"ဒီမှာ မိန်းကလေးတစ်ယောက် မေ့လဲကျသွားပြီ ထမ်းစင် ဒီကို ထမ်းစင်သယ်လာဦး "
ဆွတ်ရိန်နော်နှင့် မျိုးမင်းထက်က ကျင်းပိနေတဲ့ သူတွေကို လိုက်ကူညီနေရင်း ဒီဘက်သို့ ရောက်လာကြရာ ဆူညံသံတွေကြားမှ ကြားလိုက်ရတဲ့ အသံကြောင့် မသိစိတ်ကနေ နှိုးဆော်လိုက်သလို သူ့နှလုံးသားက ဆစ်ခနဲနာကျင်သွားရ၏။
စိတ်ထဲတွင် တစ်စုံတစ်ခုကို အလိုလို ခံစားလိုက်မိကာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ထိုလူအုပ်စုဝေးနေသည့် နေရာသို့ အတင်းတိုးဝင်ကြည့်လိုက်သည်။
"မှုံလေး ... "
မြေကြီးပေါ်တွင် ခွေခွေလေး လဲကျနေသော မှုံလေးကို မြင်လိုက်ရသည်နှင့် ရင်တွေ ဗလောင်ဆူသွားတော့သည်။
သူမ မျက်နှာလေးက သွေးရောင်မရှိဘဲ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ပါးပြင်ပေါ်တွင် မျက်ရည်ကြောင်းများနှင့် ဖုန်မှုန့်များက ပေကျံနေကာ သူ့ရင်ကို မီးစနှင့် ထိုးလိုက်သလိုပင်။
"မှုံလေး... မှုံနံ့သာ ... ထပါဦး ... ကိုယ် ဒီမှာလေ ... ကိုယ် ဘာမှမဖြစ်ဘူး။"
ဆွတ်ရိန်နော်က မှုံ့ကို ပွေ့ဖက်ထူမလိုက်ပြီး ပါးလေးကို ပုတ်ကာ အော်ဟစ်ခေါ်နေသော်လည်း မှုံက တုပ်တုပ်မျှမလှုပ်။
သူမ ကိုယ်လေးက အေးစက်တောင့်တင်းနေ၏။
"လူနာကို ဆေးရုံပို့ရအောင် ... အမြန်ကားပေါ်တင်ရအောင် "
နံဘေးမှ လူတစ်ယောက်အသံကြားမှ ဆွတ်ရိန်နော် သတိဝင်လာကာ
မှုံ့ကို ပွေ့ချီလိုက်သည်။ ပေါ့ပါးလွန်းလှသော သူမ၏ ခန္ဓာကိုယ်လေးကို ပွေ့ချီရင်း သူ့ရင်ဘတ်တစ်ခုလုံး ပူလောင်နေ၏။
______________
ဆေးရုံ အရေးပေါ်ဌာနရှေ့တွင် ဆွတ်ရိန်နော် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိကာ သူ့လက်နှစ်ဖက်ကို ယှက်သိုင်းထားပြီး နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားသည်။ မျိုးမင်းထက်ကတော့ ခုံတန်းလျားပေါ်တွင် ထိုင်ကာ ခေါင်းငိုက်စိုက်ကျနေ၏။
"စိတ်လျော့ပါ ယောက်ဖရာ ... မှုံနံ့သာ ဘာမှမဖြစ်လောက်ပါဘူး။ လန့်သွားလို့ နေမှာပါ။"
"ငါ့ကြောင့် ... ငါ့ကြောင့် သူအခုလိုဖြစ်ရတာ။"
ဆွတ်ရိန်နော့် မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေကာ ကိုယ့်ကိုယ်ကိုလည်း စိတ်တိုနေမိသည်။
ထိုစဉ် အရေးပေါ်ခန်းတံခါး ပွင့်လာပြီး ဆရာဝန်တစ်ဦး ထွက်လာလျှင် ဆွတ်ရိန်နော် အပြေးသွားလိုက်သည်။
"ဆရာ ... ကျွန်တော့်မိန်းမ ဘယ်လိုနေသေးလဲဟင်။
သတိရပြီလား။"
"စိတ်မပူပါနဲ့ ...လူနာက သတိရပါပြီ။
အားနည်းပြီး စိတ်လှုပ်ရှားလွန်းလို့ မေ့လဲသွားတာပါ။ ဒါပေမယ့် ... "
"ဒါပေမယ့် ... ဒါပေမယ့် ဘာဖြစ်လို့လဲ ဆရာ။"
စိတ်အေးသွားရာမှ ဆွတ်ရိန်နော် ရင်ပြန်ခုန်သွားရသည်။
"ဝမ်းသာစရာ သတင်းတစ်ခု ပါလာလို့ပါ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန် ရှိနေပြီ။ ခြောက်ပတ်လောက် ရှိနေပြီဗျ။"
