Bububai ဝတ္ထု ဂျိန်းဖောမြေမှ ချစ်တေးတစ်ပုဒ် အခန်းစာရင်း

အပိုင်း (၅၃)

မှုံနံ့သာ တစ်ယောက်တည်း အိမ်ရှေ့ကွပ်ပျစ်လေးပေါ်တွင် အဝတ်လျှော်ပြီး ခေါက်သိမ်းနေစဉ် ခြံဝသို့ ဒေါ‌နှင့်မောနှင့်ဝင်လာသော အကို့အမေကိုမြင်လိုက်ရတာကြောင့် မှုံ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရ၏။

မလာစဖူး အထူးအဆန်း‌ ရောက်လာခြင်းက ကောင်းသော လာခြင်းမဟုတ်မှန်းလည်း အလိုလို သိလိုက်သည်။

သို့သော် အိမ်ရှင်ဝတ္တရားမပျက်စေရန် အဝတ်များကို အမြန်ဘေးဖယ်ပြီး ထလိုက်သည်။

"အန်တီ ... လာပါရှင့် ... အိမ်ထဲ ကြွပါအုံး။"

မှုံက အပြုံးနှင့် ကြိုဆိုလိုက်သော်လည်းဒေါ်ဘောက်နူးကတော့ ခပ်တည်တည်မျက်နှာထားနှင့်ပဲ သူမကို လှမ်းကြည့်ကာ အိမ်ထဲသို့ ဝင်မလာ။

ခြံဝင်းထဲ ဝင်လာရုံသာ ဝင်လာပြီး အိမ်ကလေးကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်သည်။

ပြီးမှ မှုံ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ ...

"ငါ အိမ်ထဲ ဝင်ထိုင်ဖို့ လာတာမဟုတ်ဘူး ... နင့်ကို ပြောစရာရှိလို့ လာခဲ့တာ။"

အသံက ပြတ်သားပြီး အေးစက်လွန်းလှကာ မှုံ ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို ယှက်သိုင်းထားလိုက်မိသည်။

"ဟုတ် ... ပြောပါ အန်တီ။"

"ငါ့သား ဆွတ်ရိန်နော်နဲ့ နင့်အကြောင်း ငါကြားပြီးပြီ။ နင်က ငါ့သားကို ဘယ်လိုများ ဆွဲဆောင်ထားလဲတော့ မသိဘူး။ ဒါပေမယ့် တစ်ခုတော့ ပြောလိုက်မယ် ... ငါကတော့ မင်းကို ငါ့သားနဲ့လုံးဝသဘောမတူနိုင်ဘူး။

မင်းလည်းနော် ... ငါလာပြောထားတာတောင် ရှေ့ဆက်တိုးရဲတယ်။ "

ဒေါ်ဘောက်နူး၏ စကားလုံးတိုင်းက မှုံ့နှလုံးသားကို ဆူးချွန်နှင့် ထိုးဆွနေသကဲ့သို့ နာကျင်စေကာ မျက်ရည်များ ဝဲတက်လာသော်လည်း မကျမိအောင် ထိန်းထားရ၏။

"ပြီးတော့ နင်မသိသေးဘူးထင်လို့ ငါလာပြောပြတာ။ ငါ့သား ဆွတ်ရိန်နော်နဲ့ ဂျာမိုင်နဲ့က လူကြီးချင်း စကားစပ်ပြီးသား။ မကြာခင် စေ့စပ်တော့မယ့် သူတွေ။ နင် ကြားဖြတ်ပြီး ဝင်ရှုပ်နေတာက သူတို့နှစ်ယောက်ကြား အထင်အမြင်လွဲအောင် လုပ်နေတာနဲ့ အတူတူပဲ။"

"ရှင် ... "

ထိုစကားမှာတော့ မှုံ့ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

အကိုနဲ့ ဂျာမိုင် စေ့စပ်ထားတယ်ဆိုတဲ့ စကားက မှုံ့အတွက်တော့ ကောင်းကင်ပြိုကျသလိုပင်။ အကိုက သူမကို ဒီအကြောင်း တစ်ခွန်းမှ မဟခဲ့။

"မ ... မဟုတ်လောက်ပါဘူး အန်တီရယ် ... အကိုက သမီးကို ..."

