သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ကောင်းသောတွေ့ဆုံမှုမျိုး မဟုတ်ခဲ့ပါ။ထိုအမုန်းတရားတွေနဲ့ စတင်ခဲ့တဲ့ အမှားတစ်ခုကနေ အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ဦးက ဝင်ရောက်လာခဲ့သည်။
ဇာနည်နဲ့ထက်ဝေယံ အရေးကြီးသုပ်ပြာနဲ့ ဆေးရုံထဲဝင်လာခဲ့သည်။ဆေးရုံထဲရောက်တာနဲ့ တွေ့သမျှဆရာမလေးတွေကို သူမရဲ့နေရာကို မေးလေ၏။ ညွှန်ပြတဲ့လိုက်တဲ့အခန်းအတိုင်း သူတို့နှစ်ယောက်လာခဲ့သည်။အခန်းရှေ့ရောက်တော့ မျက်နှာချင်းဆိုင် ဆုံကြတော့ တစ်ဖက်ကအံ့သြလျက် တစ်ဖက်က ဒေါသမျက်လုံးတွေနဲ့ နှစ်ဖက်လုံးရဲ့ အကြည့်တွေက ဆန့်ကျင်ဘက်ဖြစ်လျက်။
"ဖေဖေ..''
"ကောင်းသန့်ကိုကို...''
မင်းခန့်တစ်ယောက် ဖခင်ဖြစ်သူကို သူ့ရှေ့၌ မျက်ဝါးထင်ထင် တွေ့လိုက်ရတာဖြစ်၍ တိုးလျသည့် အသံလေးနဲ့ ခေါ်လိုက်၏။တေဇာလည်းမင်းခန့်နည်းတူ ကောင်းနဲ့တူသော ဇာနည်ကို မြင်လိုက်၍ အံ့အားသင့်ကာ ခေါ်လိုက်မိ၏။
သူ့ဆီကို ခြေလှမ်းကျဲများဖြင့် အလောသုံးဆယ် လှမ်းလာတဲ့ ဇာနည်ကိုကြည့်ပြီး မင်းခန့် ပြုံးလိုက်၏။
ဇာနည် သူတို့ရှေ့က တောဇာနဲ့မင်းခန့်တို့ နှစ်ယောက်ရဲ့ ပုံစံကိုကြည့်လိုက်၏။မင်းခန့်ရဲ့ အကျီတွေမှာ သွေးတွေပေကျံနေတာကြောင့် သူ့ညီမလေးကို အိမ်ထိလာပြီး ဒီလိုဖြစ်အောင် လုပ်လိုက်တဲ့သူ၊သူမကို စော်ကားသွားတဲ့ သူဆိုတာ တပ်အပ်သိလိုက်လိုက်၍ မင်းခန့်ကို ပြေးဝင်ထိုးလိုက်၏။ဇာနည်ရဲ့ အားပါးတရထိုးချက်ကြောင့် မင်ခန့် နောက်ကိုယိုင်သွားတော့လေသည်။မင်းခန့်မှာ ဘာတစ်လုံးမှ ပြောချိန်မရပေ။တေဇာ ဝင်ဆွဲပေမယ့် ဇာနည်က စောင့်တွန်းလိုက်တာကြောင့် နောက်ကိုပစ်လဲသွားတော့သည်။
"ငါ့ညီမလေးကို စော်ကားသွားတဲ့ကောင်က မင်းမဟုတ်လား..အခုလဲ မင်းကြောင့် ငါ့ညီမလေး သေမလိုဖြစ်သွားတာ...''
"ခွပ်...ခွပ်..''
"မင်းလိုလူယုတ်မာကောင်ကောင်ကြောင့် ငါ့ရဲ့အဖိုးတန်ညီမလေးက သူများတံတွေးခွက်မှာ ပတ်လက်မျောခဲ့ရတာ...နေ့စဥ်နဲ့အမျှ မျက်ရည်တွေနဲ့ အိပ်မက်ဆိုးတွေကြား ဖြတ်သန်းခဲ့ရတာ...''
"ခွပ်...ခွပ်...''
