နောက်တစ်နေ့၌ မင်းခန့် ကြွေရုပ်ကိုလည်းမပြောဘဲ သူမတို့ဆေးကျောင်းကို လာခဲ့သည်။ကြွေရုပ်ကို တွေ့ချင်၍ လာခဲ့သည်မဟုတ်ပါ။ပန်းငွေ့ရည်ကို တွေ့ချင်တာကြောင့် လာခဲ့ခြင်းပင်ဖြစ်၏။သူမကို မြက်ခြေမပျက် စောင့်ကြည့်နေပေမယ့် အချိန်သာလင့်သွားတယ် သူမရဲ့ အရိပ်ယောင်လေးတောင် မမြင်ရတာကြောင့် ကျောင်းကိုသာလာခဲ့သည်။သုံးရက်ဆက်တိုက် သူမကို သူလာကြည့်ခဲ့ပေမယ့် မတွေ့ရပေ။
"တစ်နေ့၌ ဟော..သူ တွေ့လိုက်ပါပီ..ဝါဝင်းသည့်အသားအရည်ကို ပိုင်ဆိုင်ထားသည့်သူမ ရွှေလိုဝင်းနှစ်သည့် အသားအရောင်နဲ့အညီ ရွှေဝါရောင်ချိတ်ဝမ်းဆက်ကလေးကိုမှ လက်ပြတ်ကလေးနဲ့ မြန်မာဆန်ဆန် လှပနေသည့် သူမ...''
ပုပုသေးသေးလေးနဲ့သွယ်လျသည့်ကိုယ်လုံးလေးရယ်... လက်မောင်းလေးက သွယ်သွယ်ကလေးဆို၍ လက်ပြတ်ကလေးနဲ့လိုက်ဖက်လွန်းလှတယ်...ဆံနွယ်တွေကို ထုံးဖွဲ့ထားတာကြောင့် မျက်နှာလှလှကလေးက ပို၍ပင် ပေါ်လွင်ပြီး လှပနေပြန်ရော...ပါးချိုင့်လေးနှစ်ဖက်ကနစ်ဝင်သွားပြီး သွားတက်ကလေးနှစ်ခုပေါ်အောင် ပြုံးရယ်လိုက်သည့် အပြုံးလေးက စွဲမက်ဖွယ်ကောင်းသည်။
"သူမရဲ့ ပုံစံလေးက ပထမဆုံးတွေ့ရတုန်းကလို မိတ်ကပ်ခြယ်သထားသည်မဟုတ်ဘဲ ဝါဝင်းနေသော ပါးပြင်ပေါ်မှာ ရွှေအဆင်းလို ဝါဝင်းသည့် သနပ်ခါးညက်ညက်ကလေး လိမ်းကျံထားသည်က မြင်ရသူတွေရဲ့ ရင်ကို အေးစေသည့် အလှမျိုး..''
မင်းခန့်ကိုကို ငွေ့ရည်ကိုငေးကြည့်ပြီး သူမရဲ့အလှကို တစ်ခုခြင်းဆီ မှတ်ချက်ပေးမိလေသည်။သူမကို မျက်တောင်မခတ် ငေးကြည့်နေတာ ဘယ်လောက်ကြာသွားမှန်းမသိလိုက်ချေ။သူမရဲ့ ရင့်သီးတဲ့ ယောကျာ်းမပီသတဲ့ကောင် ထမိန်ဝတ်ထားရမှာလို့ ပြောသည့်စကားလုံးတွေကို ပြန်ကြားယောင်လိုက်ချိန်မှာတော့ မင်းခန့် မေးကြောများထောင်လာပြီး လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်ပြီးနောက် တောက်ပြင်းပြင်းတစ်ချက် ခတ်လိုက်တော့၏။
"တောက်...ရုပ်ကလေးနဲ့မှမလိုက် မောက်မာတဲ့မိန်းမ...အပြုံးကလေးချိုသလောက် အပြောကြမ်းတဲ့မိန်းမ...''