"ဗျာ ... "
ဆွတ်ရိန်နော်ရော မျိုးမင်းထက်ပါ မျက်လုံးပြူးသွားကြသည်။
"ကိုယ် ... ကိုယ်ဝန် ... တကယ်လား ဆရာ။"
"တကယ်ပေါ့ဗျာ ... ဒါပေမယ့် ကိုယ်ဝန်နုစဉ်ကာလမှာ စိတ်အရမ်းလှုပ်ရှားတာ ပင်ပန်းတာတွေ မဖြစ်စေနဲ့နော်။
အခုတော့ အထဲဝင်ကြည့်လို့ ရပါပြီ။"
ဆွတ်ရိန်နော် ဆရာဝန်ကို ကျေးဇူးတင်စကားပင် မပြောနိုင်တော့ဘဲ အခန်းထဲသို့ ခြေလှမ်းကျဲကြီးများနှင့် ဝင်သွားလိုက်တော့သည်။
"မှုံ ... "
ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် မှုံ လှည့်ကြည့်လိုက်လျှင် ကုတင်ဘေးတွင် ရပ်နေသော အကို။
"အကို ... "
မှုံ ထထိုင်ဖို့ ကြိုးစားတော့ ဆွတ်ရိန်နော်က အမြန်ဝင်ထိန်းပေးလျှင် မှုံက ဆွတ်ရိန်နော့် လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
"အကို ... အကို ဘာမှမဖြစ်ဘူးမလားဟင် "
မှုံ့အသံတွေ တုန်ရီပြီး ငိုရှိုက်လာလျှငိ ဆွတ်ရိန်နော်က မှုံ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ကျောလေးကို ပွတ်ပေးသည်။
"ဘာမှမဖြစ်ပါဘူးကွာ ... ကိုယ် ဘာမှမဖြစ်ဘူးနော် ... "မငိုနဲ့တော့ ... တိတ်တော့နော်... မင်းကို တစ်ယောက်တည်း ထားခဲ့ပြီး ကိုယ် ဘယ်မှမသွားပါဘူးကွာ။"
"လူဆိုး ... လူယုတ်မာကြီး ... မှုံ့ကို သေအောင်သတ်နေတာလား။
အကိုသာ တစ်ခုခုဖြစ်သွားရင် မှုံတကယ်သေမှာသိရဲ့လား။ "
မှုံက ဆွတ်ရိန်နော့် ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် ထုကာပြောတော့ သူမလက်သီးဆုပ်ကလေးအားဆုပ်ကိုင်ကာ ...
"အွန်းပါ ... ကိုယ်တောင်းပန်ပါတယ်နော် ... ဪ နောက်ပြီး
ကိုယ် မှုံလေးကို ပြောစရာတစ်ခုရှိတယ် "
ပြောပြောဆိုဆိုနှင့် ဆွတ်ရိန်နော်က မှုံ့ကိုယ်လုံးလေးကို ခွာလိုက်ပြီး မျက်နှာချင်းဆိုင် ကြည့်လိုက်ကာ သူ့လက်ကြီးတစ်ဖက်က မှုံ့ဗိုက်သားပြင်ပေါ်သို့ အသာအယာ ရောက်ရှိလာလေသည်။
"ဟင် ... အကို ဘာလုပ်တာလဲ။"
"မှုံ ... ဒီဗိုက်ထဲမှာ ကိုယ်တို့ရဲ့ ရင်သွေးလေး ရောက်နေပြီတဲ့။"
"ရှင် ... "
မှုံ့မျက်လုံးများ ဝိုင်းစက်သွားကာ ...
"တ ... တကယ်လား အကို။"
"တကယ်ပေါ့ ... ဆရာဝန်ကိုယ်တိုင် ပြောတာ။
ကိုယ်တို့ မိဘတွေ ဖြစ်တော့မယ်ကွ။ ကိုယ် အဖေ ဖြစ်တော့မယ်။"
ဆွတ်ရိန်နော်က ပြောရင်း ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင်
ကျလာ၏။
သူက ကလေးလိုချင်ပေမယ့် မှုံလေးက မလိုချင်သေးဘူးဆိုတာကြောင့် သူဘာမျှ မပြောခဲ့တာပင်။
အခုတော့ ကံကြမ္မာက သူ့ကို မျက်နှာသာပေးလာတာ ထင်ပါရဲ့။
ဒါပေမယ့် မှုံက မလိုချင်သေးဘူးလို့ ပြောထားတာကြောင့် သူမ မျက်နှာလေးအား မဝံ့မရဲကြည့်ကာ ...
"မှုံလေး ... မှုံလေးရော ကလေးလိုချင်ရဲ့လားဟင်။ "
"ဟင် ..."
