Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၂၁

"အမ မနက်စာအတွက် ဘာမှမချက်ထားနဲ့တော့နော်...ငွေ့ရည်လဲ ညကထမင်းမစားဖြစ်ဘူး.. သမီးဖေဖေလည်း ညကပြန်မလာတော့ ညစာအတွက်ချက်ထားတဲ့ ဟင်းတွေက ဒီအတိုင်းပဲ...အဲဟင်းတွေကိုပဲ ပြန်နွေးပေးနော်...''

"အင်း...''

သူမ မနက်စာစားပြီးသည်အထိပြန်မလာသေးပါ။ကျောင်းကို သူရှိတဲ့နေရာကနေပဲတန်းသွားသည်လား မပြောတက်ပေ။သမီးလေးကို ဆေးရုံပြန်သွားပြရမယ့် ရက်ဆိုတော့ ကိုကြီးထက်ဝေယံကိုပဲ ဖုန်းဆက်အကူအညီတောင်းလိုက်ရသည်။အရင်ဆုံး ကိုကိုဆီကိုဆက်မလိုပါပဲ ကိုကိုနဲ့ပက်သတ်ပြီး သူမအပေါ်အမုန်းတွေပိုများနေတာ သတိထားမိတာကြောင့် ကိုကိုပြီး အရင်းနှီးဆုံးဆွေမျိုးဆိုလို့ ကိုကြီးထက်ဝေယံပဲ ရှိတာကြောင့် ကိုကြီးထက်ဝေယံကိုသာ ပြေးမြင်လိုက်မိသည်။

သမီးလေးကို ကိုယ်လက်သန့်စင်ပြီး အနှီးကလေးနဲ့ ပြန်ထုတ်ထားလိုက်သည်။ သူမ ရေချိုးနေချိန် ငိုနေမှာဆိုး၍ မမူကို ခဏကြည့်ခိုင်းထားရသည်။ရေမိုးချိုးဖြီးလိမ်းပြီးတာနဲ့ ပိုက်ဆံကိုယူပြီး ဆင်းလာခဲ့သည်။ခဏကြာတော့ ကိုကြီးထက်ဝေယံရောက်လာခဲ့သည်။သူမကို အမြဲတစေ ဂရုစစိုက်ရှိလှတဲ့ အစ်ကိုတွေဖြစ်တာကြောင့် သမီးလေးကို ယူချီလိုက်ပြီး သူမရဲ့လက်မောင်းကိုထိန်းကိုင်ပြီး နူတ်ကနေလည်း ဖြေးဖြေးလျှောက်နော်ဟု ပြောလေသည်။ကားမောင်းသွားတဲ့ တစ်လျှောက်လုံးမှာလဲ ရေပတ်မဝင်အောင် မေးမြန်းလေတော့သည်။

"အိမ်ခွဲနေရတာအဆင်ပြေရဲ့လား...ကောင်လေးက ကလေးရောညဥ်းကိုရော ဂရုတစိုက်ရှိရဲ့လား...''

"အင်း...''

"ကလေးက နေရာပြောင်းတော့ ညဖက်တွေ ခဏခဏထငိုတာ ဆိတ်တယ်နဲ့တူတယ်..တစ်ရက်ထဲ ရှိသေးတယ်...ညဥ်းမျက်ကွင်းတွေ နောက်စိရောက်တော့မယ်...ညဥ်းပဲ ထမနေနဲ့ ကောင်လေးကိုလည်း တစ်လဲထခိုင်းပေါ့ ငွေ့ရည်ရဲ့...''

"တစ်ရက်တစ်လေပဲဖြစ်မှာပါ ကိုကြီးထက်ဝေယံရယ်...ဒါနဲ့.. ကိုကိုနဲ့ကလေးတွေအခြေအနေဘယ်လိုရှိလည်းဟင်..နောက်ပြီး မမနဲ့ရော...''

