💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"ရှင်းသန့်ရေ ရှင်းသန့် "
"ဟင် ... လာကြလေ "
ရှင်းသန့်သူငယ်ချင်းတွေ အိမ်ရောက်လာကြတာကြောင့်
အိမ်ထဲဝင်ရန် လှမ်းခေါ်လိုက်ကာ အပေါ်ထပ်က ရှင်းသန့်အခန်းထဲထိ ခေါ်သွားလိုက်သည်။
အောက်ထပ်မှာဆို မေမေက ရှင်းသန့်ကို မကြည်နေတာကြောင့်
နေရခက်တာကြောင့်ပင်။
"လာ ... ထိုင်ကြ "
"အွန်း ... နင်ကျောင်းပျက်တာများနေလို့လေ။
ငါတို့ စိတ်ပူလို့ လာကြည့်တာ။ "
"အွန်း ... ငါဖျားနေလို့ပါ။ "
"နင်အဆင်ပြေရဲ့လား။ "
ဘာကိုဦးတည်ပြီး မေးသလဲဆိုတာသိတာကြောင့်
ရှင်းသန့် ခပ်ယဲ့ယဲ့လေးပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
အသွင်နဲ့ မေခိုင်ကတော့ ခေါင်းကြီးယမ်းလျှက် ရှင်းသန့်နဲ့ ခင်ဇာအားကြည့်ကာ သက်ပြင်းချလေသည်။
"နင်တို့ ကွာရှင်းတဲ့ကိစ္စကို နင့်မိဘတွေက ဘာမှ မပြောဘူးလား။"
"ဖေဖေရော မေမေရော ဆူတယ်။
မေမေဆို အခုထိ ငါ့ကို စကားမပြောသေးဘူး။ "
"နင်ကလည်း တော်တော်လွန်တာကို ... နင်နောင်တမရဘူးလား။ "
"ဟင် ..."
အသွင့်အမေးတွင် ရှင်းသန့် တစ်ချက်တွေဝေသွားမိသည်။
ဒါပေမယ့် ကိုယ်က လေကြီးခဲ့သူဆိုတော့ ခေါင်းလေးယမ်းကာ ပြန်ဖြေလိုက်သည်။
"ဟင့်အင်း ... နောင်တမရဘူး။ "
"အဲ့နေ့ကအကြောင်းကို ခင်ဇာပြောပြတုန်းက ငါဖြင့် နင့်လူကြီးကို
သနားလိုက်တာဟာ။ "
"ဟုတ်ပ ...သူက နင့်ကို တော်တော်ချစ်ရှာတာနေမှာ "
အသွင်နဲ့မေခိုင်တို့အပြောတွေကြောင့် ရှင်းသန့် အတွေးထဲ
ထိုနေ့က ပုံရိပ်တွေ ပြန်မြင်ယောင်လာကာ နှလုံးသားလေးက
ဆစ်ခနဲနာကျင်သွားရပြန်သည်။
"အခု သူလည်း နိုင်ငံခြားရောက်သွားပါပြီ "
"ဟင် ... ဟုတ်လား။"
"ဘယ်လိုဖြစ်လို့ ရောက်သွားတာလဲ။ "
"အဲ့တာတော့ ငါလည်းမသိဘူး။
ဒါတောင် ဟိုနေ့က မေမေတို့နဲ့ဖုန်းပြောနေတုန်း ကြားလိုက်တာ။ "
"နင့်ကို တော်တော် စိတ်နာသွားလို့နေမယ် "
"..."
