မှုံနံ့သာဈေးရောင်းဖို့ထွက်သွားသည်နှင့် ဆွတ်ရိန်နော်လည်း ကျောက်ရှာဖို့ပြင်လေသည်။
"ဟေ့ကောင် ငဆွတ် သွားမယ် "
"အေး ... လာပြီ "
ခြံရှေ့က မျိုးမင်းထက်အသံကြားသည်နှင့် စိန်တူကောက်ကိုင်ကာ ပြေးထွက်ခဲ့လိုက်၏။
"ငါ့အမေဆီ အရင်မောင်း "
ဆွတ်ရိန်နော်က ပြောလိုက်လျှင် မျိုးမင်းထက်က လှည့်ကြည့်ကာ ...
"ဘာလုပ်မလို့လဲ ... မုန့်ဖိုးသွားတောင်းမလို့လား။ "
ရွှတ်နောက်နောက်နှင့် မျိုးမင်းထက်အပြောအား ဆွတ်ရိန်နော်
ဒီအတိုင်းသား ငြိမ်ပြီး နားထောင်နေလိုက်သည်။
"ဗြွန်း ... "
ခြံဝင်းထဲသို့ ဆိုင်ကယ်တစ်စီး ဝင်လာသံ ကြားလိုက်ရသဖြင့်
ဒေါ်ဘောက်နူး ကော်ဖီခွက်ကို အသာချကာ လှမ်းကြည့်လိုက်သည်။
တခြားသူတွေမဟုတ် သားမက်နှင့်သားဖြစ်နေ၏။
ဆိုင်ကယ်ပေါ်မှ ဆင်းလာသူမှာ သားဖြစ်သူ ဆွတ်ရိန်နော်။
ဒါပေမယ့် သားဖြစ်သူ၏ ပုံစံကို မြင်လိုက်ရချိန်တွင် ဒေါ်ဘောက်နူး မျက်ခုံးများ တွန့်ချိုးသွားရသည်။
အရင်က ကျော့နေအောင်နေခဲ့တဲ့ သူက အခုတော့ စုတ်ပြတ်ပြတ်နှင့်
ထိုပုံစံက သူမရင်ဝအား ဆောင့်ကန်လိုက်သလိုပင်။
" ဆွတ်ရိန်နော် ... နင့်ပုံစံက ဘာဖြစ်လာတာလဲ။"
ဒေါ်ဘောက်နူးက အလိုမကျစွာ နှာခေါင်းရှုံ့ရင်း လှမ်းအော်လိုက်လျှင် ဆွတ်ရိန်နော်က အိမ်ထဲသို့ ဝင်လာသော်လည်း ထိုင်ခုံတွင် ဝင်မထိုင်ပဲ တံခါးဘောင်ကို ပခုံးတစ်ဖက်ဖြင့် မှီလျက် ခြေချိတ်ရပ်လိုက်သည်။
"ကျောက်ရှာသွားမလို့"
"ဘာကျောက်ရှာလဲ။
အဲ့မိန်းမက နင့်ကို နွားလုပ်နေတာသိရဲ့လား။
သူဌေးသားဆိုပြီး အပိုင်ချိုင်လိုက်ပေမယ့် မှန်းချက်နဲ့
နှမ်းထွက်မကိုက်တော့ နင့်ကို သေအောင် ခိုင်းစားတော့တာလေ။ "
ဒေါ်ဘောက်နူးက ဒေါသတကြီး ထရပ်လိုက်လျှင် ဆွတ်ရိန်နော်က နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်ပြီး လျှာထိုးဦးထုပ်ကို အနည်းငယ် ပင့်တင်လိုက်ကာ ...
"အဲ့ဒီကိစ္စပဲ လာပြောတာ ... သေချာ နားထောင် အနူး(အမေ)။
ကျွန်တော် ကျောက်ရှာထွက်တာ မှုံေလးခိုင်းလို့ မဟုတ်ဘူး။
ကျွန်တော့်သဘောနဲ့ ကျွန်တော် သွားတာ။
အဲ့တာကြောင့် အနူး ကျွန်တော့်မိန်းမကို ဘာမှသွားမပြောပါနဲ့။ "
"ဘာ ... နင်က အဲ့ဒီမိန်းမအတွက် ငါ့ကို ပြန်ပြောနေတာလား။
မအေကို အခုလိုပြန်ပြောဖို့ အဲ့ကောင်မက မြှောက်လိုက်တာမလား။ "
"ဘယ်သူမှမမြှောက်ဘူး။ သူက အခု ကျွန်တော့်မိန်းမ ...
