Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၆၅)

ဆောင်းတွင်းမနက်ခင်းရဲ့ အေးမြမှုနဲ့အတူ ပြတင်းပေါက်ကြားမှ တိုးဝင်လာသော နေရောင်ခြည်နုနုလေးက အိပ်ခန်းငယ်လေးထဲသို့ ဖြာကျလာသည်။

ကုတင်ပေါ်တွင်တော့ မှုံနံ့သာ တစ်ယောက် အိပ်ရာနိုးနေသော်လည်း မထသေးဘဲ ဘေးနားတွင် အိပ်မောကျနေသော အကို့ကို ငေးကြည့်နေမိ၏။

ညက အဖြစ်အပျက်များကို ပြန်တွေးမိတိုင်း မှုံ့ပါးပြင်နှစ်ဖက်က အလိုလို ပူထူလာရသည်။

အရင်ညတွေလို ကျောခိုင်းအိပ်ခဲ့တာ မဟုတ်ဘဲ အကို့ရင်ခွင်ထဲမှာ အိပ်ပျော်ခဲ့ရသည့်အပြင် အကို့ရဲ့ နူးညံ့တဲ့ အထိအတွေ့တွေကြောင့် သူမ ရင်ခုန်ခဲ့ရသည်မှာ အမှန်ပင်။

မှုံ့စိတ်ထဲ ကြည်နူးမှုလေးက အစပျိုးနေလေသည်။

"ဟင်း ... လူဆိုးကြီး "

အိပ်ပျော်နေတဲ့ မျက်နှာကိုကြည့်ကာ တိုးတိုးလေးရေရွတ်ရင်း အိပ်ရာထရန် ပြင်လိုက်စဉ် ခါးပေါ်သို့ လာရောက်တင်လာသော လက်မောင်းကြီးတစ်ခုကြောင့် မှုံ တွန့်ခနဲ ဖြစ်သွားရသည်။

"ဘယ်ပြေးမလို့လဲ "

အိပ်မှုန်စမှုန်အသံကြီးနှင့် မေးကာ မှုံ့ကိုယ်လုံးလေးကို သူ့ဘက်သို့ ဆွဲလှည့်လိုက်တာကြောင့် မှုံ့မျက်နှာနှင့် အကို့ရင်ဘတ် ကျယ်ကျယ်ကြီးက ထိကပ်သွားတော့၏။

"အကို ... နိုးနေတာလား။ "

"နိုးနေတာ ကြာပြီ ... ကိုယ့်မိန်းမက ကိုယ့်ကို ခိုးကြည့်ပြီး ပြုံးနေတာကို ကြည့်နေတာ။ "

ဆွတ်ရိန်နော်က မျက်လုံးမှိတ်ထားလျက်ကပင် နှုတ်ခမ်းစွန်းလေး ကွေးညွတ်ကာ ပြောလိုက်လျှင် မှုံ မျက်နှာလေး ရဲခနဲဖြစ်သွားကာ ...

"ဘယ် ... ဘယ်သူက ခိုးကြည့်လို့လဲ ... မှုံက ထမလို့ လုပ်နေတာ။ ဖယ် ... မီးဖိုချောင် ဝင်ရဦးမယ်။ "

မှုံက သူ့လက်မောင်းကို ဖယ်ချဖို့ ကြိုးစားပေမယ့် ဆွတ်ရိန်နော်က

မလျော့ပေးဘဲ မျက်လုံးဖွင့်ကြည့်လာလေသည်။

သူ့မျက်ဝန်းတွေထဲမှာ စနောက်လိုရိပ်တွေက အပြည့်။

"နေပါဦး ... ဘာလို့ အစောကြီး ထချင်နေရတာလဲ။

ညက ပင်ပန်းထားတာကို အနားမယူချင်ဘူးလား။ "

"အကိုနော် ... "

ဆွတ်ရိန်နော်၏ ပေါ်တင်ကြီး စနောက်လိုက်မှုကြောင့် မှုံ့မျက်နှာလေးက ခရမ်းချဉ်သီးမှည့်လေးလို နီရဲတက်သွားပြီး ခေါင်းလေးငုံ့ကာ ရှက်သွေးဖြာနေလေသည်။

ထိုပုံစံလေးကို မြင်တော့ ဆွတ်ရိန်နော် အသည်းယားသွားပြီး မှုံ့ပါးပြင်လေးကို ရွှတ်ခနဲ နမ်းလိုက်၏။

"အာ ... အကိုကလည်း သွားမတိုက်ရသေးဘူးလေ။ "

"မတိုက်လည်း ချစ်တာပဲ ... ရှက်မနေပါနဲ့ မိန်းမရာ ကိုယ်တို့က လင်မယားတွေ ဖြစ်နေပြီပဲဟာကို ... ပြီးတော့ မနေ့ညက မှုံလည်း ကိုယ့်ကို ..."

