ကျလိ..ကျလိနဲ့ ကျေးဌက်ကလေးတို့ရဲ့တေသံသာလေးတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့လွင့်နေသည်မှာ မနက်ခင်း နိုးထချိန်ရဲ့ နိုးစက်ဆက်တစ်ခုလိိုပင်။ပြတင်းပေါက်လေးကို ဖွင့်လိုက်သည့်အချိန် အခန်းအတွင်းကို လေတဖြူးဖြူးလေး ဝင်ရောက်လျက်။စံပယ် နှင်းဆီတို့ရဲ့ ရနံံ့သင်းသင်းလေးကလည်း တစ်ချက်တစ်ချက် လေညှင်းကလေးတို့အတူ တိုးဝှေ့လာတာကြောင့် လန်းဆန်းသွားလေသည်။ ပန်းရနံ့လေးကို ရှူရှိုက်ရင်း ပန်းငွေ့ရည် အပြင်းလေးဆန့်လိုက်ပြီး သမီးလေးကို ဖွဖွလေး နမ်းလိုက်သည်။အိပ်ရာကနေထလိုက်ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးထွက်လာခဲ့သည်။အကျီမှာ နို့သတ်ထား၍ နို့ညှီနံ့တွေကြောင့် ဘီဒိုထဲကနေ အကျီတစ်ထည်ကို ယူလိုက်ပြီး ရေမချိုးသေးဘဲ ဝတ်လိုက်ပြီး စံပယ်ပန်းလေးများကို ဘုရားကပ်ရန် ခူးယူဖို့အတွက် အခန်းထဲက ထွက်လာခဲ့တယ်။ဟင်းခါးနံ့လေးနဲ့ငါးကြော်နံ့လေးကြောင့် မီးဖိုခန်းထဲကို အရင်ဝင်လိုက်၏။မီးဖိုခန်းထဲရောက်တာနဲ့ တကုတ်ကုတ်နဲ့ ချက်ပြုတ်နေတဲ့ ကိုကြီးထက်ဝေယံရယ် ဘေးကနေ ဝိုင်းကူပေးနေတဲ့ ကိုကိုတို့ကိုကြည့်ပြီး ပြုံးလိုက်သည်။
"အနံ့နဲ့တင် ဗိုက်တောင်ဆာလာသလိုလိုပဲ...''
"ဟေး..ဟေး...အပြင်ထွက်နေ အထဲဝင်မလာခဲ့နဲ့ အညှော်မိမယ် ငွေ့ရည်...''
ထက်ဝေယံက ပြောလိုက်တာနဲ့ သူမရဲ့နူတ်ခမ်းလေးကို ရှေ့ကိုဆူထုတ်လိုက်ပြီး မျက်စောင်းလေးထိုးကာ
"ငွေ့ရည်က ကလေးမဟုတ်တော့ပါဘူး အကုန်သိပါတယ်.. ငွေ့ရည်လည်း မဝင်ပါဘူးနော်..ပန်းသွားခူးမလို့ပါ...အားနေဆူချင်နေတာပဲ...''
ထက်ဝေယံလည်း သူမရဲ့ဆူအောင့်အောင့်ပုံစံလေးကိုကြည့် ပြုံးလိုက်တော့သည်။ပြီးမှ ကောင်းကိုလက်တို့ပြီး ဆိုလိုက်၏။
"ဇာနည်...မင်းညီမကိုမင်းဘဲပြောလိုက်တော့...ငါ့ကိုဆို ငွေ့ရည်ကအရုပ်အတိုင်းပဲ...ပြန်ပြန်ပတ်နေတော့တာပဲကွာ...''
"ပန်းခူးချင်လို့လား ညီမလေး...ခဏနေ ကိုကိုခူးပေးမယ်...ညီမလေး သွားမခူးနဲ့..ကုန်းကုန်းကွကွနဲ့ခူးရမှာဆိုတော့ ချုပ်ရိုးပွင့်သွားလိုက်မယ်...''
"ဟုတ်ကိုကို...ကိုကြီးထက်ဝေယံ..''
"အင်း..ပြောလေ..''
"ငွေ့ရည်တောင်းပန်ပါတယ်နော်..အရုပ်ကလေးလိုလည်း သဘောမထားတော့ပါဘူး...ပြန်လည်းမပတ်တော့ပါဘူးနော်..''
