Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၁၈)

ထမင်းစားချိန်ဖြစ်သဖြင့် ကျောင်းသားအများစု အပြင်ထွက်သွားကြရာ အတန်းထဲတွင် ရှင်ငြိမ်းတို့ မိန်းကလေးတစ်သိုက်သာ ကျန်ခဲ့ကြသည်။ ရှင်ငြိမ်းက ထမင်းစားပြီးသွား၍ ရေသောက်ကာ စာအုပ်ကို လှန်လှောကာ ဘာကျက်စရာကျန်သေးလဲကြည့်နေစဉ် အပြင်ဘက်မှ ပြေးဝင်လာသော ချိုသဲဖြူက ရှင်ငြိမ်းဘေးရှိ ခုံလွတ်တွင် ဝင်ထိုင်လိုက်ရင်း အသံကို ခပ်နှိမ့်နှိမ့်လုပ်ကာ ပြောလာလေသည်။

"ဟဲ့ ... ရှင်ငြိမ်း ... သန့်ဇင်လင်း ရည်းစားရသွားပြီတဲ့။"

"ဟင် ..."

ရှင်ငြိမ်း စာအုပ်လှန်နေသော လက်ချောင်းလေးများ ရုတ်တရက် ရပ်တန့်သွားရပြီး ရင်ထဲတွင် လေဟာနယ်ကြီးတစ်ခု ဖြစ်ပေါ်သွားသလို ဟာလာဟင်းလင်း ခံစားလိုက်ရပြီး ဆို့နင့်နင့် ဝမ်းနည်းမှုလေးတစ်ခုက ရင်ထဲသို့ တိုးဝင်လာ၏။ သို့သော် သူမနှင့် သူက ဘာမှ ပတ်သက်ခဲ့ဖူးသူတွေ မဟုတ်သလို သူမဘက်ကသာ တိတ်တိတ်လေး သဘောကျနေခဲ့ရခြင်း ဖြစ်တာကြောင့် မကျေမနပ်ဖြစ်ခြင်း ဒေါသထွက်ခြင်းမျိုးတော့ အလျှင်းမရှိခဲ့ပေ။

ရှင်ငြိမ်း စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းကာ သူမခံစားချက်များကို ဖုံးကွယ်ရင်း နှုတ်ခမ်းကို အသာကွေးညွတ်ကာ ပြုံးပြလိုက်ပြီး ...။

"ဟုတ်လား... ဘယ်သူလဲ ... ဆုဝေနဲ့လား။"

ဆုဝေက သူ့ကိုသဘောကျနေတာ ရှင်ငြိမ်းသိပြီးသားမို့ ဆုဝေ များလားဟု ရှင်ငြိမ်း စိတ်ထဲ ထင်မိသွား၍ မေးလိုက်ခြင်းပင်။

"မဟုတ်ဘူး ... ၁၀ တန်း fresher ခန်းက ... ဟဲ့ နာမည် ဘယ်သူ"

ချိုသဲဖြူက သူမဘေးနားတွင် ထိုင်နေသော ဖြူစင့်ဘက်သို့ လှမ်းကြည့်ကာ မေးလိုက်၏။ ထိုအခါ ဖြူစင်က...

"ဝေဝေသော်"

"ဪ ... အေး အေး ဟုတ်တယ်။ ဝေဝေသော်တဲ့။"

"ဪ ..."

ရှင်ငြိမ်း ခေါင်းလေးကို အသာညိတ်ရင်း တိုးတိုးလေးသာ ရေရွတ်လိုက်မိသည်။

"နင် မြင်ဖူးချင်လား။ ငါတို့ ပြပေးမယ်လေ။"

ချိုသဲဖြူက ရှင်ငြိမ်း ပခုံးလေးကို အသာပုတ်ကာ မေးလျှင် ရှင်ငြိမ်း ချက်ချင်းပင် ခေါင်းရမ်းလိုက်ပြီး...

"တော်ပါပြီ ... ငါက ဘာလုပ်ရမှာလဲ။"

သူမ တကယ်လည်း မမြင်ဖူးချင်ပါ။ မြင်လိုက်ရလျှင် ကိုယ့်စိတ်ကိုယ် ပိုပြီး ဝမ်းနည်းရုံကလွဲ၍ ဘာမှ ထူးလာမည်မဟုတ်သည်ကို သူမ သိနေသည်။ ရှင်ငြိမ်းအသံလေး ငြိမ်ကျသွားသည်ကို မြင်တော့ ချိုသဲဖြူက ရှင်ငြိမ်းကို နှစ်သိမ့်ချင်သည့်ဟန်ဖြင့်...