မင်းခန့် ကားထဲကနေ သူမ ကျောင်းထဲဝင်သည်အထိ ကြည့်နေ၏။ထိုအကြည့်တွင် အကြံအစည်တွေရှိနေသည့် အပြုံးလည်း ပြုံးလိုက်သေးသည်။အပြောမဟုတ်ဘဲ အလုပ်နဲ့သက်သေပြမယ့် သူ့ရဲ့ အကြံအစည်ကိုသိရင် ဖြစ်ပျက်သွားမည့် သူမရဲ့ မျက်နှာကလေးကို မြင်ချင်မိတယ်။
ထိုနေ့၌ မင်းခန့် အတန်းလည်းမတက်ဘဲ သူမကိုသာ စောင့်ကြည့်နေခဲ့သည်။ကျောင်းထဲကထွက်လာသည့် သူမနောက်ကို နောက်ယောင်ခံလိုက်လေ၏။ကျောင်းထဲက ထွက်လာပြီးတော့ သူမဟာ အိမ်ကို တန်းပြန်ခဲ့သည်မဟုတ်ပေ။သိုသော် သူမ အခုရောက်ရှိနေတဲ့ ဆေးရုံက ဦးလေးဖြစ်သူဘုန်းမင်းတေဇာရဲ့ ဆေးရုံတစ်ခုဖြစ်နေကြောင့် သူသူမနောက်ကို ဆက်၍မလိုက်တော့ဘဲ အပြင်မှာသာ စောင့်နေခဲ့သည်။
မင်းခန့် သူရဲ့အကြံအစည်တွေအတွက် သူ့အချိန်တွေကို ဆက်အကုန်ခံလိုက်၏။သူမပြန်ထွက်လာသည့် အချိန်မှာ သူမရဲ့နောက်ကို ဆက်၍လိုက်ခဲ့သည်။ဒီတစ်ချိန်မှာတော့ သူမနေသည့်နေရာကို သိလာခဲ့တော့သည်။သူမကတော့ ဘာမှမသိချေ။ တစ်ယောက်ယောက်ကို ဖုန်းပြောနေရင်း ပြုံးရွှင်ရယ်မောရင်း အိမ်ထဲသွားလေသည်။
"ခင်ဗျားအတွက် နောက်ရက်တွေကစလို့ ပြဿဒါးပဲ...ခင်ဗျားပေးသွားတဲ့ နာမည်တွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်ဆိုတာကို ကျုပ်သက်သေပြပေးရမှာပေါ့..ခင်ဗျားရဲ့ ထောင်လွှားနေတဲ့ မာနတွေကို ကျုပ် ရစရာမရှိအောင် တစ်စစီ ရိုက်ကျိုးပစ်တော့မှာ...အဟက်...''
မင်းခန့် အံကြိတ်သံနဲ့ ပြောလိုက်ပြီး ခြောက်ကပ်ကပ် ရယ်လိုက်၏။
တစ်နာရီနီးပါး သူမရဲ့အိမ်ရဲ့အနေအထားကို အပြင်ကကြည့်နေလိုက်သည်။သူမနေသည့် အိမ်က သူတို့လို တိုက်နဲ့ကားနဲ့ခြံဝန်းကျယ်ကျယ်မှာ နေသည့်ပုံစံမဟုတ်ပေ။ပေလေးဆယ်လောက်ရှိတဲ့ ခြံထဲမှာ ပျဥ်ထောင်အိမ်ကလေးသာဖြစ်သည်။မိသားစုလည်း ရှိမည့်ပုံမပေါ်ချေ။သူမဝင်သွားထဲက ဘာအသံမှမကြားမရပါ။
ထို့နောက် မင်းခန့်လည်း ထိုနေရာကနေ ထွက်လာခဲ့သည်။
အိမ်ကို ရောက်တာနဲ့ အပေါ်တောင် တက်ချိန်မရလိုက်ချေ။မေမေက ခေါ်တာကြောင့် ခြေလှမ်းတွေ နောက်ပြန်ဆုတ်လိုက်ရသည်။
"မင်းခန့်ကိုကို အပေါ်မတက်သေးနဲ့ ဒီမှာအရင် ထိုင်ပါအုန်း...''
