့ကြည့်လိုက်တော့ သူနှင့်အတူ ဖြတ်သန်းခဲ့ရသည့် နေ့ရက်များက အရိပ်လို ပြန်လည်ပေါ်လာလေသည်။ သို့သော် ထိုအရိပ်များက နာကျင်စရာ အတိတ်တွေသာ ဖြစ်နေခဲ့ပြီလေ။

"လူကြီးမင်းများရှင့်... လေယာဉ် မကြာမီ ပျံသန်းတော့မည် ဖြစ်ပါသဖြင့် ထိုင်ခုံခါးပတ်များကို ပတ်ထားပေးကြပါရန်..."

လေယာဉ်မယ်လေး၏ သာယာသောအသံ လွင့်ပျံလာချိန်တွင် ရှင်ငြိမ်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးကြည့်နေမိသည်။ လေယာဉ်စတင် ရွေ့လျားသွားချိန်တွင် သူမ ရင်ထဲတွင် ဟာလာဟင်းလင်းနှင့် တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရကာ မြေပြင်နှင့် တဖြည်းဖြည်း ဝေးကွာသွားချိန်တွင် ရှင်ငြိမ်း မျက်လုံးများကို မှိတ်ချလိုက်၏။

မှိတ်ချလိုက်သည်နှင့် တစ်ပြိုင်နက် ဟိုတစ်နေ့က မြင်ကွင်းက ခေါင်းထဲသို့ အလိုလို ဝင်ရောက်လာ လေသည်။

ရှင်ငြိမ်း ထိုနေ့က သူငယ်ချင်းတွေနဲ့ တွေ့ပြီးအပြန် ဘယ်လိုရေစက်လဲတော့မသိ သန့်ဇင်လင်းနဲ့အတူတွေ့ခဲ့တဲ့ အမျိုးသမီးနှင့် ကလေးလေးကို ကစားကွင်းတွင် ထပ်တွေ့လိုက်ပြန်သည်။ ဒီနေ့တော့ သန့်ဇင်လင်းက မပါပါ။

ကလေးအမေက တစ်ဖက်မှာ အအေးသွားဝယ်ပေးနေခိုက် ကလေးက ကစားကွင်းထဲရှိ ခုံတန်းလေးတွင် တစ်ယောက်တည်း ခဏကျန်ရစ်ခဲ့ရာ ရှင်ငြိမ်း

ခြေလှမ်းတို့က ဘာကြောင့်မှန်းမသိ ထိုကလေးငယ်ဆီသို့ တရွေ့ရွေ့ ဦးတည်သွားခဲ့မိသည်။

"သားလေး..."

ရှင်ငြိမ်း ခေါ်သံကြောင့် တစ်ယောက်တည်း ကစားစရာအရုပ်ကလေးနှင့်ဆော့နေသော ကလေးလေးက သူမကို မျက်လုံး ဝိုင်းဝိုင်းလေးများဖြင့် မော့ကြည့်လာ၏။ ကလေး မျက်နှာလေးကို အနီးကပ် မြင်လိုက်ရချိန်တွင် သန့်ဇင်လင်း ရုပ်နှင့် တစ်ပုံစံတည်း တူလွန်းနေတာကြောင့် ရှင်ငြိမ်း နင့်ခနဲ ဖြစ်သွားရသည်။

"သားလေးတစ်ယောက်တည်းလား။ "

သူ့အမေနှင့် အတူလာတာသိပေမယ့် ရှင်ငြိမ်း စကားပလ္လင်ခံကာ မေးလိုက်၏။

"ဟုတ်ဘူး။

သားမာမီနဲ့ တူတူလာတာဂျ။

မာမီက သားသားအတွက် ချော်ရည်(ဖျော်ရည်) သွားဝယ်ပေးနေတာ။ "

"ဪ ... ဟုတ်လား။

သား အဖေနဲ့ အမေက ဘယ်သူလဲဟင်..."

ရှင်ငြိမ်း အသံကို ပုံမှန်ဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းပြီး ဖြည်းဖြည်းချင်း မေးလိုက်မိသည်။

"သားမာမီက ဒေါ်ခင်သက်နွယ်... သားဒယ်ဒီက ဦးသန့်ဇင်လင်းပါဂျ ..."

"ဟင် ... "

ရှင်ငြိမ်း ကမ္ဘာပျက်မတတ် ဆွံ့အသွားခဲ့ရသည်။

ဒါ... ဒါဆို သူ့သားလေး ဖြစ်နေတာ အမှန်ပဲပေါ့...

"မမ လှလှကရော ဘယ်သူလဲဟင်။

သားသား ဒယ်ဒီနဲ့ မာမီကို သိလားဂျ။ "

ကလေးငယ်ရဲ့ အမေးကို ရှင်ငြိမ်း ချက်ချင်းပြန်မဖြေနိုင်သေးပဲ အတန်ကြာမှ ...

"ဟင် ... အွန်း မမက သားဖေဖေရဲ့ သူငယ်ချင်းပါ။ "

"ဟင် ဟုတ်လား ... အဲ့ဒါဆို ဒီတစ်ခေါက် ဒယ်ဒီနဲ့တွေ့ရင် ပြောပြရမယ် မမလှလှအ‌ေကြာင်းကို ။ "

ပြန်တွေးမိတော့ ပြန်နာကျင်လာရကာ တနင့်တပိုးပင်။

ဘယ်လောက်ပဲ တင်းခံထားထား မျက်ရည်ပူများက ပါးပြင်တစ်လျှောက် စီးကျလာပြန်၏။

ငါနင့်ကို လွတ်လပ်ခွင့်ပေးလိုက်ပါပြီ။

အပိုင်း (၄၅) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၃) နောက်အခန်း - အပိုင်း (၄၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