Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း၂၀

မင်းခန့် သူနိုးလာတဲ့အချိန် ကလေးလေးနဲ့သူမက အိပ်မောကြဆဲပါ။ကလေးလေးက သူနဲ့သူမရဲ့ကြားမှာ ကာဆီးထားသည့် စည်းလေးတစ်ခုလိုပင်။သူ ကလေးလေးရဲ့ ပါးအိအိလေးကို ဖွဖွလေး နမ်းလိုက်ပြီးမှ အိပ်ရာပေါ်က ဆင်းလာခဲ့သည်။သူမကို သူ့ကိစ္စအဝဝကို လုပ်ကိုင်ပေးဖို့ နိုးချင်ပေမယ့် ညက ကလေးလေးက ခဏခဏငို၍ သူမ အိပ်ရေးပျက်ရတာကြောင့် မနိုးဘဲ ထားလိုက်တော့သည်။

သူရေမိုးချိုး အဝတ်အစားလဲ ဖြီးလိမ်းပြီး စားပွဲခုံပေါ်မှာရှိနေတဲ့ စာအုပ်တွေကို အိတ်ထဲထည့်လိုက်ပြီး ပုခုံးတစ်ခြမ်းလွယ်လိုက်ပြီး အောက်ကိုဆင်းလာခဲ့သည်။ထမင်းစားခန်းထဲရောက်တော့ မမူဆင်ပေးထားတဲ့ အုန်းနို့ခေါက်ဆွဲကို စားရင်း တစ်ခုခြင်းစီ မှာနေသည်။

"မမူ ကလေးအမေကို ကလေးကိုနို့တိုက်ဖို့ ခဏခဏသတိပေးပေးနော်...ကလေးလေး ငိုတဲ့အချိန်တွေလည်း ကျွန်တော့်ကို ဖုန်းဆက်ပေး...''

"အကိုလေးရယ်...ကလေးမကအမေပဲဟာ...သူ့ကလေးနို့တိုက်မယ်အချိန်တော့ ငါသိပါတယ်ဟယ်...ကလေးငိုတိုင်း အကိုလေးကို ဖုန်းဆက်ရမယ်ဆိုရင်လေ အကိုလေး ကျောင်းမသွားပဲ အိမ်မှာပဲ နေလိုက်ပါလား ...''

မင်းခန့်နဲ့မူမူတို့ဆိုတာ ငယ်ငယ်လေးထဲက ရင်းနှီးပြီး မောင်နှမတွေလို ဖြစ်နေတာကြောင့် ပြောချင်တဲ့ စကားတွေကို ထိမ်ချန်မထားဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောဆိုကြလေသည်။

"ကျွန်တော်ပြောတာသာ လုပ်ပါစမ်းပါ မမူရာ..ကလေးကို အတက်နိုင်ဆုံး မငိုစေနဲ့.. ကျွန်တော် ကလေးလေး ငိုတာကိုမကြိုက်ဘူးဗျာ...ကျွန်တော့်ရှိတဲ့အချိန်ဖြစ်ဖြစ်မရှိတဲ့အချိန်ဖြစ်ဖြစ် ကလေးလေး ငိုတဲ့အသံကို ကြားကိုမကြားဘူး ...''

"အင်းပါ အကိုလေးရယ်...သူ့သမီးလေးကို အဖြစ်သည်းနေလိုက်တာ..ကလေးလေးမေမေဆိုရင်တေည့ ငုံထားမလားပဲနော်...''

မမူက သူမကို ပျို့လို့ထင်ပြီး ပြောလိုက်ချင်းပါ။သူမမသိလိုက်တာက ကလေးအမေဟာ ပျိုမဟုတ်တဲ့ တခြားတစ်ယောက်ဆိုတာကိုပင်။

ကလေးလေးသာ သူမကမွေးတဲ့ကလေးမဟုတ်ဘဲ သူချစ်မြတ်နိုးရတဲ့ ပျိုကမွေးလာခဲ့မယ်ဆိုရင် သူအသည်းနင့်အောင် ချစ်မှာ..သူ့စိတ်ကူးအိပ်မက်ထဲက မိသားစုဘဝလေးထဲမှာ ပျိုရယ် ပျိုနဲ့သူ့ရဲ့ရင်သွေးလေးရယ်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးတစ်ခုပါ။အခုတော့ ထိုစိတ်ကူးအိပ်မက်ကလေးဟာ တစ်စစီ ပျက်စီးသွားခဲ့သည်။ဒီလို ပျက်စီးသွားရတဲ့တရားခံက သူမကြောင့် သူမသာ ကလေးမရှိလာအောင် တားစီးနိုင်ခဲ့ရင် ကလေးကြောင့်ဆိုတဲ့တာဝန်တစ်ခုနဲ့ သူမကိုလက်ထက်ရမှာ မဟုတ်ပါ။