မင်းခန့် ဇာနည် ထိုးကြိတ်နေတာကို ငြိမ်ခံနေသည်။ဇာနည်ရဲ့ လက်သန်းကြွယ်က ရွှေမောင်းကွင်းလေးကိုသာ ကြည့်ပြီး မျက်ရည်တွေကျလျက် နာကျင်စွာပြုံးလိုက်၏။သူ့ကို ဒေါသတကြီး ထိုးကြိတ်နေသည့် သူမအစ်ကိုဆိုတဲ့ သူ့ဖေဖေနဲ့တူတဲ့သူက လက်စွပ်လေးကြောင့် သူ့ဖေဖေဆိုတာ သေချာသွားတာကြောင့် နာကျင်မှုတွေကို သတိမရတော့ဘဲ ဝမ်းသာလွန်း၍ မျက်ရည်တွေ စီးကျလာသည်။
"တော်ပြီ ဇာနည်...ဆေးရုံကြီးမှာကွာ..လူတွေလည်းကြည့်နေတယ်...နောက်ရက်ကျမှ အေးဆေးညှိကြတာပေါ့ကွာ...''
"တောက်...''
ဇာနည်ရဲ့ တောက်ခတ်သံက ဆေးရုံအတွင်းမှာ ဟိန်းထွက်သွားခဲ့၏။ဇာနည် မင်းခန့်ရဲ့ အကျီကော်လံစကို ဆွဲယူလိုက်ပြီး
"မင်း ငါ့ညီမလေးနဲ့ငါ့တူမလေးကို တာဝန်ယူရမယ်...မဟုတ်ရင် ငါ့လက်နဲ့မင်းကို သတ်ပစ်ရလိမ့်မယ်...''
မင်းခန့် ဇာနည်တစ်ဖြစ်ကောင်းရဲ့ သတ်ပစ်မယ်လို့ ကျိန်းဝါးသွားသည့် စကားဟာ သူ့ရင်ကို တစ်ဆစ်ဆစ်နဲ့ နာကျင်စေသည်။သူထိခိုက်ဒဏ်ရာရမှာ သိပ့်ကြောက်တဲ့ဖေဖေဟာ အခုတော့ သူ့ကို အသွေးအသားရော နှလုံးသားကိုသာ ထိခိုက်နာကျင်စေလာခဲ့တယ်။
သူ့ကိုတွန်းလိုက်ပြီး ဒေါသမီးတောက်တွေ ပြည့်လျှံနေသည့် မျက်လုံးများနှင့် ကြည့်ပြီး သူမရဲ့အခန်းထဲကို ဝင်သွားသည့် ဖေဖေနဲ့သူမရဲ့ ပတ်သက်မှုကို သိချင်စိတ်က တဖွားဖွားပင်။
"ဦးငယ် ဖေဖေက ကျွန်တော်ကို မသိသလိုဖြစ်နေရတာဗျာ...ဖေဖေက ကျွန်တော့်ကို ဘာလို့မမှတ်မိသလိုမျိုး နေနေတာလဲ...နောက်ပြီး ဒီမိန်းမက ဘာလို့ ဖေဖေ့ညီမဖြစ်နေရတာလဲ...ဘာလို့ ဒီမိန်းမအတွက်နဲ့ ကျွန်တော့်ကို သတ်ပစ်ချင်လောက်အောင်ထိ မုန်းနေရတာလည်းဗျာ...''
မင်းခန့်အသံတွေက ဆွေးမြေ့နေတာကြောင့် တေဇာ မင်းခန့်ရဲ့ ပုခုံးလေးကို နှစ်သိမ့်သလိုလေး ပုတ်လိုက်ကာ
"ဦးငယ်တို့ မသိသေးတဲ့ အကြောင်းတွေ ရှိနေလို့ဖြစ်မှာပါ...ကိုကောင်းသန့်ကိုကိုက ငါ့တူကို ဘယ်လောက်ချစ်သလဲဆိုတာ ဦးငယ်တို့အသိဆုံးပဲလေကွာ...အမှန်တရားတွေကို ဦးငါ်တို့ စုံစမ်းရမှာပေါ့ကွာ...''
"အင်း...''
မင်းခန့် အခန်းဝကနေ သူ့ဖေဖေနဲ့ငွေ့ရည်ကို ကြည့်နေ၏။ဖေဖေက နွမ်းလျနေသည့် သူမရဲ့မျက်နှာကလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေပုံပေါ်သည်။သူမရဲ့ နဖူးလေးကို နမ်းလိုက်တဲ့ မြင်ကွင်းကိုကြည့်ပြီး လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်၏။
"ကိုကို့ညီမလေး ပင်ပန်းသွားပြီ...''
