Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၅၄)

ဆွတ်ရိန်နော်က ဘာမျှမသိပေမယ့် ဒေါ်ဘောက်နူး မှုံနံ့သာ့အိမ်လာကာ သူ့သားနဲ့မပတ်သတ်ဖို့လာပြောတဲ့ကိစ္စအား ရွားသေးသေးလေးမှာ ဘယ်သူက ဖွလိုက်သည်မသိ အကုန်ပျံ့သွားတော့သည်။

တချို့က မှုံ့ကို သနားသလို ဂရုဏာသက်သလိုအကြည့်တွေနှင့်

ကြည့်ကြပြီး တချို့ကျ အထင်အမြင်သေးသလို ကြည့်ကာ

မကြားနိုးနားနှင့် ပြောသွားကြသေးသည်။

"ဟဲ့ ... မှုံနံ့သာ ကျုပ်တို့က ညဉ်းကို ဈေးရောင်းမလိုက်တော့ဘူး ထင်နေတာအေ့ "

မှုံ ဈေးရောင်းထွက်မယ့် သုံးဘီးပေါ်တက်လိုက်သည်နှင့်

အန်တီအေးသီက လှမ်းမေးတော့ မှုံ ဖွဖွလေးပြုံးပြလိုက်၏။

"ငါတို့ထင်ပြီးသားပါအေ ... ဘောက်နူးက သူ့သားသမီးတွေနဲ့

ပတ်သက် ရင် သိပ်သည်းတာအေ့

ယောက်ျားမရှားပါဘူးအေ။ "

"အို ... ဒါပေမယ့် ကောင်လေးကတော့ မဆိုးရှာပါဘူးအေ။

မယ်မှုံကို တော်တော်ချစ်ပုံပါပဲ။ "

"အမယ်လေး ... ကျုပ်တို့လို ဘဝသမားတွေအတွက် အချစ်က

ဘာသုံးစားလို့ရလို့လဲ။ "

"အဲ့တာတော့ ညဉ်းနဲ့တူမလားအေ ... ညဉ်းက အိုနေပြီကို

ညဉ်းက ချစ်ချင်သေးလို့လား။ "

"အို ... ကျုပ်ကလည်း ဘာပြောနေလို့လဲ။

ဖြစ်သင့်တာကိုပဲ ပြောပြတာလေ။ "

သုံးဘီးပေါ်တွင် ဈေးသည်တွေအကုန် တစ်ယောက်တစ်ပေါက်ပြောနေကြပေမယ့် ကာယကံရှင်ဖြစ်တဲ့ မှုံကတော့ ငြိမ်နေမိတော့သည်။

နောက်ဆုံး ဈေးထဲရောက်တာတောင် အန်တီအေးသီက ပခုံးကိုပုတ်မှ သတိဝင်လာရ၏။

______________

မှုံနံ့သာ ခြံထဲရှိ စိုက်ခင်းများကို ရေလောင်းရန် ထွက်လာစဉ် ခြံစည်းရိုးတိုင်ကို မှီကာ ရပ်နေသော ဆွတ်ရိန်နော်ကို တွေ့လိုက်ရပြန်သည်။ အကို့မျက်နှာက အိပ်ရေးပျက်ထားသကဲ့သို့ မျက်တွင်းများ ဟောက်ပက်ဖြစ်နေပြီး မကြည်မသာမှုများက မျက်နှာပေါ်တွင် နေရာယူထား၏။ သူ့အဝတ်အစားများက သပ်ရပ်မှုမရှိတော့။

"မှုံလေး... "

သူ့အသံက အက်ကွဲနေကာ မှုံ့ကို မြင်သည်နှင့် ခြံတံခါးကို တွန်းဖွင့်ကာ အတင်းဝင်လာလျှင် မှုံ နောက်သို့ ဆုတ်လိုက်မိသည်။

"အကို ... ဘာလို့ လာနေပြန်တာလဲ ...မှုံ ပြောပြီးသားလေ။

ပြန်ပါတော့လို့။"

"မင်း ပြောတိုင်း ကိုယ်က နားထောင်ရမှာလား။

မင်း ပါးစပ်ကသာ လမ်းခွဲမယ် ပြောနေတာ။ မင်း မျက်လုံးတွေက လိမ်မနေဘူး မှုံလေး ပြောစမ်းပါ ... ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ။"

