💛သီဟသက်လင်း + ဖြူရှင်းသန့်💛
ရှင်းသန့် သူမမိဘအိမ် သွားနေပေမယ့် သီဟက လာခေါ်တော့ သူမအမေက အတင်းလိုက်သွားခိုင်းတာကြောင့် ပြန်ရောက်လာရပြန်သည်။
"ကလေးမ ... ကိုယ် ကလေးမကြိုက်တဲ့ အာပူလျှာပူလုပ်ထားတယ် ။ "
"..."
"ကွေ့တီယိုရော"
သူတစ်ခွန်းပြီးတစ်ခွန်းပြောနေပေမယ့် သူမကတော့ အရေးမလုပ်ပေ။
"ကိုယ်အခန်းထဲ ယူပေးခဲ့မယ်လေနော်။ "
မီးဖိုခန်းထဲမှ အဆင်သင့်ပြင်ထားပြီးဖြစ်တဲ့ စားစရာတွေအား လင်ဗန်းထဲထည့်ကာ အခန်းထဲ ယူလာခဲ့ပြီး သူမရှေ့ချပေးလိုက်လျှင် ချက်ချင်းပဲ လက်နဲ့သပ်ချပစ်လိုက်လေသည်။
"ခွမ်း ခလွမ်း "
ေကြွပန်းကန်တွေဖြစ်တာကြောင့် ပန်းကန်တွေကွဲကျသွားသလို သပ်ချလိုက်တဲ့အရှိန်နဲ့ အာပူလျှာပူအရည်ပူပူတို့က သူမအရှေ့မှာ ရပ်နေတဲ့
သီဟရင်ဘတ်နဲ့လက်မောင်းတွေအား ဖြန်းလိုက်သလိုဖြစ်သွားကာ သီဟလက်မောင်းတွေမှာ ချက်ချင်းပင် ရဲတက်လာလေသည်။
အသားညိုညိုမှာတောင် သိသိသာသာကြီး
ရဲတက်လာတာကြောင့် သီဟရေချိုးခန်းထဲ
အမြန်ဝင်ကာ ရေဆေးချလိုက်ရ၏။
ရေချိုးခန်းထဲရောက်မှ ဝတ်ထားတဲ့ စွပ်ကျယ်အဖြူအားလှန်ကာ ရင်ဘတ်ကို ကြည့်လိုက်လျှင် ရင်ဘတ်က ပိုထိသွားလေသည်။
"ဟူး ..."
သူလေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း ရင်ဘတ်ပေါ်ကိုလည်း
ရေနှင့်ဆေးချကာ အခန်းထဲပြန်ဝင်ခဲ့လိုက်လျှင် သူမက
အိပ်ယာဘေးခုံပေါ်မှာတင်ထားတဲ့ ဆေးလိပ်ပြာခွက်နှင့် ပစ်ပေါက်ပြန်သည်။
"ခွပ် "
ဆေးလိပ်ခွက်က ခုနက အပူလောင်ထားတဲ့ သူ့ရင်ဘတ်အား
လာမှန်ကာ တော်တော်အောင့်မျက်သွားလေသည်။
အခုချိန်ထိ သူမက သူ့အား မကျေမနပ်ကြည့်နေဆဲပင်။
သူမနံဘေးသို့ သူခပ်ဖြည်းဖြည်းဆက်လျှောက်သွားလျှင် သူမက
သူ့ကိုလုပ်ဖို့ ပစ္စည်းတွေကို မျက်စိဝေ့ဝဲကာ ရှာနေလေသည်။
နောင်ဆုံးရှာမတွေ့တော့ ဖက်လုံးတွေ ခေါင်းအုံးတွေနှင့် ပစ်ပေါက်လေ၏။
သူမပစ်လိူက်တဲ့ ဖက်လုံးတွေခေါင်းအုံးတွေက ခုနက မှောက်ကျထားတဲ့ အာပူလျှာပူတွေပေါ်ကျသွားတာကြောင့် အကုန်ညစ်ပတ်သွားတော့သည်။