"ဟုတ်ကဲ့...သားကို ဘာပြောမလို့လဲ မေမေ...''
"ဒီနေ့ကျောင်းမသွားဘဲ ဘယ်ကိုအလေသွားလိုက်နေတာတုန်းသားရယ်..မေမေ့ကိုပြောပါစမ်းပါအုန်းသားရယ်...''
"မေမေ့ကို ဘယ်သူ့ပြောတာလဲ...သွန်းသွန်းမဟုတ်လား...သွန်းသွန်း.. သွန်းသွန်း နင်မနက် ငါနဲ့တွေ့မယ်..ပြောင်နေတဲ့နဖူးကို အားလူးထအောင် ထုပစ်မယ်...''
မင်းခန့် ချိုမေးသည့်အဖြေကို ပြန်မဖြေဘဲ သွန်းသွန်းကိုသာ ကြိမ်းလိုက်၏။
"အပြစ်မရှိတဲ့ ကလေးကို သွားပြီးကြိမ်းစရာမလိုဘူး...မေမေ မေးတာကိုသာ ဖြေစမ်းပါကွယ်..ဒီတစ်ခါ အဖော်မပါဘဲ တစ်ယောက်ထဲ ဘယ်ကိုသွားနေတာလဲ မေမေစိတ်ပူလို့ပါကွယ် ...''
"သားအကြောင်းနဲ့သားသွားတာပါမေမေ...သားမကောင်းတဲ့အလုပ်ဘာမှမလုပ်တဲ့အတွက် စိတ်မပူပါနဲ့ မေမေ...''
ချို့ရဲ့ သားကလိမ္မာတဲ့ ကလေးလေးဖြစ်လို့ ချိုမကြိုက်တဲ့ အလုပ်ကိုလုပ်မှာမဟုတ်ပါဘူးဆိုတာ သိပေမယ့် ဒီတစ်ခါတော့ အဖော်လည်းမပါသလို ချို့ကိုလည်းမပြောသွားတာကြောင့် စိတ်ပူမိတာတော့အမှန်ပါ။
"အဲဆိုလည်း သား အပေါ်တက်တော့လေ...သား ရေချိုးပြီးတာနဲ့ အောက်ကိုဆင်းလာခဲ့နော်..မေမေတို့ ထမင်းစားဖို့စောင့်နေမယ်...''
"ဟုတ်မေမေ...''
မင်းခန့် ရေချိုးပြီးအောက်ကိုဆင်းလာတော့ မေမေနဲ့ညီမလေးတွေက ထမင်းဝိုင်းမှာ သူ့ကိုစောင့်နေကြသည်။ညီလေးနှစ်ယောက်က သူ့ကို မျက်စောင်းတဝင်းဝင်းလေးနဲ့ ကြည့်လေတယ်။သူကလည်း မတက်နိုင်ဘူးဆိုတဲ့ သဘောနဲ့ ပုခုံးလေးတွန့်ပြလိုက်ပြီး ခုံမှာဝင်ထိုင်လိုက်သည်။
ညီမလေးနှစ်ရဲ့ မျက်စောင်းတွေကြောင့် ဟင်းကငါးဟင်းပါတယ်ဆိုတာကိုတော့ မေးစရာကိုမလိုတော့ပါ။
ငါးဟင်းပါသည့်နေ့ဆိုရင် မေမေက သူနဲ့ဖေဖေ့ကို အမြဲတမ်းနွှင်ပေးနေကျဖြစ်တဲ့ အဲအချိန်တွေက သူ့အတွက်အပျော်ရွှင်ဆုံးပါ။ခုတော့ မေမေနွှင်ပေးပေမယ့်လည်း သူ မပျော်နိုင်တော့ပေ။
သူထမင်းစားပြီးသွားတာနဲ့ မေမေနဲ့ညီမလေးတွေကို နမ်းပြီး သူ့အခန်းထဲကို ဝင်လာခဲ့သည်။
သူအခန်းထဲရောက်တာနဲ့ နံရံမှာ ချိတ်ထားသည့် ဖေဖေရဲ့ ပုံကို မော့ကြည့်လိုက်၏။
"သား တောင်းပန်ပါတယ် ဖေဖေ...သားသာအဲလိုမပြောခဲ့ရင် ဖေဖေလည်း မိုးကုတ်ကို သွားရမှာမဟုတ်သလို ဖေဖေလည်း ဒီလိုမျိုးအထီးကျန်စွာထွက်ခွာသွားရမှာမဟုတ်ဘူး...''