"အေးပါ ... ဒီအတိုင်း အပျော်တွဲတာ နေမှာပါဟယ်။"

"အွန်း"

သူမကို နှစ်သိမ့်ချင်နေမှန်း သိတာကြောင့် ရှင်ငြိမ်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

ထိုစဉ် မိုးပွင့်ဖြူက နောက်သို့ လှည့်လာကာ ...

"အဲ့ဝေဝေသော်က ဘုန်းမင်းခန့်နဲ့လည်း တွဲပြီးသား မလား။"

မိုးပွင့်ဖြူက ဝင်ပြောလျှင် လက်ထဲမှ အချဉ်ပေါင်းကို ပါးစပ်ထဲ ထည့်ဝါးစားနေသော ချိုသဲဖြူက ခေါင်းကို ညိတ်ပြကာ...

"ဟုတ်တယ်လေ ... ခင်ထားလေ။"

'ခင်ထား' ဆိုသည့် စကားလုံးကြောင့် အကုန် နားမလည်နိုင်ဖြစ်သွားကာ ကြောင်ကြည့်နေကြလျှင် ချိုသဲဖြူက မျက်စောင်းလေး တခဲခဲဖြင့် ရှင်းပြလေသည်။

"လင်များတဲ့ ခင်ထားလို့ ပြောတာဟဲ့။ သူ မတွဲဖူးတဲ့သူက ခပ်ရှားရှား။"

ထိုစကားကြောင့် ဖြူစင်က ဝင်၍...

"ချောလည်း ချောတာကိုး။"

ထိုအခါ ချိုသဲဖြူ မျက်နှာကြီး ရှုံ့မဲ့သွားပြီး လက်ထဲက အချဉ်ပေါင်းထုပ်ကို စားပွဲပေါ် ပစ်ချလိုက်ကာ ...

"အမယ်လေး ... ပြင်လို့ပါဟယ်။ ကျောင်းလာတာကို မင်းသမီးရှုံးအောင် ပြင်လာတာကို။ ပဲကများသေး ... နောက်ပြီး သူက လင်မြင်ပြုံး၊ လင် only ချိုနော်။ ယောက်ျားလေးတွေနဲ့ဆို ညှောင့်စိညှောင့်စိ ရုံးပတီသီးအသံနဲ့ ချိုမြနေပြီး မိန်းကလေး အချင်းချင်းဆို မတူသလို မတန်သလိုနဲ့ ချေမိုးနေတာ။"

ချိုသဲဖြူက နှုတ်ခမ်းလေး စူကာ၊ မျက်စောင်းလေး ထိုးကာဖြင့် ဝေဝေသော်၏ အမူအရာများကို လုပ်ပြရင်း ပြောချလိုက်ရာ ရှင်ငြိမ်းပင် ပြုံးမိသွားရသည်။ မိုးပွင့်ဖြူကတော့ ချိုသဲဖြူအား ကြည့်ကာ ရယ်ရင်း ...

"ဟဲ့ ... နင် ဘယ်ကတည်းက သူ့အတင်း အုပ်ချင်နေတာလဲ။"

ပြောလိုက်တာများ ဝေဝေသော်မှာ ရစရာကို မရှိတော့။ ဒါပေမယ့် သူမပြောတာတွေကလည်း အမှန်တွေချည်းပင်။

"ကြည့်လို့ကို မရဘူး ငါတော့။ ဟိုတလောကလည်း ငါတို့ အခန်းရှေ့က ဖြတ်သွားတာ မြင်လိုက်တယ်မလား။ သူများ အခန်းရှေ့လာပြီး ငါတို့ကို အထင်သေးသလို လာကြည့်သွားတာ။ သူကလည်း စာရရှာတာဆိုတော့။"

"ဟုတ်ပ ... ဟုတ်ပ။"

ဖြူစင်နှင့် မိုးပွင့်ဖြူတို့ကလည်း...ပြိုင်တူ ဝင်ထောက်ခံကြလေသည်။

ဘယ်လိုပဲနေနေ သူ့အချစ်ကိုရတဲ့မိန်းကလေးဆိုတော့ ရှင်ငြိမ်းနည်းနည်းတော့ အားကျမိပါရဲ့။