မေခိုင်ရဲ့ ထိုစကားတွင်တော့ ရှင်းသန့် နှုတ်ဆိတ်နေလိုက်သည်။
ဟုတ်ပါတယ်။သူစိတ်နာမယ်ဆိုလည်း နာလောက်ပါတယ်။
"အဲ့တော့ နင် အခု ကိုဩရထူးနဲ့ ပြန်တွဲတော့မှာပေါ့။ "
"ဟင် ... မတွဲပါဘူး။ "
"ဟမ် ... နင်အခု ကွာရှင်းလိုက်တာ ကိုဩရထူးကို မမေ့နိုင်လို့
ပြန်တွဲမလို့ပဲ မဟုတ်ဘူးလား။"
"မဟုတ်ပါဘူး။ "
သူငယ်ချင်းတွေကတောင် ရှင်းသန့်ကို အဲ့လိုပုံစံမျိုးပြောနေတော့
သူလည်းအဲ့လိုပဲ ထင်နေမှာပဲ။
တကယ်က ရှင်းသန့်သူ့ကို ကွာရှင်းချင်ခဲ့တာ ရှင်းသန့်ရဲ့ အတ္တကြောင့်ပါပဲ။
သူနဲ့ယူပြီးပြီဆိုကတည်းက ရှင်းသန့် ဖောက်ပြားဖို့
အတွေးတောင် မတွေးခဲ့ဖူးပါဘူး။
ဘာရယ်မသိ ရင်တွေနာလာကာ အော်ငိုချင်လာမိပြန်သည်။
___________
"ရှင်းသန့် "
ရှင်းသန့်ကျောင်းထဲရောက်ရောက်ချင်း ရှင်းသန့်အရှေ့သို့ ရောက်လာတဲ့ ခြေထောက်ဖြူဖြူပိုင်ရှင်အား မော့မကြည့်ပါပဲ
သိလိုက်ပါသည်။
"ရှင်းသန့် နေမကောင်းဘူးဆို "
"ဟုတ်ကဲ့ "
"အခုရော သက်သာသွားပြီလား။ "
ပြောပြောဆိုဆိုနှင့် ဩရထူးက ရှင်းသန်နဖူးအား စမ်းဖို့လုပ်လျှင်
ရှင်းသန့် ခေါင်းကိုနောက်သို့ ဆုတ်လိုက်သည်။
ထိုအခါ ဩရထူးမျက်နှာက သိသိသာသာပျက်ကျသွား၏။
"ဟုတ်ကဲ့ သက်သာသွားပါပြီ။ "
"ရှင်းသန့် ကွာရှင်းလိုက်ပြီဆို "
ထိုအမေးစကားကိုတော့ ရှင်းသန့် အတော်အတန်ကြာမှ ခေါင်းညိတ်လိုက်သည်။
"ကိုယ်တို့ ..."
"ရှင်းသန့် ကိုဩရထူးကို အကိုတစ်ယောက်လိုပဲ သဘောထားတော့တာပါ။ "
"ဒါပေမယ့် ..."
"ရှင်းသန့် ကိုဩရထူးနဲ့ ပြန်မတွဲပါဘူး။"
"ကိုယ်ကတော့ ရှင်းသန့်ကို ချစ်နေသေးတယ်။
ရှင်းသန့် ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်မငြိုညင်ပါဘူး။"
"မဟုတ်ပါဘူး။
ရှင်းသန့် ကိုဩရထူးနဲ့မတွဲတော့ဘူးဆိုတာ ရှင်းသန့်ရဲ့ စိတ်ရင်းအမှန်ပါ။ ဘယ်သူ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ "
"ရှင်းသန့်ကိုယ့်ကိုမချစ်တော့ဘူးလား။"
"ဟုတ်ကဲ့ "
"ဘာလို့လဲ။ "
"..."
ရှင်းသန့်ကမဖြေတော့ ဩရထူး အံကြီးတင်းတင်းကြိတ်လျှက်
စိတ်တိုလေသည်။
"ဟိုလူကြောင့်မလား။
အဲ့တာ ဟိုလူကြီးကြောင့်မလား။
ရှင်းသန့် အဲ့လူကို ချစ်မိသွားတာလား။
မဖြစ်နိုင်ပါဘူး ... ချစ်ရင်ဘာလို့ကွာရှင်းမလဲ။"
"..."
"ကိုယ့်ကို ကိုယ့်ကို ချစ်သေးတယ်မလားဟင်။ "
"ဟင်း ..."
