💛သီဟသက်လင်း + ဖြူရှင်းသန့်💛
သီဟသက်လင်း သူ့အိမ်မှ ထွက်လာပြီးကတည်းက
သူ့သူငယ်ချင်းအိမ်ကို ရောက်နေတာဖြစ်သည်။
အရက်ပုလင်းကြီးအား ရှေ့ချထားကာ
မျက်နှာတစ်ပြင်လုံး မျက်ရည်အရွှဲသားဖြစ်နေသည်အထိ
သူငိုထားခဲ့တာဖြစ်၏။
ခင်ဗျားမလိုချင်လည်း လိုအပ်တာမို့ ယူထားပါဆိုပြီး သူမထားရစ်ခဲ့တဲ့ ကွာရှင်းစာချုပ်ကြီးအား မီးရှို့ထားတဲ့ ပြာမှုန့်တွေကို ကြည့်ရင်း
သူရှိုက်ကြီးတငင်ငိုလေသည်။
အိမ်မှာနေလျှင် သူမရဲ့ အငွေ့အသက်တွေကြောင့် သူပိုပြီး
မစွန့်လွှတ်နိုင်မှာစိုးတာကြောင့် ရှောင်ပြေးလာခြင်းပါ။
ဒါပေမယ့် သူ့နှလုံးသားမှာ အမြစ်တွယ်နေတဲ့ အငွေ့အသက်တွေကိုတော့ ဘယ်နေရာကိုမျှ ရှောင်ပြေးလို့မရနိုင်ပါဘူး။
သီဟသက်လင်းရဲ့ သူငယ်ချင်းဖြစ်သူကတော့ သူတစ်ခါမျှ မမြင်ဖူးတဲ့ သီဟသက်လင်းရဲ့ ပြိုလဲမှုကြီးကြောင့် အံ့ဩမှုနှင့်အတူ
စိတ်မကောင်းလည်းဖြစ်နေရှာလေသည်။
"ငါ ငါသူ့နဲ့ မခွဲနိုင်ဘူးကွာ။
ငါ့ရင်ဘတ်ကြီးက တအားနာတယ် သေတော့မလိုပဲကွာ။ "
သူ့ရင်ဘတ်ကြီးအား ဖိဆုပ်ကာ နာနာကျင်ကျင် ငိုရှိူက်ရင်း
ပြောနေတဲ့ပုံက မြင်ရသူအဖို့တောင် သိပ်ကို နာကျင်ဖွယ်မြင်ကွင်းဖြစ်နေခဲ့တာ ခံစားရသူသာဆို...
"ငါနားလည်ပါတယ်ကွာ။
ဒါပေမယ့် မင်းတို့က ကွာရှင်းပြီးသားပြီပဲဟာ။
ဘာလုပ်လို့ရမှာလဲ။"
"ငါက ငါမကွာရှင်းချင်ဘူးကွ။
ဒါပေမယ့် သူက ငါနဲ့အတူနေရတာ မွန်းကြပ်တယ်တဲ့။
ငါ့ကို ကွာရှင်းချင်လွန်းလို့ မကြံသင့်တာတွေတောင် ကြံခဲ့တာ။
ငါက ဘယ်နှလုံးသားနဲ့ ဆက်ပြီးဆွဲထားရက်တော့မှာလဲကွာ။"
"ဟင်း ... မင်းအခု ဘာဆက်လုပ်မှာလဲ။ "
"ငါဒီမှာ ဆက်နေရင် ကလေးမကို မြင်နေရသေးရင်
ငါသူ့ကို ပြန်သိမ်းပိုက်မိလိမ့်မယ်ထင်တယ်။
အဲ့တာကြောင့် ငါဒီမှာမနေတော့ဘူး။ "
"မင်းက ဘယ်ကို သွားမှာလဲ။"
"ငါနိုင်ငံခြားကိုသွားမယ်။
ကလေးမနဲ့ ဘယ်လိုမှ မတွေ့နိုင်တဲ့နေရာမှ
ငါသူ့ကို မေ့နိုင် မဟုတ်ဘူး မေ့နိုင်မှာတော့မဟုတ်ဘူး။
လက်လွှတ်ပေးနိုင်မှာပေါ့။ "
"နိုင်ငံခြားထိ သွားစရာလိုလို့လားကွ။
မြန်မာနိုင်ငံထဲကပဲ တခြားမြို့တွေဘက် ပြောင်းကြည့်ပါလား။"
"ဟင့်အင်း ... ငါ့ကိုယ်ငါသိတယ်။"
"အေးပါ။
တားလို့မရဘူးဆိုရင်လည်း မင်းသဘောပါ။
ငါကူညီပေးနိုင်တာရှိရင်တော့ ပြောပေါ့။
မင်းက ဘယ်နေ့သွားမှာလဲ။"
"မနက်ဖြန်ပဲ "
"ဟင် ... အဲ့လောက်မြန်မြန်ကြီးလား။
ဒီက အလုပ်တွေကရော။ "
"ငါ့လူယုံနဲ့ပဲ လွှဲထားခဲ့မယ်။
ငါရှိနေရင်လည်း ဘာမှလုပ်နိုင်မှာ မဟုတ်တာ သေချာတယ်။ "
"..."