_______________

ကျောင်းကန်တင်း၏ အချောင်ကျဆုံး ထောင့်ဝိုင်းတွင် သန့်ဇင်လင်းတို့အဖွဲ့ ထိုင်နေကြကာ

သန့်ဇင်လင်း ခုံနောက်မှီကို အသာမှီကာ လက်တစ်ဖက်က ဖုန်းကို ကိုင်၍ ဂိမ်းဆော့နေပြီး ကျန်လက်တစ်ဖက်က ဆေးလိပ်ကို ညှပ်ကာ ခဲထား၏။

ဆရာမတွေလာလည်း ကွယ်နေတာမို့ တော်ရြံမြင်ရမှာမဟုတ်ပေ။

ထိုဝိုင်းက သူတို့အတွက် သီးသန့်လိုတောင် ဖြစ်နေပြီဖြစ်၏။

ထိုစဉ် ကန်တင်းထဲသို့ မျက်နှာထား တင်းတင်းဖြင့် ဝင်လာသော ကောင်မလေး တစ်ယောက်။ သူမက တခြားသူမဟုတ် လွန်ခဲ့သော နှစ်ပတ်ခန့်ကမှ သန့်ဇင်လင်းနှင့် တွဲနေသည့် ဝေဝေသော် ပင် ဖြစ်သည်။

ဝေဝေသော် သန့်ဇင်လင်းတို့ ဝိုင်းနားရောက်သည်နှင့် ခြေဆောင့်ရပ်လိုက်ပြီး...

"သန့်ဇင်လင်း... နင် ဘာလို့ ငါ့ဖုန်းတွေ မကိုင်တာလဲ။ စာပို့တာလည်း မပြန်ဘူး။ ကျောင်းမှာ တွေ့ရင်လည်း မသိချင်ယောင် ဆောင်နေတယ်။ နင် ဘာသဘောလဲ။"

ဒေါသတကြီး အော်မေးလိုက်သော ဝေဝေသော့် အသံကြောင့် ကန်တင်းထဲရှိ ကျောင်းသားအချို့ပင် သူတို့ဝိုင်းဘက်သို့ လှမ်းကြည့်လာကြသည်။ သို့သော် သန့်ဇင်လင်းကတော့ ဖုန်းစခရင်ပေါ်မှ အကြည့်ကို လုံးဝ မခွာပဲ ဂိမ်းသာဆက်ဆော့နေ၏။

"ဟျောင့် သန့်ကြီး... ဝေဝေသော် ရောက်နေတယ်။"

ဘေးမှ အောင်သူက သန့်ဇင်လင်း ပခုံးကို အသာလှမ်းပုတ်ကာ သတိပေးလိုက်မှ သန့်ဇင်လင်းက ဂိမ်းဆော့နေတာကို ခဏရပ်ကာ ဖုန်းကို စားပွဲပေါ်သို့ ပစ်ချလိုက်လေသည်။ ထို့နောက် ပါးစပ်ထဲမှ ဆေးလိပ်ငွေ့များကို အပေါ်သို့ လွင့်ထုတ်လိုက်ပြီး ဝေဝေသော်ကို မျက်မှောင်အနည်းငယ် ကြုတ်ကာ မော့ကြည့်လိုက်၏။

"ဘာကိစ္စ ရှိလို့လဲ။"

အေးစက်စက်နှင့် ခပ်သြသြ ထွက်လာသော သူ့ အသံကြောင့် ဝေဝေသော် ဒေါသတွေ ပိုထွက်သွားပုံရသည်။

"ဘာကိစ္စ ရှိလို့လဲ ဟုတ်လား... နင်နဲ့ငါက ရည်းစားတွေလေ။ နင်က ဘာလို့ ငါ့ကို ရှောင်နေတာလဲ။ ငါ့ကို ဖြတ်ချင်နေတာလား။"

ဝေဝေသော် အံကိုတင်းတင်းကြိတ်ပြီး မျက်ရည်လေးဝဲကာ မေးလိုက်သော်လည်း သန့်ဇင်လင်း၏ နှုတ်ခမ်းထောင့်တစ်ဖက်က အနည်းငယ် ကွေးတက်သွားကာ လှောင်ပြုံးတစ်ခုသာ ပေါ်လာခဲ့သည်။