"အကို ... တော်တော့လို့ဆို ... မှုံ စိတ်ဆိုးလိုက်မှာနော်။ "

မှုံက မျက်စောင်းလေးထိုးကာ ရွယ်လိုက်တော့ ဆွတ်ရိန်နော်က သဘောကျစွာ ရယ်မောလိုက်သည်။

"ဟားဟား ... ဟုတ်ပါပြီ ဟုတ်ပါပြီ မစတော့ပါဘူး။

ဒါပေမယ့် ကိုယ့်ကို Morning Kiss လေးတော့ ပေးသွားလေ။ "

သူက ပါးလေးထိုးပေးကာ တောင်းဆိုတော့ မှုံက ခေါင်းခါလိုက်သည်။

"မပေးပါဘူး ... ဖယ်တော့ ထတော့မယ် ဗိုက်ဆာနေပြီ။ "

"အနမ်းမပေးရင် မလွှတ်ဘူးကွာ ... ကဲ ဘာလုပ်မလဲ။ "

ဆွတ်ရိန်နော်က ခြေထောက်တစ်ဖက်နဲ့ပါ မှုံ့ခြေထောက်တွေကို

ခွထားလိုက်ပြီး အတင်းဖက်ထားပြန်သည်။ မှုံ ရုန်းမရတော့သည့်အဆုံး ရှက်မျက်နှာရဲရဲလေးနှင့် အကို့ပါးပေါ်သို့ ...

"ပြွတ်စ် "

ခပ်မြန်မြန်လေး နမ်းလိုက်ပြီး အတင်းရုန်းထွက်ကာ ကုတင်ပေါ်မှ ပြေးဆင်းသွားတော့သည်။

"ဟောဗျာ ... မြန်လိုက်တာကွာ ... သေချာတောင် မထိလိုက်ရဘူး။ "

ဆွတ်ရိန်နော်က ကုတင်ပေါ်ကနေ လှမ်းအော်လိုက်လျှင် မှုံက အခန်းဝကနေ လှည့်ကြည့်ပြီး လျှာထုတ်ပြကာ ထွက်ပြေးသွားလေသည်။

ထိုပုံစံလေးအားကြည့်ကာ ဆွတ်ရိန်နော် ကျေနပ်စွာ ပြုံးလိုက်မိ၏။

ဒီမနက်ခင်းလေးက သူ့ဘဝအတွက် အမောပြေစရာ အကောင်းဆုံး မနက်ခင်းလေးပါပဲ။

မီးဖိုချောင်ထဲတွင် မှုံနံ့သာ ထမင်းကျော်နေစဉ် ဆွတ်ရိန်နော်က မျက်နှာသစ်ပြီး ဝင်လာလေသည်။

မှုံ့အနောက်မှနေ၍ ခါးလေးကို သိုင်းဖက်လိုက်ကာ ပခုံးပေါ်သို့ မေးတင်လိုက်လျှင် ...

"အကို ... သူများတွေမြင်မယ်လေ ... ဖယ်ပါဦး။ "

"ဘယ်သူမြင်မှာလဲ ... နှစ်ယောက်တည်း ရှိတာကို ...မွှေးလိုက်တာ ... ထမင်းကြော်နံ့လေးလား ကိုယ့်မိန်းမ ကိုယ်သင်းနံ့လေးလား မသိဘူး။ "

"အပိုတွေ ... သွား ထိုင်စောင့်နေ ... ရတော့မယ်။ "

"မသွားချင်ပါဘူး ... ဒီနားမှာပဲ ကပ်နေချင်တာ ...မှုံလေး... "

"ဟင် ... "

ဆွတ်ရိန်နော်က မှုံ့နားရွက်ဖျားလေးကို နှာခေါင်းဖြင့် မထိတထိ ပွတ်သပ်လိုက်ရင်း လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"ကိုယ့်ကို ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်။

ကိုယ် မင်းကို ဘယ်တော့မှ မျက်ရည်မကျစေရဘူးလို့ ကတိပေးပါတယ်။ "

မှုံက ဒယ်အိုးမွှေနေတဲ့ လက်ကို ခဏရပ်လိုက်ပြီး အကို့ဘက်ကို ငဲ့ကြည့်လိုက်သည်။

"ကတိနော် ... နောက်တစ်ခါ မှုံမသိပဲ ဘာမှမလုပ်ရဘူး။ "

"အင်းပါ ... ကိုယ့်မိန်းမ အမိန့်အတိုင်းပါပဲဗျာ။ "

