Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၁၇)

"ဟဲ့ ရှင်ငြိမ်း... ဟိုမှာ နင့်ရဲ့ အသန့်လေး သောက်သွားတာ။ ဆေးလိပ်တိုတွေ ပြန်လည်း မပစ်ခဲ့ဘူး၊ အောက်မှာ ဒီတိုင်း ချထားခဲ့တာ။ ဆရာမ ဝင်လာလို့ မြင်သွားရင်တော့ အဆူခံရလိမ့်မယ်... သွားပစ်ပေးလိုက်ဦး။"

ရှင်ငြိမ်း လွယ်အိတ်လေးချရုံရှိသေး ချိုသဲဖြူက နှာခေါင်းလေး ရှုံ့ကာ အခန်းထောင့်ရှိ ပြတင်းပေါက်ဘက်သို့ မျက်စောင်းလေး ထိုးကာ မေးငေါ့ပြကာ ပြောလာတာ၏။

"ဟင်... ဟုတ်လား။"

ရှင်ငြိမ်း ယောင်ယမ်းကာ မေးလိုက်မိကာ လှမ်းကြည့်လိုက်တော့ တကယ်ပင်... ပြတင်းပေါက်ဘောင်ပေါ်နှင့် အောက်တွင် ဆေးလိပ်တို နှစ်လိပ်ကို တွေ့လိုက်ရသည်။

ရှင်ငြိမ်း သက်ပြင်း ခပ်ဖွဖွ ချလိုက်မိပြီး လွယ်အိတ်ထဲမှ တစ်ရှူးတစ်ရွက်ကို ဆွဲထုတ်ကာ ဆေးလိပ်တိုတွေ ကောက်ပြီး အမှိုက်ထဲ သွားပစ်လိုက်၏။

ထိုအခါ အခန်းထဲက ယောက်ျားလေး တစ်သိုက်ထံမှ အသံတွေထွက်လာတော့ ...

"ဝိုး ... တကယ်ကြီး ပစ်ပေးတာကွ။ "

ကိုကိုနိုင်က ပြုံးစိစိဖြင့် လှမ်းအော်ပြောလိုက်ရာ

ရှင်ငြိမ်းကို တစ်ခန်းလုံး ဝိုင်းကြည့်လာကြတာကြောင့် ရှင်ငြိမ်းမျက်နှာလေးမှာ ချက်ချင်းပူနွေးလာရသည်။

" ဆရာမ ဝင်လာရင် ငါတို့ အဆူခံရမှာစိုးလို့... ပစ်လိုက်တာပါ။"

ရှင်ငြိမ်း အထစ်ထစ်အငေါ့ငေါ့ဖြင့် မျက်နှာလေး ရဲတွတ်နေကာ အမြန် ငြင်းလိုက်၏။

" ခေါင်ကြီးရေ ... မင်း လက်လျှော့လိုက်ပါတော့ကွ။ သန့်ဇင်လင်းတဲ့ကွ။ "

အကုန်လုံး ဝိုင်းအော်ပြီး စနေကြတာကြောင့် ရှင်ငြိမ်း ကိုယ့်နေရာကိုယ် ခပ်သွက်သွက်ဝင်ထိုင်လိုက်၏။

ခေါင်ကြီးကတော့ ဘာမှလည်းမပြောပဲ ရှင်ငြိမ်းကိုသာ စိုက်ကြည့်နေလေရဲ့။

__________________

သန့်ဇင်လင်းတို့အဖွဲ့ ကန်တင်းမှာ မုန့်ထိုင်စားနေကြရင်း ဟိန်းမင်းသူက တစ်ဖက်မုန့်ဆိုင်မှာ မုန့်ဝယ်နေတဲ့ ရှင်ငြိမ်းနှင့် မိုးပွင့်ဖြူကို လှမ်းမြင်လိုက်လျှင် မေးငေါ့ကာ ပြောလိုက်၏။

" ဟိုမှာ ... ရှင်ငြိမ်း "

အကုန်လုံး လှည့်ကြည့်လိုက်ကြပြီး ဟိန်းမင်းသူ မချိုမချဉ်ပြုံးကာ ...

"ရှင်ငြိမ်း ... သန့်ဇင်လင်း ဒီမှာလေ။ "

ဘေးက သန့်ဇင်လင်းပခုံးကို ပုတ်ပြကာ လှမ်းအော်စလိုက်လျှင် ရှင်ငြိမ်းက သူ့တို့ကို လှည့်ကြည့်ပြီး ခပ်သုတ်သုတ်လေးပြန်ပြေးသွားတော့သည်။

"ဟား ဟား ဟား ... ပြေးပြီ ပြေးပြီ။ "

"ဒုန်း ..."

