"ဒုန်း ... ဒုန်း ... ဒုန်း"
"မှုံ ... တံခါးဖွင့်စမ်း ... ဖွင့်ပေးပါ မှုံလေးရယ်။"
တံခါးကို ထုရိုက်သံနှင့်အတူ အော်သံတစ်ခု ကြားလိုက်ရတာ
ေကြာင့် မှုံ အိပ်ရာမှ လန့်နိုးလာရသည်။
ဒီအသံ ... အကို့အသံပဲ။
မိုးတွေရွာနေတာကို သူ ဘာလုပ်နေတာလဲ။
မှုံ ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်တော့ မိုးရေထဲတွင်
ယိုင်နဲ့နဲ့ ရပ်နေသော အကို့ကို လှမ်းမြင်လိုက်ရသည်။
လက်တစ်ဖက်က အရက်ပုလင်းကို ကိုင်ထားပြီး တံခါးကို အဆက်မပြတ် ထုနေ၏။
"မှုံ ... ကိုယ် မင်းကို လွမ်းတယ်။ ကိုယ့်ကို မပစ်ထားပါနဲ့ကွာ။
ကိုယ် သေလိမ့်မယ်။ မင်းမရှိရင် ကိုယ်သေလိမ့်မယ် သိလား။"
အရက်ရှိန်ကြောင့် သူ့အသံက ဗလုံးဗထွေး ဖြစ်နေသော်လည်း နာကျင်မှုကတော့ အတိုင်းသား ပေါ်လွင်နေသည်။
"ဖွင့်ပေးပါ ... တစ်ခါလောက်ပဲ ဖြစ်ဖြစ် တွေ့ခွင့်ပေးပါ။
ကိုယ် မင်းကို အရမ်းချစ်တယ်ကွာ။"
ဆွတ်ရိန်နော် တံခါးရှေ့က ရွှံ့ဗွက်အိုင်ထဲတွင် ဒူးထောက်ချလိုက်သည်။ မိုးရေများက သူ့တစ်ကိုယ်လုံးကို ရွှဲနစ်နေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးနေပုံရသော်လည်း သူ ဂရုမစိုက်စွာ ပေတေနေ၏။
"ဘာလို့ ကိုယ့်ကို ရက်စက်ရတာလဲ ...ကိုယ် ဘာလုပ်ပေးရမလဲ ဟင်။ ပြောလေကွာ ... "
မှုံ တံခါးဘောင်ကို ကိုင်ရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ အသံတိတ် ငိုရှိုက်နေမိသည်။ သူ့ကို သွားထူချင်သည်။ သူ့ကိုယ်လုံးကို ဖက်ထားပေးချင်သည်။ ဒါပေမယ့် ... တံခါးကို ဖွင့်လိုက်တာနဲ့ သူမ ကြိုးစားတည်ဆောက်ထားတဲ့ တံတိုင်းကြီး ပြိုကျသွားလိမ့်မည်။
'ပြန်ပါတော့ အကိုရယ် ... မိုးတွေ အရမ်းမိနေပြီ။ နေမကောင်းဖြစ်လိမ့်မယ် ... ပြန်ပါတော့။'
မှုံ စိတ်ထဲကနေ တဖွဖွ ရေရွတ်နေမိသည်။
"မင်း တံခါးမဖွင့်မချင်း ... ကိုယ် ဒီက မသွားဘူး။
ဒီမှာပဲ သေပါစေတော့။"
ဆွတ်ရိန်နော်က မိုးရေထဲမှာ ဒူးထောက်ရင်း ခေါင်းငိုက်စိုက်ကျသွားကာ သူ့ကျောပြင်ကြီးက တုန်ခါနေသလို မှုံ့နှလုံးသားလည်း တစ်စစီ ကွဲကြေသွားသလို ခံစားနေရသည်။
နားနှစ်ဖက်ကို ပိတ်ကာ ကုတင်ပေါ်တွင် ကွေးကွေးလေး နေလိုက်ရသော်လည်း အပြင်ဘက်က မိုးသံလေသံနှင့်အတူ အကို့ရဲ့ အော်ဟစ်ငိုကြွေးသံက တစ်ညလုံး ခြောက်လှန့်နေတော့သည်။
_____________
မိုးစဲသွားပြီ ဖြစ်သော်လည်း မြေကြီးပေါ်တွင် ရေအိုင်များ ကျန်ရှိနေသေးကာမှုံ ဈေးသွားရန် တံခါးဖွင့်ထွက်လာချိန်တွင် အိမ်ရှေ့ ကွပ်ပျစ်စွန်းလေးပေါ်တွင် ထိုင်နေသော အကို့ကို တွေ့လိုက်ရ၏။
မနေ့ညက မိုးမိထားသည့် အရှိန်ကြောင့် မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းများ ပြာနှမ်းနေကာ အဝတ်အစားများက စိုရွှဲနေလေသည်။