သီဟ သူမအနားသို့ရောက်လျှင် ပစ်ပေါက်စရာဘာမျှမရှိတော့တာကြောင့် ငြိမ်နေပြီး သီဟက ကုတင်ပေါ်သို့ထိုင်လိုက်လျှင် သူမက
မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနှင့်ကြည့်ကာ သူ့ရင်ဘတ်နှင့် လက်မောင်းတွေအား လက်သည်းချွန်ချွန်တို့နှင့် ကုတ်ဖဲ့လေသည်။
"အား ... အ့ နာတယ် "
သူညဉ်းသံထွက်သွားလျှင် သူမက ပိုလုပ်၏။
အပူလောင်ထားတဲ့နေရာတွေဆိုတော့ တစ်နာက နှစ်နာဆင့်သွားကာ
တကယ်နာလို့အော်လိုက်ပေမယ့် သူမကတော့ မူပိုသည်ဟုထင်သွားတာဖြစ်မည်။သူ့အား ရွံရှာသလို ကြည့်လာ၏။
"တစ်ခုခုစားလိုက် ... ဗိုက်အောင့်နေမယ် "
"ခင်ဗျားအသံမကြားချင်ဘူး "
"ဟင်း ... စားချင်တာရှိရင်လည်းပြောလေ။
ကိုယ်လုပ်ပေးမယ်။ "
"ခင်ဗျားတော်တော် မျက်နှာပြောင်ပါလား။
တော်တော်ရွံဖို့ကောင်းတဲ့လူ။
ထွက်သွား ... ခင်ဗျား မျက်နှာလည်းမမြင်ချင်ဘူး။
ခင်ဗျားအသံလည်းမကြားချင်ဘူး။ "
"ကိုယ်အပြင်မှာရှိနေမယ်။
တစ်ခုခု လိုရင်ခေါ်လိုက်နော် "
သူအပြင်သို့ ထွက်လာပြီးမှ ပန်းကန်အကွဲတွေကို သတိရသွားကာ ပြန်ဝင်လိုက်လျှင် သူမက သူ့အား မျက်မှောင်ကြီးကြုတ်လျှက်ကြည့်နေတာကြောင့် သီဟပန်းကန်အကွဲတွေအား မေးငေါ့ပြကာ ...
"ပန်းကန်အကွဲတွေရှင်းမလို့ "
သူမက ဘာမျှပြန်မပြောလျှင် သူတံမြက်စည်းနှင့်ဂေါ်ပြားယူကာ
ပန်းကန်အကွဲတွေကိုရှင်းပြီး ကြမ်းပါတစ်ခါတည်းသုတ်ကာ
သူမလွှင့်ပစ်ထားတဲ့ ဖက်လုံးနှင့်ခေါင်းအုံးတွေပါ အပြင်သို့ တစ်ခါတည်း ယူခဲ့လိုက်သည်။
______________
"ခင်ဇာ ငါသူနဲ့ကွာရှင်းပစ်ချင်တယ်ဟာ။
သူက မကွာပေးဘူး။ "
ရှင်းသန့် အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ခင်ခင်ဇာနှင့်တွေ့တုန်းရင်ဖွင့်လိုက်သည်။
"ဘာလို့လဲဟယ်။
အဲ့လူကြီးပုံစံကြည့်ရတာ နင့်ကိုတော့ တော်တော်ချစ်ပုံပါပဲဟ။
သူချစ်လည်း ငါမှ မချစ်တာ။
