Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၁၅

မင်းခန့် မျက်ရာကဒဏ်ရာကြောင့် သုံးရက်လောက် ကျောင်းလည်းမသွား ကလေးလေးကိုလည်း သွားမကြည့်ဘဲ အိမ်ထဲမှာသာ နေရလေသည်။ထိုသုံးရက်အတွင်း ထမင်းမစားနိုင်တာကြောင့် မေမေလုပ်ပေးတဲ့ ဆန်ပြုတ်လေးကိုသာ အားတင်းပြီး သောက်ခဲ့ရသည်။မျက်နှာက ဒဏ်ရာပျောက်တာနဲ့ အရင်ဦးဆုံး ကလေးလေး ကိုသာ သွားတွေ့ ချင်စိတ်ဖြစ်၍ ဆေးရုံကိုသာ လာခဲ့လေသည်။

"ဦးငယ် ကလေးလေးရောဟင်...''

မင်းခန့် ကလေးကိုမတွေ့၍ မျက်စိပျက်မျက်နှာပျက်နှင့် မေးလာတော့ တေဇာ ပြုံးလိုက်ပြီးနောက်...။

"ကလေးက သူ့အမေဆီမှာလေ...နို့တိုက်ချိန်ရောက်နေတော့ ဆရာမလေးက ခုနကပဲ သွားပို့တယ်..''

"ကျစ်...''

မင်းခန့် မျက်မှောင်ကျုံ့ကာ သိတ်ပျက်သွားဟန်နှင့် ဆံပင်ကြားထဲ လက်ထိုးထည့်ပြီး စုတ်သတ်လိုက်၏။

"ငွေ့ရည်နဲ့ ကလေးကိစ္စကို ဘာ်လိုလုပ်မယ် စိတ်ကူးထားလဲ...မမကိုရော ဒီအကြောင်းတွေ ပြောပြပြီးပြီလား...''

"ကျွန်တော် မလုပ်နိုင်ဘူး ဦးငယ်...ပျို မဟုတ်တဲ့တခြားမိန်းမတစ်ယောက်ကို ဘယ်လိုအကြောင်းနဲ့မှ လက်မထက်နိုင်ဘူး...ဒီဘက်ကကိစ္စကို ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ ဖြေရှင်းမယ်.. ဒီအကြောင်းကို မေမေနဲ့ ပျို့ကို မသိစေချင်ဘူး ဦးငယ်...''

တေဇာ မင်းခန့်ရဲ့ စကားတွေကို မကြိုက်ပေ။သို့သော် ကာယကံရှင်ဖြစ်တဲ့ သူတို့ကြားထဲက ကိစ္စတွေကို အလုံးစုံမသိတာကြောင့် ပြောသင့်ပြောထိုက်တဲ့ စကားကိုသာ ပြောလိုက်၏။

"ဦးငယ်ကတော့ ငါ့တူကို ကိုယ့်အမှားကိုကိုယ် တာဝန်မယူတဲ့သူတစ်ယောက် မဖြစ်စေချင်ဘူးကွာ...ကလေးလဲရှိလာပြီဆိုတော့ သေချာစဥ်းစားစေချင်တယ်..ဖခင်မရှိဘဲ ကြီးပြင်းရတဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို ကိုယ်တိုင်လည်းအသိပဲ မဟုတ်လား...ဘယ်သူ့ကိုမှပြေးမမြင်မိရင်တောင် နှင်းလေးနဲ့ပန်းလေးကို အရင်မြင်ကြည့်လိုက်ပါ...''

မင်းခန့် တေဇာရဲ့ စကားတွေကြောင့် တွေဝေသွားသည်။တစ်ဖက်က သူအရမ်းချစ်ရတဲ့ မိန်းကလေး တစ်ဖက်က သူ့အသွေးအသားကြောင့် ဖြစ်တည်လာတဲ့ ကလေးလေး ထိုနှစ်ယောက်ထဲက တစ်ယောက်ထဲကို ရွေးချယ်ဆိုတာ သူ့အနေ့နဲ့ ဘယ်လိုမှမလုပ်နိုင်ပါ။

ပျို့ကိုလည်း လက်မလွှတ်နိုင်သလို ကလေးလေးကိုလည်း ဖမ်းဆုပ်ထားချင်မိတယ်။ကလေးလေးရဲ့မေမေကို မုန်းပေမယ့် ကလေးလေးက သူ့သွေးသားမို့ သူချစ်ပါသည်။ကလေးသေးသေးလေးကို သူ့ရင်ခွင်ထဲထည့်ပြီး ပွေ့ချီထားချင်သည်။ဝါဂွမ်းလေးလို နူးညံ့တဲ့ ပါးနုနုလေးကို နမ်းရှိုက်ချင်သည်။

"ဦးငယ်...ဘယ်နေ့ ဆေးရုံက ဆင်းမှာလဲ...''