"ညဥ်းအစ်ကိုက အတိတ်သာပြန်မရသေးတာ သူ့မိန်းမကို ချစ်တာမှလွန်ရောပဲဟာ...ကလေးတွေကိုလဲ ချစ်သလားမမေးနဲ့...ကောင်လေးကိုလည်းချစ်ပါတယ်.. ညဥ်းကြောင့်နဲ့ အမြင်မကြည်ဖြစ်နေတာ...တစွန်းတစမှတ်မိတာတောင် မိန်းမနဲ့ကောင်လေးကိုပဲ မှတ်မိတာမဟုတ်လားဟာ ငါတို့အသိပဲမဟုတ်လား...''

"အင်း...''

ငွေ့ရည်ကြောင့်နဲ့ ကိုကိုတို့သားဖတွေ စိတ်ဝမ်းမကွဲစေချင်ပါ။အမြန်ဆုံးပြန်ပြေလည်စေချင်တယ်။ကိုကိုတို့သားဖကြောင့် ကြားထဲကနေ မမလည်း စိတ်မကောင်းဖြစ်နိုင်သည်။ဒါကြောင့် ကိုကိုနဲ့တွေ့ဖြစ်တဲ့အခါ ကိုကို့ကို သမီးလေးရဲ့ဖေဖေကို နွေးနွေးထွေးထွေး ဆက်ဆံပေးဖို့ ပြောမည်ဟု ဆုံးဖြတ်လိုက်သည်။

ငွေ့ရည်တို့ ဆေးရုံရောက်တော့ သူတို့သူငယ်ချင်းတွေနဲ့ အတူသူ့ကိုပါတွေ့လိုက်ရသည်။ကျောင်းမသွားဘဲ ဆေးရုံကိုရောက်နေတာဆိုတော့ ရန်ဖြစ်လို့ ဆေူရုံကိုများ ရောက်လာသလား တွေးလိုက်မိသည်။သူတို့ကို သေချာကြည့်လိုက်တော့ ရန်ဖြစ်လာတဲ့ ပုံစံလည်းမပေါက်ပါ။ထိုအချိန် ကြွေရုပ်ပျိုဆိုတဲ့ မိန်းကလေးနဲ့မိန်းကလေးသူငယ်ချင်းတစ်ယောက်ထွက်လာတော့မှ နေမကောင်းလို့လာကြမှန်းသိလိုက်ရသည်။သူကတော့ ငွေ့ရည်တို့ကို မြင်သည့်ပုံအပေါ်ပါ။စိုးရိမ်တကြီး သူ့ချစ်သူမိန်းကလေးကိုသာ မေးမြန်းနေသည်။

"ပျို ခေါင်းမူးသေးလား..တခြား ဘယ်လိုဖြစ်သေးလဲ...''

"သက်သာသွားပါပြီကိုရယ်...ဆရာဝန်ပေးလိုက်တဲ့ ဆေးသောက်လိုက်ရင် အရှင်းကောင်းသွားမှာပါ... ပျို့ကို စိတ်မပူနဲ့နော် ဘာမှမဖြစ်တော့ဘူး...ပျို့ကြောင့်နဲ့ အကုန်လုံးအတန်းပျက်ရတာ အားနာစရာကြီးဖြစ်ကုန်ပြီ...''

"မဟုတ်တာ..စိတ်မပူလို့ရမလား ပျိုရယ်...ကို့မှာ ဒီကောင်မလေးကို စိတ်ပူရလို့ ရူးတော့မယ်...''

"ဟွန့်..ပြောတက်လိုက်တာ ကိုရယ်...''

သူက ကြွေရုပ်ပျိုဆိုတဲ့ မိန်းကလေးရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး ပြောနေသည်။သူရဲ့စကားသံတွေကို ကြားနေရတဲ့ သူမက နှစ်လိုဖွယ် ပြုံးလိုက်၏။ဒီမိန်းကလေးကို လက်လွတ်မခံနိုင်လို့ ငွေ့ရည်ကို ကွာရှင်းခွင့်တောင်းမယ်ဆိုရင်လဲ လက်မှတ်ထိုးပေးဖို့အဆင်သင့်ပါ။ဒါပေမယ့် ထိုအချိန်က ကိုကိုဟာ အရာအားလုံးကို မှတ်မိသွားတဲ့အချိန်ဖြစ်မှရလိမ့်မယ်။နောက်ပြီး ငွေ့ရည်နဲ့သမီးကြောင့် သူတို့ကို မနှောင့်အယှက်မဖြစ်အောင် အဝေးတစ်နေရာကို ထွက်သွားဖို့ပါ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

"တီချယ်...''