ငွေ့ရည် ဘေးပတ်လည်ကို ကြည့်လိုက်တော့ ကလေးကို မတွေ့၍
"ကိုကို ညီမလေးရဲ့ သမီးလေးရောဟင်...ညီမလေး သမီးလေးကို တွေ့ချင်တယ်...သမီးလေးက ညီမလေးနဲ့တူလားဟင်...''
ဇာနည်လည်း သူမရဲ့အမေးကြောင့် မျက်နှာညိုးသွားပြီး ငွေ့ရည်ရဲ့လက်ကလေးတွေကို ဆုပ်ကိုင်လိုက်ပြီးမှ...။
"ကလေးလေးကို ကိုကို့တို့ သွားမကြည့်ရသေးဘူး...ဆရာမလေးပြောတာကတော့ ကိုကို့ညီမလေးရဲ့ ကလေးလေးက ကြပ်မတ်ဆောင်မှာ ရှိတယ်... ကလေးလေးက လမစေ့ဘဲ စောစောမွေးလိုက်ရတာကြောင့် ပေါင်မပြည့်ဘူး ညီမလေး..''
"ညီမလေးလေ.. သမီးလေးကို သနားလိုက်တာ ကိုကိုရယ်...ညီမလေးကြောင့် ညီမလေးပေါ့စလို့ သမီးလေးက ခုလိုမျိုးဖြစ်ရတာ..''
"မငိုရဘူးလေကွာ...ခေါင်းကိုက်နေလိမ့်မယ်.. တူမလေးက ပေါင်မပြည့်တာကလွဲ ကျမ်းကျမ်းမာမာနဲ့ရှိနေပါတယ်..စိတ်မကောင်းမဖြစ်ရဘူးနော်...''
"ညီမလေး သိပါတယ် ကိုကို...ညီမလေးလည်း ဆရာဝန်တစ်ယောက်ပဲဟာ...ဒါပေမယ့် ညီမလေး ကိုယ်တိုင် မိခင်တစ်ယောက်ဖြစ်မှ ကြပ်မတ်ဆောင်ထဲမှာ ရှိနေတဲ့ ကလေးလေးတွေရဲ့ မေမေတွေ မျက်ရည်ကျတဲ့ ဒီခံစားချက်ကို နားလည်နိုင်တော့တယ် ကိုကိုရယ်...''
"ညဥ်းကြည့်ချင်လို့လား ငွေ့ရည်..ငါ ဆရာမလေးကို ပြောပြီး ခေါ်လာပေးခိုင်းလိုက်ရမလား...''
"နေပါစေ ကိုကြီးထက်ဝေယံရယ်..ဆရာမလေး နို့တိုက်ဖို့ ကလေးကိုလာပို့ပေးမှပဲ ငွေ့ရည်ကြည့်ပါတော့မယ်...''
"ဇာနည် ငါ ခဏပြန်အုန်းမယ်...ငွေ့ရည်အတွက် လိုအပ်တဲ့ဟာတွေ သွားယူလိုက်မယ်...စားစရာပါလုပ်မှာဆိုတော့ နည်းနည်းနောက်ကျသွားမယ်...''
"ကျေးဇူးပဲ...''
"ပြောစရာလားကွာ..မင်းညီမလေးကလည်း ငါ့ညီမလေးမဟုတ်လား...''
"အင်း....''
ထက်ဝေယံ အခန်းထဲကထွက်လာတော့ အခန်းဝမှာ မင်းခန့်နဲ့တေဇာကို တွေ့လိုက်၍ မျက်မှောင်ကျုံ့လိုက်၏။နီရဲတွတ်နေသည့် မျက်ဝန်းတွေမှာ ဝမ်းနည်းမှုတွေ ခိုအောင်းနေတာကို မြင်တွေ့လိုက်ရသည်။ငွေ့ရည်နဲ့ကလေးကြောင့် ဝမ်းနည်းနေတာလား၊ဇာနည်ကြောင့်လားဆိုတာတော့ ဝေခွဲမရချေ။
"ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ညီမလေးကို ပစ်မထားခဲ့ဘဲ ဆေးရုံကို တင်ပေးလို့ ကျေးဇူးတင်တယ် ညီ...ခုတော့ ပြန်လိုက်တာကောင်းမယ်ထင်တယ်...ညီမလေးကို သွေးနုသားနုနဲ့ဆိုတော့ ညီကိုမြင်ပြီး တစ်ခုခုဖြစ်သွားမှာဆိုးလို့ပါ...''