ဆွတ်ရိန်နော်က မှုံ့လက်မောင်းနှစ်ဖက်ကို အားနှင့် ဆွဲညှစ်ထားလိုက်ကာ သူ့လက်ဖဝါးမှ အပူငွေ့က မှုံ့အရေပြားထဲ စီးဝင်သွားသည်။

မှုံ့ရင်ထဲ တုန်လှုပ်သွားသော်လည်း မျက်နှာကို တင်းထားလိုက်၏။

"လွှတ် ... အကို လွှတ်စမ်း ... နာတယ် ... မှုံက အကို့ကို မချစ်တော့လို့ လမ်းခွဲတာ။

အကြောင်းပြချက်က ဒါပဲ ...ရှင်းပြီလား။"

"မရှင်းဘူး လုံးဝ မရှင်းဘူး ဟိုတလောကပဲ ချစ်တယ်ပြောပြီး အခုမှ ဘာလို့ ရုတ်တရက် ပြောင်းလဲသွားတာလဲ။

ကိုယ့်မှာ ဘာအပြစ်ရှိလို့လဲ။ ဂျာမိုင်ကြောင့်လား ... ဟမ်။"

"ဂျာမိုင်ကြောင့် မဟုတ်ပါဘူးဆို ...အကို့ကို စိတ်ကုန်သွားလို့။ အကို့မျက်နှာကို မကြည့်ချင်တော့လို့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။"

မှုံ ခေါင်းကို ငုံ့ထားရင်း အော်ပြောလိုက်ကာ မျက်ရည်များ ကျလာမည်စိုး၍ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။

ထိုအခါ ဆွတ်ရိန်နော်က မှုံ့မျက်နှာကို မေးကနေကိုင်ပြီး ဆွဲမော့လိုက်သည်။

"ကိုယ့်မျက်လုံးကို ကြည့်ပြီးပြော မှုံ။ တကယ်ပဲ ကိုယ့်ကို မချစ်တော့ဘူးလား ... တကယ်ပဲ ဖြတ်နိုင်ပြီလား။"

သူ့မျက်ဝန်းတွေထဲမှာ နာကျင်မှု၊ တောင်းပန်မှုနှင့် ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိနေသည်။ ထိုမျက်ဝန်းတွေကို ကြည့်ရင်း မှုံ့စိတ်ဓာတ်တွေ ပြိုလဲချင်လာသည်။ သို့သော် ဒေါ်ဘောက်နူး၏ "ငါ့သားဘဝ တိုးတက်မယ့်လမ်းကို ပိတ်ပင်တဲ့ မိန်းမ" ဆိုသည့် စကားကို ကြားယောင်လာပြန်သဖြင့် အံကိုတင်းတင်းကြိတ်လိုက်ကာ ...

"ဟုတ်တယ် ... မချစ်တော့ဘူး ... ပြန်တော့။"

ဆွတ်ရိန်နော်က သက်ပြင်းကြီးတစ်ချက် မှုတ်ထုတ်လိုက်ပြီး လက်ကို လွှတ်ပေးလိုက်သည်။

"ကောင်းပြီလေ ... မင်း ငြင်းနေသရွေ့ ကိုယ်ကတော့ လာနေမှာပဲ။ မင်းစိတ်ပြောင်းတဲ့အထိ ကိုယ်စောင့်နေမယ်။"

သူ ခြံထဲမှ လှည့်ထွက်သွားသော်လည်း သူ့ခြေလှမ်းတွေက လေးလံနေသည်။

နေပူကျဲကျဲအောက်တွင် တစ်ယောက်တည်း ကျန်ခဲ့သော မှုံနံ့သာမှာတော့ ရင်ဘတ်ကို ဖိကာ ငိုကြွေးလိုက်မိပြန်သည်။

ဒီအခြေအနေကြီးကိုမှုံလည်းမုန်းပါသည်။

အထူးသဖြင့် ဒီအခြေအနေကြီးကို ဖန်တီးခဲ့တဲ့ မှုံ့ကိုယ်မှုံပိုမုန်းသည်။

_______________

"ဆွတ်ရိန်နော် ထမင်းစားမယ် သားလေး ... အမေ ဒီမှာ သားကြိုက်တဲ့ဟင်းတွေချက်ထားတယ် သားလေး။ "