"ဟင်...''

ကြွေရုပ်ပျိုရဲ့ တီချယ်လို့ ခေါ်လိုက်တဲ့အသံကြောင့် မင်းခန့်သူ့နောက်ကို လှည့်ကြည့်မိလိုက်တော့ သူမဖြစ်နေတာကြောင့် မျက်မှောင်ကျုံ့လိုက်သည်။ ငွေ့ရည်လည်း သူမကိုမမေ့ဘဲ ရင်းနှီးစွာခေါ်လိုက်တဲ့ သူမကို အချိုသာဆုံးပြုံးပြလိုက်သည်။

"နေကောင်းတယ်နော် တီချယ်...''

"အင်း...''

ကြွေရုပ်က ငွေ့ရည်ရဲ့အနားကိုဝင်ထိုင်ပြီး ကလေးလေးကို ကြည့်ပြီးပြုံးလိုက်ပြီးနောက် မင်းခန့်လက်ကိုလှမ်းဆွဲလိုက်ပြီး

"ကို တီချယ့်ကို တွေ့တုန်းမှာ တောင်းပန်လိုက်ပါနော်...''

"ဘာ...''

မင်းခန့်သူ့ကို တောင်းပန်ခိုင်းတာကြောင့် အော်လိုက်သည်။ငွေ့ရည်လည်း သူမကို တောင်းပန်ရမှာဆိုး၍ ဖြစ်သွားတဲ့မျက်နှာအမူအရာကို တွေ့လိုက်တာကြောင့်

"အမက အဲအကြောင်းတွေကို မေ့ပစ်လိုက်တာကြာပြီဖြစ်တဲ့အတွက် စိတ်ထဲမှာဘာမှမရှိတော့ပါဘူး..အဲအတွက် တောင်းပန်စရာမလိုပါဘူး...''

သူမ ကလေးကို သေချာပြန်ပွေ့ချီလိုက်ပြီး မတ်တက်ရပ်လိုက်ပြီး သူတို့နားကနေ ထွက်လာဖို့ပြင်လိုက်သည်။နောက်ကနေ မေးလိုက်သည့် စကားကြောင့် ပြုံးပြီး ခြေလှမ်းတွေရပ်တန့်လိုက်မိသည်။

"ကလေးလေး ဘာဖြစ်လို့လဲ...နေမကောင်းလို့လား...''

သူရှိရာဘက်ကို မျက်နှာပြန်လှည့်လိုက်ကာ

"သမီးလေးက နေကောင်းတယ်..ရက်ချိန်းပြည့်သွားလို့ လာပြတာပါ..''

လို့ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့သည်။သူဘယ်လို ပုံစံနဲ့ကျန်ရစ်ခဲ့သလဲတော့ မသိပေ။

***************** ****************

သူမတို့ အိမ်ကိုရောက်တော့ သူ့ကားကိုတွေ့လိုက်တာကြောင့် စိတ်တွေလေးသွားသည်။ကိုကြီးထက်ဝေယံက သူမလက်ထဲက သမီးလေးကို ချီလိုက်ပြီး သူမကိုတွဲပြီး အိမ်ထဲထိလိုက်ပို့ပေးလေသည်။သူကတော့ ဧည့်ခန်းမှာ ထိုင်ပြီး သူမတို့ကို ကြည့်နေသည်။ကိုကြီးထက်ဝေယံကိုလည်း တွေ့ပါလျက်နဲ့ လူမှုအရေးအရ ထိုင်ပါပြုပါဦးလို့ တစ်ခွန်းတောင် မဆိုပေ။

ကိုကြီးထက်ဝေယံဟာ လူရိပ်လူကဲ သုံးပါးသိတဲ့အတွက် နေသွားပါဦးလို့ ပြောတာတောင် မနေတော့ဘဲ သမီးလေးရဲ့ပါးလေးကို နမ်းပြီး သူမရဲ့ခေါင်းလေးကို ပုတ်ပြီး နူတ်ဆက်ပြီး ထွက်သွားတော့သည်။ငွေ့ရည်လည်း ကိုကြီးထက်ဝေယံကို နူတ်ဆက်ပြီးတာနဲ့ အပေါ်ကိုတက်လာခဲ့သည်။