"ခင်ဗျားကို ကျုပ်မုန်းတယ်...သတ်မှတ်ရက်မပြည့်ခင်အထိ ခင်ဗျားအားမွေးထားလိုက်စမ်းပါ...အဲရက်တွေရဲ့နောက်မှာတော့ နေ့ရက်တိုင်းက ခင်ဗျားအတွက် ငရဲပဲ...ဒီအိမ်က ခင်ဗျားအတွက် ငရဲခန်းသဖွယ်ပဲ ဒေါ်ပန်းငွေ့ရည်...''

သူ့စိတ်ထဲက ကျုံးဝါးသံကို သူမသာ ကြားသိခဲ့မယ်ဆိုရင် ဘယ်လောက်များ ကြောက်လန့်သွားမလဲဆိုတာတော့ မပြောတက်ပေ။

"အကိုလေး ဆက်စားလေ...စားလို့မကောင်းလို့လား...''

"ကောင်းပါတယ်...''

မင်းခန့် မနက်စာစားပြီးတာနဲ့ ကားမောင်းပြီး ထွက်လာခဲ့သည်။သူကျောင်းကိုရောက်တော့ သွန်းသွန်းက ကျောပြင်ကို တစ်ချက်ပုတ်ပြီး

"မင်းခန့် နင် ဒီရက်တွေမှာ ကျောင်းပျက်ရက်တွေ များတယ်နော်...မနေ့ကညနေက ငါနင့်အိမ်ကိုသွားတော့ နင်ဆိုပြီး ရန်လုပ်နေတာ ပြီးမှ နင်မဟုတ်ဘူးတဲ့လေ..အန်တီပြောတာ နင့်ဖေဖေတဲ့...နင့်ကိုမေးတော့ အန်တီက ဘာပြောမှတ်လဲ..''

"မေမေက နင့်ကိုဘာပြောလိုက်လဲ သွန်းသွန်း...''

မင်းခန့် မေမေများသူ့အကြောင်းကို သွန်းသွန်းကိုများ ပြောလိုက်ပြီးလားဆိုပြီး စိုးရိမ်စိတ်နဲ့ သွန်းသွန်းကို အတင်းမေးလိုက်၏။

"သမီးသူငယ်ချင်းက သမီးတို့ကို ဘာမှမပြောဘူးလားတဲ့... နင် ဘာတွေလုပ်နေလဲဟမ်...ငါတို့ကိုလည်း ပြောစမ်းပါအုန်းဟယ်..''

"ဟူး...''

မေမေက သွန်းသွန်းကို ဘာမှမပြောလိုက်တာကြောင့် သူသက်ပြင်းကလေးမသိမသာချလိုက်တယ်။သူ့ရဲ့ဖြစ်ပျက်သွားတဲ့ဒီအကြောင်းတွေကို သွန်းသွန်းကိုမသိစေချင်ပါ။သူမက မိန်းကလေးတစ်ယောက်ဆိုတော့ သူ့လုပ်ရပ်ကို နားလည်ပေးနိုင်မည်မထင်တာကြောင့် သူမကိုမပြောဖို့ ဆုံးဖြတ်ထားသည်။

"သွန်းသွန်း နင်အရင် အတန်းထဲဝင်နှင့်..ငါတို့ တစ်နေရာသွားစရာရှိလို့... ''

"ဟာ...အဲဆို ငါက တစ်ယောက်ထဲ ကျန်ခဲ့မှာပေါ့...မရဘူး ငါပါလိုက်မယ်...''

"နင်လိုက်ဖို့ မသင့်တော်တဲ့နေရာသွားမှာ..အဲတာကြောင့် နင့်ကို မခေါ်တာ...လိုက်ချင်တယ်ဆိုလည်းနင့်သဘောပဲ...''

"အဲဆိုလည်း မလိုက်တော့ဘူး...''