ကျွန်တော့်မိန်းမကို မျက်ရည်ကျအောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် ခွင့်မလွှတ်နိုင်ဘူး။ အဲ့ဒါ အမေ ဖြစ်နေရင်တောင်မှပေါ့။"
"နင် ... နင် ... "
"အနူး(အမေ) ကျွန်တော့်မိန်းမကို ထပ်ထိရင် အနူးဆီ ကျွန်တော်လုံးဝ မလာတော့ဘူး။ "
ဆွတ်ရိန်နော်က ပြောချင်ရာပြောပြီးသည်နှင့် ချက်ချင်း ကျောခိုင်းလိုက်သည်။
"ဆွတ်ရိန်နော် ... နင် ပြန်လာခဲ့စမ်း။ ငါ ပြောလို့ မပြီးသေးဘူး
... ဟဲ့"
ဒေါ်ဘောက်နူး အော်ဟစ်ကျန်ရစ်သော်လည်း ဆွတ်ရိန်နော်က လှည့်မကြည့်ပဲ ဆိုင်ကယ်ရှိရာသို့ ထွက်သွားတော့သည်။
"ဘုန်း ... "
ဒေါ်ဘောက်နူး ဒေါသအရှိန်ကို မထိန်းနိုင်တော့ဘဲ စားပွဲခုံကြီးအား လက်နှင့်ရိုက်ချပစ်လိုက်၏ယ
"မိုက်လိုက်တဲ့ သား ... မိန်းမ တစ်ယောက်ကြောင့် အမေကို ဒီလို စော်ကားရက်တယ်။
ဟိုဟာမက ဘယ်လောက်တောင် သွေးခွဲထားသလဲမသိဘူး။ "
ဒေါ်ဘောက်နူးက ဒေါသဖြစ်ကာ ရေရွတ်ရင်းကျန်ခဲ့သော်လည်း
ဆွတ်ရိန်နော်တို့ရဲ့ ဆိုင်ကယ်သံကတော့ တဖြည်းဖြည်းဝေးသွားတော့သည်။
__________________
နေမင်းကြီးက ပူပြင်းတောက်ပနေပြီး မြေစာပုံ(ကျောက်ရှာသည့်နေရာ)တွင် ဖုန်မှုန့်များက လေအဝှေ့တွင် တလူလူလွင့်ပျံနေကာ
စက်ယန္တရားကြီးများ၏ မောင်းနှင်သံ ကျောက်သမားများ၏ အော်ဟစ်သံများဖြင့် ဆူညံပွက်လောရိုက်နေ၏။
"ဂွပ် ... ဂွပ် ... "
ဆွတ်ရိန်နော်သည် မြေစာပုံပေါ်တွင် ထိုင်လျက် လက်ထဲမှ စိန်တူဖြင့် ကျောက်တုံးများကို ခေါက်နေလေသည်။ သူ့မျက်နှာတစ်ခုလုံး ဖုန်မှုန့်များ၊ ရွှံ့စများဖြင့် ပေကျံနေပြီး နဂိုက ဖြူဥနေသော အသားအရေမှာ နေလောင်ဒဏ်ကြောင့် နီရဲနေ၏။
နဖူးမှ စီးကျလာသော ချွေးစက်များက လက်ဖမိုးဖြင့် သုတ်ပစ်လိုက်ကာ အရင်က ပင်ပင်ပန်းပန်းဘာမျှမလုပ်ဖူးတာကြောင့်
သူ့လက်ချောင်းထိပ်များတွင် ပွန်းပဲ့ရာများနှင့် အရည်ကြည်ဖုများ ပေါက်နေလေသည်။
"ဟေ့ကောင် ဆွတ်ရိန်နော် ... မင်းသွားနားချင်နားပါလား။ မင်းလက်တွေလည်း ပေါက်ပြဲနေပြီ။"
ဘေးနားတွင် ကျောက်ရှာနေသော မျိုးမင်းထက်က မြေစာပုံနံဘေးက ဈေးဆိုင်တဲလေးတွေအား မေးငေါ့ပြကာ လှမ်းပြောလိုက်လျှင် ဆွတ်ရိန်နော်က ခေါင်းခါလိုက်၏။
နှုတ်ခမ်းထောင့်တွင် ဆေးလိပ်တိုလေးကိုလည်း ကိုက်ခဲထားသေးသည်။
"ရတယ် ... ဒီလောက်ကတော့ စာမဖွဲ့ပါဘူးကွာ။ "
