Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၆၇)

ဆွတ်ရိန်နော်တစ်ယောက် အိမ်ရှေ့ မြေကွက်လပ်တွင် အင်္ကျီကျွတ်ကြီးနှင့် ပုဆိုးကို ခပ်တိုတိုဝတ်လျက် ထင်းပေါက်နေကာ တစ်ကိုယ်လုံး ချွေးဒီးဒီးကျနေ၏။

ထင်းပေါက်သံနှင့်အတူ ကြွက်သားအဖုအထစ်များက လှုပ်ရှားနေကာ မှုံနံ့သာက ဘေးနားရှိ ကွပ်ပျစ်လေးပေါ်တွင် ဟင်းသီးဟင်းရွက်များကို သင်နေရင်း ခဏတာ ငြိမ်သက်သွားပြီး စကားစလိုက်သည်။

"အကို ... ဂျာမိုင် အောက်ပိုင်းပြန်ဆင်းသွားပြီတဲ့။ "

"ဪ "

ဆွတ်ရိန်နော်က သူမကို မော့မကြည့်ပဲ ပုဆိန်ကိုသာ မြှောက်လိုက်ရင်း ခေါင်းညိတ်ဖြေလိုက်၏။

"ဟိုမှာပဲ အခြေချတော့မယ်ကြားတယ် ... ဒီမှာ မနေတော့ဘူးတဲ့။ "

"အွန်း "

မှုံကပြောနေပေမယ့် အကိုက စိတ်မဝင်စားသလို အေးတိအေးစက်နှင့်မို့ မှုံ့နှုတ်ခမ်းလေး စူလာသည်။

"ဟာ ... အကိုလည်း "

"ဟင် "

ဆွတ်ရိန်နော်က ပုဆိန်ကို မြေကြီးပေါ် ထောက်လိုက်ပြီး မှုံ့ဘက်သို့ လှည့်ကြည့်သည်။

"မှုံ ဒီမှာပြောနေတာ အရေးလုပ်ဦးလေ။ "

"အင်းလေ ... ကိုယ်ကြားပါတယ်။ "

"အကိုက ကြားတယ်သာပြောနေတာ။

မှုံပြောတဲ့စကားရော စိတ်ဝင်စားလို့လား။ "

ဆွတ်ရိန်နော်က နဖူးမှ ချွေးများကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီး နှုတ်ခမ်းမဲ့ကာ ...

"ဟင့်အင်း "

"ဟာ "

မှုံ့မျက်နှာလေး ပျက်သွားသည်ကို မြင်တော့မှ ဆွတ်ရိန်နော်က ပြုံးစစလုပ်ကာ ...

"ကိုယ့်မိန်းမအကြောင်းကလွဲပြီး ဘယ်သူ့အကြောင်းမှ စိတ်မဝင်စားဘူး။ "

"အပိုတွေ "

"ဟော ... မယုံတာလား။ "

ဆွတ်ရိန်နော်က မျက်လုံးကြီးမှေးကျဉ်းကာ စူးစူးစိုက်စိုက် ကြည့်လိုက်လျှင် သူ့အကြည့်တွေအောက်တွင် မှုံ နေရခက်သွားပြီး

သွားလေးဖြီးကာ ရယ်ပြလိုက်ရသည်။

"ယုံတယ်လို့ ... ဟီး ဟီး "

ဆွတ်ရိန်နော်က သဘောကျစွာ ခေါင်းခါလိုက်ပြီး ထင်းတုံးကို ပြန်စီလိုက်သည်။

"မှုံတော့လေ ဂျာမိုင့်ကို ခုထိ မျက်နှာပူမိတုန်းပဲ။ "

သူမစကားကြောင်ြ ဆွတ်ရိန်နော် လက်ထဲမှ ပုဆိန်ကဘရပ်တန့်သွား၏။

"ဘာလို့လဲ"

"မှုံက အကို့ကို သူ့ဆီက လုယူသလို ဖြစ်ခဲ့တာလေ။ "

မှုံ့စကားကြောင့် ဆွတ်ရိန်နော် မျက်မှောင်ကြီးကြုတ်သွားကာ

ပုဆိန်ကို ဘေးသို့ ပစ်ချလိုက်ပြီး မှုံ့အနားသို့ လျှောက်လာသည်။

"ဟာ ဘာဆိုင်လို့လဲကွ ...ကိုယ်က စချစ်တတ်ပါပြီဆိုကတည်းက မင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာလေ။"