မင်းခန့်တို့လေးယောက်သား ကျောင်းဝန်းထဲကနေ ကားမောင်းပြီး ထွက်ခဲ့သည်။သွန်းသွန်းကတော့ ထိုနေရာ၌ မတ်တက်ရပ်လျက် ကျန်ရစ်ခဲ့သည်။သူတို့တွေ ဘောလုံးကန်နေကျ နေရာကိုရောက်တော့ အားလုံး ကားပေါ်က ဆင်းလိုက်ကြသည်။စကားသံတွေ တိတ်ဆိတ်နေသည့် သူတို့အဖွဲ့ကို ဖြိုခွင်းလိုက်သူက မိုးည..။

"အရေးကြီး ပြောစရာရှိလို့ဆို ဘာကိစ္စများလည်း မင်းခန့်...''

"အင်း..ဟုတ်တယ်..မင်းတို့ကို ငါပြောစရာရှိတယ်...မင်းတို့က ငါ့ကို နားလည်ပေးနိုင်မယ်ထင်လို့ ...''

မင်းခန့် လေးနက်တဲ့အသံနဲ့ သူ့သူငယ်ချင်းတွေကို ဆိုလိုက်၏။ထိုအခါ သူရိန်က မင်းခန့်ရဲ့ ပုခုံးကို အားပေးသည့်သဘောနဲ့ ပုတ်လိုက်ပြီး

"အေးပါကွာ...ဘာပဲဖြစ်ဖြစ် ငါတို့က မင်းဘက်မှာပဲ ရပ်မယ့်သူငယ်ချင်းတွေဆိုတာ မင်းကိုသိစေချင်တယ်...''

"ငါ အိမ်ထောင်ကျသွားပြီ...''

"ဘာ..''

"ဟုတ်တယ်..ကလေးလေးတောင် ရနေပြီ...''

"မင်းခန့် မင်း မနောက်နဲ့နော်...''

"ငါ့ရုပ်က နောက်နေတဲ့ပုံစံပေါက်နေလား...မင်းတို့ပြောသလို ငါနောက်နေတယ်ဆိုလည်း ကောင်းသားကွာ...''

သူက တည်ငြိမ်စွာ ထပ်ပြောလာသောအခါ မိုးည သူရိန် ဇွဲပြည့်တို့ သူ့ကိုကြည့်ပြီး ခေါင်းညိတ့်လိုက်ကြသည်။မင်းခန့် လက်ထက်လိုက်သည့် မိန်းကလေးက ဘယ်သူဘယ်ဝါဆိုတာကို သူတို့တွေ မမေးတော့ပေ။

"မင်းဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ မင်းခန့်...''

"ငါ အဲမိန်းမကို မရရအောင်ကွာရှင်းမှာ..''

"ကလေးတောင်ရှိနေမှတော့ သူက လက်ခံပါ့မလား...''

"အဲအတွက် ငါစဥ်းစားထားတာရှိတယ်...အကောင်အထည်ဖော်လိုက်ရုံပဲ...သူ့ဘက်က ကွာရှင်းဖို့ ပြောလာအောင်ထိ ငါလုပ်ပြမယ်...မင်းတို့ စောင့်ကြည့်နေ..''.

"ဒါနဲ့..မင်း လက်ထက်ထားတဲ့ကြောင်း ကလေးပါရှိနေ တဲ့အကြောင်းတွေ ကြွေရုပ်သိသွားရင်ရော..နောက်ပြီး မင်းကို အရင်လိုချစ်ပေးနိုင်ပါ့အုန်းမလား..''.

သူရိန်ရဲ့ အမေးကြောင့် မင်းခန့် ခဏတော့ တွေဝေသွားသည်။သူ့အကြောင်းတွေကို ပျိုသာသိသွားရင် အရင်လို သူ့ကိုမချစ်တော့ပဲ မုန်းသွားမှာလား နာကျည်းသွားမှာလားဆိုတဲ့ စိုးရိမ်စိတ်ကလေး ဖြစ်မိသည်။သူ သိပ်ချစ်ရတဲ့ သူမလေးကို သူမခွဲနိုင်တာ သေချာသည်။ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ သူမလေးကို လက်လွှတ်မခံနိုင်ပါ။သူ့အနာဂတ်အမျိုးသမီးက သူမတစ်ယောက်ထဲရယ်ပါ။သူမနဲ့သာ မိသားစု ဘဝကို ရှေ့ဆက်ချင်သည်။

"ငါတို့မေးတာကို ပြန်ဖြေဦးမင်းခန့်...အခုမင်းကိစ္စက ပေါ့သေးသေးမဟုတ်ဘူး...ကိစ္စကြီးကွ..လေးလေးနက်နက် စဥ်းစားမှရမှာ...မင်း ကြွေရုပ်ကို အမှန်တိုင်းဖွင့်ပြောလိုက်တာ ကောင်းမယ်ထင်တယ်...''

