💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"ရှင်းသန့် ခင်ဗျားအလုပ်ကိုလိုက်ခဲ့လို့ရမလား။ "
"ဟင် "
ရှင်းသန့်စကားကြောင့် သီဟပါးစပ်အဟောင်းသားဖြစ်သွားကာ တော်တော်အံ့ဩသွားလေသည်။
သူအံ့ဩမယ်ဆိုလည်း အံ့ဩလောက်ပါသည်။
ရှင်းသန့်ကလည်း အကြံသာမရှိလျှင် သူ့အလုပ်လိုက်ဖို့ဆိုတာ စိတ်ကူးထဲမှာတောင် မရှိသေးပါ။
သီဟ သူမအား အချိန်တော်တော်ကြာသည်အထိ ကြောင်ပြီးကြည့်နေမိလျှင် သးမက မျက်မှောင်လေးတွေကြုတ်လာကာ ...
"ဘာလဲ ... ခင်ဗျားက ရှင်းသန့်ကို မခေါ်ချင်ဘူးလား။
မခေါ်ချင်လည်း ရတယ်လေ မလိုက်ပါဘူး။ "
"ဟာ ... အဲ့လို မဟုတ် မဟုတ်ပါဘူးကွာ။
ခေါ်မှာပေါ့ ရှင်းသန့်လိုက်ချင်ရင် ဘယ်နေရာမဆို ကိုယ်ကခေါ်မှာ။
ကိုယ်အခု နည်းနည်းအံ့ဩသွားလို့ပါ။
ဒါပေမယ့် ကိုယ့်အလုပ်က ပွဲရုံဆိုတော့ လူတော့ နည်းနည်းရှုပ်တယ်။
ကလေးမ အဆင်ပြေပါ့မလား။ "
"ဘာမှမဖြစ်ပါဘူး။
ခင်ဗျားက ရှင်းသန့်ကို လူတောမတိုးဘူးထင်နေတာလား။ "
"ကိုယ် အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး။
ကိုယ်က ကလေးမအတွက် စိုးရိမ်လို့ပါ။ "
"အပိုတွေ ... ဘာလဲ ရှင်ဟိုမှာ မယားငယ်တွေဘာတွေရှိနေလို့
ရှင်းသန့်ကို မခေါ်ချင်တာမလား။ "
"ဟာ ... ကြံကြံဖန်ဖန်ကွာ။
ဒီလောက်ချစ်ဖို့ကောင်းတဲ့မိန်းမလေးရထားတာ ကိုယ်က ဖောက်ပြန်စရာလားကွ။ အဲ့ကိစ္စအတွက်တော့ ကိုယ့်ကို စိတ်ချထားလိုက်။
သီဟသက်လင်းအတွက် ပထမဆုံးနဲ့ နောက်ဆုံးမိန်းကလေးက ဖြူရှင်းသန့်ဆိုတဲ့ ခင်ဗျားလေးပဲ သိရဲ့လား။ "
"..."
သူ့စကားအဆုံးမှာ ရှင်းသန့်ဘာမျှ ပြန်မပြောလိုက်ပေမယ့်
ရင်တုန်သလိုလို ပြုံးချင်သလိုလိုတော့ ဖြစ်သွားမိသည်။
___________
နောက်ရက်၌ ရှင်းသန့် သူ့ပွဲရုံသို့ တကယ်လိုက်သွားလိုက်သည်။
ဟိုရောက်တော့ သူတို့နှစ်ယောက်အား တွဲမြင်လျှင် အလုပ်သမားတွေက ပြုံးစိစိနှင့် လှမ်းကြည့်နေကြကာ တစ်ချို့ကျ လာနှုတ်ဆက်ကြသည်။
"ဆရာ ... ဒီနေ့ မိန်းမကို ပွဲထုတ်လာတာပေါ့ "
"အေး ... ဒါပေမယ့် ငါ့မိန်းမကို ဘယ်သူမှ လာမကြည့်ကြနဲ့နော် "
"ဟုတ်ကဲ့ပါဗျ ... ဆရာကလည်း တိုလိုက်တာ "
"ဟ ... တိုသင့်တာတော့ တိုရမှာပဲလေ။
ငါရထားတဲ့ မိန်းမက နယ်နယ်ရရမဟုတ်ဘူးကွ "
"ဟုတ်ကဲ့ပါဗျာ။
ကျန်တဲ့ အလုပ်သမားတွေလည်း ကျွန်တော်လိုက်ပြောလိုက်မယ်။
ဆရာက သူ့မိန်းမကို ကြည့်တဲ့သူ အလုပ်ဖြုတ်ပစ်မှာတဲ့လို့ "
"အေး ... ပြောလိုက်ကွာ "
"ဟုတ်ကဲ့ ဟုတ်ကဲ့ "
"လာ ... ကလေးမ အထဲမှာ သွားထိုင်ရအောင် "
"အင်း "
သူ့နေရာဖြစ်ပုံရတဲ့ နေရာသို့ရောက်လျှင် သူက ခုံကို