အကုန်လုံး ဝိုင်းရယ်နေကြချိန် ရုတ်တရတ်

စားပွဲကို လက်သီးဖြင့် ခပ်ပြင်းပြင်း ထုလိုက်သံကြောင့် ရယ်သံများ ရုတ်တရက် တိတ်ကျသွား တော့သည်။ အားလုံး လှည့်ကြည့်လိုက်တော့

သက်ပိုင်ကျော်က မျက်နှာကြီး နီရဲကာ ဒေါသတကြီးဖြင့် မတ်တပ်ရပ်နေ၏။

"ဟျောင့် ...ဘာဖြစ်တာလဲ။ "

အာနိုးက သက်ပိုင်ကျော်လက်မောင်းကို ခပ်ဖွဖွတစ်ချက်ထိုးရင်း မေးလိုက်သည်။

"ရှင်ငြိမ်းကို လူကြားထဲမှာ မစစမ်းနဲ့ကွာ။

သူက တခြားမိန်းကလေးတွေလို မဟုတ်ဘူး။ "

"ဪ့ ဟော် "

ဟိန်းမင်းသူ သက်ပိုင်ကျော်ကို ကြည့်ကာ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး...

"ဟျောင့် သက်ကြီး။ မင်းက ဘာဖြစ်လို့ စောက်ရမ်းတွေ လောင်နေတာလဲ။ ဪ... ငါ မေ့သွားတယ် မင်းက ရှင်ငြိမ်းကို ကြွေနေတာပဲ။ ဆောရီးပဲကွာ... မင်း စော်က ငါတို့ သန့်ကြီးကို ကြွေနေတာဆိုတော့

စိတ်မကောင်းပါဘူးကွာ ... ဟား ဟား "

ဟိန်းမင်းသူ တမင်သက်သက် ပိုပြီး စလိုက်လေသည်။ ထိုအခါ သက်ပိုင်ကျော် ဒေါသပိုထွက်သွားပြီး ဟိန်းမင်းသူရဲ့ အင်္ကျီကော်လာကို လှမ်းဆွဲလိုက်ကာ ...

"ဟျောင့်... မင်း ဘာစကား ပြောတာလဲ။"

"ဟ... ဟ... တော်ကြစမ်းပါကွာ မင်းတို့ကလည်း။"

ဘုန်းမင်းခန့်နှင့် အောင်သူ အမြန် ဝင်ဆွဲထားလိုက်ရကာ သက်ပိုင်ကျော်က တောက်တစ်ချက်ခေါက်ပြီး ထထွက်သွားတော့၏။

_____________

"ဟဲ့... ရှင်ငြိမ်း။"

"ဟင် ..."

ရှင်ငြိမ်း စာကျက်နေတုန်း ရုတ်တရက် အနားသို့ အပြေးအလွှား ရောက်လာသော ဖြူစင့်ကြောင့် ရှင်ငြိမ်း အမြန်ဖြတ်ကာ မော့ကြည့်လိုက်မိသည်။

"ဘာဖြစ်နေတာလဲ ... မျက်နှာကလည်း ပြုံးစိစိနဲ့။"

"ဟဲဟဲ ...ရော့... ဒီမှာ။"

သူမ လက်ထဲတွင် ကိုင်ထားသော ခပ်သေးသေး ခေါက်ထားသည့် စာရွက်ပိုင်းလေး တစ်ခုကို ရှင်ငြိမ်းရှေ့စားပွဲပေါ်သို့ အသာလေး တင်ပေးလိုက်လျှင်

ရှင်ငြိမ်း စားပွဲပေါ်က စာရွက်ပိုင်းလေးကို တစ်လှည့် ဖြူစင့် မျက်နှာကို တစ်လှည့် ကြည့်လိုက်သည်။

" ဘာကြီးလဲ။"

"ဖြန့်ကြည့်လိုက်လေ... နင့်အတွက် အထူး လက်ဆောင်။"

ဖြူစင်က မျက်ခုံးလေး တစ်ချက် ပင့်ပြရင်း

ပြောလျှင် ရှင်ငြိမ်းလည်း ကြောင်တောင်တောင်ဖြင့် စာရွက်ပိုင်းလေးကို ယူကာ ဖြန့်ကြည့်လိုက်သည်။

စာရွက်ထဲမှာ ရေးထားတာက ဖုန်းနံပါတ်တစ်ခု။

"ဖုန်းနံပါတ်လား ... ဘယ်သူ့ဖုန်းနံပါတ်လဲ။ "