"ဘာလဲ ... ငါ့သားက နင့်ကို ချစ်တယ်ပြောလို့လား။ ယောင်္ကျားလေး ဆိုတာကတော့လေ ပန်းလှလှလေးမြင်ရင် ခဏတဖြုတ် စိတ်ကစားတတ်ကြတာပဲ။ ပြီးရင် သူတို့တန်းတူ သူတို့အဆင့်အတန်းရှိတဲ့သူဆီပဲ ပြန်သွားကြမှာ။ နင့်လို ဘာမှမရှိတဲ့ မိန်းကလေးတစ်ယောက်ကို ငါ့သားက အပျော်သဘော တွဲတာနေမှာပေါ့။ နင်က အဟုတ်မှတ်ပြီး ငါ့သားနား ကပ်နေတာကိုက နင့်အမှားပဲ။"

ဒေါ်ဘောက်နူး၏ စကားများက ရက်စက်လွန်းလှကာ မှုံ့ရင်ထဲ မွန်းကျပ်လာပြီး အသက်ရှူရပင် ခက်ခဲလာသလို ခံစားလာရသည်။

"မှုံ ... မှုံတကယ် မသိခဲ့တာပါ ... မှုံ့ကို အကိုက ..."

"တော်စမ်းပါ ... ငါ့သားကို အကြောင်းပြမနေနဲ့ ... နင်သာ ကိုယ့်အဆင့်ကိုယ်သိပြီး ရှောင်လိုက်ရင် ပြီးသွားမယ့်ကိစ္စပဲ။ ငါ့သားဘဝ တိုးတက်ဖို့အတွက် ဂျာမိုင်ကမှ သင့်တော်တဲ့သူ။ နင်က သူ့လမ်းခရီးမှာ အနှောင့်အယှက် ဖြစ်နေတာကို သိရဲ့လား။"

ဒေါ်ဘောက်နူးက ရှေ့သို့ တစ်လှမ်းတိုးလာပြီး မှုံ့မျက်နှာကို လက်ညှိုးထိုးကာ အသံမာမာဖြင့် ဆက်ပြောလေသည်။

"နင့်အမေတုန်းကလည်း သူများအိမ်ထောင်ရေး ဖျက်ဆီးခဲ့လို့ နာမည်ပျက်ခဲ့ပြီးပြီ ... အခု နင်ကပါ ငါ့သားနဲ့ ဂျာမိုင်ကြား ဝင်ရှုပ်ပြီး နင့်အမေလမ်းစဉ် လိုက်ချင်နေတာလား။

ငါ့သားကို နင်တကယ်ချစ်တယ်ဆိုရင် သူ့ဘဝကို မဖျက်ဆီးပါနဲ့။"

အမေ့ကိုပါ ထိခိုက်ပြောဆိုလာသောအခါ မှုံ့မျက်ရည်များ ထိန်းမရတော့ဘဲ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။

နှလုံးသားတစ်ခုလုံး ဆုတ်နယ်ခံရသလို နာကျင်လွန်း၍ စကားပင် ပြန်မပြောနိုင်တော့။

ဒေါ်ဘောက်နူးကတော့ ပြောချင်ရာပြောပြီးသည်နှင့် နောက်လှည့်

မကြည့်ဘဲ ပြန်လျှောက်သွားကာ မှုံနံ့သာကတော့ သူမ နောက်ကျောကို ကြည့်ရင်း ကွပ်ပျစ်လေးပေါ်သို့ အရုပ်ကြိုးပြတ် ခွေခေါက်လဲကျသွားတော့သည်။

"အဟင့် ... မှုံ့ကျမှ ချစ်ဖို့က ဘာလို့အဲ့လောက်ခက်ခဲနေရတာလဲ။ "

နေရောင်ခြည်က ပူပြင်းမြဲ ပူပြင်းနေသော်လည်း မှုံ့နှလုံးသားကတော့ ရေခဲရိုက်ထားသလို အေးစက်ထုံကျင်နေခဲ့ပြီ ဖြစ်သည်။