သူတို့ရဲ့ မိသားစုဓာတ်ပုံလေးထဲက ဖေဖေရဲ့ အပြုံးကို ကြည့်ပြီး မျက်ရည်တွေကျတာတော့သည်။အဲနေ့ကသာ သူ ဖေဖေကို အကြပ်မကိုင်ခဲ့လျှင် ဖေဖေဟာ သူတို့မိသားစုကို ထားခဲ့ပြီး အထီးကျန်စွာ ထွက်ခွာသွားရမည်မဟုတ်။သို့သော်...။
ဖုန်းလာနေ၍ မင်းခန့်ကြည့်လိုက်တော့ မိုးညဖြစ်နေတော့သည်။ဒီနေ့ သူအတန်းမတက်သည့်အကြောင်းကို အမှုစစ်လုပ်ပြီး လိုက်မေးနေတော့၏။သူ့လုပ်မည့်ကိစ္စကို သူငယ်ချင်းတွေကို ပြောပြလျှင် ထားသည်ဆိုတာ သိနေ၍ မပြောပြဖို့ ဆုံးဖြတ်ထားသည်။ထို့ကြောင့်...။
"အလုပ်ကိစ္စကြောင့်ပါကွာ...မနက်လည်း ငါ့ကိုစောင့်မနေနဲ့...ငါသွားစရာရှိတယ်.. အဲကနေမှ ကျောင်းကိုလာခဲ့မယ်...သွန်းသွန်းကိုလည်း ပြောပြလိုက်ပါအုန်းကွာ...ငါ့ကိုမတွေ့ရင် ကျောင်းမတက်ပြန်ဘူးဆိုပြီး မေမေ့ဆီကို ပြန်တိုင်မှာ မင်းလည်းသိတယ်နော်...အဲတော့ ငါမှာတာကို မမေ့နဲ့ မိုးည...''
"အေးပါကွာ...ဒီနေ့ရဲ့စာတွေကို ငါလိုင်းပေါ်ကနေ ပို့ပေးထားလိုက်မယ်...မင်းအားရင် ကူးရေးထားလိုက်ပေါ့ကွာ...''
"ကျေးဇူးပဲ မိုးည..အဲဆိုလည်း ဒါပဲကွာ..မင်း ငါ့ကိုပို့ပေးထားလိုက်အုန်း...''
မင်းခန့်လည်း မိုးညနဲ့ ဖုန်းပြောပြီးတာနဲ့ နေ့လည်က သူရိုက်လာသည့် ပန်းငွေ့ရည်ရဲ့ ချောမောလှပသည့် ပုံလေးကိုကြည့်ပြီး ခြောက်သွေ့သွေ့နှုတ်ခမ်းသားကို လျှာနဲ့သက်လျက် တစ်စုံတစ်ရာကို တွေးလိုက်ပြီး သဘောတကျနဲ့ ပြုံးလိုက်သည်။ထိုအပြုံးရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အကြံအစည်တစ်ခုအတွက်ဆိုတာကို သူတစ်ယောက်သာလျှင် သိလေသည်။
************** ***************
မင်းခန့်မနက်အစောကြီး ငွေ့ရည်ရဲ့ အိမ်ရှေ့ကိုရောက်လာခဲ့သည်။သူမရဲ့ ဘုရားရှိခိုးသံ သဲ့သဲ့လေးကို ကြားလိုက်ရသည်။မင်းခန့် ကားကိုမှီပြီး ဆေးလိပ်ကို ဖွာလိုက်ပြီး ဆေးလိပ်ငွေ့အား ဟူးခနဲ မှုတ်ထုတ်လိုက်သည်။
"ဒီလိုကျတော့ ခင်ဗျား အသံလေးက ချိုသာနေပါလား...''