တံခါးပိတ်ထားတဲ့အခန်းရှေ့မှ ဒေါ်ဘောက်နူးက အဆက်မပြတ်ခေါ်နေပေမယ့် အခန်းထဲမှထူးသံလည်းထွက်ပေါ်မလာသလို လှုပ်ရှားသံပင်မကြားရ။

အတန်ကြာသည်အထိ ဆက်ခေါ်နေပြီး ဘာမျှမထူးသည်မို့ လက်လျှော့ကာ သက်ပြင်းချ၍ အိမ်အောက်သို့ဆင်းလာခဲ့ရတော့သည်။

ထိုအခါထမင်းစားပွဲမှာစောင့်နေသည့် ဦးဆိုင်းအောင်က သူ့မိန်းမအားလှမ်းကြည့်ကာ ...

"မင်းသားက ဘာဖြစ်နေတာလဲ။ "

"ဟင်း ... ပြောကိုမပြောချင်ပါဘူးတော် ... ဟိုဟာမ မှိုင်းတွေမိနေတာနေမှာပေါ့ "

ဒေါ်ဘောက်နူးက နှုတ်ခမ်းရွဲ့ရွဲ့ ပါးရွဲ့ရွဲ့ဖြင့် မကျေမနပ်ပြောနေပေမယ့် အပေါ်ထပ်က ဆွတ်ရိန်နော် ကြားသွားမည်လည်းစိုးကာ အသံခပ်အုပ်အုပ်နှင့် ခပ်တိုးတိုးပြောလေ၏။

"ဟ ... မင်းစကားက ဘာလဲကွ။ "

သူ့မိန်းမပြောတဲ့စကားကို နားမလည်စွာ ဦးဆိုင်းအောင်က အသံမြှင့်လျက်ထပ်မေးတော့ ဒေါ်ဘောက်နူးက အလန့်တကြားဖြစ်သွားကာ ...

"ရှင်ကလည်း တိုးတိုးပြောပါ"

"ဘာဖြစ်လို့လဲကွ "

"ကျစ် ... တိတ်တိတ်နေ ကျွန်မပြောပြမယ်။

ကျွန်မ ဟိုတစ်ခါက ပြောတဲ့ AIDSနဲ့ သေသွားတဲ့ မိန်းမရဲ့ သမီးဆိုတာလေ ..."

"မင်းကလည်းကွာ ... သူများကို တကယ်ဟုတ်လား မဟုတ်လားမသိနဲ့ ပါးစပ်အရသာခံ လျှောက်ပြောနေပြန်ပြီ "

"အို ... ဟုတ်လို့ကျော်တာပေါ့ ... ရှင်တိတ်တိတ်နေပါ ကျွန်မပြောမယ်။ "

"အေး ပြောကွာ ပြောပြော "

"အင်း ...အဲ့ဟာမနဲ့ သားနဲ့က ချစ်သူတွေဖြစ်နေကြတာတဲ့။

အဲ့တော့ ဘယ်ရမလဲ ... ကျွန်မကလည်း ကျွန်မသားနဲ့ လုံးဝ သဘောမတူနိုင်ပါဘူး။

"မင်းဘာတွေ လျှောက်လုပ်ထားပြန်ပြီလဲကွာ။"

"အဲ့ဟာမအိမ်ကို သွားပြောထားတယ် ... ကျွန်မသားနဲ့ မပတ်သတ်ဖို့။ သားက အခုလိုဖြစ်နေပုံပေါက်ရင် ကျွန်မပြောတဲ့အတိုင်းလုပ်လိုက်တယ်ထင်တယ်။ မဆိုးပါဘူး နားတော့ဝင်သားပဲ။ "

ဒေါ်ဘောက်နူးက ထမင်းပန်းကန်မှာ လက်နှိုက်နေရင်း ကျေကျေနပ်နပ်ကြီးပြုံးကာ ပြောနေတော့ ဦးဆိုင်းအောင်ကတော့ သူ့မိန်းမကိုကြည့်ကာ သက်ပြင်းကြီးချလျက် ခေါင်းရမ်းလေသည်။

"ဟာ ... မင်းကတော့ကွာ... မင်းအဲ့လိုလုပ်တိုင်း မင်းသားက လက်ခံမှာတဲ့လား။

မင်းသားသိသွားရင် မလွယ်ဘူးနော်။ "