________________

မှုံနံ့သာ ခြံထဲရှိ အပင်များကို ရေလောင်းနေသော်လည်း စိတ်နှင့် ကိုယ်နှင့်မကပ်။ ရေပုံးထဲ ရေကုန်သွားသည်ကိုပင် သတိမထားမိဘဲ ဒေါ်ဘောက်နူး ပြောသွားသည့် စကားလုံးများကိုသာ နားထဲတွင် ပဲ့တင်ထပ် ကြားယောင်နေမိသည်။

"နင်က ငါ့သားဘဝ တိုးတက်မယ့်လမ်းကို ပိတ်ပင်တဲ့ မိန်းမ "

"ဂျာမိုင်နဲ့က လူကြီးချင်း စကားစပ်ပြီးသား..."

"မှုံ ... "

ရင်းနှီးပြီးသား အသံဩဩလေးတစ်ခုကို ရုတ်တရက် ကြားလိုက်ရသဖြင့် မှုံ တွန့်ခနဲ ဖြစ်သွားပြီး ရေပုံးကို လွှတ်ချမိမလို ဖြစ်သွားရသည်။ လှည့်ကြည့်လိုက်တော့ ခြံစည်းရိုးတံခါးဝတွင် ရပ်နေသော ဆွတ်ရိန်နော်။

"အကို ..."

မှုံ့နှုတ်ဖျားမှ လွတ်ခနဲ ခေါ်မိသော်လည်း ချက်ချင်းပင် နှုတ်ခမ်းကို တင်းတင်းပြန်စေ့လိုက်သည်။

သူ့ကို မြင်လိုက်ရသည်နှင့် ပြေးဖက်ချင်သည့်စိတ်၊ အားကိုးချင်သည့်စိတ်တို့ကို အတင်းမြိုချလိုက်ရ၏။

'မဖြစ်ဘူး မှုံနံ့သာ ... နင် ရှေ့ဆက်တိုးလို့ မဖြစ်တော့ဘူး။'

ဟူသော အတွေးက ဦးနှောက်ကို စိုးမိုးသွားလေသည်။

ဆွတ်ရိန်နော်က ခြံထဲသို့ လှမ်းဝင်လာပြီး မှုံ့နားသို့ အရောက်လာကာ ...

"အပင် ရေလောင်းနေတာလား ... ပေး ကိုယ်ရေခပ်ပေးမယ်။ "

ပြောပြောဆိုဆိုနှင့် သူမလက်ထဲမှ ရေပုံးအားလှမ်းဆွဲလိုက်၏။

ဒါပေမယ့် မှုံက မလွှတ်ပေးပဲ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး လေသံကို တတ်နိုင်သမျှ မာအောင် လုပ်လိုက်သည်။

"အကို ပြန်ပါတော့ ... နောက်ပြီး ဒီအိမ်ကို မလာပါနဲ့တော့။"

သူမစကားအဆုံး ဆွတ်ရိန်နော်၏ လက်များ လေထဲတွင် ရပ်တန့်သွားကာ သူ့မျက်နှာပေါ်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"မှုံ ... ဘာစကားပြောလိုက်တာလဲ ... ကို ဘာအမှားလုပ်မိလို့လဲ။"

"ဘာအမှားမှ မလုပ်ပါဘူး ...မှုံ ကိုယ်တိုင်က အကိုနဲ့ မပတ်သက်ချင်တော့တာပါ။"

မှုံ့စကားသံက တုန်ရီနေသော်လည်း ဟန်ကိုယ့်ဖို့လုပ်ကာ

တင်းထားလိုကခသည်။ ရင်ထဲတွင်တော့ မိုးခြိမ်းသံထက် ကျယ်လောင်သော ငိုရှိုက်သံများ ရှိနေ၏။

"ဟ ... မင်းစကားကဘာလဲ။

အဲ့လို မပတ်ချင်တော့တိုင်း မပတ်သတ်ရအောင် မင်းနဲ့ငါက ဘာမို့လို့လဲ ... ဘာဖြစ်‌ေနတာလဲ ... ဘယ်သူ ဘာပြောလို့လဲ။"