"ဟင့်အင်း...မဖြစ်ဘူး ..ဒီအကြောင်းတွေ ပျို လုံးဝသိလို့မဖြစ်ဘူး...ပျို စိတ်ထိခိုက်သွားလိမ့်မယ်...ငါ့ကြောင့် ပျို စိတ်ထိခိုက်သွားမှာကို ငါ မလိုချင်ဘူးကွာ...''

"အေးပါကွာ...မင်းမသိစေချင်ရင်လည်း မပြောနဲ့.. ငါတို့လည်း ကြွေရုပ်ကို ဒီအကြောင်းတွေ မသိစေရဘူးလို့ အာမခံတယ်...မင်းသာ ကြွေရုပ်မသိခင်ဆက်ကြားမှာ အဲမိန်းကလေးနဲ့ ကွာရှင်းဖို့သာမြန်မြန်စီစဥ်ဖို့ လုပ်ပါ..''

"အင်း...''

အပြစ်ကင်းစင်တဲ့ ပျိုရဲ့ မျက်နှာကလေးကို မြင်ယောင်လိုက်တဲ့အချိန်မှာ သူမအပေါ် မကျေမနပ်စိတ်တွေက အလိုလို ဖြစ်လာသလို အငြိုးတွေ အမုန်းတွေက ကြီးထွားလာခဲ့တော့လေသည်။

"ခင်ဗျား နူတ်ကနေ ကျုပ်ကိုကွာရှင်းဖို့ပြောလာစေရမယ်...ကလေးကြောင့်နဲ့ ခင်ဗျားအပေါ် ကျုပ်အမုန်းတွေ လျော့သွားမယ်မထင်နဲ့...ကျုပ်မုန်းတဲ့ ခင်ဗျားက မွေးလာတဲ့ကလေးဖြစ်နေလို့ အဲကလေးကိုလည်း ကျုပ်မချစ်ဘူး... ''

**************** ****************

"အူဝဲ...အူဝဲ...''

အခုလေးတင် နို့ဆို့ပြီး အိပ်ပျော်သွားတဲ့ သမီးလေးက ကောက်ခါငင်ခါ ထငိုတော့ ငွေ့ရည်စိတ်ပူသွားသည်။ပုခတ်ခြင်းထဲက နို့ညှိနံ့ကြောင့် ပုရွက်ဆိတ်တက်ပြီး သမီးကိုများ ကိုက်သွားသလားဆိုပြီး သမီးလေးကို ပွေ့ချီလိုက်ပြီး ကိုယ်လေးအနှံ့လိုက်ကြည့်တော့ မတွေ့ပေ။

သမီးလေး ငိုတာနဲ့ အခန်းထဲကို အပြေးအလွှားရောက်ရောက်လာတဲ့ မမူကို ထပ်တွေ့လိုက်ရပြန်သည်။ငွေ့ရည်ကို ဘာမှမမေးဘဲ ပြန်ထွက်သွားပြန်တယ်။ငွေ့ရည်လည်း မမူကိုကြည့်ပြီး ခေါင်းလေးရမ်းလိုက်ရင်း သမီးလေးကိုသာ နို့ပြန်တိုက်လိုက်တော့သည်။

"ဟော..မေမေ့သမီးလေးက အစားပုတ်ကလေးပဲ...မေမေ့နို့တွေ ဒီလောက်ဆို့နေတာ မဝသေးလို့ ငိုတယ်ပေါ့လေ..''.