သူမဟာ လက်အုပ်လေးချီကာ မျက်လုံးတို့မှေးစင်းသည့်အထိ ပြုံးထားတဲ့ အပြုံးလေးတို့နဲ့ ရွဲ့ပြီး သူ့ကိုလုပ်ပြနေတာကြောင့် ကောင်းနဲ့ထက်ဝေယံမှာ မျက်မှာမတည်နိုင်တော့ဘဲ ရယ်မောလိုက်ကြတော့သည်။ထိုအချိန် ဖုန်းသံလေးကြောင့် ရယ်မောသံတို့ ရပ်တန့်သွားလေသည်။ကိုကို ဖုန်းပြောနေပုံအရဆိုရင် မမဆီက ဖုန်းဆိုတာကို တန်းသိလိုက်သည်။
"ညီမလေး ဆင်ပြင်စရာရှိတာ ပြင်ဆင်ထားလိုက်...ခဏနေ ဟိုကောင်လေး လာကြိုတော့မယ်...''
"ဟုတ်ကဲ့ ကိုကို...''
"ကိုကို့ညီမလေးကို ဒီနေ့တစ်ရက်တော့ အလှဆုံးမိန်းကလေး ဖြစ်စေချင်တယ်... ''
"အင်းပါ ကိုကို...''
ငွေ့ရည် သူမအခန်းထဲကိုရောက်တာနဲ့ ရေမိုးချိုးအတွက်ပြင်ဆင်လိုက်တယ်။ရေမိုးချိုးပြီးတာနဲ့ မျက်နှာခြယ်သဖို့အတွက် သွေးနုသားနုနဲ့ဆိုတော့ မိတ်ကပ်တို့ကိုမလိမ်းခြယ်ဘဲ သနာခါးကိုသာ လိမ်းကျံလိုက်၏။ ဘီဒိုထဲက မြန်မာဝတ်စုံလေးကို ကိုင်လိုက်ပေမယ့် ရက်သားအရွယ် မိခင်လောင်းဖြစ်သည့်အခါ ဝတ်ဖို့အဆင်မပြေတာဖြစ်၍ ပန်းရောင်ဗိုက်ဖုန်းအကျီကလေးနဲ့ ကချင်ထမိန်ပန်းရောင်အရင့်ကလေးကိုသာယူထုတ်လိုက်ပြီး တွဲဖက်ဝတ်ဆင်လိုက်သည်။
နိုးလာတဲ့ သမီးလေးကို နို့တိုက်လိုက်ပြီး ကိုယ်လက်သန့်စင်ကာ အဝတ်အစားလဲပြီးတာနဲ့ အနှီးကလေးနဲ့ သေချာ ပြန်ပတ်လိုက်တော့သည်။ငွေ့ရည် သမီးလေးကိုချီပြီး အိမ်ရှေ့ကိုထွက်သည့်အခါ ကိုကိုနဲ့ ကိုကြီးထက်ဝေယံ လက်မကလေးထောင်ပြပြီး ပြုံးပြလေ၏။
"ကိုကို့ညီမလေးက လှလိုက်တာ..ဟိုကောင်လေး လက်ထဲကိုအပ်လိုက်ရမှာကိုတောင် မထည့်ချင်ဘူး...''
"ကိုကိုကလည်း ကိုယ့်ဘက်ကိုယ်ရပ်နေတဲ့ လိပ်ကြီးကျနေတာပဲ...ညီမလေးက ကလေးတစ်ယောက်အမေဖြစ်နေပြီ ဘယ်မှာအရင်လို လှတော့လို့လဲ...''
"ကိုကို့ညီမလေးက ကိုကိုတို့မျက်လုံးထဲမှာ ဘယ်လိုနေနေလှပြီးသားပဲ ...''