"မနက်ဖြန်ဆို ဆင်းလို့ရပြီ...ကလေးက မဆင်းရသေးတော့ မိခင်ကနေနေရတာ..''

"အင်း...ဒါနဲ့ ဦးငယ်...''

"ပြောလေ..''

"ဘာမှမဟုတ်တော့ဘူး... ကျွန်တော်ကျောင်းသွားတော့မယ်...''

"ကလေးကြည့်ချင်လို့ ဒီကိုလာခဲ့တာမဟုတ်လား...''

တေဇာ ပြုံးတုံ့တုံ့မင်းခန့်ကို ပြောလိုက်တော့ မင်းခန့်က ခေါင်းညိတ်ပြလေသည်။

"ကလေးလေက မင်းနဲ့တစ်ရုပ်ထဲပဲကွာ...''

"ကျွန်တော့်ကလေးပဲ ကျွန်တော်နဲ့တူတာပေါ့ဗျာ..''

"ဟုတ်ပါပြီကွာ...''

တေဇာလည်း ဆရာမလေးကို ဖုန်းဆက်ပြီး အခန်း တံခါးလေးဟခိုင်းထားလိုက်သည်။ဆရာမလေးလည်း တံခါးကိုအပြည့်မပိတ်ဘဲ ဟထားပြီး ထွက်လာခဲ့သည်။သူ့တို့ အခန်းရှေ့ တံခါးဝကနေ အတွင်းက လှုပ်ရှားမှုတွေကို အတိုင်းသား မြင်ရလေသည်။

ဖေဖေဟာ သူမရဲ့ ဆံပင်တွေကို ဖြီးပြီး ကျစ်ဆာမြီးလေးကျစ်ပေးနေသည်။ထို့ကြောင့် သူဒေါသခိုးတွေထွက်လာပြီး လက်သီးတွေကို ကျစ်နေအောင် ဆုပ်ထားလိုက်မိသည်။အမှန်ဆိုရင် ဖေဖေ ဒီလိုလုပ်ပေးရမှာက မေမေနဲ့ညီမလေးနှစ်ယောက်ပဲ ဖြစ်သင့်တာမဟုတ်လား။အခုတော့ သူ မုန်းပါတယ်ဆိုတဲ့ မိန်းမကိုမှ တယုတယနဲ့ လုပ်ပေးနေတာကြောင့် အခန်းထဲ ပြေးဝင်လိုက်ပြီးတောင် ထိုလက်တွေကို လက်ဖြုတ်လိုက်ချင်သည်။

"ကိုကို..ညီမလေးရဲ့ သမီးလေးက ချစ်စရာလေး ကြည့်ပါအုန်း ကိုကိုရယ်.. ကိုကိုနဲ့လည်းတူတယ်နော်...''

ငွေ့ရည် အိပ်နေတဲ့ သမီးလေးရဲ့ ပါးနုနုအိအိလေးကို သူမရဲ့ လက်ညိုးကလေးနဲ့ သဘောတကျကျနဲ့ တို့ထိနေလေရဲ့။ငွေ့ရည်သမီးလေးကို အသဲယားတာနဲ့ ပါးအိအိလေးကို နမ်းလိုက်ပြန်သည်။သူမနမ်းလိုက်တာနဲ့ သမီးလေးက မျက်လုံးမှိတ်လျက်သား လက်ကားယား ခြေကားယားကလေးဖြစ်လာတော့သည်။

"အယ်...မေမေ့သမီးလေးက အိပ်ပုတ်လေးကွယ်...''