"ဒါပေမယ့် သူ့ကြောင့်ပဲ မှုံနဲ့အကို စတွေ့ခဲ့ကြတာလေ။ "

"ဟင် ... ဘယ်သူပြောလဲ။ "

"ဟုတ်တယ်လေ ... သုံးတန်းတုန်းကလား နေ့လည်ထမင်းစားချိန် မန်ကျည်းပင်အောက်မှာ ဂျာမိုင်က မှုံ့ကိုခေ့ါ်လို့ မှုံနဲ့အကို စတွေ့ကြတာလေ။ "

"မဟုတ်ဘူး..."

"ဟင်"

"မှုံလေးကို ကိုယ်စသိခဲ့တာ ကိုယ့် ကိုယ်တိုင်‌ေတွ့ခဲ့တာ ... အငိုသန်လေး ..."

"ဟင် ... ဟုတ်လို့လား ... ဘယ်တုန်းကလဲ။"

မှုံ့မျက်လုံးများ ဝိုင်းစက်သွားသည်။

"ဒေါ်အားမိုင်ဆိုင်ရှေ့ ဆန်မှောက်ကျပြီး ငိုတာလေ။ အဲ့ကတည်းက ကိုယ့်ရင်ထဲမှာ မှုံလေးနဲ့ ပတ်သတ်ပြီး ခံစားချက်တွေရှိလာခဲ့တာ။ "

"ဟင် ... အဲ့တုန်းက မှုံက ငယ်ငယ်လေးပဲရှိသေးတယ်လေ။ "

"အွန်း ... ဟိုလို ခံစားချက်လားတော့မသိဘူးကွာ။ ကိုယ်လည်း အဲ့တုန်းက ခံစားချက်ကို အမည်ဖော်လို့မရခဲ့ဘူး။ ကိုယ်မင်းကို ချစ်မိနေတယ်ဆိုတာ စသိတဲ့အချိန်မှာတော့ ရောဂါက တော်တော်ရင့်နေပြီ။ "

"အဟွန်း "

အကို့စကားကြောင့် မှုံက ရှက်ပြုံးလေးပြုံးလိုက်မိကာ အကိုက ထိုအခိုက်အတန့်လေးကို အမိအရဖမ်းကာ မှုံ့ပါးဖောင်းဖောင်းလေးအား ရွှတ်ခနဲ လှမ်းနမ်းလိုက်၏။

"အို ... အကိုနော် "

"အူယားစရာလေး ... ကိုယ်တော့ ကိုယ့်မိန်းမလေးကို ချစ်လို့ကို မဝဘူး ... ဪ မေ့နေတယ် ... ဟေ့ ကောင်မလေး ဖြေစမ်း

ခင်ဗျားလေးရော ကျွန်တော့်ကို ဘယ်အချိန်က စချစ်တာလဲ။ "

ဆွတ်ရိန်နော်က မျက်နှာကို ရှေ့တိုးကာ မေးလိုက်လျှင် မျက်နှာနှစ်ခုက နီးကပ်သွားကာ ရင်ခုန်သံတွေကလည်း တဒိမ်းဒိမ်းနှင့်။

"မပြောပါဘူး။ "

"ဟာ ... မရဘူးနော် ... မပြောလို့ကတော့ တစ်ခါတည်း အခန်းထဲဝင်ပြီး မိုးချုပ်ပစ်လိုက်မှာ"

ပြောပြောဆိုဆိုနှင့် သူမ ခါးလေးကို လှမ်းဖက်လိုက်သည်။

"အကို့ ... မကဲနဲ့နော် ... ညကမှ ..."

"အဟွန်း ... အဲ့တာဆို ဖြေလေဗျာ ...ကိုယ့်မိန်းမက ကိုယ့်ကို ဘယ်အချိန်ကတည်းက ခိုးချစ်နေတာလဲ ဆိုတာလေးတော့ သိချင်တာပေါ့ဗျ "

မဖြေမချင်းမေးနေတော့မှာ သိတာကြောင့် မှုံ သက်ပြင်းချလိုက်ပြီး

မျက်နှာလေးကို လွှဲထားရင်းပြန်ဖြေလိုက်သည်။

"ဟို ... မှုံလည်း အကို့လိုပဲ ... ဘယ်အချိန်က စချစ်နေမိမှန်းမသိဘူး။ "