သွေးမတော်စပ်တဲ့ ငွေ့ရည်ကိုတောင် ကိုကိုက ဒီလောက်ချစ်ပြီးဂရုစိုက်တာ သူ့သွေးသားဖြစ်တဲ့ သမီးလေးနှစ်ယောက်ကိုဆိုရင် ထားစရာနေရာတောင် မရှိလောက်ဘူး ထင်ပါရဲ့။ကိုကို့လို ကြင်နာတက်တဲ့ လူတစ်ယောက်ရဲ့ သားသမီးလေးတွေဖြစ်ခွင့်ရတဲ့ သူတို့တွေဟာ သိပ်ကံကောင်းတာပဲ။
"ဇာနည်ပြောတာ ငါလည်းထောက်ခံတယ်..ညဥ်းက ငါတို့မျက်လုံးထဲမှာ ချစ်ဖို့ကောင်းပြီးသားပဲ ငွေ့ရည်ရေ..''
"ဟိဟိ..ပျော်သွားပြီ...''
"ကလေးကို ကိုကို့ကိုပေး ညီမလေး...ပန်းတွေခူးပြီးသွားပြီ...ဘုရားကပ်မယ်မဟုတ်လား..အခက်ကလေးတွေက ညီမလေးပန်ဖို့အတွက် အပွင့်လေးတွေကိုပဲ ဘုရားကပ်လိုက်နော်..''
"ဟုတ်ကဲ့ ကိုကို...''
ငွေ့ရည် ပန်းခြင်းလေးထဲက စံပယ်ပွင့်ကလေးတွေယူပြီး ဆေးကြောသန့်စင်ပြီး ပန်းကန်လေးထဲထည့်ပြီး ဘုရားကို ကပ်လှူလိုက်သည်။ဘုရားခန်းထဲက ပြန်ထွက်လာပြီးမှ စံပယ်ပန်းခတ်များကို လှပစွာ ပန်ဆင်လိုက်လေ၏။
ဒီအရိပ်အမြုံကလေးကနေ ထွက်ခွာဖို့ နာရီလက်တံတွေ နီးကပ်လာတာနဲ့အမျှ စိတ်တွေလေးလံလာခဲ့သလို ဝမ်းနည်းမှုတွေ ကိန်းအောင်းလာခဲ့တယ်။သမီးလေးအတွက် ပြည့်စုံတဲ့ မိသားစုကလေးဖြစ်ဖို့ သူ့ရဲ့အငြိုးတွေ အမုန်းတွေကို သည်းခံဖို့အသင့်ပါ။
*************** ****************
ကလေးကိုထားခဲ့ပြီး တရားရုံးကိုသွားဖို့အဆင်မပြေတာဖြစ်၍ သူတို့အိမ်၌သာ ရှေ့နေခေါ်ထားသည်ဟု ဆို၍ သူမတို့တွေ သူတို့အိမ်ကိုသာ သွားလိုက်ရသည်။သူ့အိမ်ခြံထဲကိုရောက်တာနဲ့ သူ့တို့မိသားစုရဲ့ အရှိန်အဝါ ဘယ်လောက်ကြီးမှန်း သိလိုက်ရသည်။သူမတို့ ကားပေါ်ကနေ ဆင်းလာတာနဲ့ မမဟာ အပြုံးကလေးနဲ့ စီးကြိုလေ၏။
ဧည့်ခန်းထဲကို ရောက်တာတော့ နုနယ်ကိုမြင်လိုက်ရ၍ မျက်နှာချင်းမဆိုင်ရဲတာကြောင့် ထိုနေရာကနေ ပြေးထွက်လာချင်မိသည်။နနယ်ကကတော့ အချိန်တွေလာပြီးတဲ့နောက် သူမကို နားလည်နိုင်သည့် အကြည့်မျိုးနဲ့ ကြည့်ပြီး ခေါင်းညိတ့်ပြသည်။
"အမ ကလေးခဏလောက်ချီလို့ရမလား ငွေ့ရည်...''
"ရှင်..သြော်..ဟုတ်..ရပါတယ်...''
ငွေ့ရည်လည်း သူမလက်ထဲက သမီးလေးကို နုနယ်လက်ထဲကို လက်ပြောင်းထည့်ပေးလိုက်တော့၏။
"ချစ်စရာလေးနော်...နာမည်ပေးပြီးလား...''
"မစဥ်းစားရသေးလို့ မပေးရသေးဘူး...''
"ဟုတ်လား..''