သမီးလေးက သူမနဲ့မတူဘဲ ဟိုတစ်ယောက်နဲ့သိပ်ကိုတူသည်။နှာတန်ချွန်ချွန်ကလေးရယ် ထူထပ်တဲ့မျက်ခုံးတွေရယ် စူးရှတဲ့မျက်လုံးလေရယ်က ဟိုတစ်ယောက်နဲ့တစ်ပုံဆန်ထဲရယ်ပါ။အခု မခန့်မှန်းတက်သည့် အရွယ်ကလေးမှာတောင် ဒီလောက်တူနေတာ အရွယ်တစ်ခုရောက်လာရင်တော့ ပန်းပုထုသလားတောင် မှတ်ရမည်။

"ဟျောင့် ဇာနည်...ငါတို့ရဲ့ငွေ့ရည်လေးတောင် ကလေးလေးမေမေဖြစ်လာပြီ..မင်းကတော့ အခုထိ ဇနီးနဲ့သားကို ရှာမတွေ့သေးဘူး..မြန်မြန်ရှာလေကွာ..မင်းရဲ့သားလေးက သူ့ညီမပေါက်စလေးကို ထိန်းရအောင်...''

မင်းခန့်ကိုကိုနဲ့ဘုန်းမြတ်တေဇာတို့ အခန်းထဲက ကောင်းတို့ရဲ့စကားသံကိုအတိုင်းသားကြားနေရသည်။နောက်ထပ် လာမယ့် အသံကို တစ်စိုက်မတ်မတ် အာရုံစွင့်နေတော့တယ်။

"ငါလည်း ရှာတာပဲကွာ...''

"ကိုကိုရှာတာ မဟုတ်လို့ မတွေ့တာပေါ့ကိုကိုရယ်...ကိုကိုက သူတို့နာမည်ကိုလည်း မမှတ်ဘဲ အိပ်မက်ထဲက ပုံရိပ်ယောင်တွေအတိုင်း လိုက်ရှာမှတော့ ဘယ်လိုတွေ့မလဲ...အမှန်ဆိုရင် ညီမလေးပြောသလို ကိုကိုဆွဲထားတဲ့ ပုံလေးတွေကို လိုင်းပေါ်တင်ပြီး ရှာလိုက်ရင် တွေ့နိုင်မှာ သိလား..ဒါနဲ့လေ ဟိုရက်က ကိုကိုအိပ်မက်ထဲ လန့်ပြီး အော်လိုက်တာ ချိုတဲ့လို့လေ..ကိုကို မှတ်မိလားဟင်...''

"ကိုကို မမှတ်မိဘူးပဲ...''

"အဲဆိုလည်း ညီမလေးပြောသလို လုပ်လိုက်ပေါ့ ကိုကိုရာ...အဲဒါမှ ကိုကိုက မမနဲ့တူလေးကို မြန်မြန်ပြန်တွေ့မှာပေါ့..အဲဒါမှ တူလေးကို သူ့ညီမလေး ထိန်းခိုင်းလို့ ရမှာပေါ့ ကိုကိုရဲ့...''

"လက်စသတ်တော့ ညဥ်းက ကိုကို့သားကို ကလေးထိန်းခိုင်းမလို့ပေါ့လေ..''

"အင်းလေ.. ကိုကိုလည်း အလုပ်ရှိတယ်..ကိုကြီးထက်ဝေယံလည်း အလုပ်ရှိတယ်.. သမီးလေးနည်းနည်းကြီးလာရင် ညီမလေးက ဆေးခန်းပြန်ထိုင်မှာ..အဲတော့ သမီးလေးကို ထိန်းဖို့ တူလေးကို အားကိုးရမှာပေါ့လို့...မဟုတ်ဘူးလား...''

ကိုကို့ကို သူ့မိသားစုလေးနဲ့ ပြန်ဆုံစေချင်မိတယ်။ကိုကိုက သူ့မိသားစုကို ပြန်တွေ့သွားပြီး သူမတို့သားမိကို ထားခဲ့မှာကိုလည်း သေမတက်ကြောက်မိတယ်။မမနဲ့တူလေးကိုပြန်တွေ့ခြင်းက သူမအတွက် တစ်ဖက်ဆွဲတစ်ဖက်ခါ အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပါပဲ။

ဇာနည် ငွေ့ရည်ရဲ့ မျက်နှာညိုးသွားသည်ကို ကြည့်လိုက်ပြီး သူမလေး ဘာတွေကိုတွေးနေသလဲဆိုတာကို သိလိုက်ရသည်။သူမတွေးသလိုမျိုး ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပေ။အကယ်၍ သူ့မိသားစုကိုပြန်တွေ့ခဲ့ရင် သူမလေးတို့သားအမိကလည်း သူ့အတွက် မိသားစုဝင်ဖြစ်လို့ အပါခေါ်သွားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်လေသည်။

