Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၁၉)

"စာလုပ်ကြတော့နော်။ စာမေးပွဲအတည်ကြီးက နီးနေပြီ... မပေါ့ကြတော့နဲ့။

မင်းတို့က တခြားအတန်းတွေနဲ့ မတူတာ သိတယ်မလား။

ဘေးခန်းက ၉တန်းတွေနဲ့တုပြီး ဝေလေးဝါးလား လုပ်မနေကြနဲ့တော့။

စာမေးပွဲ ကျတဲ့ ခံစားချက်လိုလည်း သိပြီးပြီဆိုတော့ ပိုကြိုးစားကြရမှာ သိတယ်နော်။ "

အတန်းပိုင်ဆရာမရဲ့အခန်းထဲဝင်ဝင်ချင်းခြွေချလိုက်တဲ့ ဩဝါဒ စကားကြောင့် တစ်ခန်းလုံး တိတ်သွားကြတော့သည်ာ။

"ဟုတ်..."

"နင်တို့တွေ အချိန်ရှိတုန်းလေး ကြိုးစားကြ။ ဒီစာမေးပွဲက နင်တို့ ဘဝအတွက် အရေးကြီးဆုံးပဲ။ ကျောင်းတွင်း စာမေးပွဲတွေလို သဘောမထားနဲ့။ ပြီးတော့ ဆရာမ အခုတလော သတိထားမိတယ်... တချို့တွေ စာထဲမှာ အာရုံမရှိဘဲ အပြင်ကိစ္စတွေ အပျော်အပါးတွေဘက် စိတ်ရောက်နေကြတယ်။ အဲ့ဒါတွေ အကုန်ဖြတ်... အခုကစပြီး စာအုပ်နဲ့ မျက်နှာနဲ့ မခွာကြနဲ့တော့။ ကြားလား။"

"ဟုတ်ကဲ့ပါ ဆရာမ။"

ဆရာမက ထပ်မံ သတိပေးပြီးသည်နှင့် သင်ပုန်းပေါ်တွင် သင်ခန်းစာများကို စတင် ရေးသားလေတော့သည်။

ရှင်ငြိမ်းကတော့ ခုံပေါ်တွင် တင်ထားသော ဘောပင်လေးကို လက်ချောင်းလေးများဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။ ဆရာမ စကားများက သူမအတွက်တော့ အသစ်အဆန်း မဟုတ်သော်လည်း ရင်ထဲတွင်တော့ တာဝန်ဝတ္တရားကြီး တစ်ခုကို ထပ်မံ ထမ်းပိုးလိုက်ရသလို ခံစားလိုက်ရ၏။

သူမက အမြဲတမ်း အဆင့် ၁ ရနေကျဖြစ်တာကြောင့် ဆရာ၊ ဆရာမများရော ရှင်ငြိမ်းမိဘများကပါ မျှော်လင့်ချက် အကြီးကြီး ထားခံရသည်။

ရှင်ငြိမ်းမိဘတွေက ဖိအားမပေးဘူး ဆိုပေမယ့်လည်း မျှော်လင့်ထားမှာတော့ သေချာပါသည်။

ထို့ကြောင့် သူမအတွက် အမှားအယွင်း ခံ၍ မဖြစ်ပေ။

"ဟူး... စာမေးပွဲကြီးကလည်း နီးလာပြီ။ ငါတော့ ရင်တွေတောင် တုန်လာပြီဟေ့။"

ဘေးခုံမှ ဖြူစင်က ဆရာမ မကြားအောင် အသံကို တိုးတိုးလေး လျှော့ကာ ညည်းတွားလိုက်သည်။

"အေးဟယ်... ငါလည်း အခုတလော စာကျက်တာ ခေါင်းထဲ သိပ်မဝင်ချင်ဘူး ဖြစ်နေတယ်။ ရှင်ငြိမ်း... နင့် မှတ်စုတွေ ငါတို့ကိုလည်း ပြန်ငှားဦးနော်။"

အနောက်ခုံမှ ချိုသဲဖြူကလည်း အရှေ့က ရှင်ငြိမ်းကို အသာလှမ်းတို့ကာ ပူဆာ၏။

"အွန်း... ငှားမှာပေါ့။ ငါလည်း အခုတလော ပုံသေနည်းတွေ ပြန်နွှေးနေတာ။"