_______________
ရှင်းသန့်အကြောင်းအား ဒေါ်ဖြူဖြူခင်က သူ့ယောင်္ကျားကို ပြောပြလိုက်လျှင် သူ့သမီးကို တစ်ခါမျှ ဆူငေါက်ခြင်းမရှိဖူးတဲ့ ဦးသန့်ဇင်ကပါ ရှင်းသန့်အား ဆူလေသည်။
ရှင်းသန့်ကိုယ်တိုင်လည်း ကွာရှင်းပြီးရင် သိပ်ပျော်ရမယ်လို့
ထင်နေခဲ့ပြီး လက်တွေ့မှာတော့ မပျော်နိုင်ပဲ ဘယ်ဘက်ရင်အုံက
အောင့်မျက်နေ၏။
သူမ မျက်လုံးထဲ စွဲထင်နေတာက ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ပုံရိပ်တွေ။
"အို ..."
ရှင်းသန့် ခေါင်းကို ဘယ်ညာရမ်းခါလျှက် အတွေးတို့အား မောင်းထုတ်ပစ်လိုက်သည်။
ငါက ပျော်နေရမှာလေ။ ဟုတ်တယ် အခု ရှင်းသန့်သိပ်မုန်းပါတယ်ဆိုတဲ့ လူကြီးရဲ့လက်ထဲကနေ လွတ်မြောက်သွားခဲ့ပြီ။
မရယ်ချင်ပဲနဲ့ အားယူကာ ရယ်လိုက်သည်။
___________
သီဟ ဒီနေ့ဆို ဩစတေးလျကိုရောက်တာ ၁ပတ်ပြည့်သွားပြီဖြစ်၏။
ဒါပေမယ့် လူကတော့ နလန်မထူနိုင်သေးပါ။
သူမနဲ့ ပတ်သတ်သမျှတွေ အားလုံးလွှတ်ချကာ
ထွက်ပြေးလာခဲ့ပေမယ့် အမြစ်တွယ်နေတဲ့နှလုံးသားကြီးကို
လွှတ်မချနိုင်တော့ နေ့စဉ်နှင့်အမျှ လွမ်းသည်။
သိပ် သိပ်လွမ်းပါသည်။
စိတ်တွေက သူမဆီသာရောက်နေသလို
အိပ်မက်တွေကလည်း အမြဲတမ်းသုမဆီကိုသာ ဦးတည်၏။
တစ်ခါတရံအိပ်မက်တွေက မဖြစ်နိုင်တဲ့ သူမနဲ့သူ
ချစ်ကြည်နူးနေတဲ့အိပ်မက်တွေကြောင့် အိပ်မက်လေးပဲ ဆိုရင်တောင့် အတိုင်းမသိပျော်ရွှင်ရပြီး တစ်ခါတရံ အိပ်မက်တွေမှာတော့
လက်တွေ့လိုပဲ သူမက သူ့အားခါးခါးသီးသီး မုန်းတီးနေတဲ့ အိပ်မက်ဆိုးတွေကြောင့် သူ့မှာ ရင်တွေနာကျင်ရ၍ အိပ်မက်က နိုးထလာချိန်တွင် ရှိုက်ကြတငင် ငိုကြွေးရသသည်။
ဒီညတော့ ဘယ်ဘက်ရင်အုံက နာကျင်လွန်းတာကြောင့်
အိပ်မပျော်၍ လသာဆောင်မှာထွက်ကာ ကြယ်ကင်းမဲ့နေတဲ့ ကောင်းကင်ကြီးအား မော့ကြည့်၍ စီးကရက်ရှိုက်ဖွာနေခြင်းပင်။
ခပ်တိုးတိုး ဆိုလိုက်မိတဲ့ စကားလေးက ...