လက်ထဲက တစ်ဝက်လောက်ကျနနေသေးသည့် ဆေးလိပ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ဖိနပ်ထိပ်နဲ့ဖိခြေပြီး ပြုံးလိုက်၏။
"ခင်ဗျားကိုလည်း ဒီဆေးလိပ်လို တစ်စဆီဖြစ်အောင် ကျုပ်က နင်းခြေတော့မှာ သိလား..အဟက်...''
မင်းခန့်ရဲ့ သွေးအေးတဲ့ အပြုံးက ကြောက်ဖို့ကောင်းလှသည်။ချောမောခန့်ညားတဲ့ သူရဲ့ရုပ်ရည်ရူပကာနဲ့ ထိုအပြုံးသည် နည်းနည်းလေးနဲ့မှ မလိုက်ဖက်ပါ။
ခဏအကြာမှာတော့ သူမ ဘုရားရှိခိုးသံလေး မကြားရတော့ပေ။အိမ်တံခါးကို သော့ခတ်ပြီး ဆင်းလာလေသည်။ ချိတ်ဝမ်းဆက်တွေကို ဆင်တူများဝယ်ထားသလား မသိချေ။အရောင်သာ ကွဲတယ် အဆင်လေးတွေ ချုပ်ပုံလေးတွေက တူတူသာဖြစ်လေသည်။ဒီတစ်ခါတော့ ပိတုန်းရောင် ဆံနွယ်တွေကို ထုံးဖွဲ့မထားဘဲ တစ်လွှာကလေး ကလစ်ကလေးနဲ့ ညှပ်ထားသည်။သူမရဲ့ ဆံပင်ဟာ ပျိုရဲ့ဆံပင်လောက်တော့မရှည်ပါ။ဒါပေမယ့် သူမရဲ့ဆံပင်က အနည်းငယ် ပို၍ကောင်းသည်။
ပန်းငွေ့ရည် ခြံတံခါးကို သော့ခတ်နေချိန်မှာ သူမမမြင်အောင် မင်းခန့်လည်း ကားထဲကို ဝင်ထိုင်လိုက်သည်။ကားကို မောင်းထွက်မသွားဘဲ ငွေ့ရည်ကို ဆက်၍ကြည့်နေသည်။
ငွေ့ရည် ခြံတံခါးကို သော့ခတ်နေတုန်းမှာ ကိုကိုဆီက ဖုန်းလာတာကြောင့် ကိုင်လိုက်၏။
"ဘယ်လို...ကိုကို...''
"ဒီနေ့ ကိုကို့ညီမလေး ပျော်နေသလိုပဲ...အသံလေးကချိုမြနေတာပဲကွာ...ဘာ ကျောင်းနဲ့ဆေးရုံမှာ သူငယ်ချင်းတွေ ရနေပြီလား..''
"အို..မဟုတ်တာ ကိုကိုရယ်...ဒီအရွယ်ကြီးမှ သူငယ်ချင်းရလို့ ပျော်စရာလား... သူငယ်ချင်းတွေရှိလာလို့ ကိုကို့ကို မေ့သွားရင် ဘယ်လိုလုပ်မလဲ..''
"သူငယ်ချင်းတွေရှိလာလို့ ကိုကို့ညီမလေးက ကိုကို့ကိုမေ့သွားမယ်ဆိုရင်တောင် ကိုကိုက ကျေကျေနပ်နပ်ကြီး ပျော်နေမိမှာ ဘာလို့လဲ သိလား...ကိုကို့ညီမလေးကို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်နေတာကို မြင်ချင်လို့...''