ရှင်ငြိမ်းက အပြုံးလေးဖြင့် ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်သည်။

ဘာကြောင့်လဲတော့မသိပေမယ့် အခုတလော သန့်ဇင်လင်းက ရည်းစားတွေထည်လဲတွဲနေ၏။

သူရည်းစားတစ်ယောက်ပြောင်းတိုင်းလည်း ရှင်ငြိမ်းနားထဲသို့ ရောက်ရောက်လာလေသည်။

ဒါပေမယ့် အဲ့ကိစ္စက ရှင်ငြိမ်းနဲ့လည်းမဆိုင်သလို စာမေးပွဲအစစ်ကြီးဖြေဖို့လည်း ဘာမှသိပ်မလိုတော့တာကြောင့် စာကိုသာ အာရုံစိုက်လုပ်နေလိုက်သည်။

_________________

ကျောင်းသားအားလုံးအတွက် အတန်းတင်စာမေးပွဲကြီးတွေ နီးကပ်လာပြီဖြစ်သလို ဒီနေ့က ချစ်သူများနေ့ဖြစ်တာကြောင့် ကျောင်းထဲမှာတော့ အတွဲကိုယ်စီနှင့်ဖြစ်သလို မိန်းကလေးတေံကလည်း ခါတိုင်းထက်ကို လှလှပပကလေးတွေ အလှပြင်လာခဲ့ကြလေသည်။

ဂိတ်စောင့်နေတဲ့ ဆရာ၊ဆရာမများကတော့ မျက်စိဒေါက်ထောက်ကြည့်ကာ ကြိမ်းနေလေရဲ့။

ချစ်သူများနေ့က သူများတွေအတွက် ထူးခြားနေပေမယ့် ရှင်ငြိမ်းအတွက်တော့ ပုံမှန်ကျောင်းတက်ရက်တစ်ခုထက် မပိုပါ။

"ရှင်ငြိမ်း ... ရှင်ငြိမ်း ... ဟဲ့ ငါ့ကို စောင့်ပါဦး "

"ဟင် ..."

ခေါ်သံသဲ့သဲ့ကြောင့် ရှင်ငြိမ်း လှည့်ကြည့်လိုက်လျှင် ရှင်ငြိမ်းဆီကို အမောတကောပြေးလာသော ချိုသဲ။

"အမယ်လေး ... ခေါ်လိုက်ရတာ ရှင်ငြိမ်းရယ်။

ရှင်ဘာတွေ စိတ်ကူးတွေယဉ်နေတာလဲ။ "

"အို ... မဟုတ်ပါဘူး။

ငါစာထဲ အာရုံရောက်နေလို့ပါ။ "

ရှင်ငြိမ်းက အမြဲ စာကျက်ရင်း ကျောင်းလာတတ်တာမို့ အပြင်ကအသံတွေ သိပ်အာရုံမရတတ်ပေ။

"အမယ်လေး ... အဲ့လောက်ကြီး မကြိုးစားပါနဲ့ဟယ်။

ငါတို့ဖို့လည်း ချန်ပါဦး။ "

"ငါ chemistry တွေ သိပ်မပိုင်သေးလို့ပါ။ "

"အေးပါ ... ဒါနဲ့ ဒီနေ့ ဗယ်လင်တိုင်းဒေး လေ။

နင့်အသန့်လေးကို နင်ချောကလက်လေးဘာလေးမပေးဘူးလား။ "

"မပေးပါဘူးဟယ်။

သူလည်း သူ့ရည်းစားနဲ့သူဖြစ်နေပြီ။

အဲ့တာက အလကားလျှောက်တွဲနေတာပါဟယ်။ "

"ငါလည်း အဲ့ထဲက တစ်ယောက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

သူနဲ့ရည်းစားမဖြစ်ရရင် နေပါစေဟာ။

သူအပျော်တွဲတဲ့ မိန်းကလေးထဲက တစ်ယောက်တော့ အဖြစ်မခံနိုင်ဘူး။ "

"အေးပါ ... အေးပါ ...ဒါနဲ့ စာမေးပွဲဖြေခါနီး ကျောင်းပိတ်ရက်ကျရင် ငါ နင့်အိမ်လာပြီး စာလာလုပ်မယ်နော်။