ထက်ဝေယံ မင်းခန့်ကို ပြောပြီးတာနဲ့ ထွက်လာခဲ့သည်။မင်းခန့်လည်း သူမရဲ့အခန်းထဲက သူ့အဖေကို ဆွေးဆွေးမြေ့မြေ့ ကြည့်ပြီးမှ ခေါင်းအောက်စိုက်လျက် ထိုနေရာကနေ လှည့်ထွက်လာခဲ့သည်။
သူပြန်လာသည့် လမ်းတစ်လျှောက် ကြပ်မတ်ဆောင်ထဲမှာ ရှုပ်တနေတဲ့မျက်နှာကလေးနဲ့သနားစရာကောင်းသည့်ကလေးလေးရဲ့ပုံရိပ်လေးကို မြင်တော့ ရင်ထဲမှာ နေရခက်နေသလိုခံစားရလေသည်။ထို့နောက်တစ်ဖန် သူမကို စိုးရိမ်နေတဲ့ ဖေဖေရဲ့အပြုအမူကြောင့် စိတ်ထဲအလိုမကျပဲ ဒေါသထွက်ရပြန်သည်။
မျက်နှာက ဒဏ်ရာကြောင့် ကျောင်းလည်းမသွားသလို အိမ်ကိုလည်းမပြန်ဘဲ ကလေးလေးဖြစ်တည်လာခဲ့တဲ့ အိမ်ကိုသွားပြီး အချိန်ကုန်ခဲ့၏။ညနေချိန်ရောက်တော့ မင်းခန့် ထိုအိမ်ကနေ ပြန်လာခဲ့သည်။မင်းခန့် ခြံထဲကိုရောက်တော့ အမေဖြစ်သူ ချို့ရဲ့ကားကိုမတွေ့၍ သက်ပြင်းကလေးချပြီး အိမ်ထဲကို ဝင်လာခဲ့သည်။
"ဟူး..အမလေးဗျ...''
မင်းခန့် ရီရီ့ကို တွေ့လိုက်လိုက်ရ၍ ယောင်ပြီးအော်လိုက်၏။
"မင်းခန့်လေး မင်းရန်ဖြစ်လာပြန်ပြီးလား...ကြည့်ပါအုန်း..ဒဏ်ရာတွေက အများကြီးပဲ...မင်း ပြန်မထိုးခဲ့ဘူးလား..ငြိမ်ခံလာတာလား မင်းခန့်ကိုကို...''
"အင်း...''
"ဘာလို့လဲ... မင်းမှာ မမမွေးလိုက်ထဲက ခြေလက်အစုံပါတယ်လေ...သူများ ဒီလောက်ထိ လုပ်တာကို မင်းခံလာစရာလား..''
"တီတီမသိပါဘူးဗျာ...မေမေ့ကို ဒီကြောင်းတွေမပြောနဲ့နော်...မဟုတ်ရင် စိတ်မကောင်းဖြစ်နေလိမ့်...ဟိုနှစ်ယောက် အပေါ်မှာလား...''
"ဟုတ်တယ်..ရေချိုးနေကြတယ်...မင်းလည်းရောက်ပြီဆိုတော့ တီတီပြန်တော့မယ်...''
"ဟုတ်တီတီ...''
မင်းခန့်အပေါ်ကိုရောက်တာနဲ့ အမွှာနှစ်ယောက်ကို အသံပေးလိုက်၏။
"ဟိုနှစ်ယောက် ရေချိုးလို့ ပြီးပြီလား...အကြားကြီးမချိုးနဲ့...''
"နှင်းနဲ့ပန်းက ရေချိုးပြီးသွားတာကြာပြီ ကိုကိုကြီးရေ..အိမ်စာတွေ ရေးနေတာ...''
"တော်တယ်...မနက်ကြရင် မုန့်တွေအများကြီးဝယ်ကျွေးမယ်...''