"အို ... ဘာမလွယ်စရာရှိလဲ။

ကျွန်မက သူ့အမေပါ။

သမီးကိုလည်း အခြေအနေကြောင့် သဘောမတူချင်တဲ့သူနဲ့ တူလိုက်ရပြီ။ သားကိုတော့ အဖြစ်မခံနိုင်တော့ပါဘူးတော်။ "

မျိုးမင်းထက်ကမှ ပိုက်ဆံသိပ်မချမ်းသာတာကလွဲလို့ မျိုးရိုးလေးကမဆိုးတော့ ခံသာသေးတယ်။

ဟိုဟာမသာဆို ကျွန်မ ရင်ထုမနာဖြစ်နေရမှာ။ "

ထမင်းတောင် မစားနိုင်ပဲ ဒေါ်ဘောက်နူးက အားပါးတရပြောနေလေသည်။

"ကောင်မလေးက မင်းပြောသလောက်လည်း မဆိုးဘူးလားလို့ပါကွာ။

စောင့်ရှောက်မယ့်သူမရှိတာကို သူ့အားသူကိုးပြီး လုပ်စားနေတဲ့ ကလေးမလေးပါကွ။နောက်ပြီး ‌သူ့ဟာသူ အေးအေးဆေးဆေးလေး နေတာပါတဲ့။ "

"အမယ်လေး အဲ့တာကလည်း လူသနားအောင် လူအထင်ကြီးနေအောင် လုပ်ပြတာပါတော်။

အဲ့လို သနားကမားပုံစံ‌ေလးလုပ်ပြပြီး ပြီးရင် သူဌေးသားကိုအမိဖမ်းတော့မှာလေ။ တခြားသူမကြည့်နဲ့ သူ့အမေကိုပဲကြည့်။

ကြက်မှာအရိုး လူမှာ အမျိုးတဲ့တော်ရေ။

ဒီအမေကမွေးမှတော့ ဒီလိုသမီးမျိုးပဲ ထွက်လာမှာပဲ။ "

"မင်းကလည်း သူများသားသမီးကိုကွာ ... ကိုယ့်မှာလည်း သမီးလေးမွေးထားတာကို ကိုယ်ချင်းမစာမပြောစမ်းပါနဲ့။ "

"အမယ်လေး ဘာလဲ ရှင်ကလည်း ရှင့်မယားငယ်ထိတော့နာနေတာလား။ မဟုတ်မှ အဲ့ဟာမက အဖေရော သားရော အလွတ်မပေးတာများလား။ "

"ဟေ့ ... မင်းလွန်မလာနဲ့နော်။ "

"အဲ့တာဆို ရှင်လည်း ကျွန်မကိစ္စထဲ ဘာမှဝက်မပါနဲ့။တကတည်း

အမပြောလိုက်ချင်ဘူး။သူ့အားကိုးရမလားလို့ တိုက်ပင်ပါတယ်။

သူကပါမယားငယ်ဘက်က ပါနေတယ်။ "

"ဘောက်နူး ... မင်းပြောလေဆိုးလေ လုပ်မလာနဲ့နော်။

ငါက မင်းဝဋ်လည်မှာစိုးလို့ပြောနေတာ။ "

"အမယ်လေး ဘာဝဋ်မှ လည်စရာမလိုဘူး။

ကျွန်မ သမီးကလည်း သူ့အိမ်ထောင်နဲ့သူအဆင်ပြေနေပြီ။

နောက်ပြီး ဘယ်မိဘကမှ သားသမီး မကောင်းမယ့်ကိစ္စမလုပ်ဘူး။ "

"အေး ... လုပ် လုပ် နောက်မှ မင်းနောင်တရမယ်။ "

"အမယ်လေး ... နောင်တနေနေ ဝဋ်နေနေ ကိုယ့်သားသမီးကောင်းစားဖို့ဆိုရင်တော့ လုပ်နိုင်တာအကုန် လုပ်မှာပဲ။ "

ထမင်းစားပွဲရှိ ခပ်ကြိတ်ကြိတ်နှင့်ရန်ပွဲလေးက နောက်ဆုံးတော့

ဦးဆိုင်းအောင်ကပဲ လက်လျှော့လိုက်ရတော့သည်။

အပိုင်း (၅၅) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅၃) နောက်အခန်း - အပိုင်း (၅၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