ဆွတ်ရိန်နော်က ပြောပြီး မှုံ့ပါးလေးကို နောက်ထပ်တစ်ဖန် နမ်းရှိုက်လိုက်ပြန်သည်။ မီးဖိုချောင်လေးထဲတွင် ထမင်းကြော်နံ့ သင်းသင်းလေးနှင့်အတူ ချစ်ခြင်းမေတ္တာအငွေ့အသက်လေးများကလည်း ပျံ့လွင့်နေတော့သည်။

_________________

ဆွတ်ရိန်နော်သည် ကွပ်ပျစ်ထောင့်တွင် ထိုင်ကာ ဆေးလိပ်ကို ဖွာရှိုက်နေကာ သူ့မျက်လုံးများသည် ခြံဝင်းထဲရှိ စိုက်ခင်းများကို ရေလောင်းနေသော မှုံနံ့သာထံမှ မခွာ။ သူမ နဖူးမှ စီးကျနေသော ချွေးစက်များ၊ ပင်ပန်းနေသော မျက်နှာလေးကို မြင်ရတိုင်း သူ့ရင်ထဲ ဆူးနှင့်ထိုးသလို နာကျင်လာရသည်။

သူ ဆေးလိပ်တိုကို မြေကြီးပေါ် ပစ်ချပြီး ဖိနပ်ဖြင့် နင်းချေလိုက်ကာ

သူမအနားသို့လျှောက်သွားလိုက်ပြီး ...

"မှုံလေး ... ကိုယ် မင်းကိုပြောစရာရှိလို့ "

"ပြောလေ အကို ... ဘာကိစ္စလဲ။"

ဆွတ်ရိန်နော်က မှုံ့လက်ကလေးနှစ်ဖက်ကို ဆွဲယူပြီး သူ့လက်ဖဝါးကြီးများကြားတွင် အုပ်မိုးထားလိုက်၏။

"ကိုယ် ... ကျောက်ပြန်ရှာချင်တယ်။"

"အကို ... "

မှုံ့မျက်လုံးများ ပြူးကျယ်သွားပြီး လက်ကို ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် ဆွတ်ရိန်နော်က တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ။

"ခဏလေး နားထောင်ပေးပါ မှုံရယ် ... ကိုယ့်စကား မဆုံးသေးပါဘူး။"

"မနားထောင်ချင်ဘူး။

အကို့ကို ပြောပြီးသားလေ ... အန္တရာယ်များတယ်လို့။

အကို့အမေ လာပြောတာတွေကို မေ့သွားပြီလား။

အကို တစ်ခုခုဖြစ်ရင် မှုံဘယ်လိုလုပ်မလဲ။"

မှုံ့အသံတွေ တုန်ရီလာပြီး မျက်ရည်များ ဝဲတက်လာတော့သည်။

"မှုံလေး ... ကိုယ့်မျက်လုံးကို ကြည့်စမ်းပါ။"

ဆွတ်ရိန်နော်က မှုံ့မေးဖျားလေးကို ကိုင်ကာ ဆွဲမော့လိုက်သည်။

"ကိုယ်လေ ... မင်းကို ဒီအိမ်လေးထဲမှာပဲ တစ်သက်လုံး မထားချင်ဘူး။ မင်းကို ကိုယ်က ရွှေပေါ်မြတင် ဖူးဖူးမှုတ်ထားချင်တာ။

ဒါပေမယ့် အခုတော့ ဈေးရောင်းလိုက်၊ အိမ်အလုပ်လုပ်လိုက်နဲ့ ပင်ပန်းနေရပြီ။ ကိုယ် ဒါကို ဆက်ပြီး မကြည့်ရက်တော့ဘူး။"

"မှုံ မပင်ပန်းပါဘူး အကိုရယ်။ အကို ဘေးနားမှာ ရှိနေရင် ပြီးတာပါပဲ။ ဈေးရောင်းတယ်ဆိုတာလည်း အကိုနဲ့မကခင်ကတည်းက မှုံလုပ်ခဲ့တဲ့အလုပ်ပဲဟာ။ "

" ကိုယ်က ယောင်္ကျားလေ မှုံ။ ‌မင်းကို ယောင်္ကျားတစ်ယောက်ပဲ အဖတ်တင်တာမျိုး မဖြစ်စေချင်ဘူး။

ကိုယ့်မိန်းမကို ပင်ပင်ပမ်းပမ်း ဆင်းဆင်းရဲရဲ အလုပ်လုပ်နေတာ မြင်ရတာ ကိုယ့်ရင်ဘတ်ကြီး ကွဲထွက်မတက်ပဲ။

ပြီးတော့ အမေ့ရှေ့မှာလည်း မင်း မျက်နှာမငယ်ရအောင် ကိုယ် လုပ်ပေးချင်တယ်။"

"..."