"လွမ်းလိုက်တာ ကလေးမရာ " တဲ့။
ဒီစကားကို လမင်းကြီးကတစ်ဆင့် သူမကြားသွားရင်ရော ရုတ်သိမ်းခိုင်းလေမလား။
_____________
ရှင်းသန့် အိပ်ယာထက်တွင် လဲလျောင်းနေရင်း မျက်ရည်ပူတစ်ချို့
စီးဆင်းလာလေသည်။
ရှင်းသန့်ဖျားနေတာ ၃ရက်ရှိပြီဖြစ်၏။
ဘာရယ်မဟုတ် ရှင်သန့်ဖျားရင် ပျာယာခတ်နေတတ်တဲ့ လူကြီးအား သတိရမိသွားပြန်သည်။
မေမေကလည်း ရှင်းသန့်ကို စိတ်ဆိုးကာ အခေါ်အပြောမလုပ်ပဲ
ဖျားနေတာတောင် မေးဖော်မရတာကြောင့် ရှင်းသန့်ကိုယ့်ဟာကိုယ်ပဲ ကိုယ်ထူကိုယ်ထ လုပ်နေရလေသည်။
အခုလည်း အောက်မှာ ထမင်းဆင်းစားပြီး ဆေးသောက်ရပြန်သည်။
အရင်ကဆို ဆေးသောက်ကြောက်တဲ့ရှင်းသန့်က ဖျားတဲ့အချိန်
သူဆေးတိုက်ရင် ဂျစ်တိုက်တတ်ပေမယ့် သူက ငြိုငြင်ခြင်းမရှိပဲ
ချော့မော့ကာ ဆေးခါးကြီးတွေကို ဝင်အောင်တိုက်ပေးခဲ့တာဖြစ်၏။
အခုတော့ ဂရုစိုက်မယ့်သူလည်းမရှိတော့တာကြောင့်
မသောက်ချင်တဲ့ ဆေးခါးကြီးတွေကို ကိုယ်တိုင်သောက်နေရတော့သည်။
ထမင်းကလည်း မစားနိုင်တာကြောင့် လူက ဆေးအရှိန်နှင့် ပျော့နေပြီဖြစ်၏။
ဟိုလူကြီးဆို ဒီလိုအချိန်မှာဆို ရှင်းသန့်အစားဝင်ဖို့ ပျာယာခတ်နေပေမယ့် အခုတော့ မေမေကလည်း ဆန်ပြုတ်လေးတောင် ကြိုမထားပေးပါ။
ဟုတ်ပါရဲ့။
လူတစ်ယောက်ရဲ့ တန်ဖိုးက သူမရှိတော့မှ သိရတာထင်ပါရဲ့။
အခုတော့ သူက ရှင်းသန့်ကို စိတ်နာပြီး ရှင်းသန့်နဲ့ အဝေးဆုံးကို ထွက်သွားလေပြီ။
ရှင်းသန့်တို့ကွာရှင်းပြီး နောက်၃ရက်နေတော့ ဖေဖေနဲ့မေမေက
သူ့ကိုဖုန်းဆက်ကာ တောင်းပန်လေသည်။
"ဟယ်လို ... သားသီဟ အန်တီတို့တောင်းပန်ပါတယ်ကွယ်။
သားကို အန်တီတို့ မျက်နှာမပြဝံ့ပါဘူးကွယ်။
အန်တီတို့ သွန်သင်ဆုံးမမှုညံ့ခဲ့လို့ပါကွယ်။ "
"မဟုတ်တာ အန်တီရယ်။
ကျွန်တော့်အမှားပါ။ ကလေးမ လက်မခံပဲ
လက်ထပ်ယူခဲ့မိတဲ့ ကျွန်တော့်အမှားပါ။
ကလေးမကိုလည်း မဆူပါနဲ့နော်။
သူ့အမှားမဟုတ်ပါဘူး။ ကျွန်တော်က မတရားခဲ့တာပါ။"
"သားရော အခုအဆင်ပြေရဲ့လား။
ဘယ်ရောက်နေတာလဲ။အိမ်လည်းပြန်မလာဘူးကွယ်။ "
"ကျွန်တော်အခု နိုင်ငံခြားရောက်နေတာပါ အန်တီ "
"ဟင် ... ရုတ်တရတ်ကြီး နိုင်ငံခြားထိရောက်သွားတာလားကွယ်။ "
"ဟုတ်ကဲ့ ... ကျွန်တော် လုပ်ငန်းလေး တိုးချဲ့ချင်လို့ပါ။"
သီဟသက်လင်း မုသားသုံးလိုက်ပေမယ့် တစ်ဖက်က ဒေါ်ဖြူဖြူခင်ကလည်း ဘာကြောင့်ဆိုတာ အတပ်သိနေမှာပါပဲ။
"ဪ ... အေးပါ သားရယ်။
ဘယ်လိုပဲနေနေ သားက အန်တီတို့အတွက် တူ၊သားတစ်ယောက်လိုပါပဲနော်။အဲ့ဒါကြောင့် လိုအပ်တာရှိရင် အန်တီတို့ကို ပြောပါနော်။"
"ဟုတ်ကဲ့ပါဗျ။ "
"အေးအေး ... အဲ့ဒါဆို ဒါပဲနော်သား။
"ဟုတ်ကဲ့ "
ဒေါ်ဖြူဖြူခင် သူမဘက်ကပဲ ဖုန်းချလိုက်ပြီးလျှင်
လင်မယားနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ
သက်ပြင်းကိုယ်စီချလိုက်ကြသည်။
လူကြီးေတွပီပီ ကွဲကြ ကွာကြတာကို သဘောမကျပေမယ့် ကိုယ့်သမီးဘက်က လွန်ထားတာဆိုတော့ ပြန်ပေါင်းဖို့ကိုလည်း
မပြောဝံ့တော့ပါ။
ထိုစကားတွေကို မီးဖိုချောင်ထဲမှ ရှင်းသန့်ကလည်း နားမထောင်ပဲ
ကြားလိုက်ရတာကြောင့် သူမရင်ထဲလည်း အမည်မသိတဲ့ လှိုင်းတစ်ခု ဖြတ်ပြေးသွားကာ ဆစ်ခနဲနာကျင်သွားရလေသည်။
အပိုင်း (၂၄) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)