သူ မှုံ့ကို မြင်တော့ အားယူပြီး ထရပ်လိုက်လျှင် ကိုယ်ခန္ဓာက ယိုင်ခနဲ ဖြစ်သွားရ၏။
"မှုံလေး ... "
"အကို ... ပြန်မသွားသေးဘူးလား။"
မှုံ့အသံက အေးစက်နေသော်လည်း စိတ်ထဲတွင်တော့ စိုးရိမ်မှုများဖြင့် ပူလောင်နေ၏။
"ကိုယ် ပြောသားပဲ ... မင်း စိတ်မပြောင်းမချင်း ကိုယ်မပြန်ဘူးလို့။"
"အကို ရူးနေလား ... ဒီလောက်ထိ ဖြစ်နေတာတောင် ဘာလို့ နားမလည်နိုင်ရတာလဲ မှုံ အကို့ကို မလိုချင်တော့ဘူး။
အခုလိုကပ်တွယ်နေတဲ့ ယောင်္ကျားမျိုးကို ပိုပြီး မုန်း ... အွန့် "
မှုံ့စကားလုံးတွေမဆုံးခင် အကိုက မှုံနှုတ်ခမ်းကို သူ့နှုတ်ခမ်းနှင့် အတင်းဖိပိတ်ပစ်လိုက်လေသည်။
ပြီးလျှင် လက်နှစ်ဖက်က မှုံပခုံးနှစ်ဖက်ကိုပါဆုပ်ကိုင်ကာ နှုတ်ခမ်းလွှာနှစ်လွှာအား အလွမ်းတွေအတိုးချကာ နင့်နင့်သီးနမ်းရှိုက်တော့၏။
"ပြွတ်စ် ... အွန်း အွန့်စ် "
"မလုပ် ... ဟင့်အင်း "
မှုံ့မျက်နှာတစ်ပြင်လုံး ပူနွေးစပ်ဖျင်းလာကာ လည်ချောင်းဝတွင်တစ်နေသောစကားတို့က အပြင်ကို ခုန်မထွက်နိုင်တော့ လက်သီးဆုပ်ကာ အကို့ရင်ဘတ်ကို အားကုန်ထုရိုက်လိုက်ပေမယ့် အကို့ကို မှုံ့ကို ပိုလို့တိုးဖက်လာကာ အနမ်းတွေက ပိုကြမ်းတမ်းလာတော့သည်။
"အွန့် ... ပြွတ် ပြွတ်စ် "
နမ်းရှိုက်သံတွေ ညံစီနေသည်အထိ အနမ်းတွေက ပြင်းထန်နေကာ
တစ်ညလုံး မိုးထဲေနထားတာေကြာင့် အေးစက်နေတဲ့ အကို့နှုတ်ခမ်းအေးအေးတို့က တဖြေးဖြေးနွေးလာကာ မှုံအသည်းလေးကတော့ အေးစက်သွားတော့၏။
မှုံကသာ တစ်ယောက်ယောက်မြင်သွားလေမလား စိုးထိတ်နေမိပေမယ့် အကိုကတော့ ဘယ်ပတ်ဝန်းကျင်ကိုမျှလည်း ဂရုမစိုက်စွာ
မှုံ့နှုတ်ခမ်းကိုသာ မင်းမူအုပ်စိုးနေတာ အချိန်ကြာသည်အထိ။
သူ့စိတ်ကြိုက်အနမ်းမိုးတွေသည်းပြီးတော့မှ စ နမ်းတုန်းက ရုတ်တရတ် အတင်းနမ်းရှိုက်ထားတဲ့ နှုတ်ခမ်းလွာလေးအား လွှတ်ပေးတော့ တဖြည်းဖြည်းချင်းသာ လွှတ်လိုက်လေသည်။
ထို့နောက် သူ့ကိုစူးစူးရဲရဲကြည့်နေတဲ့ အရှေ့မှ အကောင်သေးသေးလေးအားကြည့်ရင်း ခါးသက်သက် ပြုံးလိုက်ကာ ...
"မင်း မုန်းလည်း ခံမယ် ... ဒါပေမယ့် ကိုယ် မင်းကို လက်မလျှော့ဘူး ။ "
ပြောပြီးသည်နှင့် ဆွတ်ရိန်နော် ခေါင်းက မိုက်ခနဲဖြစ်သွားတာကြောင့် နဖူးကို လက်ဖြင့်ဖိလိုက်ရသည်။ ပြီးမှ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့်
ခြံဝသို့ ထွက်သွားတော့၏။
" မနက်ဖြန် ထပ်လာခဲ့မယ်။"
ကျောခိုင်းထွက်သွားသော ဆွတ်ရိန်နော်ကို ကြည့်ရင်း မဖိတ်ခေါ်သောမျက်ရည်တွေက သူမပါးပြင်ထက်ကျဆင်းလာပြန်သည်။
"တော်ပါတော့ အကိုရယ် ... မှုံ့ကို ဒီထက်ပိုပြီး အပြစ်မပေးပါနဲ့တော့။
မှုံ့ကြောင့် အကို ဒီလိုဖြစ်နေရတာကို မြင်ရတာ မှုံ သေလုမတတ် ခံစားရပါတယ် ..."