သူ့ပုဆိုးခါးပုံစနှင့် သုတ်ပေးပြီးမှ ရှင်းသန့်အား ထိုင်ခိုင်းလေသည်။
"ရပြီ ထိုင် "
"အင်း "
ရှင်းသန့်ထိုင်ပြီးမှ သူကဝင်ထိုင်ကာ ဘေးက calculator နှင့် တွက်လိုက် စာရင်းမှတ်လိုက်လုပ်နေသည်။
ရှင်းသန့်ရှိနေ၍ပဲလားတော့မသိ သူ့အခန်းထဲသို့ မိန်းကလေးမဆိုထားနှင့် ယောင်္ကျားလေးပင်တစ်ယောက်မျှရောက်မလာပဲ နောက်ဆုံး ထိုင်နေတဲ့ ရှင်းသန့်အိပ်ငိုက်လာတော့သည်။
အိပ်ငိုက်နေတဲ့ ရှင်းသန့်အား သီဟသက်လင်းလည်း မြင်သွားလျှင်
သူတွက်လက်စ စာရင်းအားချထားကာ ပြုတ်ကျတော့မယ့်
သူမလည်ပင်းလေးအား ထိန်းပေးလိုက်သည်။
"အဟက် "
အိပ်နေတာတောင် စူပွပွဖြစ်နေတဲ့ နှုတ်ခမ်းပါးလေးအားကြည့်ကာ
အသည်းယားလာ၍ သူ့နှုတ်ခမ်းသူကိုက်ကာ ပြုံးလိုက်သည်။
ပြီးမှ ထိုင်ခုံပေါ်မှ သူမကိုယ်လေးအား ပွေ့လိုက်လျှင် ရှင်းသန့်က
ကိုယ်လေးတုန်ကာ မျက်လုံးလေးပွင့်လာလေသည်။
တဆက်တည်းမှာပဲ သူ့အား မှုန်ကြုတ်ကြုတ်နှင့်မော့ကြည့်ကာ ...
"ဘာလဲ ... ဘာလုပ်တာလဲ။ "
"ကလေးမ အိပ်ပျော်နေလို့။
လည်ပင်းနာမှာစိုးလို့ အိပ်ယာမှာသိပ်ပေးမလို့။ "
"ဟင် ... ဒီမှာ အိပ်ယာရှိတာလား။ "
အမေးစကားနှင့်အတူ ခုနက မှေးစင်းနေတဲ့ မျက်လုံးလေးတွေက ပြူးကျယ်လာတော့သည်။
"အင်း ... ရှိတယ်လေ။ "
"ဘာ ... ချ ချ ရှင်းသန့်ကို အခုချက်ချင်းအောက်ချပေး။ "
ရှင်းသန့် သူပွေ့ချီထားတဲ့ သူ့ရင်ခွင်ထဲမှ အတင်းရုန်းထွက်လိုက်လျှင်
သူကလည်း အလိုက်သင့် လွှတ်ချပေးလေသည်။
သီဟက ရှင်းသန့်အား နားမလည်စွာ ငေးကြည့်လျှင် ရှင်းသန့်က မျက်မှောင်လေးကြုံ့လျှက် ...
"အလုပ်မှာ အိပ်ယာက ဘာကိစ္စထားတာလဲ။
ရှင် ဘယ်မယားငယ်နဲ့ အိပ်ဖို့လဲ ပြောပြော "
"ဟာ ... မဟုတ်ပါဘူးကွာ။
ကိုယ် တစ်ခါတလေ နေ့လည်နေ့ခင်းပင်ပမ်းရင်နားတာပါ။
အဲ့တာကလည်း အရင်တုန်းကပါ။
အခု ကလေးမနဲ့ ရပြီးကတည်းက ကိုယ်အားတဲ့အချိန်တိုင်း အိမ်ပဲပြန်လာတာပါ ... တကယ်ပါကွာ "
"အို ... ခင်ဗျားပြောတာနဲ့ ရှင်းသန့်က ဘာလို့ယုံရမှာလဲ။
ခင်ဗျား မယားငယ်နဲ့ အိပ်နေကျနေရာမလား။ "
"ဟာ ... မဟုတ်ရပါဘူးကွာ။
ကိုယ်ကျိန်ဆို ကျိန်ရဲပါတယ်ကွာ။
ကလေးမကလွဲပြီး ဘယ်မိန်းမကိုမှ စိတ်ကူးထဲမှာတောင်မရှိပါဘူးကွာ။ "
"စိတ်ကူးထဲမှာ ဘယ်ရှိပါ့မလဲ။
ခင်ဗျားက အပြင်မှာ ပုံဖော်နေတာကို "
"ဆရာ ... ဆရာ ကြက်သွန်ကားရောက်ပြီ။ "
အလုပ်သမားကောင်မလေးတစ်ယောက်က လှမ်းအော်လျှင်
သီဟသက်လင်းရော ရှင်းသန့်ရော နှစ်ယောက်လုံးရဲ့ အကြည့်က
ထိုကောင်မလေးဆီသို့ ရောက်သွားလေသည်။
"အင်း ... လာခဲ့မယ် "
ကောင်မလေးပြန်ထွက်သွားလျှင် ရှင်းသန့်က သီဟအား ခုနကထက် စူးစူးရဲရဲကြည့်လာကာ ...