မင်းခန့်ကတော့ တောက်တစ်ခက်ခက်နဲ့ ဧည့်ခန်းမှာ ဒေါသထွက်လျက်။သူ လက်ထက်ထားတဲ့ သူမက သူ့ထက် ကိုးနှစ်ဆယ်နှစ်လောက်ကြီးလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

ပျို သူမရဲ့အကြောင်းကို ပြောပြတုန်းကဆိုရင် ကြားကြားချင်း သူအပါ မိုးညရယ် သူရိန်ရယ် ဇွဲပြည့်ရယ် သွန်းသွန်းရယ်ပါ မယုံနိုင်အောင်အံ့သြမိသည်။

"လွန်ခဲ့သော သုံးနာရီခန့်က...''

"ကို..ဘာလို့ တီချယ့်ကို မတောင်ပန်ချင်ရတာလဲ...ပျိုကတော့ ကို့ကို တောင်းပန်စေချင်တယ် သိလား...တကယ်ဆို ကို့ကြောင့် တီချယ်က ကျောင်းသားတွေရဲ့ လှောင်တာကိုခံခဲ့ရသေးတယ်တဲ့...ပျိုတော့ မသိလိုက်ဘူး...အတန်းဖော်ပြောပြမှ သိတာ...''

"နေပါဦး ကြွေရုပ်ရဲ့...ကြွေရုပ် တီချယ်လို့ခေါ်နေတဲ့ မင်းခန့်နဲ့ပြသာနာဖြစ်တဲ့ ခုနမိန်းကလေးက ကြွေရုပ်တို့ကျောင်းက ကျောင်းသူမဟုတ်ဘဲ ကြွေရုပ်တို့ကို စာသင်ပေးရတဲ့ ဆရာမတစ်ယောက်ပေါ့လေ..ဟုတ်လား...''

"ဟုတ်တယ် မသွန်းရဲ့...မသွန်းလည်း မယုံဘူးမလားဟင်...ပျိုလည်းအစက မသွန်းလိုပဲ ကျောင်းသူသစ်လို့ထင်ခဲ့တာ..နောက်တော့ဘယ်ဟုတ်မလဲ စာသင်ပေးမယ့် ဆရာမသစ်ဖြစ်နေတာ...အသက်သုံးဆယ်လို့မထင်ရဘူးနော် မသွန်း...တီချယ်က ဆယ့်ရှစ်ဆယ့်ကိုးအရွယ်ကောင်မလေးနဲ့တူတယ်...အရမ်းချောပြီးချစ်ဖို့ကောင်းချက်ကလဲ မိန်းကလေးအချင်းချင်းတောင် အားကျရတယ် သိလား မသွန်း...''

"ဘာ..အသက်သုံးဆယ် ဟုတ်လား...''

မင်းခန့်တို့ သူငယ်ချင်းအုပ်စုရဲ့ အံ့သြတဲ့ အသံတွေက တညီထဲ စည်ထွက်လာခဲ့သည်။

"ဟုတ်တယ်..''

အသက်သုံးဆယ်ဆိုတာကို သူမယုံချင်ပေ။ဘယ်သူ့ကိုမေးကြည့်မေးကြည့် သူမကို အသက်နှစ်ဆယ်အရွယ်လို့ပဲ ပြောကြမှာ အသက်သုံးဆယ်လို့ ဘယ်သူကမှထင်မည်မဟုတ်ပေ။

သူချစ်ရတဲ့ သူမလေးက သူမုန်းပါတယ်လို့ကြွေးကြော်ထားတဲ့ သူမကိုမှ ချီးကျူးနေတာကို မကြိုက်ပါ။သူမကို ညွှန်းဖွဲ့နေတဲ့ချီးကျူးစကားသံတွေကိုသူဆက်ပြီး နားမထောင်ချင်တော့ပေ။ထို့ကြောင့် မရှိတဲ့အလုပ်ကိစ္စကိုအကြောင်းပြပြီး ထွက်လာခဲ့သည်။