" ကိုယ့်ကို ယုံကြည်ပေးပါ။ ကိုယ် ကတိပေးတယ် ... ကိုယ်က ကိုယ့်မိန်းမလေး ကိုယ်တောင်ချစ်လို့မဝသေးတာ ဘာမှမဖြစ်စေရဘူး ... ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ့မယ်။ "

"ဟင့်အင်း ... မသွားပါနဲ့ ... မှုံ စိတ်မချဘူး။ အကို့ကို ဆုံးရှုံးရမှာ ကြောက်တယ်။မှုံ့မှာ ဘယ်သူမှရှိတော့တာမဟုတ်ဘူး ... အကိုတစ်ယောက်ပဲရှိတော့တာ။ "

မှုံက ဆွတ်ရိန်နော့် ရင်ခွင်ထဲသို့ တိုးဝင်ကာ ခါးကို ဖက်ရင်း ငိုရှိုက်တော့သည်။ ထိုအခါ ဆွတ်ရိန်နော်က သူမဆံနွယ်လေးများကို ပွတ်သပ်ပေးရင်း သက်ပြင်းချလိုက်သည်။

"မှုံရယ် ... ကိုယ့်ကို ယုံစမ်းပါကွာနော်။

ကိုယ်ယောက်ျားပါ မိန်းမထဘီနားခိုစားတဲ့ ယောက်ျားမဖြစ်ချင်ဘူး။

နောက်ကျရင် ကိုယ်တို့မှာ ကလေးတွေလည်းရလာဦးမှာ။ "

သူ့စကားကြောင့် မှုံ ငြိမ်ကျသွားသည်။

အကို့ရင်ဘတ်ထဲက နှလုံးခုန်သံပြင်းပြင်းကို သူမ ကြားနေရသည်။ တားလို့မရမှန်းလည်းသိသည်။

မှုံ အကို့ရင်ခွင်ထဲမှ ခွာလိုက်ပြီး မျက်ရည်များကို လက်ခုံဖြင့် သုတ်လိုက်သည်။ ပြီးနောက် ဆွတ်ရိန်နော့်ကို မော့ကြည့်ကာ သက်ပြင်းမောတစ်ချက် ချလိုက်ကာ ...

"ကောင်းပြီလေ ... "

"တကယ်လား မှုံ ... မင်း ခွင့်ပြုတာလား။"

သူမစကားကြောင့် ဆွတ်ရိန်နော့် မျက်လုံးများ အရောင်လက်သွား တော့သည်။

"ဒါပေမယ့် ကတိတစ်ခုတော့ ပေးရမယ်။"

"ပေးတယ် ... ပေးတယ် တစ်ခုမဟုတ်ဘူး ဆယ်ခု အာ ဆယ်ခုမကဘူး ကြိုက်သလောက်တောင်းကွာ။ "

"ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ် ... ဘာထိခိုက်မှုမှ မရှိရဘူး။

အဲ့ဒီကတိ တည်မှ သွားရမယ်။"

"ပေးတယ် ... ပေးတယ်ဗျာ။ ကိုယ့် မိန်းမရဲ့ စကားကို မြေဝယ်မကျ နားထောင်ပါ့မယ်ဗျာ "

ဆွတ်ရိန်နော်က ဝမ်းသာအားရဖြင့် မှုံ့ကို ပွေ့ဖက်လိုက်ပြီး လေပေါ်သို့ မြှောက်ကာ တစ်ပတ်လှည့်ပစ်လိုက်သည်။

"ဟာ ... အကို ... ချ ချ ပြုတ်ကျကုန်မယ်။"

"မကျစေရပါဘူးကွ။ ဒီသေးသေးလေးကို ကိုယ်ကမနိုင်စရာလား။ "

ဆွတ်ရိန်နော်က မှုံ့ကို ပြန်ချပေးပြီး နဖူးလေးကို တရွှတ်ရွှတ် နမ်းရှိုက်နေတော့သည်။ မှုံကတော့ အကို့အပြုံးတွေကို ကြည့်ပြီး ကြည်နူးရသလို ရင်ထဲမှာလည်း စိုးရိမ်စိတ်က အနည်ထိုင် ကျန်ရစ်နေဆဲပင်။

အပိုင်း (၆၆) ဆက်ရန် ...

(ဇာတ်လမ်းက မထင်မှတ်ပဲ တအားရှည်သွားလို့ အီနေပြပြီမလား။

၇၀လောက်ထိပဲနော် ... မြန်မြန်လေးဇာတ်သိမ်းပေးပါတော့မယ်ရှင့်)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၆၄) နောက်အခန်း - အပိုင်း (၆၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