"ဘယ်သူလို့ထင်လဲ။ "

"ဟင် ... ဘာလဲဟာ ပြောမှာဖြင့်ပြောစမ်းပါ။ "

"နင့်အသန့်လေးရဲ့ ဖုန်းနံပါတ်လေ။ "

"ဟင်... နင်... နင် ဘယ်ကနေ ရလာတာလဲ။"

ရှင်ငြိမ်း အလန့်တကြားဖြင့် မေးလိုက်ရင်း ထိုစာရွက်လေးကိုလည်း ပြန်ငုံ့ကြည့်လိုက်သည်။

"ဘယ်က ရရမလဲ... ဟိုကောင် ဟိန်းမင်းသူဆီက တောင်းခဲ့တာပေါ့။ "

"ဟာ... နင်က ဘာလို့ သွားတောင်းရတာလဲ ။ ငါက ဘာလုပ်ရမှာလဲ ဒီနံပါတ်ကြီးကို။ သူသိသွားရင် ဘယ်လိုလုပ်မလဲ။ ငါ ခိုင်းလို့ တောင်းတယ်ဆိုပြီး ထင်သွားဦးမယ်။"

"အာ ... ဘာမှ မဖြစ်ပါဘူးဟာ။ နင်ကလည်း ကြောက်ပဲ ကြောက်နေတာ။ ဒါက အခွင့်အရေးပဲလေ...

နင်မှ အပြင်မှာ ဖွင့်မပြောရဲတာ ဖုန်းလေး ဘာလေး ဆက်လိုက်ပါလား။ စာလေး ဘာလေး ပို့ပေါ့။"

"အာ... တော်ပါပြီ မလုပ်ချင်ပါဘူး။ "

ရှင်ငြိမ်း အဲ့လောက်ထိ မရဲပါ။

မှူးပြည့်ပြောပြတာတော့ သူနဲ့ သန့်ဇင်လင်း စတွဲမိကြတာ ဖုန်းပြောရင်းကနေ ရည်းစားဖြစ်သွားကြတာတဲ့။

သူကတော့ ဟုတ်မှာပေါ့ ... သွက်သွက်လက်လက်ကလေးနဲ့ စကားလေးကလည်း တတ်တာကို။

ရှင်ငြိမ်းကတော့ သူငယ်ချင်းတွေနဲ့တောင် တစ်ခါတလေ ဘာစကား ပြောလို့ပြောရမှန်းမသိပါ။

" အေးပါ... မဆက်ချင်လည်း နေပေါ့။ ဒါပေမယ့် ပစ်တော့ မပစ်လိုက်နဲ့။ နင့်ဆီမှာပဲ ထားလိုက်။ တစ်ချိန်ချိန် အသုံးလိုရင် လိုလာမှာပေါ့။ "

ဖြူစင်က ပြောပြောဆိုဆိုနှင့် ထထွက်သွားပြန်လျှင်

ရှင်ငြိမ်း ထိုစာရွက်လေးကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်မိသည်။ ဆက်ဖြစ်မှာ မဟုတ်တာ သေချာပေမယ့် ပစ်လိုက်ဖို့လည်း နှမြောမိတာကြောင့် ဒီတိုင်း စာရေးခုံအောက်သို့သာ ထိုးထည့်ထားလိုက်၏။

________________

ဒီနေ့ ညနေ ကာယအချိန်မှာ သင်္ချာသင်မယ်လို့ ဆရာမက မနေ့ကတည်းက ပြောလိုက်တာကို ရှင်ငြိမ်း သင်္ချာစာအုပ်မေ့ခဲ့တာကြောင့် ထမင်းအမြန်စားပြီး အိမ်ပြန်ယူရန် အတန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ရှင်ငြိမ်း လှေကားပေါ်မှ အပြေးတပိုင်း ဆင်းလာစဉ်...

"ဟာ ... မမ... ဘယ်သွားမလို့လဲ။"

အပေါ်ထပ်တက်ဖို့ ပြင်နေတဲ့ ဆုဝေက ရှင်ငြိမ်းကို လှမ်းမေးလေသည်။

"အိမ်ပြန်မလို့ ... ယူစရာလေးရှိလို့။"

ရှင်ငြိမ်း ပြန်ဖြေလိုက်ပြီး ဆက်သွားဖို့လုပ်လျှင် ...

"ဪ ... ဟို မမ..."

"အွန်း... "

"မမမှာ... ကိုသန့်ဇင်လင်း ဖုန်းနံပါတ်ရှိလားဟင်။"

"ဟင်..."