သူ ပါးစပ်ကသာ မာန်တင်းပြောနေသော်လည်း ကျောပြင်တစ်ခုလုံး နေပူရှိန်ကြောင့် ပူလောင်စပ်ဖျင်းနေသည်မှာ အရေခွံကို ဆွဲခွာနေသလိုပင်။ ခါးကလည်း နာကျင်ကိုက်ခဲနေပြီဖြစ်၏။
သို့သော် ... သူ့မျက်လုံးထဲတွင် မှုံ့ မျက်နှာလေးကို မြင်ယောင်လိုက်တိုင်း အားအင်တွေ ပြန်ပြည့်လာသလို ခံစားလာရသည်။
နေပူကျဲကျဲအောက်တွင် မျက်ဝန်းတွေကတော့ စူးရှတောက်ပနေကာ အရင်က ပေါ့ပေါ့နေပေါ့ပေါ့စား ဆွတ်ရိန်နော် မဟုတ်တော့ဘဲ ဘဝကို ရင်ဆိုင်ရဲသော ယောင်္ကျားကောင်းတစ်ယောက်ရဲ့
ပုံရိပ်က အထင်းသား ပေါ်လွင်နေ၏။
_______________
ဈေးထဲတွင် လူပါးစပြုနေပြီ ဖြစ်ကာ မှုံဈေးရောင်းနေရသော်လည်း စိတ်န ကိုယ်နှင့်မကပ်။
"ဟဲ့ကောင်မလေး ... တစ်ရာပြန်အမ်းရမှာလေ။ ညည်းက ငါးရာတန်ကြီး ပြန်ပေးနေတယ်"
ဈေးဝယ်လာသည့် အဒေါ်ကြီးတစ်ယောက်၏ အသံကြောင့်
မှုံ လန့်ဖျပ်သွားကာ ...
"ဪ ... ဟုတ် ... ဟုတ်ကဲ့ ... ဒီမှာပါရှင့် တစ်ရာ "
"အေးအေး "
အဒေါ်ကြီး ထွက်သွားတော့ မှုံ သက်ပြင်းချလိုက်မိသည်။
အကို အဆင်မှပြေရဲ့လားမသိ။
__________________
ဆွတ်ရိန်နော် သွားပြောပြီးသည့်နေ့ကစလို့ ဒေါ်ဘောက်နူးက
မှုံနံ့သာတို့အိမ်ဘက် ခြေဦးပင်မသမ်းတော့ပေ။
မှုံနံ့သာက ကျောက်ဆက် မရှာတော့ဖို့ပြောပေမယ့် ဆွတ်ရိန်နော်ကလည်း ခေါင်းမာသည်။
သူများတွေလို ဘဝပြောင်းလောက်တဲ့အထိ ကျောက်ကြီး
ကျောက်ကောင်းတွေမရပေမယ့် ထမင်းစားကျောက်(ရောင်းစားကျောက်)လောက်တော့ ရံဖန်ရံခါ ရတတ်၏။
အဲ့ဒီတော့ တစ်ယောက်လုပ်စာကို စားပြီး တစ်ယောက်လုပ်စာကို
စုကာ အိမ်ထောင်သက်လေး နည်းနည်းရလာတော့ စုမိဆောင်းမိဖြစ်လာကြလေသည်။
ကလေးကိုတော့ လင်မယားနှစ်ယောက်လုံးသဘောတူညီချက်ဖြင့်
မယူသေးဖို့လုပ်ထားကြ၏။
ငယ်ဘဝက စိတ်ဒဏ်ရာတွေရှိတဲ့ မှုံကလည်း သူမတို့ကလေးကျလျှင်လည်း သူမလို မျက်နှာငယ်ရမှာစိုးတာကြောင့် စီးပွားရေး အသင့်အတင့်ပြေလည်မှပဲ ယူဖို့လုပ်ထားကာ ဆွတ်ရိန်နော်ကလည်း သူ့မိန်းမသဘောဟုဆိုကာ လက်ခံလေသည်။
"အကို "
"ဗျ "
ထမင်းစားနေရင်း မှုံနံ့သာက လှမ်းခေါ်တော့ ဆွတ်ရိန်နော်က မေးငေါ့ပြကာ ထူးလိုက်၏။
"ဟိုလေ ... အန်တီမာလွင်တို့က အောက်ပိုင်းပြောင်းတော့မှာမို့လို့
သူတို့အခင်းတွေကို ရောင်းခဲ့မလို့တဲ့။ "
"အင်း ..."