သူနဲ့အတူနေရတဲ့အချိန်တွေက ငါ့အတွက် ငရဲလိုပဲ။ "
"ဟင်း ... အဲ့ဒါဆိုလည်း သူမကြိုက်တာတွေ အကုန်လုပ်ဟာ။
အဲ့ဒါမှ သူစိတ်ပျက်သွားပြီး နင့်ကို ကွာသွားမှာ။ "
"ငါလုပ်တာပဲ။
အကုန်လုပ်တယ်။ ဒါပေမယ့် မရဘူးဟ။ "
"အဲ့ဒီကတည်းက သူနင့်ကို အရမ်းချစ်လို့ နင်ဘာလုပ်လုပ်
အပြစ်မမြင်ပဲ သည်းခံနေတာပေါ့ဟာ။ "
"ဘယ်အပြစ်မြင်ပါ့မလဲဟ ... သူရထားတာ မတန်မရာလေးကို
မတရားယူထားတာလေ။ "
"ဟင်း ...နင်ရော သူ့ကိုမချစ်တာသေချာလား။ "
"ဘယ်လိုမေးလိုက်တာလဲလဲဟယ်။
ငါက အဲ့လိုလူကြီးကိုဘာလို့ချစ်ရမှာလဲ။ "
"လင်မယားဖြစ်တာပဲ ကြာနေပြီလေ။
နောက်ပြီး ငယ်ငယ်ကတည်းက မြင်တွေ့ပြီးသိလာကြတဲ့သူတွေမလား။ သံယောဇဉ်လေးဘာလေးရော မရှိဘူးလား။ "
"ဘာမှ မရှိပါဘူးဆိုဟာ။
အခုချိန်မှာ ငါသိတာ ငါ့သူ့ကိုမုန်းတာပဲသိတယ်။"
ရှင်းသန့်က အတည်ပြောလိုက်လျှင် ခင်ဇာက ခေါင်းငြိမ့်လေသည်ာ
"အင်း ... ပြီးတာပါပဲ။
တော်ကြာ ကွဲပြီး ကွာပြီးမှ နောင်တတွေရနေမှာ စိုးလို့ပါ ငါက "
"ဘာနောင်တမှ ရစရာလည်းမရှိဘူး။
ငါ့ကို သူနဲ့ ကွာလို့ရမယ့် နည်းလေးဘာလေးပဲ ပေးစမ်းပါဟယ်။ "
"အင်း ... သူက နင်ဘာလုပ်လုပ် အပြစ်မမြင်ဘူးဆိုတော့
နင်က သူ့အပြစ်ကိုရှာရမယ်ဟာ။
အဲ့ဒီတော့မှ သူ့အပြစ်ကိုပြပြီး ကွာပစ်လိုက်။
အဲ့ဒါဆို သူလည်းငြင်းလို့မရတော့ဘူး။"
"ငါက သူ့အပြစ်ကို ဘယ်လိုရှာရမှာလဲ။ "
"အွန်း ... သူက နင့်ကိုကိုယ်ထိလက်ရောငက် ရိုက်တာဘာညာလည်းမရှိဘူးမလား။ "
"ဟင့်အင်း "
"အဲ့ဒါဆို တစ်ခုပဲကျန်တော့တယ်။
မိန်းမ ကိစ္စ "
"မိန်းမကိစ္စ "
"အင်း ... သူတခြားမိန်းမတွေနဲ့ ပလူးပလဲနေတာတွေ ဘာတွေရှိလား။ "
"ဟင့်အင်း ... ဒါပေမယ့် ငါကလည်း သူ့ကို အရေးမစိုက်တော့
သေချာတော့မသိဘူး။"
"ဟုတ်ပြီ။
အဲ့ဒါဆို နင်အခု လုပ်ရမှာ သူနဲ့အနီးကပ်ဆုံးမှာနေပြီး သူ့အပြစ်ကို လိုက်ရှာရမှာပဲ ။
အိမ်မှာပဲနေရင်တော့ နင်ဘာမှရှာတွေ့မှာမဟုတ်ဘူး။
သူ့အလုပ်မှာ မိန်းမတွေလည်းရှိတယ်မလား။"