ရှင်းသန့် သူမအရှေ့မှာ ဩရထူးအား အကြည့်လွှဲကာ
သက်ပြင်းရှည်ကြီးချလိုက်သည်။
သူ့အား ပထမဆုံးအကြိမ် သိတ်ပျက်မိခြင်းပင်။
ရှင်းသန့်စိတ်တွေကိုလည်း ရှင်းသန့်တောင် ရေရေရာရာမသိတော့ပါ။
သေချာတာတစ်ခုကတော့ သူမ ဩရထူးကို မချစ်တော့ဘူးဆိုတာပင်။
"ရှင်းသန့် ကိုဩရထူးကို တကယ် မချစ်တော့တာပါ။
ဘာကြောင့်လဲဆိုတာတော့မသိပေမယ့် ရှင်းသန့် ကိုဩရထူးကို
မချစ်တော့တာတော့ သေချာပါတယ်။ "
ထိုအခါ ဩရထူးက ရှင်းသန့်အား စိတ်ပျက်စွာကြည့်လျှက် လက်သီးကြီးဆုပ်၊အံတင်းတင်းကြိတ်ကာ မျက်ရည်တွေ ဝေ့ဝဲလာလေသည်။
"ရက်စက်လိုက်တာ။
ရက်စက်လိုက်တာကွာ ... ကိုယ့်မှာတော့ မင်းကြောင့်ရူးမတတ်ပဲ
သိရဲ့လား။"
"ရှင်းသန့်က အိမ်ထောင်သည်ဖြစ်ပြီးသားမို့ အစကတည်းက ကိုဩရထူးဘက်က မမျှော်လင့်ခဲ့သင့်တာပါ။ "
"အခုကွာရှင်းလိုက်ပြီလေ။ "
"ရှင်းသန့် သွားတော့မယ်။ "
စကားဆက်ပြောစရာမလိုတော့တာကြောင့် ဩရထူးအား
ကျောခိုင်းကာ သူမထွက်သွားလေသည်။
ဩရထူးကတော့ သူမကျောပြင်လေးအားကြည့်ကာ
အလဲလဲအပြိုပြိုပင်။
____________
ညိုတတအသားအရေမှာ အကြောတွေထောင်ထလျှက်
ကြွက်သားတုတ်ခိုင်ကာ ခန္ဓာကိုယ်တောင့်ဖြောင့်လွန်းတဲ့
သီဟသက်လင်းက နိုင်ငံခြားမှာလည်း နိုင်ငံခြားသူလေးတွေရဲ့
ဝိုင်းကြိုက်ခြင်းခံရလေသည်။
ဒါပေမယ့် အရင်ကတည်းက အနေတည်တဲ့ သီဟသက်လင်းက
သူမမှလွဲ၍ ဘယ်မိန်းကလေးကိုမျှ ပြုံးလို့ပင်မပြပေ။
သူ့အပြုံးတွေ ပျောက်ဆုံးနေတာလည်းပါတာပေါ့။
သီဟသက်လင်း ၃လလောက်အထိ နလံမထူနိုင်အောင်ဖြစ်သွားခဲ့သည်။
အလုပ်တွေအကုန်လုံးလည်း ပစ်ချကာ လူကလည်း
ပေချင်တိုင်းပေနေခဲ့တာပင်။
အခုရောဆိုရင် အခုလည်း ကိုယ့်ကိုယ်ကို မညဉ်းဆဲရုံကလွဲလို့
အဆင်ပြေနေတာတော့မဟုတ်ပေ။
လွမ်းသည်။
တစ်ခါတရံ အမျိုးသမီးပစ္စည်းလှလှလေးများတွေ့လျှင် အရင်လို
သူမအတွက် ဝယ်ပေးခဲ့မိတာလည်း အကြိမ်ကြိမ်ပင်။
အခုဆို သူမအတွက်ရည်ရွယ်ပြီး ဝယ်ထားမိတဲ့ ပစ္စည်းတွေက ဗီဒိုအပြည့်ဖြစ်တော့မည်။
ပိုင်ရှင်ဆီ မရောက်နိုင်ဘူးဆိုပေမယ့်ပေါ့။
အချိန်က ကုစားသွားမယ်ဆိုတာ အလကားပါ။
သူ့မှာတော့ အခုအချိန်အထိ မနေ့တနေ့တုန်းက အဖြစ်အပျက်တွေလို သူမအကြောင်း မတွေးမိတဲ့နေ့ဆိုတာလည်းမရှိပေ။
သူမအကြောင်းတွေးမိလျှင် တစ်ခါတရံပြုံးမိပြီး တစ်ခါတရံကျပြန်တော့ ငိုရပြန်သည်။
လူဆိုးမလေး။
အခုတော့ လွတ်လပ်ပြီဆိုပြီး သိပ်များပျော်နေမလား။
သူမချစ်ရတဲ့သူရဲ့ ရင်ခွင်ထဲမှာ အပြုံးတွေ တောက်ပနေလေမလား။
"ဟူး..."
လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ သောက်လက်စ
စီးကရက်အား ဖိချေရင်း သူနဲ့လက်ထပ်ရမယ့်အကြောင်းကို
သူမ စသိသိချင်း သူ့ကိုရန်လာတွေတဲ့ ကလေးမပုံရိပ်လေးကို
ပြန်မြင်ယောင်မိတော့ ပြုံးမိပြန်သည်။
အစွာလေး ။
________________
"ဟင် ရှင်းသန့် ငိုနေတာလား။
ဘာလို့လဲ ... ဘာဖြစ်လို့လဲဟင်။ "
ခင်ခင်ဇာတို့သုံးယောင် ကန်တင်းမှ ပြန်လာချိန် အခန်းထဲမှာ
ကျန်ခဲ့တဲ့ ရှင်းသန့်က ငိုနေတာ မြင်လိုက်ရတာကြောင့် ကပျာကယာပြေးလာကြလေသည်။
ခင်ခင်ဇာက ရှင်းသန့်ကိုယ်လေးအား ဖက်ကာ မေးလျှင် သူမက
ပိုတိုးလို့ငိုလာကာ ရှိုက်သံကြားမှ ပြောလာခဲ့သည်။
"လွမ်းတယ်။
ငါသူ့ကို အရမ်းလွမ်းတယ်။... အဟင့်
ငါ ငါတအားမှားသွားပြီ။ "
"ဟင် ..."
"ငါချစ်နေပြီ။
ငါသူ့ကို ချစ်နေမိပြီ။ အင်း ... ဟင်း အဟင့် "
"အေး ... အေးပါဟာ။
မငိုနဲ့တော့နော်။ တိတ်ပါဟာ "
ခင်ခင်ဇာက ရှင်းသန့်ကျောလေးအား ပွတ်သပ်ကာ
နှစ်သိမ့်ပေးလျှင် ရှင်းသန့်က ဝမ်းပမ်းတနည်းရှိုက်ငိုလေသည်။
အသွင်ကတော့ ရှင်းသန့်နဲ့ ခင်ဇာကိုကြည့်ကာ သက်ပြင်းချလျှက် ...
"ငါပြောသားပဲ ... နင်တို့ဝဋ်လည်မယ်လို့"
"အသွင်ရယ်။
နင်ကလည်း ရှင်းသန့်ကမှ ငိုနေပါတယ်ဆို
မပြောနဲ့တော့လေဟာ။"
မေခိုင်က ဝင်တားလေ၏။
" အဲ့တာကြောင့် ပြောတယ်လေ ... သူတို့ကို သေချာစဉ်းစားပြီးမှ လုပ်ပါလို့။လူဆိုတာ ရှိတုန်း တန်ဖိုးထားရတယ်ဟဲ့။"
အသွင်က မရပ်ပဲ ဆက်ပြောလျှင် ခင်ခင်ဇာ စိတ်တိုလာကာ
အော်တော့သည်။
"ကျစ် ... အသွင် နင်တော်တော့ဟာ။
နင်သူငယ်ချင်းအစစ်ရော ဟုတ်ရဲ့လား။
ကိုယ့်သူငယ်ချင်းဒီလောက်ငိုနေတာကို နင်က လာဆူနေပြန်ပြီ။ "
"ဟဲ့ ... ငါက သူငယ်ချင်းအစစ်မို့ အဲ့လိုပြောတာပေါ့။
နင်သာ မစဉ်းစား မဆင်ခြင်ပဲ လျှောက်လုပ်ပေးလိုက်လို့။
နင်သာဝင်မလုပ်ရင် သူတို့လင်မယားကွဲမှာ မဟုတ်ဘူး။ "
"..."
အသွင့်ထိုးနှက်ချက်တွေမှာ ခင်ခင်ဇာ ငြိမ်ကျသွားတော့သည်။
အပိုင်း (၂၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)