ဇနီးနဲ့သားကိုရှာနေတယ်..တူလေးကိုတွေ့ရင် သမီးလေးကို ထိန်းခိုင်းမယ်ဆိုတဲ့ သူမရဲ့စကားတွေကြောင့် သူ့မျက်နှာပျက်ယွင်းသွားသည်။ဦးငယ်ပြောသလို အက်စီဒန့်ကြောင့် ခေါင်းထိခိုက်မိရင် မှတ်ဉာဏ်တွေက ခဏတာပျောက်သွားတာကြောင့် သူတို့ကိုမေ့သွားတာကို လက်ခံပေမယ့် အခုဖေဖေရဲ့ ဦးနှောက်ထဲမှာ သူတို့မဟုတ်တဲ့ အန်တီဆောင်းတို့သားမိကို အမှတ်ရနေတာကိုတော့ သူလက်မခံနိုင်ပေ။သို့သော်..အိပ်မက်မက်တိုင်း ယောင်ရမ်း၍ ခေါ်သည့်နာမည်လေးက မေမေရဲ့နာမည်လေးဟု သိလိုက်ရတော့ ကြည်နူးမိသည်။

ဟော..ကိုကို့တူမလေးနိုးလာပြီ...နို့တိုက်လိုက်အုန်း...ကိုကိုတို့ အပြင်မှာရှိနေမယ်...

ဟုတ် ကိုကို...

မင်းခန့်နဲ့တေဇာလည်း ကောင်းတို့အပြင်ထွက်မည့်အရိပ်ယောင်ကို တွေ့ရ၍ အခန်းရှေ့ကနေ လှည့်ထွက်လာခဲ့သည်။ကလေးလေးကို ကိုကို့တူမလေးလို့ သုံးနှုန်းတဲ့ ဖေဖေကြောင့် သူပြုံးလိုက်၏။

ကလေးလေးကို တွေ့ချင်လို့ လာခဲ့ပေမယ့် အဝေးကနေဘဲ ကြည့်ပြီး ပြန်လာခဲ့ရတယ်။ဒါပေမယ့် သူလာခဲ့ခြင်းကအဖိုးတန်သည်ပြောရမည်။တစ်ရာရာခိုင်နှုန်း ဖေဖေဆိုတာ သေချာတာကြောင့်ပင် ဖြစ်၏။ကျောင်းရောက်လာပြန်တောလဲ သူ့မှာစာထဲကိုစိတ်မရောက်ဘဲ သူ့စိတ်တွေက ရှုပ်တနေတဲ့ကလေးလေးဆီသာ ရောက်နေခဲ့သည်။

ပြုံးစိစိနဲ့ ဘာတွေစိတ်ကူးယဥ်နေတာလဲကွာ...မဟုတ်မှလွဲရော..ကြွေရုပ်နဲ့စိတ်ကူးထဲမှာ ကြည်နူးနေတာလား...

မင်းခန့် မိုးညရဲ့စကားကြောင့် ပျိုရဲ့ ပြုံးရယ်နေသည့် ပုံရိပ်ကလေး မျက်လုံးထဲမြင်လာတော့ မျက်နှာပျက်ယွင်းသွားသည်။မင်းခန့် မျက်နှာမကောင်းဖြစ်သွားတာကို မိုးည ကိုသူရိန် ဇွဲပြည့်တို့က ကြည့်ပြီး သက်ပြင်းချလိုက် ကြသည်။သွန်းသွန်းကတော့ ထုံးစံအတိုင်း ကျောပြင်ကို ဗြန်းခနဲ မြည်အောင် ရိုက်လိုက်၏။သွန်းသွန်းရိုက်လိုက်ပေမယ့်လည်း မင်းခန့်အရင်လို ပြန်ပြီးမတုန့်ပြန်ဘဲ ငိုင်နေသည်။သူ့ပုံစံမဟုတ်တဲ့ မင်းခန့်ကြောင့် သူတို့အားလုံးလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပုခုံးလေးတွန့်ပြီး အချက်ပြလိုက်ကြသည်။

"ဘာဖြစ်နေတာလဲ မင်းခန့်..ငါပြောလိုက်တာကြောင့် မင်းမျက်နှာပျက်သွားတယ်..

မင်းကြည့်ရတာလည်း ဒီရက်ထဲ စိတ်နဲ့လူမကပ်သလိုပဲ...ပျိုနဲ့ အဆင်မပြေဘူးလား...''