"သိတဲ့အချိန်က "

"အကို မန္တလေးထွက်သွားတဲ့အချိန် "

ထိုအဖြေက ဆွတ်ရိန်နော့်ရင်ကို ထိရှသွားစေသည်။

"ဟာ ... အဲ့တာကို ကိုယ်ပြန်လာတော့ ကိုယ့်ကို မမှတ်မိဘူးလို့ ပြောရက်တယ်နော် ... ကိုယ် အဲ့တုန်းက တော်တော်ခံစားခဲ့ရတာ။ "

"အဲ့တာက မှုံ ကိုယ့်စိတ်ကိုယ်သိလို့ တမင်စည်းခြားလိုက်တာပါ။ "

"ဒါပေမယ့် နောက်ဆုံးတော့ ကိုယ့်မိန်းမလေးဖြစ်လာတာပဲ။

ကိုယ့်ဘဝမှာ အပျော်ဆုံးအချိန်က မှုံလေးနဲ့ ပတ်သတ်တဲ့အချိန်တွေချည်းပဲ။"

ဆွတ်ရိန်နော်က သူမလက်ကလေးအား အုပ်ကိုင်လိုက်ကာ အကြည့်ချင်းဆုံစေလိုက်ပြီး ...

"နောက်ပြီး ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်တွေက ကိုယ်တို့နှစ်ယောက်နဲ့ပဲဆိုင်လို့ ဘယ်သူ့ကိုမှ အားနာနေစရာလည်းမလိုဘူး။ ကိုယ်က မင်းမဟုတ်ရင် မဖြစ်ဘူး။ အဲ့တာကြောင့် ဘယ်သူ့ဆီကမှ လုယူခဲ့တာလဲမဟုတ်ဘူး။ ကိုယ်က အရင်ကတည်းက မင်းအပိုင်ပဲ။ "

ငယ်ငယ်က ဂျာမိုင် မှုံ့အပေါ်ကောင်းတာကလည်း စာခိုးချချင်လို့ အသုံးချခဲ့တာဆိုတာကိုတော့ မပြောဖြစ်တော့။

အလကားနေရင်း ဒီကောင်မလေးက ဝမ်းနည်းနေပြန်ဦးမည်။

သူ့စကားတွေအား မျက်လုံးအဝိုင်းသားနှင့် ငေးကြည့်နေသော ကောင်မလေးအား နဖူးလေးတစ်ချက်နမ်းလိုက်၏။

မျက်လုံးဝိုင်းလေးတွေမှာ မျက်ရည်လေးတွေပါ ဝေ့ဝဲနေကာ

ဘယ်လောက်တောင် အသည်းနုလိုက်တဲ့ ကောင်မလေးပဲ။

မာနကြီးတဲ့ပုံစံလေးနှင့် ခပ်မာမာလေးနေခဲ့တဲ့ ကောင်မလေးက

ငယ်ငယ်ကတည်းက ဘယ်လောက်တောင် ထိရှလွယ်သလဲဆိုတာ

သူသိပ်သိတာပေါ့။

________________

မြေစာပုံတွင် စက်ယန္တရားကြီးများ၏ မောင်းနှင်သံ၊ "ဝုန်း... ဒိုင်း" နှင့် ကျောက်မိုင်းခွဲသံများနှင့်အတူ ကျောက်တူးသမားတို့၏ အော်ဟစ်သံများက ပွက်လောရိုက်နေ၏။

"ဟေ့ကောင် ဆွတ်ရိန်နော်... တော်တော့ကွာ။

ဒီနေရာက သိပ်စိတ်မချရဘူး။ အပေါ်က မြေစာပုံကြီးက

လျှောချင်နေသလိုပဲ။"

ခပ်လှမ်းလှမ်းတွင် ရှိနေသော မျိုးမင်းထက်က လှမ်းအော်သတိပေးလိုက်လေသည်။

မျိုးမင်းထက်က ကျောက်ရှာတာ သက်တမ်းရင့်နေသူပီပီ မြေစာပုံအကြောင်းကိုလည်း ကောင်းကောင်းသိနေပြီဖြစ်၏။

"ခဏလေးပါကွာ ... ဒီတစ်လုံးပဲ... ဒီတစ်လုံးပြီးရင် ပြန်မယ်။"

ဆွတ်ရိန်နော်က ခေါင်းမမော့ဘဲ ပြန်အော်ပြောလိုက်ကာ

သူ့လက်ထဲမှ ကျောက်ရိုင်းတုံးကို စိန်တူနှင့် ဆက်ခေါက်နေ၏။

ထိုစဉ်...လေပြင်းတစ်ချက် ဝေ့ကနဲ တိုက်ခတ်သွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် တုန်ခါမှုတစ်ခုနှင့်အတူ ...