"ဟို ... ရှိရင် သမီးကို ပေးပါလား မမ "

"အွန်း .......ရှိတယ် မနက်ကပဲ ဖြူစင် အစ်မကို သူ့ဖုန်းနံပါတ် တောင်းပေးခဲ့တာ ရှိတယ်။"

"ဟယ် ... ဟုတ်လား။ အဲ့ဒါဆို သမီးကို ပေးပါလားဟင် မမ... နော်... နော်။"

ဆုဝေက မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် တောင်းဆိုလာလေသည်။

"အွန်းပါ ... အစ်မလည်း ဘာမှ လုပ်ဖြစ်ဘူးဆိုတော့... ညီမလေး ယူလိုက်လေ။"

"ဟုတ် ဟုတ် ... ကျေးဇူးပါ အစ်မရယ်။"

"ဪ ... ဒါပေမယ့် ဖုန်းနံပါတ်က အစ်မဆီ အခု မပါခဲ့ဘူး။ ခုံအောက်မှာ ထည့်ထားခဲ့တယ်။ သွားယူလိုက်နော်... အစ်မထိုင်တဲ့ခုံ သိတယ်မလား။ ရှေ့ဆုံးတန်း အပေါက်ဝဘေးဆုံးကလေ။ မသိရင် ဖြူစင်တို့ကို မေးလိုက်နော်။"

"ဟုတ် ဟုတ်... သမီး အခုပဲ သွားယူလိုက်မယ်။ ကျေးဇူးပဲ နော် အစ်မ။"

"အွန်းအွန်း ... အဲ့တာဆို အစ်မ သွားတော့မယ်နော်။ "

"ဟုတ် ဟုတ် "

စကားပြတ်သည်နှင့် ရှင်ငြိမ်း ခပ်သွက်သွက်

ထွက်လာခဲ့ကာ အိမ်ရောက်သည်နှင့် လိုတဲ့စာအုပ်ယူကာ အပြန်ကျ ဖေဖေ အိမ်မှာ ရှိနေတာကြောင့် ကျောင်းကို ပြန်လိုက်ပို့ပေးလေသည်။

"သွားတော့မယ်နော် ဖေဖေ "

"အေး အေး ... သမီး "

"ဟုတ် "

ဖေဖေ့ကို နှုတ်ဆက်ပြီး ရှင်ငြိမ်းတို့အဆောင်ဘက်သို့ လျှောက်လာလျှင် ဆုဝေတို့ သူငယ်ချင်းတစ်သိုက် သူမဆီသို့ ရောက်လာကြပြန်သည်။

"မ ရှင်ငြိမ်း...။"

"အွန်း ... ဖုန်းနံပါတ် တွေ့တယ်မလား။ "

"မတွေ့ဘူး အစ်မ။"

"ဟင်..."

"အစ်မ... အဲ့မှာ သေချာ ထားခဲ့ပါတယ်။ အစ်မ နေရာမှာ သေချာ ရှာခဲ့ရဲ့လားဟင်။ ခုံအောက်က အကန့်ထဲမှာလေ။"

"ဟုတ်... ရှာခဲ့တယ်။ သမီးတို့ အကုန်လုံး ရှာကြတာ။ စာအုပ်တွေကြားထဲရော ခုံအောက်ထဲရော အကုန် ရှာပြီးပြီ ... မရှိဘူး အစ်မ။"

"ဟယ် ... ဟုတ်လား။ ခဏနော်... အစ်မ သွားရှာပေးမယ်။"

သူတို့ကို ခေါ် ခဲ့ပြီး ရှင်ငြိမ်း ခုံအောက်မှာ ပြန်ရှာကြည့်လိုက်သည်။

ဒါပေမယ့် မတွေ့တော့ပေ။

ဘယ်ရောက်သွားတာလဲ။ ငါ သေချာကြီး ထည့်ထားခဲ့တာကို။

လေတိုက်လို့ လွင့်သွားတာများလား...

"မရှိတော့ဘူး ညီမလေး... အစ်မ တောင်းပန်ပါတယ်နော်။ ဒီမှာ ထည့်ထားခဲ့တာ သေချာပါတယ်။ "

"ဟုတ် ... ရပါတယ်။

အဲ့တာဆို သမီးတို့သွားတော့မယ်နော်။ "

"အွန်း အွန်း "

သူတို့ကတော့ ရှင်ငြိမ်းမပေးချင်လို့ လျှောက်ပြောတယ်လို့ ထင်သွားမလားမသိ။

အပိုင်း (၁၈) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၆) နောက်အခန်း - အပိုင်း (၁၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