"မင်းနဲ့ငါက ရည်းစားတွေ ဟုတ်လား... ဘယ်သူက ပြောလဲ။ ငါကတော့ အဲ့လို မသတ်မှတ်ထားပါဘူး။ ပြီးတော့... ငါတို့က ပြီးသွားပြီလေ။ နောက်ထပ် လာမရှုပ်ပါနဲ့လား။ ငါ စိတ်ရှုပ်တာ သိပ်မကြိုက်ဘူး။"

သန့်ဇင်လင်းက ဘာခံစားချက်မှ မပါသည့်ဟန်ဖြင့် ခပ်ပေါ့ပေါ့ပင် ပြောချလိုက်၏။ ထိုစကားကြောင့် ဝေဝေသော် မျက်နှာလေး ဖြူလျော့သွားကာ နှုတ်ခမ်းကို တင်းတင်းကိုက်ပြီး...

"နင်... နင် တော်တော် ယုတ်မာတဲ့ ကောင်ပဲ။

နင်တို့ သူငယ်ချင်းတွေ အတူတူပဲ။ "

ဘေးက သူ့ကို ခပ်မဲ့မဲ့ စိုက်ကြည့်နေတဲ့ ဘုန်းမင်းခန့်ကိုပါ ကြည့်ကာပြောပြီး ဝေဝေသော် မျက်ရည်များ ကျလာကာ ကန်တင်းထဲမှ အပြေးလေး ထွက်သွားလေတော့သည်။

"ဟား... ဟား... သန့်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီကွာ။ မင်းကလည်း ... စော်လေး ငိုသွားပြီဟ။

ဘာလဲ ငဘုန်းကို အားကျလို့လား မင်းက "

ဟိန်းမင်းသူ ရယ်ရင်း လှမ်းစလိုက်သည်။ သန့်ဇင်လင်းကတော့ ဘာမှ မဖြစ်ခဲ့သည့်အလား ဆေးလိပ်တိုကို ပြာခွက်ထဲ ဖိချေကာ မီးသတ်လိုက်ပြီး ဖုန်းကို ပြန်ကောက်ကိုင်လိုက်သည်။

" ဟေ့ကောင် မင်း အခုတလော ဘာဖြစ်နေတာလဲ။

ဘာလဲ မှူးပြည့်ပြည့်သော် သဝန်တိုအောင် လုပ်ပြနေတာလေ။

မင်းလုပ်ပြနေလည်း အပိုပဲနော် ဟိုက သူ့ဘဲကြီးနဲ့ အိုကေ စိုပြေနေတာ။ "

"ကျစ် ... ဘယ်က မှူးပြည့်ပြည့်သော်က ပါလာတာလဲ။

ငါနဲ့သူနဲ့ပြတ်တာ ကြာပါပြီကွာ။"

"အေးလေ ... အဲ့တာကို မင်းက အခုမှ ဘာထဖြစ်တာလဲ။ "

"ဘာမှ မဖြစ်ဘူးကွာ။

ငါ့ဟာငါ ကြိုက်လို့ "

"အခုလည်း အသစ်တွဲတော့မလို့မလား။"

"ဟုတ်တယ်။ "

"အေး ... လုပ် လုပ်။

မင်းစိတ်ချမ်းသာသလိုသာလုပ်။

ကျောင်းပိတ်ရက်ကျ double date လို့ ရတာပေါ့ကွာ။ "

ဘုန်းမင်းခန့် ခပ်ဟဟရယ်ရင်း ပြောလိုက်လျှင်

သန့်ဇင်လင်းကလည်း သူ့ပါးချိုင့်ခွက်ခွက်ကလေးပေါ်သွားပြီး မျက်လုံးကျဥ်းကျဥ်း‌ေလး မှိတ်သွားသည်အထိ ရယ်လိုက်၏။

ထိုစဉ် ကန်တင်းထဲသို့ ဆုဝေနှင့် သူမသူငယ်ချင်းများ ဝင်လာကြကာ ဆုဝေက သန့်ဇင်လင်းကို မြင်သည်နှင့် မျက်နှာလေး ဝင်းလက်သွားပြီး သူတို့ဝိုင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လာလေသည်။

"ကိုသန့်ဇင်လင်း... ဒီမှာ အအေး လာတိုက်တာ။"

ဆုဝေက ချိုသာသော အသံလေးဖြင့် ပြောရင်း အအေးဘူးလေးကို သန့်ဇင်လင်း ရှေ့စားပွဲပေါ်သို့ အသာချပေးလိုက်သည်။

"ဝိုး... သန့်ကြီးရာ "

အောင်သူက လက်ခုပ်တီးကာ အော်ဟစ် အားပေးလိုက်လျှင် ဆုဝေက ရှက်သွေးဖြာကာ မျက်လွှာလေးချသွားသည်။

သို့သော် သန့်ဇင်လင်းက အံကို တင်းတင်းကြိတ်ကာ ...