ဆွတ်ရိန်နော်က ခေါင်းညိတ်ပြတော့ သူမက စကားပြန်ဆက်လေသည်။
"အဲ့တာ ... မှုံတို့လည်း တစ်ခင်းလောက် ဝယ်ကြမလားလို့လေ။
ပိုက်ဆံကလည်း အကျေပေးစရာမလိုဘူးတဲ့။
ရှိသလောက်ပေးထားပြီး ကျန်တဲ့ပိုက်ဆံက အရစ်ကျပေးရင်ရတယ်တဲ့။ "
"အွန်း ... မှုံလေးသဘောပဲလေ။ "
"အကို့သဘောကရော "
"မိန်းမသဘော "
"အကိုကလည်း မှုံက တိုင်ပင်တာကို "
"အွန်းလေ ... ကိုယ်လည်း ဘာပြောလို့လဲ။
မိန်းမ ကောင်းမယ်ထင်ရင် ဝယ်လေ။ "
"အကြွေးက ကျန်ဦးမှာဆိုတော့ မှုံစဉ်းစားနေတာ။
တော်ကြာ သူများအကြွေးမဆပ်နိုင်ပဲနေမှာစိုးလို့။ "
"ဆပ်နိုင်မှာပါကွ ... အခင်းစိုက်ရင်လည်း ငွေပြန်ပေါ်မှာပဲကို "
"အွန်းနော် ... အဲ့တာဆို မှုံတို့တစ်ခင်းလောက် ဝယ်လိုက်ရအောင်နော် အကို "
"မိန်းမသဘောပါခင်ဗျာ။ "
"အဟင်း ... ဟုတ် ရော့ ရော့ အကိုကြိုက်တဲ့ မျှစ်ခြောက်ချက်လေး စား "
"အခုမှပဲ ဟင်းထည့်ပေးဖော်ရတော့တယ်ကွာ။ "
"အို ... အကိုကလည်း ခုနက မှုံမေ့နေလို့ပါ။ "
"ဟုတ်ကဲ့ပါဗျာ ... ရော့ မိန်းမလည်း စား ... များများစားပြီး
ညအတွက် အားမွေးထား။ "
"အို ... အကိုနော် ထမင်းစားနေတာကို "
အကို့ရဲ့ စည်စလွတ်ဘောင်လွတ် စကားကြီးကြောင့် မှုံ့မျက်နှာတစ်ပြင်လုံး ရဲခနဲဖြစ်သွားကာ မျက်စောင်းထိုးပစ်လိုက်၏။
"ဟား ဟား ဟား ဟား "
"အကို့ ... ထမင်းစားတော့လို့ "
ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအော်ရာ်နေတဲ့ အကိုကြောင့် လက်မောင်းကြီးအား လှမ်းရိုက်ကာ ပြောတော့မှ စပ်ဖြီးဖြီးလုပ်ကာ ငြိမ်ကျသွားတော့သည်။
___________________
အန်တီမာလွင်ဆီကနေ မှုံတို့ရဲ့ ရှိတဲ့ ပိုက်ဆံလေးနှင့် အခင်းတစ်ခင်းဝယ်လိုက်ကြပြီး လိုတဲ့ပိုက်ဆံကိုတော့ အရစ်ကျပေးဖို့လုပ်လိုက်ကြ၏။
အခင်းဖိုးတောင် မကျေသေးတာကြောင့် အခင်းလုပ်တာကိုတော့ လူငှားမခေါ်ပဲ လင်မယားနှစ်ယောက်ပဲ နိုင်သလောက်လုပ်ကြသည်။
ဒါပေမယ့် ထိုအခင်းဝယ်ပြီးတော့ အကိုက တစ်စခန်းထပြန်သည်။
"မှုံလေးကလည်းကွာ အခင်းလည်းလုပ် ဈေးလည်းရောင်းတော့
မှုံလေး ပင်ပန်းတာပေါ့ကွ။ "
"မပင်ပန်းပါဘူး အကိုရဲ့။
ဈေးက မနက်ခင်းလေးပဲ ရောင်းရတာကို။ "
"မနက်ခင်း ဈေးရောင်းပြီး အပြန်ကျ အခင်းလုပ်ဆိုတော့ ဘယ်မှာနားချိန်ရှိမှာလဲကွာ။ "