"သူငယ်ချင်းတွေမလိုပါဘူး ကိုကိုရယ်...ကိုကိုရှိနေရင်ကို ရပြီ...''
"တစ်ယောက်ဖြစ်ဖြစ် ထားကြည့်ပါလား..ညီမလေး ချစ်သူရည်းစားထားလို့ အဆင်မပြေတဲ့အခါမျိုးမှာ တိုင်ပင်လို့ရတာပေါ့...''
"ကိုကိုရှိတယ်လေ..ကိုကို့ကို တိုင်ပင်မှာပေါ့..နောက်ပြီး ကိုကြီးထက်ဝေယံလည်းရှိတယ်လေ... ဘေးသူစိမ်းကို တိုင်ပင်စရာလား...သူငယ်ချင်းဆိုတာလည်း သူစိမ်းပဲ..သူစိမ်းချိုးချိုးသွားရင် ဘယ်လိုလုပ်မလဲ...''
"ကိုကို လက်မြှောက်လိုက်ပါပြီဗျာ...''
"ဟိဟိ..ဒါပဲနော် ကိုကို...''
ပန်းငွေ့ရည်က သူမအတွက် ဇာနည်ဇွဲရည်နဲ့ ထက်ဝေယံသာရှိရင် သူငယ်ချင်းလည်းမလိုအပ်သလို ချစ်သူလည်း မလိုအပ်ပါဘူးဟု ခံယူထားသည်။အသက် နှစ်ဆယ့်ကိုးနှစ်အထိ သူငယ်ချင်းလည်းမရှိခဲ့သလို ချစ်သူလဲ တစ်ယောက်မျှမရှိခဲ့ပါ။ဆေးတက္ကသိုလ်ယောက်တော့ အတန်းဖော်တွေက ဖော်ဖော်ရွေရွေလာနုတ်ဆက်တဲ့အခါ ပြန်လည်းမပြုံးပြသလို စကားလည်း ပြန်မပြောဘဲ သူတို့ပြောတာသာ နားထောင်လိုက်သည်။ထို့ကြောင့် နောက်ရက်တွေမှာ အတန်းဖော်တွေက ငွေ့ရည်ကိုကြည့်ပြီး တီးတိုးပြောကြလေသည်။သူတို့တွေအနေနဲ့ ငွေ့ရည်ကို မာနကြီးတယ်လို့ ထင်မိတာ မဆန်းပါဘူးလေ။ငွေ့ရည်နေသည့်နေထိုင်ပုံက အဲလိုဖြစ်နေခဲ့ကို။ကောင်လေးတွေ ရည်းစားစကားလာပြောတဲ့အခါ တစ်ခုခုဆို ရှေ့နောက်မကြည့် လက်မြန်သည့်အတွက်ကြောင့် လက်ကသူ့အလိုလို သူတို့ပါးပြင်ပေါ်ရောက်သွားတော့သည်။တဖြေးဖြေးနဲ့ လာခေါ်သည့် အတန်းဖော်တွေလည်းမရှိတော့သလို ရည်းစားစကားလာပြောသည့် ကောင်လေးတွေလည်း မရှိတော့ပေ။
ငွေ့ရည် ကျောင်းတက်ခဲ့စဥ်က အကြောင်းကို တွေးပြီးပြုံးလိုက်၏။ထိုအချိန် မျက်ခမ်းတွေ တဆတ်ဆတ်နဲ့ လှုပ်လာ၍ ပါးလေးကို ဖွဖွလေး ပုတ်လိုက်ပြီး
"ဖွက်ဟဲ့...ဖွက်ဟဲ့..''
မင်းခန့်လည်း ဖုန်းဆက်နေချိန်မှာ ကိုကို ကိုကိုနဲ့ ပျားသကာလိုချိုမြသည့်အသံလေးနဲ့ အပြုံးချိုချိုလေးနဲ့ သူမလေးကို မျက်တောင်မခတ်တမ်းကြည့်နေမိသည်။