___________________
"မှုံနံ့သာ... "
ရင်းနှီးနေသော အသံကြောင့် မှုံ မော့ကြည့်လိုက်တော့ ခြံဝတွင် ရပ်နေသူမှာ စိုင်းမင်းနောင်။
"စိုင်းမင်းနောင် ... ဘာကိစ္စရှိလို့လဲဟင်။"
စိုင်းမင်းနောင်က ခြံထဲသို့ ဝင်လာပြီး မှုံ့လက်ထဲမှ တံမြက်စည်းကို အသာဆွဲယူကာ ဘေးသို့ ချထားလိုက်ကာ သူ့မျက်နှာတွင် စာနာသနားယောင်ဆောင်ထားသော အပြုံးတစ်ခုကို ချိတ်ဆွဲထား၏။
"ကိုယ် သတင်းကြားတယ် ... ကိုဆွတ်ရိန်နော်နဲ့ လမ်းခွဲလိုက်ပြီဆို။ မင်း တစ်ယောက်တည်း ခံစားနေရမှာစိုးလို့ ကိုယ်ရောက်လာတာ။"
"ကျေးဇူးပါပဲ ... ဒါပေမယ့် မှုံ့ဘာသာ နေနိုင်ပါတယ်။"
မှုံက ခပ်တန်းတန်းပင် ပြန်ဖြေလိုက်ေပမယ့် စိုင်းမင်းနောင်က မလျှော့ပဲ မှုံ့ရှေ့သို့ ပိုတိုးကပ်လာကာ ...
"မှုံရယ် ... ကိုယ် မင်းကို ချစ်နေတုန်းပဲဆိုတာ မင်းသိပါတယ်။
အခု ကိုယ့်ကို အခွင့်အရေး ပြန်ပေးပါလား။
ကိုယ် မင်းကို တကယ် မြတ်မြတ်နိုးနိုးနဲ့ ချစ်တာပါ။
နောက်ပြီး ကိုယ့်မိသားစုအကုန်လုံးကလည်း မင်းကို ကြည်ဖြူငကြတဲ့သူတွေချည်းပဲလေ။ "
"တောင်းပန်ပါတယ် ... မှုံ အခုချိန်မှာ ဘယ်သူ့ကိုမှ စိတ်မဝင်စားပါဘူး။ ချစ်လည်းမချစ်ချင်တော့ဘူး။ "
မှုံ့စကားကြောင့် စိုင်းမင်းနောင် မျက်မှောင်တစ်ချက် ကြုတ်သွားသော်လည်း ချက်ချင်းပင် အကြံတစ်ခု ရသွားပုံဖြင့် မျက်လုံးများ အရောင်လက်သွားလေသည်။
"ကိုဆွတ်က အခုထိ မင်းကို တွယ်ကပ်နေသေးတယ်မလား။
သူ လုံးဝ စိတ်ပျက်သွားအောင် ကိုယ်နဲ့ တွဲနေသယောင်ယောင် ဟန်ဆောင်လိုက်ပါလား။"
"ရှင် ... "
"ဟုတ်တယ်လေ ... မင်း သူ့ကို ရှောင်ချင်နေတာမလား။
မင်းမှာ နောက်လူရှိနေပြီဆိုရင် သူ ထပ်လာမှာ မဟုတ်တော့ဘူး။ ကိုယ်က မင်းရဲ့ ဟန်ဆောင်ချစ်သူ လုပ်ပေးမယ်။ အဲ့ဒါဆိုရင်
သူ့အမေ ဒေါ်ဘောက်နူးလည်း မင်းကို လာမရှုပ်တော့ဘူးလေ။"
စိုင်းမင်းနောင်၏ ကမ်းလှမ်းချက်က မှုံ့အတွက် ထွက်ပေါက်တစ်ခုလို ထင်ရသော်လည်း မှုံ့နှလုံးသားက လက်မခံပေ။
"ဟင့်အင်း ... မဖြစ်ဘူး။
မှုံ သူများခံစားချက်ကို ခုတုံးမလုပ်ချင်ဘူး။
ပြီးတော့ မဟုတ်တာကို အဟုတ်လုပ်ပြီး လိမ်ညာရမှာကိုလည်း မကြိုက်ဘူး။ အကို့ကို လမ်းခွဲတာ မှုံ့သဘောဆန္ဒပါပဲ။
တခြားနည်းနဲ့ ဖြေရှင်းစရာ မလိုပါဘူး။"
မှုံက ခပ်ပြတ်ပြတ်ငြင်းလိုက်တော့ စိုင်းမင်းနောင် မျက်နှာက ညှိုးငယ်သွားလေသည်။