"ဟုတ်တယ် မင်းခန့်...နင်တို့ဘာဖြစ်လို့လဲ ငါ့ကိုပြောလေဟယ်...ပျိုက နင်နဲ့ငါ့ကို အထင်လွဲပြီး စကားများကြလို့လား...အဲဆိုရင် မဟုတ်ဘူးဆိုတဲ့ အကြောင်း ငါရှင်းပြပေးမယ်လေ...''

မင်းခန့် ဇွဲပြည့်နဲ့သွန်းသွန်းကို မဟုတ်ဘူးဆိုသည့်သဘောနဲ့ ခေါင်းရမ်းပြလိုက်၏။

"အဲဆိုဘာဖြစ်တာလဲ..ငါတို့ကိုလည်း ပြောအုန်းလေကွာ...မင်း တစ်ယောက်ထဲ မြိုသိပ်မထားနဲ့ ...ငါတို့ကိုပြောပြတော့ မင်းအကြံဉာဏ်လည်းရတာပေါ့ကွ...''

"ဟူး...''

မင်းခန့် အကြောင်းစုံကိုပြောချင်ပေမယ့် သွန်းသွန်းရှိနေတာဖြစ်၍ ပြောလို့ကမဖြစ်တာကြောင့် မိုးည သူရိန် ဇွဲပြည့်တို့ဆီက အကြံတောင်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ချေ။

"သက်ပြင်းတွေချမနေစမ်းနဲ့ မင်းခန့်ရယ်...နင်ဘာဖြစ်နေတာလဲ ငါ့ကိုပြောစမ်းပါဟယ်...နင့်မျက်နှာကြည့်ပြီး ထမင်းတောင်စားမဝင်တော့ဘူး သိလား...''

"ဟ...အဲဆိုလည်း ဇွဲပြည့်မျက်နှာကိုကြည့်ပြီးစားပေါ့..''

မင်းခန့် ရယ်ကျဲကျဲနဲ့ သွန်းသွန်းကို စနောက်လိုက်သည်။

"သေနာလေး ငါအကောင်းပြောနေတာနော်..မရွဲ့နဲ့ လုပ်ထည့်လိုက်လို့ နာအုန်းမယ်...''

သွန်းသွန်းကတော့ မျက်နှာကလေးဆူပုတ်ပုတ်နဲ့ သူ့ကိုပြောပြီး မျက်စောင်းတွေထိုးလာတော့သည်။သူမကို ကြည့်ပြီး မိုးည သူရိန် ဇွဲပြည့်တို့က ဝိုင်းရယ်ကြလေသည်။

မင်းခန့် ပျော်ရွင်ရယ်မောနေကြတဲ့ သူ့သူငယ်ချင်းတွေကိုကြည့်ပြီး သူတို့တွေကြားမှာ ကလေးတစ်ယောက်အဖေဖြစ်သွားသည့် သူ့ အဖြစ်ကိုသူတွေးပြီး သူ့ကိုယ်သူလည်းဒေါသထွက်သလို သူမကိုယ်လဲ ဒေါသထွက်မိလေသည်။ကလေးကို အကြောင်းပြပြီး သူ့ကို အနိုင်ပိုင်းချင်သည့် သူမကို မုန်းလေသည်။

"ကျုပ်ကိုအနိုင်ရဖို့ အရှက်ကွဲခံပြီး ကလေးကိုတမင်ရအောင်ယူခဲ့တဲ့ ခင်ဗျားရဲ့သတိကို ကျုပ် ချီးကျူးတယ်...ဒါပေမယ့် ခင်ဗျား ကျုပ်ကို ဘယ်တော့မှ မနိုင်ဘူး...ကျုပ်က ဘယ်လိုအကြောင်းနဲ့မှ ခင်ဗျားကို လက်ထက်မှာ မဟုတ်လို့ပဲ...''

သူ့မှာဒီရက်ထဲ ကလေးလေးနဲ့ဖေဖေအကြောင်းတွေနဲ့ရှုပ်နေတာကြောင့် ပျိုကိုလည်း သွားလည်းမတွေ့နိုင်သလို အကြို့အပိုမလုပ်ပေးနိုင်ပေ။ပျိုသာ ဒီကြောင်းတွေ သိသွားခဲ့ရင် သူ့ကိုမုန်းသွားမှာ မေမေကလည်း သူ့ကို ခွင့်လွတ်ပေးမည်မထင်ပါ။

« ရှေ့အခန်း - အပိုင်း ၁၄ နောက်အခန်း - အပိုင်း ၁၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