ငွေ့ရည် သမီးလေးရဲ့ ပါးစပ်ထဲက နို့ကိုပြန်ထုတ်လိုက်တော့ ငိုပြန်သည်။ငိုနေသည့် ပုံစံလေးက ချစ်စရာကောင်းသလိုလို သနားစရာကောင်းသလိုလိုနဲ့ ချစ်၍မဝပါလေ။

"အမ ငွေ့ရည်ကို ဘာများပြောစရာရှိလို့လဲဟင်..ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်...အားမနာနဲ့နော်...''

ငွေ့ရည်လည်း သူမဆီကို ခဏခဏလာပြီး ဘာမှမပြောဘဲ ကြည့်ကြည့်ပြီး ပြန်ပြန်လှည့်သွားတဲ့ မူမူကို ဒီတစ်ခါမှာတော့ မေးဖြစ်အောင် မေးလိုက်၏။

"ဘာမှပြောစရာမရှိပါဘူး...အကိုလေးက မမလေးကို ကလေးခဏခဏနို့တိုက်ခိုင်းဖို့ရယ် ကလေးငိုရင် သူ့ကို ဖုန်းဆက်ပါလို့ ပြောခိုင်းထားလို့...ကလေးငိုလားလို့ လာလာကြည့်တာပါ...''

"မဟုတ်တာ အမရယ်...သမီးလေးငိုရင်း သူ့ကိုဖုန်းဆက်ကြေးဆိုရင် သူဘယ်လိုစာသင်တော့မလဲ...အမလည်း သူပြောတဲ့အတိုင်းခဏခဏလာကြည့်နေရမယ်ဆိုရင် ဘာအလုပ်မှမလုပ်ရပဲဖြစ်လိမ့်မယ်...အဲတော့ လာမကြည့်ပါနဲ့...သူပြောရင် ငွေ့ရည် ပြောမယ်...''

သူမပြောလိုက်တော့ မူမူက ခေါင်းလေးငုံ့ပြီး အခန်းထဲကနေ ပြန်လှည့်သွားသည်။

အရင်တုန်းက ဆေးရုံမှာဆေးနံံ့နဲ့တွေလူနာတွေကြား အလုပ်ရှုပ်နေတဲ့ သူမဟာ အခုတော့ ကလေးတစ်ယောက်နဲ့ နို့တိုက်လိုက် ငိုရင်ချော့မြူလိုက် သမီးလေးရဲ့ဝေယျာဝစ္စအလုပ်တွေနဲ့ အလုပ်ရှုပ်နေပြီး ဆေးနံ့မဟုတ်တဲ့နို့ညှိနံ့တွေနဲ့သာ တစ်နေ့တာ ကုန်ဆုံးရလေသည်။

"မေမေ့ကလေးလေး မြန်မြန်ကြီးလာတော့နော်..မေမေ အလုပ်လုပ်ချင်ပြီသိလား...''

နို့ဆို့ပြီး နို့ဝသွား၍ ငြိမ်နေတဲ့ သမီးကို စကားတွေပြောတော့ ဘာမှနားမလည်တဲ့ သမီးလေးကတော့ ဒီအတိုင်းလေးငြိမ်လေရဲ့...ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရဲ့မျက်နှာကလေးကို ကြည့်ပြီး ချစ်မဝဖြစ်ရလေသည်။

သမီးလေးကို ပုခတ်ခြင်းထဲကိုထည့်လိုက်ကာ အခန်းထဲကနေထွက်လာခဲ့ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။အောက်ကိုရောက်တော့ ခြင်းထောင်းလေးနဲ့ စျေးသွားဖို့ပြင်နေဟန်တူတဲ့ မူမူကို တွေ့လိုက်၍ ငွေ့ရည် မှာချင်တာလေးရှိတာကြောင့် လှမ်းခေါ်လိုက်သည်။

"စျေးသွားမလို့လား အမ...''

"ဟုတ်တယ် မမလေး...ဘာမှာချင်လို့လဲ..အမဝယ်လာခဲ့ပေးမယ်လေ...''

"ဟိုလေ...ငွေ့ရည်ကိုလေ သနပ်ခါးလေး ဝယ်ပေးပါလား... ငွေ့ရည်ပိုက်ဆံပေးလိုက်ပါ့မယ်...ခဏလေးစောင့်နော် အမ..ငွေ့ရည် ပိုက်ဆံသွားယူလိုက်ဦးမယ်...''

"မယူနဲ့မမလေး..အကိုလေးက ပိုက်ဆံပေးထားတယ်...ကလေးလေးအတွက် လိုအပ်တာရှိရင် အမကို စာရင်းရေးပေးလိုက်လေ...အမ ဝယ်လာခဲ့မယ်...''