"ပြန်ယူသွား "

"ရှင် ..."

"မလိုချင်ဘူး ... ပြန်ယူသွား။ "

ဒေါသသံကြောင့် အနည်းငယ်ကျယ်သွားတဲ့ သန့်ဇင်လင်းအသံကြောင့် ဆုဝေမျက်နှာလေးမဲ့ကျသွားသလို ကျန်တဲ့သူတွေကလည်း သူ့အား နားမလည်နိုင်စွာ ကြည့်နေကြ၏။

"ဟို ... ကိုသန့်ဇင် ..."

"ကျစ် "

သန့်ဇင်လင်း စိတ်မရှည်စွာ စုပ်တစ်ချက်သပ်လိုက်မှ ဆုဝေ အအေးဗူးကိုကိုင်ကာ ထွက်သွားတော့သည်။

ထိုအခါ သန့်ဇင်လင်းသူငယ်ချင်းတွေက သူ့အနားရောက်လာကြကာ ...

"ဟျောင့် မင်းကဘာဖြစ်တာလဲ။

ဆုဝေနဲ့မတွဲဘူးလား။ "

"မတွဲဘူး။ "

"အဲ့ဒါဆို ဘယ်သူလဲ။ "

"ငါတို့အခန်းထဲက ဟန်မီမီထွန်း "

"ဟ ... ငါတို့တောင် မသိလိုက်ရပါလား။ "

"ငါသိတယ် ... အခုတလော ဒီကောင် ဟန်မီမီထွန်းနဲ့ အီနေတာ။ "

အာနိုးက ထပြောလျှင် ကျန်တဲ့သူတွေ နှုတ်ခမ်းရှုံ့လိုက်ကြ၏။

အဲ့တာဆို ဝေဝေသော်နဲ့ တွဲနေတုန်းအချိန်မလား။

ဒီကောင်နဲ့ ငဘုန်းမတူတာက ငဘုန်းက စော်ရှုပ်ပေမယ့် ဘယ်စော်နဲ့မှ မအီပေ။

သူတွဲချင်တဲ့ အချိန်ကျမှ ကောက်တွဲပြီး မတွဲချင်ရင် ခေါက်လိုက်၏။

သူတို့အဖွဲ့ထဲမှာ လင်းခကလွဲပြီး ကျန်တဲ့သူတွေမှာ အတည်တကျ ရည်းစားရယ်လို့မရှိပါ။

သန့်ဇင်လင်းကိုလည်း မှူးပြည့်ပြည့်သော်နဲ့ ငြိမ်တော့မယ် ထင်ထားခဲ့ပေမယ့် ဟိုက အရင်သစ္စာဖောက်သွားလေသည်။

အဲ့တုန်းကလည်း ဒီကောင်ကြီး ရူးမတတ်ခံစားခဲ့ရတာ သူတို့မျက်မြင်ကိုယ်တွေ့။

အခုလည်း မှူးပြည့်ပြည့်သော်ကို ရွဲ့နေတာပဲ ဖြစ်နိုင်သည်။

အခုတလော မှူးပြည့် ဘဲကြီးက ကျောင်းကို ရောက်ရောက်လာတာလေ။

ဒီကောင် အဲ့တာကြောင့် ဂျေဝင်နေတာနေ‌မှာပေါ့။

အပိုင်း (၁၈) ဆက်ရန် ...

(မတင်သေးဘူးလား လာလာမေးနေတဲ့သူလေးတွေကြောင့် မနက်၄နာရီ တစ်ရေးနိုးထရေးပြီး တင်ပေးလိုက်ပါတယ်။

အဲ့တာကြောက့် အန်နာ စာမတင်ဖြစ်ရင် အားမနာတမ်းလာပြောပေးပါနော် ...

မဟုတ်ရင် အပျင်းတစ်နေတတ်လို့ပါ 🥹🤭)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၇) နောက်အခန်း - အပိုင်း (၁၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