ဖြူစင်နဲ့ မိုးပွင့်ကိုလည်း ခေါ်ခဲ့မယ်။

အားကိုးပါတယ်နော်။ "

"အေးပါ ... အေးပါ။ "

စကားတပြောပြောဖြင့် ရှင်ငြိမ်းတို့အခန်းဘက်ကို လျှောက်လာကြရင်း အခန်းအပေါက်ဝသို့ အရောက်တွင်တော့ ရှင်ငြိမ်း ခြေလှမ်းများ ရုတ်တရက် တန့်ရပ်သွားကာ မျက်လုံးအစုံ ပြူးကျယ်သွားရတော့သည်။

"ဟင်..."

ရှင်ငြိမ်း ပါးစပ်ဟောင်းလောင်းလေးဖြင့် ငေးကြောင်ကြည့်နေမိ၏။ သူမ စာရေးခုံလေးပေါ်တွင် နေရာလပ်ပင် မရှိတော့လောက်အောင် ပြည့်နှက်နေသော ပစ္စည်းများ။

နှင်းဆီပန်းစီး အကြီးအသေး အမျိုးမျိုးက ခုံပေါ်တွင် အပြည့် နေရာယူထားကာ ထိုပန်းစီးများကြားတွင် အသည်းပုံ ချောကလက်ဘူးလှလှလေးများ၊ နိုင်ငံခြားဖြစ် ချောကလက်တောင့်များ၊ ဖဲကြိုးလေးများ ချည်ထားသည့် ဝက်ဝံရုပ် အသေးစားလေးများနှင့် ရောင်စုံ ကတ်ကတ်တေးလေးများက ဟိုတစ်စ ဒီတစ်စဖြင့် ပုံခင်းနေလေသည်။ စာအုပ်ချဖို့နေနေသာသာ လက်တင်ဖို့ပင် နေရာမရှိတော့ပေ။

"ဝိုး... အမလေး ရှင်ငြိမ်းရယ်...။"

ချိုသဲက ရှင်ငြိမ်း ခုံပေါ်က ပစ္စည်းများကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေလေရဲ့။

"နင့်ခုံကတော့ ပန်းဆိုင်၊ ချောကလက်ဆိုင် ဖွင့်လို့ရနေပြီဟေ့။ "

ထိုစဉ် အခုမှ ရောက်လာတဲ့ ဖြူစင်ကလည်း ရှင်ငြိမ်း၏ ခုံကို မြင်သည်နှင့် ပါးစပ်အဟောင်းသား ဖြစ်သွားကာ...

"ဟာ... မိုက်လှချည်လား။ ပေးစမ်း ပေးစမ်း ဘယ်သူတွေ ပေးထားတာလဲ ကြည့်ရအောင်။"

ပန်းစီးတွေကြားမှ ကတ်လေးများကို ကမန်းကတန်း လိုက်ရှာဖတ်လေတော့သည်။

"ဒါက... ဘယ်သူလေးလဲ ... အမယ်လေး၊ 'အစ်မကို ပထမဆုံး မြင်ကတည်းက ကြွေနေတာပါ' တဲ့... အဟွတ်၊ အဟွတ်။"

ထြူစင်က အသံကို တမင် ဩရှရှလုပ်ကာ ဖတ်ပြလေသည်။ ထို့နောက် နောက်ထပ် ချောကလက်ဘူးကြီး တစ်ခုပေါ်က ကတ်ကို ဆွဲယူလိုက်ပြီး...

"ဒါက နာမည် မပါဘူးဟ။ ဒါပေမယ့် စာက 'စာတွေချည်းပဲ လုပ်မနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တဲ့' တဲ့။ အောင်မလေး... ချိုသဲရေ... နင် ဒီချောကလက်ဘူးကို ဖွင့်လိုက်တော့ ငါတို့ စားရအောင်။"

"ဟာ... နင်တို့ကလည်း... ငါ့မှာ ဘယ်လို ရှင်းရမလဲ စိတ်ညစ်နေတာကို။ ဆရာမ ဝင်လာလို့ မြင်သွားရင်

အဆူခံရဦးမယ်။ "