"အဲ့လောက်ကြီးလည်း ပင်ပန်းတာမှမဟုတ်ပဲအကိုရယ်။ "
"ဘယ်လိုနေနေကွာ ... ဈေးမရောင်းတော့နဲ့နော်။ "
"သူများမလိုချင်တဲ့ အရွက်တွေကျ ကိုာ့်ဟာကိုယ်သွားရောင်းမှရမှာလေ အကိုရဲ့။ အကြွေးလည်း မြန်မြန်ကျေတာပေါ့ အကိုရယ်။ "
"တားလို့ မရတော့ဘူးပေါ့။"
"အွန်း ... ဟုတ်တယ်။
အကို့တုန်းကလည်း ကျောက်ရှာမသွားနဲ့ဆိုတာ တားလို့ရခဲ့လို့လား။ "
"ဟာ ... မတူဘူးလေကွာ။
ကိုယ်က ယောက်ျားလေးလေ ။ "
"မှုံလည်း အိမ်ထောင်ရှင်မပဲ "
"ဟာ မနိုင်ဘူးကွာ "
လင်မယားနှစ်ယောက်စလုံး ခေါင်းမာတာချင်းတူကြကာ ဒီတစ်ခါတော့ ဆွတ်ရိန်နော် လက်လျှော့လိုက်ရပြန်သည်။
မှုံနံ့သာက ခါတိုင်းလိုပဲ မနက်ခင်းဈေးရောင်းထွက်ကာ၊ သူမ ဈေးရောင်းထွက်တဲ့အချိန်မှာ ဆွတ်ရိန်နော်က အခင်းသွားလုပ်ပြီးမကျောက်ရှာထွက်လေသည်။
ထို့နောက် မှုံနံ့သာ ဈေးရောင်းက ပြန်ရောက်လာလျှင် ထမင်း၊ဟင်းချက်ပြီး သူမက အခင်းတစ်ခေါက်သွားကြည့်၏။
အခင်းကလည်း အရင်က စိုက်ထားတဲ့ အခင်းဖြစ်တာကြောင့် မြေဩဇာတွေက ကောင်းနေကယ သူမတို့ စိုက်တော့လည်း သီးနှံအထွက်ကောင်းလေသည်။
သူမတို့ အခင်းက ထွက်တဲ့ သီးနှံတွေကို တချို့တဝက်က ဖောက်သည်ပေးကာ၊မကုန်တာတွေကျ သူမက ကိုယ်တိုင် သွားရောင်း၏။
ဖောက်သည်ကလည်း ထူးထွေပြီးရှာစရာမလိုပဲ သူမနှင့် ဈေးအတူတူရောင်းတဲ့သူတွေက ယူပေးကာ အခင်းဖိုးလည်း တဖြည်းဖြည်း အရစ်ကျ ဆပ်နေနိုင်လေသည်။
"အမယ်လေး သူများတွေက သူဌေးဖြစ်နေပြီတော့ အခင်းပိုင်ရှင်ဖြစ်နေတာတောင် ဈေးရောင်းမနားဘူးတော် ... ဒေါ်မှုံနံ့သာတို့များ စီးပွားရေး သောင်းကြမ်းချက်။ "
မှုံဈေးခင်းနေတုန်း အန်တီ ဂွမ်ထွယ်က လှမ်းစတော့ မှုံက ခေါင်းခါလိုက်ရင်း ...
"မဟုတ်တာ ...အခင်းဖိုးတောင် မကျေသေးပါဘူးရှင်"
"အမယ်လေး ကျေသွားမှာပါအေ ညဉ်းယောက်ျားကလည်း
လိမ္မာတာကို သူဌေးသားသာပြောတာ အပိုးတော့ကျိုးသားပဲအေ့"
"သူ့မိန်းမကို တုန်နေအောင်ချစ်တာလည်း ထည့်ပြောဦး။ "
"ဟုတ်ပဟုတ်ပ"
သူတို့ဟာသူတို့ပြောနေကြတာ မှုံ့လေက တိုးမပေါက်တော့တာကြောင့် ဒီအတိုင်း ဈေးဆက်ခင်းရင်း ပြုံးနေလိုက်၏။
မှုံကတော့ ယောက်ျားရကံကောင်းပါသည်။
အပိုင်း (၆၇) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)