"ဝေါ ဝေါ ... ဒိန်း ဒိန်း "

"ဆွတ်ရိန်နော်... ပြေး... အပေါ်က မြေစာပုံ ပြိုပြီ... ပြေး... "

မျိုးမင်းထက်က အော်သံနှင့်အတူ ပြေးကာ ကျောက်ရှာတဲ့သူတွေအားလုံး ဝရုန်းသုန်းကားဖြစ်ကုန်ကြတော့သည်။

"ဟာ... "

အရှိန်နှင့် ပြိုကျလာတဲ့ ကျောက်တုံးတွေ မှန်တဲ့သူကမှန်၊

မြေစာပုံအောက် ပိတဲ့သူတွေလည်း ပိကုန်ကြတော့၏။

ဒါပေမယ့် ကိုယ့်အသက်ကို ကိုယ်လွတ်အောင်ရုန်းနေကြရတာကြောင့် ဘယ်သူမှလည်း မကယ်နိုင်ကြပေ။

________________

ဈေးသိမ်းတော့တာကြောင့် မှုံနံ့သာ မကုန်တဲ့ အရွက်များကို ခြင်းထဲသို့ စီစီရီရီ ပြန်ထည့်ကာသိမ်းဆည်းနေလေသည်။ စိတ်ထဲမှာလည်း ဒီညနေ အိမ်ပြန်ရောက်ရင် အကိုကြိုက်တဲ့ ဝက်သားမျှစ်ချဉ်ဟင်းလေး ချက်ကျွေးရန် စိတ်ကူးထားလိုက်၏။

ပိုက်ဆံစုနေရတာကြောင့် ဟင်းကောင်းက နေ့တိုင်းချက်မစားဖြစ်ပဲ

ရောင်းမကုန်တဲ့ အရွက်တွေ၊အသီးအနှံတွေသာ တစ်လှည့်စီချက်စားဖြစ်နေတာပင်။

အကိုကကလည်း မှုံ ဘာချက်ကျွေးကျွေး ချေး(ဂျီး) မများပဲ ငါ့မိန်းမချက်တာ အကုန်ကောင်းတယ်ဟုဆိုကာ အားပါးတရစားလေသည်။

"ဟေ့ ... 'မှော်စီစာ' မြေစာပုံ ပြိုကျလို့တဲ့ဟေ့"

ရုတ်တရက် ဆိုင်ကယ်ကယ်ရီသမားတစ်ယောက်ရဲ့ အော်ဟစ်သံကြောင့် မှုံ့နှလုံးသားတစ်ခုလုံး ရပ်တန့်သွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွား၏။

"လူတွေအများကြီး ပါသွားတယ်ကြားတယ်။

အခု ကယ်ဆယ်ရေးကားတွေ သွားနေကြပြီ။"

"အ ... အကို ... "

မှုံ့နှုတ်ဖျားမှ တိုးတိုးလေး ရေရွတ်လိုက်မိကာ ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဆိုင်ကယ်ကယ်ရီသမားရဲ့ ဆိုင်ကယ်နောက်သို့ အတင်းပြေးတက်လိုက်သည်။

"ဦးလေး ... ကျွန်မကို အဲ့ဒီနေရာ အမြန်ပို့ပေးပါ ... မြန်မြန်လေး မောင်းပေးပါနော်။"

"ဟေ ... အေး အေး "

_______________

"ပီးပေါ် ... ပီးပေါ် ... ပီးပေါ်... "

မြေစာပုံတွင်လူနာတင်ယာဉ် ဥဩဆွဲသံများ၊ လူအများရဲ့ အော်ဟစ်ငိုယိုသံများက ကမ္ဘာပျက်နေသည့်အလား ဆူညံပွက်လောရိုက်နေသည်။

မှုံနံ့သာ ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေများ မခိုင်ချင်တော့။ တောင်ကြီးတစ်လုံးပမာ မြင့်မားလှသော မြေစာပုံကြီးကာ အောက်သို့ လျှောဆင်းကျနေကာ လူများနှင့် တဲအိမ်များကို ဝါးမျိုထားသည်။