"သမီးလေးအတွက် မလိုပါဘူး...ငွေ့ရည်အတွက်သာ သနပ်ခါးလေးပဲ ဝယ်လာပေးပါနော်...သနပ်ခါးက အတုံးနော် အမ...ငွေ့ရည်က သနပ်ခါးအပွေးစစ်စစ်ကိုပဲ လိမ်းချင်လို့ပါ...''

"အဲဆို မမသွားပြီးနော်...''

"ဟုတ်...''

မမူအပြင်သွားတော် ကျယ်ဝန်းလှတဲ့ အိမ်ကြီးထဲမှာ သားမိနှစ်ယောက်ထဲဆိုတဲ့ အသိက သူမကို ပိုပြီး အကြောက်တရားဘက်ကို ကူးပြောင်းလာခဲ့သည်။တစ်ယောက်ထဲ နေခဲ့ဖူးပါတယ်။သို့ပေမယ့် ဒီလို ကြောက်စိတ်တစ်ခါမှမဝင်ခဲ့ဘူးပေ။သွေးနုသားနုနဲ့မို့လား မပြောတက်ချေ။

မမူပြန်လာတာနဲ့ သမီးလေးကို ရေချိုးပေးပြီး မမူနဲ့ခဏအပ်ထားလိုက်သည်။ပြီးမှ ငွေ့ရည်လည်း ရေမိုးချိုးပြီး မမူဝယ်လာပေးတဲ့ သနပ်ခါးကို သွေးလမ်းပြီး သူမရဲ့ ဝင်းမွတ်နေတဲ့ ပါးပြင်ပေါ်တွင် လိမ်းကျံလိုက်တော့သည်။ဆံပင်တွေကို စုလိမ်ခေါက်လိုက်ပြီး စညှပ်နဲ့ ညှပ်တင်လိုက်ပြီးမှ အဝတ်အစားကို ဝတ်ဆင်လိုက်တော့သည်။

"ဟယ်..မမလေးက လှလိုက်တာ...''

သမီးလေးကို ပွေ့ချီးထားလျက် အခန်းထဲဝင်လာလာချင်း ပြောလိုက်တဲ့ မမူရဲ့ အပြောကြောင့် ပြုံးလိုက်သည်။

"သမီးလေးက အမနဲ့နေသားနော်..ငိုသံလည်းမကြားဘူး...''

ငွေ့ရည် သမီးလေးကို မူမူလက်လဲကနေ ချီရင်းပြောလိုက်သည်။

"နို့ဝနေလို့ ဖြစ်မယ်...''

"အွန်း...''

မူမူထွက်သွားတာနဲ့ အခန်းထဲမှာ သားမိနှစ်ယောက်ထဲရယ်.. ကလေးနေတဲ့အချိန် ခုံပေါ်မှာ ရှုပ်ပွနေတဲ့ သူ့ရဲ့စာအုပ်တွေကို အမြင်မတော်တာနဲ့ သေသေသတ်သတ်လေး စီထားလိုက်သည်။သူ့ပစ္စည်းတွေကို ကိုင်တာကြိုက်လားမသိ မကြိုက်လားမသိ ကိုယ့်သဘောနဲ့ကိုယ်ရှင်းလိုက်မိသည်။

ညနေတောင်စောင်းနေပြီ နာရီကိုကြည့်တော့ ခြောက်နာရီထိုးနေပြီ။အခုထိ သူပြန်မလာသေးတာကြောင့် ပြတင်းပေါက်နေ လှမ်းလှမ်းကြည့်မိတယ်။စိတ်ပူ၍လားဆိုတော့လည်း စိတ်ပူလို့မဟုတ်ပါ။စိတ်ပူရအောင်လည်း သူနဲ့ကိုယ်က ချစ်ကြိုက်လို့ လက်ထက်ထားတဲ့သူတွေမှမဟုတ်ပဲလေ။အမုန်းတွေ အငြိုးတွေနဲ့ ဖြစ်တည်လာတဲ့ ကြိုးလေးတစ်ခုကြောင့် မဖြစ်မနေ လက်ထက်ထား သူစိမ်းသက်သက်ပဲ။ကျောင်းသားတစ်ယောက်ရဲ့ကျောင်းတက်ချိန်နဲ့ကျော်လွန်နေလို့ ကိုယ်ကအကြီးတစ်ယောက်ဖြစ်တဲ့လျှောက် မလာသေးတော့ မျှော်မိတဲ့သဘောပါ။