ဆွတ်ရိန်နော်က မှုံ့ပခုံးနှစ်ဖက်ကို ဆွဲကိုင်ကာ သူ့ဘက်သို့ လှည့်စေလိုက်လျှင် မှုံ အတင်းရုန်းထွက်လိုက်သည်။

"ဘယ်သူမှ ဘာမှမပြောဘူး။ မှုံတို့လမ်းခွဲကြရအောင်။ "

"ဘာ "

မှုံ့မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ပြည့်လျှံလာသော်လည်း မျက်တောင်မခတ်ဘဲ ထိန်းထားလိုက်သည်။ အကို့အမေ လာပြောသွားသည့် စကားများကို ပြန်ပြောပြချင်သော်လည်း ထိုသို့ပြောလိုက်လျှင် သားအမိချင်း စိတ်ဝမ်းကွဲကြမည်ကို စိုးရိမ်မိပြန်သည်။

"မှုံ အကို့ကို မချစ်တော့ဘူး။

ခဏတာ စိတ်ကစားခဲ့မိတာ။

အစကတည်းက မှုံ အကို့ကို လက်ထပ်ဖို့အထိ စိတ်မကူးထားဘူး။

ကျေးဇူးပြုပြီး မှုံ့ရှေ့ကနေ ထွက်သွားပေးပါ။ အကို့မျက်နှာကို

မကြည့်ချင်တော့ဘူး။"

ဟုတ်တယ် ... အကို့အမေပြောသလိုပါပဲ မှုံနဲ့အကိုက မလိုက်ဖက်ဘူး။

ထို့ကြောင့် နာကျင်မှုကို မြိုသိပ်ကာ မုသားကိုသာ ဆိုလိုက်သည်။

"ဘာပြောလိုက်တယ် ... မင်း ကိုယ့်ဒေါသကိုစွနေတာလား။ "

ထိုစကားက ဆွတ်ရိန်နော်ကို ဆွံ့အသွားစေပြီး သူက မှုံ့ကို နားမလည်နိုင်စွာ၊ နာကျင်စွာဖြင့် စိုက်ကြည့်နေလေသည်။

"မှုံတောင်းပန်ပါတယ်တယ် ... အဲ့တာကြောင့် ..."

"ဟုတ်ပြီ ... မင်းအခု ဘာကိုစိတ်ဆိုးနေသလဲမသိပေမယ့်

ကိုယ်မနက်ဖြန်ပြန်လာခဲ့မယ် ... လမ်းခွဲတဲ့ကိစ္စလည်းလက်မခံဘူး။

ကိုယ်မင်းနဲ့လုံးဝ မပြတ်နိုင်ဘူး။

ဘယ်တော့မှလည်း ပြတ်ပေးမှာမဟုတ်ဘူး။ "

သူမစကားကိုဖြတ်ပြောပြီး ဆွတ်ရိန်နော်က လှည့်ထွက်သွားကာ

မှုံနံ့သာသည် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ပါးစပ်ကို လက်ဝါးဖြင့် အုပ်ကာ အသံတိတ် ရှိုက်ငိုလိုက်မိတော့သည်။

'မှုံ တောင်းပန်ပါတယ် အကိုရယ် ... အကို့အမေ ပြောသလို အကို့ဘဝ လှပဖို့အတွက်ဆိုရင် မှုံ လူဆိုးမပဲ လုပ်ပါရစေတော့ ...'

ထိုအချိန် မိုးစက်များက သည်းကြီးမည်းကြီး ရွာချလိုက်သဖြင့် မှုံ့ပါးပြင်ပေါ်က မျက်ရည်များနှင့် မိုးရေများ ရောထွေးသွားတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံလေသံများဖြင့် ဆူညံနေသော်လည်း မှုံ့ကမ္ဘာလေးကတော့ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပြီ ဖြစ်၏။

အပိုင်း (၅၄) ဆက်ရန် ...

(HE လား ... SEလား )

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅၂) နောက်အခန်း - အပိုင်း (၅၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