"ဒီပိစိလေးကို နာမည်မပေးရသေးဘူးပေါ့လေ..ကလေးလေးက နာမည်မရှိတော့ တီတီက ပိစိလေးလို့ ခေါ်မယ်နော်.. နော်..''
"တီလေးနော် ကျွန်တော့်ကလေးကို နာမည်မဖျက်နဲ့...''
အသံလာရာကို ကြည့်လိုက်တော့ တစ်ခါမှ အမြင်ဘူးသည့် တိုက်ပုံနဲ့ပုဆိုးနဲ့ မြန်မာဆန်စွာဝတ်ဆင်ထားတဲ့ သူ့ကို မြင်လိုက်ရသောအခါ သတိလက်လွတ် ငေးကြည့်မိသည်။သတိဝင်လာတဲ့အချိန်ရောက်တော့မှ မျက်နှာကလေးလွှဲလိုက်တော့သည်။
ရှေ့နေရောက်လာလို့ မင်းခန့် လက်မှတ်ထိုးတော့မည့်အချိန် အံကိုကြိတ်ထားသည်မှာ မောကြောတွေတောင်ထောင်နေတော့သည်။သူဒီမျိုးကို စိတ်ကူးယဥ်ခဲ့တာ သူ့ချစ်သူနဲ့ပါ။အခုလို သူမုန်းသည့် မိန်မနဲ့မဟုတ်ခဲ့ပါ။သူကသာ ပူလောင်နေပေမယ့် အေးအေးလူလူ ဖြစ်နေသည့် သူမကိုကြည့်၍ ဒေါသတွေထွက်ရသည်။
လုပ်စရာရှိတာ အားလုံးပြီးစီးသွားတာနဲ့ အကုန်လုံးပြန်သွားတဲ့အခါ ဖေဖေရယ်မေမေရယ် သူမရယ် ကလေးလေးရယ် ဖေဖေ့သူငယ်ချင်းတို့သာ ရှိတော့သည်။
"ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေ...''
"ဟုတ်ကဲ့ပါ ကိုကိုနဲ့ မမ...''
ကောင်းသန့်ကိုကိုနဲ့ သံစဥ်ချိုရဲ့ ဆုတောင်းစကားကို သူမသာ လက်ခံလိုက်ပေမယ့် သူကတော့ လက်မခံချင်သည့်သဘောနှယ် ဘာတစ်ခုမှ မဆိုပေ။ချို သားဖြစ်သူကို စိတ်ပျက်သည့် အကြည့်တို့ဖြင့် ကြည့်လိုက်ပြီးနောက်၌
"သား မေမေပြောနေတာကို အလေးမထားတာလား...''
"မဟုတ်ပါဘူး မေမေရာ...သူပြောလိုက်မှတော့ သားမှပြောစရာမလိုတော့တာဗျာ..လင်မယားဆိုတာ စွယ်တော်ရွက်လိုမဟုတ်လား...သူပြောတဲ့စကားဟာ သားပြောလိုက်တာနဲ့ ထပ်တူကျပါတယ် မေမေ...''
မင်းခန့်၏စကားအဆုံး၌ ကောင်းက ခေါင်းလေးညိတ့်လိုက်ပြီး
"နေပါစေ ချို...ဒီကောင်လေးပြောသလိုပဲ ထားလိုက်ပါ...''
"အင်းပါ မောင်...''
မင်းခန့် ခုချိန်ထိ သူ့ကို သားမခေါ်သေးသည့်ကောင်းကြောင့် သူ့ရင်ထဲမှာ ဒေါသမိုးတွေအပြည့်အလျံပင်။သူကလည်း သူ့ကို သားလို့ခေါ်ပါလားလို့ မတောင်းဆိုခဲ့ပေ။
"မေမေ သားတို့သွားပြီ...ဖေဖေလည်း ပြန်ရောက်လာပြီဆိုတော့ မေမေနဲ့ညီမလေးတွေကို သား စိတ်ချနိုင်ပြီ...''