"အဲ့မိန်းမ မလား။
အဲ့ဒါရှင်းမယားငယ်မလား။
ဒီအချိန် ခင်ဗျားတို့ တွေ့နေကျမလား။
ဒီနေ့မှ ရှင်းသန့်ရှိနေလို့ ပြန်သွားတာမလား။ "
"ဟာ ... မဟုတ်ရပါဘူးကွာ။
တကယ် ကြက်သွန်ကားရောက်လို့ လာပြောတာပါ။
ကိုယ်အဲ့ကလေးမနာမည်တောင် ကောင်းကောင်း မသိပါဘူး။ "
"ကိုယ့်အလုပ်သမားနာမည် ကိုယ်မသိတာရော ဖြစ်နိုင်လို့လား။
လိမ်မယ်ဆိုလည်း ယုတ္တိရှိရှိလိမ်စမ်းပါ ဦးသီဟသက်လင်းရယ်။ "
"အာ ... ကလေးမက ကိုယ့်ကို ရစ်ပြီကွာ။ "
"ဘာလဲ ... အဲ့တော့ ခင်ဗျားက မကျေနပ်ဘူးလား။"
"ကျေနပ်ပါတယ်။
ကလေးမက အခုကိုယ့်ကို သဝန်တိုနေတာလား။ "
သီဟသက်လင်း မျက်နှာကြီးပြုံးဖြီးလျှက် ပြောလိုက်လျှင်
ရှင်းသန့် ရှက်ကိုးရှက်ကန်းနှင့် မျက်နှာအားတစ်ဖက်သို့လှည့်ကာ
အသည်းအသန်ငြင်းတော့သည်။
"မဟုတ် ... မဟုတ်ပါဘူး။
ဘာလို့သဝန်တိုရမှာလဲ။ခင်ဗျားလျှောက်ပြောမနေနဲ့။"
"အဟား ... ကိုယ်တော့ သဝန်တိုနေတယ်ထင်တာပဲ။
သဝန်တိုတာ ချစ်လို့တဲ့။ကလေးမ ကိုယ့်ကို ချစ်နေပြီလား။"
သူမနားရွက်ဖျားနားလေးသို့ တိုးကပ်ကာ ခပ်တိုးတိုးဆိုလိုက်လျှင်
ရှင်းသန့်ကိုယ်လေး တွန့်သွားကာ ကြက်သီးမွှေးညှင်းလေးတွေပင် ထောင်ထသွားကာ ရင်ထဲ ကတုန်ကယင်ဖြစ်သွားရသည်။
"မဟုတ် ... မဟုတ်ပါဘူးဆို "
"ဘာဖြစ်လဲကွာ။
ကိုယ့်ယောင်္ကျားကိုယ် သဝန်တိုတာ။
ကိုယ်ကတော့ ကြိုက်တယ်။
ကလေးမရဲ့ ဘယ်လိုပုံစံလေးဖြစ်ဖြစ် အသည်းတွေတအားယားပြီး
တအားချစ်တာပဲ။ "
"..."
ရှင်းသန့်အား ရွှန်းရွှန်းစားစားကြီးကြည့်ကာ ပြောနေတဲ့ သူ့အပြောတွေကြောင့် ရှင်းသန့် မျက်နှာလေး ရှက်သွေးဖြာပြီး ရဲတွတ်လာတော့သည်။
ပြီးလျှင် တဖြည်းဖြည်းနိမ့်ကျလာတဲ့ သူ့မျက်နှာကြီးကြောင့်
ရှင်းသန့် သူ့မျက်နှာကြီးအား တွန်းထုတ်ကာ အခန်းထဲပြေးဝင်လိုက်သည်။
"ဟာ ... ဟေ့ ဘယ်သွားတာလဲ။ "
"အိပ်မလို့။
ပြန်မှ လာခေါ်လိုက်။ "
"အတူတူ အိပ်မယ်လေ။ "
"ခင်ဗျားနော် "
"ဟား ဟား ဟား"
သီဟသက်လင်း အဆက်မပြတ်မြည်ဟီးနေတဲ့ သူ့ရင်ဘတ်ကြီးအား ဖိကာ တဟားဟားရယ်နေတော့သည်။
အပိုင်း (၁၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)