ရှင်ငြိမ်းမှာ ရှက်လွန်းလို့ မျက်နှာလေး ရဲတွတ်နေကာ လက်နှစ်ဖက်ကို ယမ်းရင်း အမြန် တားရလေသည်။ ထိုအချိန်တွင် အတန်းနောက်ဘက်မှ ကိုကိုနိုင်တို့ ယောက်ျားလေး တစ်သိုက်ကလည်း ရှင်ငြိမ်းတို့ ဝိုင်းကို ကြည့်ကာ အော်ဟစ် စနောက်လာကြ၏။

"ဟေ့ကောင်တွေ... မြင်တယ်မလား။ ငါတို့ အတန်းရဲ့ ဂုဏ်ဆောင် စာဂျပိုးမလေးက ဗယ်လင်တိုင်းဒေးမှာ လက်ဆောင်တွေ အများဆုံးပဲကွ။"

"အေးလေ... အဲ့ဒါကြောင့် ပြောတာပေါ့။ ဟေ့ကောင် ခေါင်ကြီး၊ မင်းပေးတာတွေလည်း အဲ့အထဲမှာ ပါတာ်မလား။ "

ကိုကိုနိုင်က ခေါင်ကြီး ပခုံးကို ဖက်ကာ လှမ်းအော်လိုက်ရာ တစ်တန်းလုံး ဝိုင်းရယ်ကြလေတော့သည်။ ခေါင်ကြီးကတော့ မျက်နှာကြီး နီရဲကာ...

"ဟာ... မင်းတို့ကလည်းကွာ မစပါနဲ့။

ဟိုမှာ ရှင်ငြိမ်း ရှက်နေပြီ။ "

ရှင်ငြိမ်းကို မဝံ့မရဲလှမ်းကြည့်ပြီး ဟန့်လေသည်။

သူပေးတဲ့ ချောကလက်နှင့် ပန်းစီးများကို သူမ ယူပါ့မလားလို့လည်း ရင်တထိတ်ထိတ်နှင့် ကြည့်နေမိ၏။

ရှင်ငြိမ်းကတော့ သူတို့ စနောက်နေသည်ကို ပြန်ပြောမနေအားတော့ဘဲ ခုံပေါ်က ချောကလက်ဘူးများနှင့် ဝက်ဝံရုပ်များကို လွယ်အိတ်ထဲသို့ အတင်း ဖိသိပ်ထည့်လိုက်တော့သည်။ ပန်းစီးတွေကိုတော့ ဖြူစင်နှင့် ချိုသဲဖြူတို့ရဲ့ ခုံအောက်ထဲသို့ အကူအညီတောင်းကာ ခွဲဝေ ထိုးထည့်လိုက်ရ၏။

ခုံပေါ်က ပစ္စည်းများကို ကပြာကယာ လိုက်ရှင်းနေရင်း... ရှင်ငြိမ်း မျက်ဝန်းလေးများက ချောကလက်ဘူးတွေ ပန်းစီးတွေကြားထဲတွင် သူမ လိုချင်သော မျှော်လင့်နေသော အရာလေး တစ်ခုခုများ ပါလေမလားဟု အမှတ်မထင် လိုက် ရှာမိနေသည်။ မပါမှန်း သိသော်လည်း... အရူးတစ်ယောက်လို မျှော်လင့်ချက် သေးသေးလေး တစ်ခုက ရင်ထဲတွင် လှုပ်ရှားနေမိ၏။

သူက... ငါ့ကို ဘာလို့ ပေးမှာလဲ။ သူက အခုဆို ဝိုင်းဝိုင်းလည်နေတာပဲဟာကို။ ငါ့ကိုတောင် မှတ်မိပါ့မလား။

ရှင်ငြိမ်း ခေါင်းလေးကို အသာရမ်းကာ ထိုအတွေးများကို အမြန် နှင်ထုတ်ပစ်လိုက်သည်။

အကုန်လုံးကို ရှင်းလင်းပြီးသွားတော့ ရှင်ငြိမ်း စာပြန်လုပ်နေလိုက်သည်။

ဖြူစင်ကတော့ ရှင်ငြိမ်း လွယ်အိတ်ထဲမှ ချောကလက်ဘူး တစ်ဘူးကို ယူကာ ပြုံးစိစိဖြင့် ဖောက်စားရန် ပြင်နေလေရဲ့။

အပိုင်း (၂၀) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၁၈) နောက်အခန်း - အပိုင်း (၂၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