_______________
ဆိုင်အတွင်း၌ မီးရောင်မှိန်ပြပြနှင့် သီချင်းသံတိုးတိုး ဖွင့်ထားသော်လည်း ဆွတ်ရိန်နော်၏ နားထဲတွင် ဘာသံကိုမျှ မကြားရ။
သူ့ရှေ့ရှိ ဖန်ခွက်ထဲမှ အရက်များကိုသာ စိုက်ကြည့်နေပြီး မျက်လုံးများက အမူးလွန်၍ နီရဲနေသည်။
"သူ့ကို မေ့လိုက်ပါတော့ ယောက်ဖရာ ... သူမှ မင်းကို မလိုချင်တော့တာ။"
မျိုးမင်းထက်က ဘေးကနေ ပုခုံးပုတ်ကာ နှစ်သိမ့်သော်လည်း ဆွတ်ရိန်နော်က ခေါင်းကို ခါရမ်းလိုက်သည်။
"မင်း မသိပါဘူးကွာ ... သူ ငါ့ကိုချစ်တယ်။ ငါသိတယ်။
သူ့မျက်လုံးတွေက လိမ်မနေဘူး ... ဒါပေမယ့် ဘာလို့ ငါ့ကို တွန်းထုတ်နေလဲဆိုတာ ငါစဉ်းစားလို့ မရဘူးဖြစ်နေတယ်။
ငါ ရူးတော့မယ် ထင်တယ်။"
ဆွတ်ရိန်နော်က လက်ကျန်အရက်ကို မော့ချလိုက်ပြီး စားပွဲပေါ်သို့ ခေါင်းမှောက်ချလိုက်လျှင် မျိုးမင်းထက် သက်ပြင်းချလိုက်မိသည်။ သူ့ယောက်ဖ၊ သူ့သူငယ်ချင်းဖြစ်သူ ဒီလောက်ထိ ခံစားနေရတာကို ကြည့်ပြီး သူ မျိုသိပ်မထားနိုင်တော့။
"ငဆွတ် ... ငါမင်းကို ပြောပြစရာတစ်ခုရှိတယ်။
တကယ်တော့ ငါ မပြောပဲ နေမလို့ပဲ။ ဒါပေမယ့် မင်းဒီလောက်ဖြစ်နေတာကို ငါ မကြည့်ရက်တော့ဘူး။"
မျိုးမင်းထက်၏ လေးနက်သော အသံကြောင့် ဆွတ်ရိန်နော် ခေါင်းထောင်လာကာ ...
"ဘာလဲ ... ဘာအကြောင်းလဲ။"
"မှုံနံ့သာ မင်းကို လမ်းခွဲတာ သူ့သဘောဆန္ဒသက်သက် မဟုတ်ဘူး။ ဟိုတစ်နေ့က မင်းအမေ မှုံနံ့သာတို့အိမ်ကို လိုက်သွားတယ်။"
"ဘာ ... "
မျိုးမင်းထက်စကားကြောင့် ဆွတ်ရိန်နော် အမူးပြေသွားသလို မျက်လုံးများ ကျယ်သွားရသည်။
"ဟုတ်တယ် ... မင်းအမေက မှုံနံ့သာကို မင်းနဲ့လမ်းခွဲဖို့
ပြီးတော့ မင်းက ဂျာမိုင်နဲ့ စေ့စပ်တော့မယ့်အေကြာင်းလည်း ပြောခဲ့တယ်တဲ့။ အဲ့ဒါကြောင့် မှုံနံ့သာက ..."
"တောက် "
ဆွတ်ရိန်နော် စားပွဲကို လက်သီးဖြင့် ထုလိုက်သံက ဆိုင်ထဲတွင် ဟိန်းထွက်သွားကာ ဖန်ခွက်အချို့ပါ တုန်ခါသွား၏။
သူ ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်ကာ ဒေါသအရှိန်ကြောင့် သူ့မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အကြောများပင် ထောင်ထနေသည်။
"ဟေ့ကောင် ... ဆွတ်ရိန်နော် နေဦးလေ။"
မျိုးမင်းထက် လှမ်းခေါ်သော်လည်း မရတော့။
ဆွတ်ရိန်နော် ဆိုင်ထဲမှ ပြေးထွက်သွားတော့သည်။
_______________
အပိုင်း (၅၆) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)