သံစဥ်ချို သားဖြစ်သူမင်းခန့်ရဲ့ လက်ကတွေကို ဆုပ်ကိုင်ပြီး ပါးပြင်လေးတွေကို နမ်းရှိုက်ကာ ဝမ်းနည်စွာ တရှိုက်ရှိုက် ငိုကြွေးလေသည်။
"မငိုပါနဲ့ မေမေရာ...သားက နိုင်ငံရပ်ခြားကိုထွက်သွားတာမှမဟုတ်ဘဲ...ဘယ်အချိန် လာတွေလာတွေ့လို့ရတဲ့ နေရာမှာ ရှိနေတာပါ...''
"အို..သားရယ်...မိဘတစ်ယောက်ရဲ့ ခံစားချက်ကို သားမှမသိသေးတာကိုကွယ်...မနက်ခင်းထမင်းစားဝိုင်းမှာတစ်ချိန် အပြင်ကပြန်လာတဲ့တစ်ချိန် ညခင်းအချိန်တွေမှာ လစ်ဟာသွားတဲ့ ခံစားမှု..ကိုယ့်ရင်ကဖွားတဲ့ သားသမီးတစ်ယောက်ကို ကိုယ် မပိုင်ဆိုင်ရတော့ဘူးဆိုတဲ့ ဝမ်းနည်းမှုက ဘာနဲ့မှနှိုင်းယှဥ်လို့မရတဲ့ ခံစားမှုမျိုးဆိုတာ သားမှမသိတာပဲကွယ်...''
သူမနူတ်ကနေ ဖွင့်ဟမပြောဘဲ မင်းခန့်ရဲ့ မျက်နှာကလေးကို ဆွေးမြေ့စွာ ကြည့်ပြီး စိတ်ထဲကနေ ရေရွက်လိုက်၏။
"သားမေမေကို ဖေဖေ့လက်ထဲကို အပ်လိုက်ပြီ...ဒီတစ်ခါတော့ ဖေဖေကြောင့် မေမေ ခံစားရတွေမရှိစေချင်ဘူး ဖေဖေ...''
"အင်း...အမြန်ပြန်မှတ်မိအောင်လည်း ကြိုးစားနေပါတယ်...''
ကောင်းသန့်ကိုကို မင်းခန့်ကို သားလို့ခေါ်ဖို့ နူတ်ကမရဲ ဖြစ်နေသည်။အရာအားလုံးကိူ မမှတ်မိနိုင်ဖြစ်နေတဲ့ သူကိုယ်သူ ဒေါသဖြစ်ရသည်။
ဒီကောင်လေးကလည်း ဘာလို့ သူသားလို့မခေါ်တာကို ဘာမှမပြောတာလည်း...မဟုတ်မှ သူထိုးလိုက်တာကြောင့်လားဆိုတာ တွေးပြီး စိတ်မကောင်းဖြစ်ရပြန်သည်။
"အိမ်အလုပ်တွေအတွက် အကူမခေါ်ရသေးဘူးမဟုတ်လား..မေမေ သားအဘွားတို့အိမ်က ပိုးလေးတစ်ယောက်ကို ခေါ်ပေးရမလား...''
"နေနေ မေမေ...သား အိမ်အကူခေါ်တဲ့အေးဂျင့်ကနေ ဆက်သွယ်ပြီး ခေါ်လိုက်ပါ့မယ်...သားတို့အတွက် စိတ်ချမေမေ...''
"အေးပါ သားရယ်...''
မင်းခန့်နဲ့ငွေ့ရည်လည်း တော်တော်ကြာနေပြီးသည်ဖြစ်၍ ကောင်းနဲ့ချို့ကို ကန်တော့ပြီး ထွက်လာခဲ့ကြသည်။ကားစီးလာတဲ့ လမ်းတစ်လျောက်မှာ အတွေးကိုယ်စီနဲ့ ငြိမ်နေ၏။
မင်းခန့် ခြံထဲရောက်တာနဲ့ ကားပေါ်ကနေ ဆင်းပြီး အိမ်ထဲဝင်လိူက်သည်။ငွေ့ရည်လည်း ကားတံခါးလေးကို တံတောင်နဲ့တွန်းဖွင့်လိုက်ပြီး သမီးလေးကို ချီပြီး ထွက်လာခဲ့သည်။အိမ်ထဲရောက်တော့ သူပြောလိုက်သည့် စကားကြောင့် ဒီအချိန်ကစလို့ သူမအတွက် ငရဲဆိုတာပင် သိလိုက်ရတော့သည်။