"အကို ... အကို ဆွတ်ရိန်နော်"

မှုံနံ့သာ လူအုပ်ကြားထဲသို့ အတင်းတိုးဝင်ကာ အော်ဟစ်ရှာဖွေ‌နေသည်။ အကို ဝတ်သွားတဲ့ အင်္ကျီလက်ရှည်လေးကိုသာ မျက်လုံးရှင်ရှင်ထားပြီး လိုက်ရှာနေမိ၏။

"ဘေးဖယ်ကြ ... လူနာလာမယ် ... ဘေးဖယ်။"

လူနာထမ်းစင်တစ်ခု သူမဘေးမှ ဖြတ်သွားကာ သွေးသံရဲရဲနှင့် လူတစ်ယောက်။ မှုံ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး အပြေးသွားကြည့်လိုက်ရာ ကံကောင်းထောက်မစွာပင် အကို မဟုတ်။ ဒါပေမယ့် အကို့ကိုလည်း မတွေ့ရသေး။

"ကိုဆွတ်ရိန်နော်... အကို ဘယ်ရောက်နေတာလဲ။ မြန်မြန်ထွက်လာခဲ့ပါ ... "

မှုံ့အသံတွေ အက်ကွဲနေပြီဖြစ်ကာ မျက်ရည်များနှင့် ဖုန်မှုန့်များ ရောထွေးနေ၏။

ဟိုလျှောက်ရှာ၊ဒီလျှောက်ရှာနှင့် ဆွတ်ရိန်နော်ကို မတွေ့ရတာကြောင့်

ခြေဖျားလက်ဖျားတွေပင်အေးစက်တုန်ရီလာသည်။

"ဟင့်အင်း ... အကို ဘာမှမဖြစ်ရဘူးနော်။

အကို ဘေးကင်းကင်းနဲ့ ပြန်လာမှာလို့ ကတိပေးထားတာလေ "

မှုံ ခေါင်းကို တွင်တွင်ခါရင်း ရှေ့ဆက်တိုးဖို့ ကြိုးစားလိုက်လျှင်

ကင်းထောက်တစ်ယောက်က သူမကို တားလိုက်၏။

"ဟိုဘက် သွားလို့မရဘူး ညီမလေး ... အန္တရာယ်ရှိတယ်။"

"မဟုတ်ဘူး ... ကျွန်မယောက်ျားကို လိုက်ရှာရမှာ။

ဖယ်ပေးပါ ... ကျွန်မယောက်ျားကို ရှာရဦးမှာ။ "

မှုံ ထိုလူရဲ့ လက်ကို တွန်းဖယ်ကာ ရုန်းကန်ပစ်လိုက်သည်။

သူမမျက်လုံးများက အရူးတစ်ယောက်လို ဗလာကျင်းနေကာပတ်ဝန်းကျင်တစ်ခုလုံး ဝါးတားတား ဖြစ်လာသည်။

နေရောင်ခြည်က ပူပြင်းလွန်းလှသော်လည်း သူမ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲရိုက်ထားသလို အေးစက်တုန်ရီနေ၏။

"အကို ... ဘယ်မှာလဲလို့ ဆွတ်ရိန်နော် ဘယ်မှာလဲလို့ ခေါ်နေတာ မကြားဘူးလား။ "

မျက်ရည်တွေကြောင့် မျက်လုံးတွေက ဝေဝါးလာပြီး ရင်ဘတ်ထဲမှ စူးအောင့်သော နာကျင်မှုတစ်ခုက လည်ချောင်းဝသို့ ဆန်တက်လာကာ အသက်ရှူ၍ မဝတော့။

"အ ကို ... "

နောက်ဆုံးအနေနှင့် တိုးတိုးလေး ရေရွတ်ရင်း မှုံနံ့သာရဲ့

ခြေထောက်များက ခွေယိုင်သွားကာ ယိုင်နဲ့နဲ့ကိုယ်လုံးသေးသေးလေးက မြေကြီးပေါ်သို့ 'ဘုတ်' ခနဲ သူမ လဲကျသွားတော့သည်။

"ဟာ ... ဟေ့ ကလေးမ "

အပိုင်း (၆၈) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၆၆) နောက်အခန်း - အပိုင်း (၆၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