"အင်း ရှိတယ် "
"အေး ... အဲ့ဒါဆို အလုပ်လည်းလိုက်သွားဟာ။"
"အင်း ... ကျေးဇူးပဲ ငါလုပ်ကြည့်မယ်။ "
"အေးပါ။
ငါလည်းအကြံသာပေးရတာ။
တော်ကြာ ... ပြီးမှ နင်သာ သူ့ကို ချစ်နေမိရင်ဘယ်လိုလုပ်မလဲ။ "
"နင်ကလည်း မချစ်ပါဘူးဆိုဟာ။ "
"ဟဲ့ ... မသိစိတ်ကနေ ချစ်နေမိရင်ရော။"
"လုံးဝပဲ"
"အေးပါ ... အပြောကြီးနေ။
နောက်မှ နောင်တတွေ ရနေမယ်နော်။ "
"နိုးပါ။ "
"အေးပါ အေးပါ။
အဲ့ဒါဆို ငါပြန်တော့မယ်နော်။
မောင်နဲ့ ဒိတ်မလို့ ဟဲ ဟဲ"
"ဟွန့် ... လာကြွားနေပြန်ပြီ။
ကြွ ကြွ "
"ကြွပါပြီရှင်။
နင့်ရဲ့ မစ်ရှင်ကြီးလည်း အောင်မြင်ပါစေ။ "
"အကြံကောင်းလေးအတွက်လည်း ကျေးဇူးပါရှင် "
"အိုကေ အိုကေ "
ခင်ဇာက ပြောပြောဆိုဆိုနှင့် အပြင်သို့ ပြေးထွက်သွားလျှင်
ရှင်းသန့်လည်း အိမ်ပြန်ခဲ့တော့သည်။
__________
ရှင်းသန့် ကိုယ့်အကြံနှင့်ကိုယ်မို့ အခုတလော ဟိုလူကြီးအား
အချိုသပ်ကာ ကောင်းကောင်းမွန်မွန် ဆက်ဆံထားလိုက်သည်။
သူကတော့ ရှင်းသန့်တကယ် စိတ်ဆိုးပြေသွားပြီထင်ပြီး သဘောအကျကြီး ကျနေလေရဲ့။
အခုလည်း သူပွဲရုံက ပြန်လာပြီမို့ ရှင်းသန့်ထွက်ကြိုလိုက်သည်။
"ဟာ ... ကလေးမ ကိုယ့်ကို လာကြိုတာလား။"
"အွန်း"
"ဒီမှာ ရော့ ကိုယ်ကလေးမအတွက် ဒေါက်ဖိနပ်လှတာလေးတွေ့လို့ ဝယ်လာတာ။ "
"အွန်း "
အဲ့လိုပဲ အမြဲတမ်းတော့ သူက ရှင်းသန့်အတွက် တစ်မျိုးပြီးတစ်မျိုးပါလာတတ်ပါသည်။
ခါတိုင်းလိုဆို သူဝယ်ပေးလာတဲ့ အထုပ်ကို လွှင့်ပစ်လိုက်မှာ ဆိုပေမယ့် အခုတော့ ကိုယ့်အကြံနဲ့ကိုယ်မို့ မျက်နှာချိုသွေးထားလိုက်သည်။
"ကလေးမ ဘာဟင်းစားချင်လဲ။
ကိုယ် ဆတ်သားခြောက်နဲ့ ပုစွန်တော့ ဝယ်လာတယ်။
ကလေးမစားချင်တာရှိသေးရင်ပြောလေ။ ကိုယ်သွားဝယ်လိုက်မယ်"
"တော်ပါပြီ။
မနက်က ကြက်သားကြော်နဲ့ဝက်ချိုချဉ်တွေလည်း အများကြီးကျန်သေးတာကို။ "
" အွန်း အွန်း ... အဲ့ဒါဆို ၃မိနစ်စောင့်နော်။
ကိုယ်ဒါတွေချက်လိုက်ဦးမယ်။