တဖြေးဖြေးနဲ့ နာရီလက်တံတွေက ရွေ့လျားနေလိုက်တာ ညရှစ်နာရီပင်ထိုးလာခဲ့သည်။ဖုန်းဆက်ကြည့်ရအောင်လည်း သူ့ဖုန်းနံပတ်က သူမဆီမှာ မရှိပေ။ကိုကိုတို့ဆီများ ဝင်နေလားဆိုတဲ့ အသိနဲ့ ကိုကို့ဆီကို ဖုန်းဆက်ဖို့ပြင်မလိုဆဲဆဲ အဲမှာမရှိရင် ကိုကိုနဲ့မမကို စိတ်ပူအောင်လုပ်မိသလိုဖြစ်မှာကြောင့် မဆက်ဘဲနေလိုက်သည်။

မနက်တုန်းက မမူပြောတာကို သတိရသွားတာကြောင့် အောက်ထပ်ကိုဆင်းလာပြီး မမူဆီကနေ မင်းခန့်ရဲ့ ဖုန်းနံပတ်ကို တောင်းလိုက်ရသည်။မမူက သူမကို နာမလည်သလိုအကြည့်မျိုးနဲ့ ကြည့်နေတာကိုလည်း ဂရုမစိုက်အားတော့ပါ။ဖုန်းဆက်ကြည့်ဖို့ အာသီသပဲ ရှိလေသည်။သူမ ဖုန်းဆက်တော့ ချက်ချင်း ကိုင်လေသည်။ပြောလိုက်တဲ့ လေသံအရဆိုရင် အရက်သောက်ထားအသံပင်။

"ဟယ်လို...ဘယ်သူလဲ...''

"ငါ...ငါပါ...မင်းပြန်မလာသေးလို့ ဖုန်းဆက်ကြည့်တာ...''

"ကျစ်...''

မင်းခန့် ငွေ့ရည်စကားကို နားထောင်လိုက်ပြီး စုတ်သတ်လိုက်၏။

"ကျုပ်ဘယ်အချိန်ပြန်လာလာ ခင်ဗျားအကြောင်းမပါဘူး...ကျုပ်ပြန်မလာမချင်း ခင်ဗျားမအိပ်ပဲနဲ့ စောင့်နေ...''

"ဟူး...''

သူ့ကိုဖုန်းသွားဆက်မိတဲ့ ကိုယ့်ကိုကိုယ်သာ ရိုက်လိုက်ချင်တော့သည်။မဆက်ပဲ နေလိုက်မိရင် ကောင်းသား အခုတော့ ကိုယ့်အပြစ်နဲ့ကိုယ် ဘယ်အချိန်ထိ ထိုင်စောင့်ရမှန်းမသိပါလေ။လာနိုးလာနိုးနဲ့ စောင့်နေလိုက်တာ ဆယ့်နှစ်နာရီပင် ထိုးတော့မည်။အိပ်ငိုက်လာလိုက် သမီးလေးက ငိုတဲ့အခါ မျက်လုံးတွေမြင်ပွင့်လာခဲ့သည်။တဖြေးဖြေးနဲ့ အချိန်တွေက မိုးသောက်ယံအထိရောက်လာခဲ့ပေမယ့် သူကတော့ အခုထိပြန်မရောက်လာခဲ့ပေ။

"မင်း ငါ့ကို တမင်သက်သက် ဒီနည်းနဲ့ နှိပ်စက်တာမဟုတ်လား...တကယ်တမ်း နစ်နာတဲ့သူက ငါပါ..မင်းကြောင့်သာ ငါ့ရဲ့ဘဝပျက်ခဲ့ရတာ...ငါရမယ့် အခွင့်အလမ်းတွေ လက်လွတ်ဆုံးရှုံးခဲ့ရတာ...မင်း ငါ့ကိုမုန်းသလို ငါလည်းမင်းကို မုန်းတယ်ဆိုတာ သိစေချင်တယ်...''

« ရှေ့အခန်း - အပိုင်း ၁၉ နောက်အခန်း - အပိုင်း ၂၁ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