သူအိမ်ပြန်ရောက်လာတဲ့အချိန် မမူကို မေးကြည့်တော့ အခုထိ ပြန်မရောက်သေးဘူးတဲ့လေ။မနက်ထဲက ယောကျ်ားတစ်ယောက်နဲ့ ထွက်သွားတယ်ဆိုပြီး မမူပြောတော့ သူ မျက်မှောင်ကျုံ့လိုက်၏။

သူမအလာကို ဧည့်ခန်းမှာ ကြည့်နေသည်။သူမရောက်လာတဲ့အခါ ဖေဖေမဟုတ်တဲ့ဖေဖေရဲ့သူငယ်ချင်းထက်ဝေယံဆိုတဲ့သူနဲ့တွေ့လိုက်တော့ စိတ်သက်သာရာရသွားသည်။သူနဲ့ရင်းနှီးတဲ့ သူမဟုတ်တာကြောင့် နူတ်မဆက်ဘဲ နေလိုက်တော့သည်။

သူတော်တော်ကြာတော့ အပေါ်ကိုတပ်သွားလိုက်တယ်။အခန်းထဲဝင်တော့ ကလေးလေးက သူဝယ်ပေးထားတဲ့ ပုခတ်ခြင်းလေးထဲမှာ မအိပ်ဘဲ ငြိမ်နေတယ်။သူမကတော့ အိပ်ရာပေါ်မှာ တစ်ခြမ်းစောင်းလေး အိပ်ပျော်နေသည်။ကလေးလေးရဲ့ ပါးပြင်နုနုလေးကို သူ့လက်ညိုးလေးနဲ့ ထိတို့မလို့ ရှိသေးတယ်။သူ့ရဲ့ အစီအစဥ်ထဲက တစ်ခုက ကလေးလေးကိုမချစ်မိအောင် နေဖို့ပဲ။

"ခင်ဗျားကလေးကို ကျုပ်မချစ်ဘူး...''

ကလေးလေးက သူနဲ့ပျိုရဲ့ကြားက အတားအဆီးတစ်ခုဖြစ်လာမှဆိုး၍ သူ သံယောဇဥ် မတွယ်ချင်ပါ။ထို့ကြောင့် ဆက်မကြည့်တော့ဘဲ သူ့လက်ကိုပြန်ယုတ်ပြီး ထတော့မယ့်အချိန်မှာ ကလေးလေးက သူ့ရဲ့လက်ညိုးလေးကို ဆုပ်ကိုင်ထားသည်။ကလေးသေးသေးရဲ့လက်ကလေးက သူ့လက်ညိုးကို အသေဆုပ်ကိုင်ထားတာကြောင့် ရင်ထဲမှာ နွေးသွားသလို အေးစိမ့်သွားသလို တမျိုးတမည်မသိတဲ့ ခံစားချက်ကြီးကို သူခံစားလိုက်ရသည်။သို့ပေမယ့် သူ့လက်ညိုးကို ဆုပ်ကိုင်ထားသည့် ကလေးလေးရဲ့လက်ကလေးကို သူ့ကျန်တဲ့လက်တစ်ဖက်နဲ့ ဆွဲဖယ်ပစ်လိုက်တော့သည်။ထိုအခါ နာကျင်သွား၍လားမသိ မျက်နှာကလေးနီရဲတွတ်သွားပြီး ငိုကြွေးပါတော့လေသည်။

"အူဝဲ...အူဝဲ...''

အိပ်မောကြနေပေမယ့် သမီးလေးရဲ့ငိုကြွေးသံ သူမနားထဲမှာ အတိုင်းသားကြားနေသည်။သို့သော် မျက်လုံးက ဖွင့်လို့မရသလို သူမရဲ့ကိုယ်ဟာလည်း ထလို့မရသလို လေးလံနေသည်။ဆက်တိုက်ကြားနေရသည့် သမီးလေးရဲ့ ငိုသံစူးစူးလေးကြောင့် အားယူပြီး ထလိုက်လေ၏။နိုးလာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူမမျက်လုံးထဲမီးဝင်းဝင်းတောက်သွားသလို ဒေါသတွေလဲထွက်လာတော့သည်။

« ရှေ့အခန်း - အပိုင်း၂၀ နောက်အခန်း - အပိုင်း ၂၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