ကလေးမ ဗိုက်ဆာနေပြီလား။"
"ဟင့်အင်း "
"အိုကေ ... အဲ့ဒါဆို ခဏစောင့်နော်။ "
"အင်း ... ရှင်းသန့်ရော ဘာကူပေးရဦးမလဲ။ "
"ဟော ... ထူးထူးဆန်းဆန်းပါလား။
ဘာလဲ ဒီနေ့ ဆေးစားမှားလာတာလား။ "
"ဘာ ... ခင်ဗျားနော်။
သူများက ဒီနေ့စိတ်ကောင်းဝင်နေလို့ ကောင်းပေးနေတာကို
ဘာမှတ်နေတာလဲ။"
"ဟားဟား ... စိတ်မဆိုးပါနဲ့ကွာ။
ကိုယ်က ချစ်လို့စတာပါကွ။ အမြဲတမ်း ဒီလိုလေးနေနော်။"
"အဲ့တာတော့ ခင်ဗျားအပေါ်မူတည်တယ်။"
"ကိုယ်က ကလေးမကို အမြဲတမ်းချစ်တယ်လေ။ "
"ဘာဆိုင်လို့လဲ။"
"မဆိုင်ဘူးလား။
ကိုယ်ဖြေချင်လို့ "
"ဟွန်း "
ရှင်းသန့်နှာခေါင်းရှုံ့ကာ နှုတ်ခမ်းမဲ့လျှင် သူက တဟားဟားနှင့်ရယ်လေသည်။
ပြီးတော့ ပြောလိုက်သေးတာက ...
"ကိုယ်ကလေးမကို တကယ်အရမ်းချစ်တာ" တဲ့။
ဒီစကားက ရှင်းသန့်အတွက် ရင်ခုန်စရာမကောင်းပဲ အော်ဂလီ
ဆန်စရာကောင်းနေတာတော့ အမှန်ပင်ဖြစ်၏။
အားလုံးချက်ပြုတ် ပြီးစီးတော့ ထမင်းအတူတူစားကြလျှင် ရှင်းသန့်က သူ့ကိုဦးမချပဲ သူကပဲ ရှင်းသန့်ထမင်းပန်းကန်ထဲသို့ ဟင်းတွေတစ်မျိုးပြီးတစ်မျိုး ခပ်ထည့်ပေးနေလေသည်။
"ဒါက ကလေးမကြိုက်တဲ့ ဆတ်သားခြောက်ဖုတ် "
"ဒါက ကလေးမကြိုက်တဲ့ ပုစွန်သုတ် "
"ဒါက ကလေးမကြိုက်တဲ့ ကြက်တောက်စမ်း "
ကြာတော့ ရှင်းသန့်ပန်းကန်ထဲမှာ ထမင်းမမြင်ရတော့ပဲ
ဟင်းတွေနှင့်သာ ပြည့်သွားတော့သည်။
ပြီးမှ သူက သူထမင်းသူငုံ့စားလျှင် ရှင်းသန့် သူ့အားတစ်ချက်အကဲခတ်ကာ လည်ချောင်းရှင်း၍ စကားစရန်ပြင်လိုက်သည်။
"အဟမ်း ... ဟို "
ရှင်းသန့်စကားစလိုက်တာနှင့် သူက ရှင်းသန့်အား ချက်ချင်းမော့ကြည့်လာကာ ...
"ဘာပြောစရာရှိလို့လဲ။
ပြောလေ ကလေးမ "
ရှင်းသန့်ခေါင်းငြိမ့်ပြလိုက်လျှင် သူက ရှင်းသန့်ပြောမယ့်စကားတွေကို ဂရုတစိုက်နားစွင့်နေလေသည်။
"ရှင်းသန့် ခင်ဗျားအလုပ်ကိုလိုက်ခဲ့လို့ရမလား။ "
"ဟင် "
အပိုင်း (၁၈) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)