အကို့စကားကြောင့် မှုံ့ရင်ထဲစို့နင့်သွားရသည်။
"ဘယ်လိုများမေးလိုက်တာလဲ အကိုရဲ့။
မှုံက မလိုချင်ပဲနေမလား လိုချင်တာပေါ့။
အရင်က မလိုချင်ခဲ့တာကလည်း မှုံတို့မွေးလာမယ့် ကလေးလေးကို
မပြေလည်မှုေတွေကြာင့် မှုံ့လို မျက်နှာငယ်ရမှာ စိုးခဲ့လို့။
အခုတော့ မှုံတို့လည်း အသင့်အတင့်အဆင်ပြေလာပြီး ကလေးလေးကလည်း ရောက်လာပြီးမှတော့ မှုံက အစွမ်းကုန်ချစ်ပေးမှာ။ "
"အင်းပါ ... ကိုယ်တောင်းပန်ပါတယ်ကွာနော်။
ကိုယ်မတွေးသင့်တာတွေးပြီး မပြောသင့်တာတွေ ပြောလိုက်မိတာ။
ကိုယ့်မိန်းမလေး စိတ်ဆင်းရဲရပြီ။ "
"အကို "
"အွန်း ... ပြောလေ "
"အကို ကျောက်မရှာတော့နဲ့နော်။
ကံဆိုတာ ပြောလို့ရတာမဟုတါဘူး။
မချမ်းသာချင်လည်းနေပါ အကိုရယ် ... မှုံတို့ရှိတာလေးနဲ့ပဲ
ရောင့်ရဲရအောင်နော်။ "
"ဟုတ်ပါပြီဗျာ ... ကိုယ်လည်း မှုံလေး အခုလိုဖြစ်သွားတုန်းက အရမ်းလန့်သွားတာ။ ကိုယ့်မိန်းမလေး စိတ်ပူမယ့်ကိစ္စမျိုး လုံးဝ မလုပ်တော့ဘူးနော် ... ကိုယ်ကတိပေးတယ်။ "
"ဟုတ် "
မှုံက ခေါင်းလေးညိတ်ကာ သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်လိုက်တော့ သူကလည်း အလိုက်သင့်လေး ဖက်ထားပေးလိုက်၏။
_________________
မှော်စီစာ မြေစာပုံပြိုတဲ့သတင်းက တစ်ရွာလုံး ပျံ့နှံ့နေကာ
ဆိုင်းပန် အိမ်ပြန်ရောက်ရောက်ချင်း သူမထက်အရင် အိမ်ကို
ရောက်နေတဲ့ မျိုးမင်းထက်ကိုမြင်မှ သက်ပြင်းချနိုင်တော့သည်။
"မင်း ... မင်းဘာမှ မဖြစ်ဘူးမလား။ "
ဆွတ်ဆိုင်းပန် အပြေးသွားပြီး မျိုးမင်းထက်ရဲ့ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
"ဘာမှမဖြစ်ပါဘူးဗျ "
"တော်ပါသေးရဲ့... ကျွန်မဖြင့် သတင်းကြားပြီး ရင်တွေပူလွန်းလို့ သေတော့မယ်။"
သူ့ကိုစိတ်ပူနေတဲ့ ဆိုင်းပန်အား မျိုးမင်းထက်က ပြုံးပြီးစိုက်ကြည့်ကာ သူမ ခါးလေးကို သိုင်းဖက်လိုက်၏။
ထိုအခါ ဆွတ်ဆိုင်းပန်က သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှက်ရဲရဲမျက်နှာလေးအား သူ့ရင်ဘတ်နားတိုးကပ်ကာ ဝှက်ထားလိုက်လျှင် သူ့ရဲ့ ရင်ခုန်သံမြန်မြန်ကို ကြားနေရလေသည်။
"ဒါနဲ့... မောင်လေးရော ... သူရော ဘာဖြစ်သွားသေးလဲ။"
ဆွတ်ဆိုင်းပန်က သတိရပြီး သူ့ရင်ခွင်ထဲမှ ခွာကာ မေးလိုက်သည်။
"သူလည်း ဘာမှမဖြစ်ပါဘူး ... ဒါပေမယ့်..."
"ဒါပေမယ့်... ဘာဖြစ်လဲဟင်။"
"သူ့မိန်းမ မှုံနံ့သာလေ... မြေစာပုံပြိုပြီကြားတော့ ဆွတ်ရိန်နော် ပါသွားပြီအထင်နဲ့ လိုက်လာတာ ဟိုရောက်တော့ လန့်ပြီး မေ့လဲသွားလို့ ... ဆေးရုံတင်လိုက်ရတယ်"
"အမယ်လေး... ဖြစ်ရလေ ... မှုံနံ့သာတော့ တော်တော်လန့်သွားရှာမှာပဲ။"
"အွန်း ... အခုတော့ သူတို့လည်း ပြန်ရောက်ပါပြီ။
ဒါပေမယ့် ဝမ်းသာစရာသတင်းက မှုံနံ့သာမှာ ကိုယ်ဝန်ရှိနေပြီတဲ့။"
"ဟယ်... တကယ် ... ဝမ်းသာလိုက်တာ။ "
"သူများကိုပဲ ဝမ်းသာပေး မနေနဲ့ဦဗျ ... ကျွန်တော်တို့ရော ဘယ်တော့ ကလေးယူကြမှာလဲ။
ကျွန်တော် ဘယ်တော့ကလေးအဖေဖြစ်ရမှာလဲ ဆရာမ။ "
"အို "
___________________
အပိုင်း (၆၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)