မင်းခန့် အမွှာနှစ်ယောက်ရဲ့ အခန်းရှေ့ကနေ မျက်နှာချင်းဆိုင် သူ့အခန်းဆီကို ဝင်လိုက်တော့သည်။ရေချိုးခန်းထဲဝင်ပြီး မှန်ကိုကြည့်တော့မှ မျက်နှာကဒဏ်ရာများ မျက်ဝါးထင်ထင် တွေ့လိုက်၍ နာကျင်စွာ ပြုံးလိုက်၏။ပါးပြင်မှ ညိုမဲနေတဲ့ ဒဏ်ရာတွေဟာ သွေးပူနေချိန်မှာ ပူထူနေတာကြောင့်သိပ့်မနာကျင်ပေမယ့်သွေးအေးချိန်မှာတော့ ထိလိုက်တာနဲ့... ။
"အား!..ကျွတ်..''
ဇာနည်တစ်ဖြစ်ကောင်းရဲ့ လက်စာကြောင့် မင်းခန့်တစ်ယောက် ညနေစာတောင် စားနိုင်မယ် မပေါ်ပေ။မင်းခန့် ရေမိုးချိုး ရေချိုးခန်းထဲကထွက်လာပြီး သူတို့ရဲ့မိသားစုဓာတ်ပုံလေးကို ရင်မှာပိုက်ပြီး...။
"အသက်ရှင်လျက် ရှိနေပေးလို့ ကျေးဇူးပါ ဖေဖေ...မေမေသာသိရင် သိပ့်ဝမ်းသာနေတော့မှာ...ညီမလေးတွေလည်း ပျော်နေတော့မှာ...ဘိုးဘိုးနဲ့ဘွားဘွားလည်း အရမ်းပျော်နေတော့မှာ မေမေ...''
သူ ဓာတ်ပုံကိုကြည့်ပြီး မျက်ရည်တို့စီးကျလျက် အသံတိတ်ငိုကြွေးလေသည်မှာ နှင်းနဲ့ပန်းတို့ သူ့အခန်းထဲ ရောက်နေတာကိုပင် သတိမမူခဲ့ချေ။
"မေမေ ကိုကိုကြီး မျက်နှာမှာ ဒဏ်ရာတွေများကြီးပဲ...နောက်ပြီး ကိုကိုကြီးက သူ့အခန်းထဲမှာ ငိုနေတယ် ...ဟီးဟီး...ဟီး..''
"ဟင်...''
ချို ပန်းကလေးရဲ့ စကားကြောင့် အပေါ်ပြေးတက်သွားပြီး သားရဲ့အခန်းထဲကို ဝင်လိုက်သည်။သားရဲ့ ညိုမဲနေတဲ့ မျက်နှာကို မြင်လိုက်ရ၍ ရင်ထဲမှာ ပူလောင်သွားသည်။
"သား...''
"မေမေ...''
ချို သားရဲ့အနားကို ဘယ်လိုခြေလှမ်းမျိုးနဲ့ရောက်လာမှန်းမသိလိုက်ပါ။သားရဲ့ မျက်နှာကလေးကို ဖွဖွလေး ကိုင်ကြည့်ပြီး မျက်ရည်လို့ ကျလာတယ်။
"ဘယ်လို ဖြစ်လာတာလဲ သားရယ်...ရန်ဖြစ်တာကို မေမေ မကြိုက်ဘူးပြောထားရက်နဲ့ ဘာလို့ဖြစ်လာရတာလဲ...''
"သား ရန်ဖြစ်လာတာ မဟုတ်ပါဘူး မေမေ...အဲဒါကြောင့် မေမေ မငိုပါနဲ့...''
"အဲဆို ဘာလိုဒဏ်ရာတွေအများကြီး ရလာတာလဲကွယ်...''
မင်းခန့် ချို့ကို ပြုံးပြလိုက်ပြီး..။
"ခုတော့ သားမပြောနိုင်သေးဘူး မေမေ...''
သူလည်း မေမေ့ကို ဖေဖေမသေသေးဘူးဆိုတာပြောချင်ပေမယ့် ဖေဖေက သူတို့ကို မမှတ်မိနေတာကြောင့် မပြောနိုင်ပေ။