Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း (၄၀)

လွင်ပြင်မုန်းနှင့် မိုးစည်သူ ပြန်သွားပြီးနောက် ယမုံ အလုပ်စားပွဲသို့ ရောက်လာကာ ပန်းခြံမှ ရောက်ရှိလာသည့် ပန်းအရေအတွက်ကို စစ်ဆေးနေလိုက်သည်။

စာရင်းစာအုပ်ကို ကြည့်နေသော်လည်း စိတ်က ငြိမ်ချက်သားကောင်းနေသည့် တေဇမိုးထံ ရောက်နေမိသည်။ သူ အင်္ဂလန်သို့ တကယ်ပြန်သွားပြီလား၊ သို့မဟုတ် မြန်မာပြည်တွင်ပဲ ရှိနေသေးသလား ဆိုသည်ကို ယမုံ သိချင်နေမိခြင်းဖြစ်သည်။

အကယ်၍ သူ ရှိနေသေးလျှင် ကလေးအတွက် စိတ်ပူရမည်။ သတိုးလေးကလည်း ဒီရက်ပိုင်း ခဏခဏ နေမကောင်းဖြစ်သဖြင့် ကျော်ဇင်လတ်တစ်ယောက် ခမ်းနားတို့အိမ်သို့ ညနေတိုင်း လာကြည့်ပေးနေရသည်။ ကလေးက ခမ်းနားတို့လက်ထဲတွင် ပိုမိုလုံခြုံသည်ကိုတော့ ယမုံ အကြွင်းမဲ့လက်ခံသည်။ တွေးမိသည်များကို ခေါင်းခါထုတ်ပစ်လိုက်ပြီး ဘော့ပင်ကို ပြန်ကိုင်ကာ စာရင်းအာရုံစိုက်ရန် ပြင်လိုက်သည်။

​Ring... Ring...

​အိတ်ထဲမှ မြည်လာသည့် ဖုန်းမျက်နှာပြင်တွင် ခမ်းနား၏ နာမည်ကို တွေ့ရသဖြင့် ယမုံ ချက်ချင်းမကိုင်ဘဲ ကြည့်နေမိသည်။ ပထမတစ်ကြိမ် ကျသွားပြီးနောက် ဒုတိယတစ်ကြိမ် ထပ်ဝင်လာမှသာ ကိုင်လိုက်တော့သည်။

"ဟလို"

"ယမုံ... ကိုယ်ပါ၊ အခု ဆိုင်ရှေ့မှာ ကားရပ်ထားတယ်၊ ယမုံ့အတွက် နေ့လည်စာ လာပို့တာ၊ ခဏထွက်လာခဲ့ပါလား"

ထိုစကားကြောင့် ယမုံ မျက်မှောင်ကုတ်သွားကာ ဆတ်ခနဲ တုံ့ပြန်လိုက်သည်။

"ကျွန်မက ဆိုင်မှာပဲ စားနေကြမို့ ရှင်ယူလာတာကို စားဖြစ်မှာမဟုတ်ဘူး၊ ထွက်လည်းမလာနိုင်လောက်ဘူးမို့ ပြန်ယူသွားလိုက်ပါ"

​"တူ... တူ... တူ..."

​ပြတ်တောက်သွားသည့် ဖုန်းသံနှင့်အတူ ခမ်းနား သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။ ယမုံ့ထံမှ ထိုကဲ့သို့ တုံ့ပြန်မှုမျိုး ရမည်ကို ကြိုတင်တွေးဆထားပြီးသား ဖြစ်သော်လည်း ရင်ထဲတွင် စူးနစ်ပြီး ဟာတာတာခံစားချက်တို့က ကျန်ရစ်ခဲ့ရမြဲပင်။ သူ ဆိုင်ထဲသို့ လှမ်းကြည့်လိုက်သော်လည်း ယမုံ့ကို မမြင်ရ။ သို့သော်လည်း သူ ချက်ချင်း မောင်းထွက်မသွားဘဲ ကားထဲတွင်သာ ငြိမ်သက်စွာ ဆက်ထိုင်နေမိသည်။

​🍀🍀

​ဖုန်းချလိုက်ပြီးနောက် ယမုံ့ရင်ထဲ စိတ်မအေးနိုင် ဖြစ်နေရသည်။

သူ တကယ်ပဲ ပြန်လှည့်မောင်းသွားပြီလား၊ သို့မဟုတ် ဆိုင်ရှေ့မှာပဲ ရှိနေသေးသလား ဆိုသည့် အတွေးက စာရင်းစာအုပ်ပေါ်တွင် အာရုံစိုက်မရအောင် နှောင့်ယှက်နေဆဲမို့ ခက်လှသည်။ နောက်ဆုံးတွင်တော့ မနေနိုင်တော့ဘဲ ယမုံ အလုပ်စားပွဲမှ ထရပ်လိုက်မိသည်။

​သူမ ခြေလှမ်းများကို ခပ်ဖွဖွမင်းရင်း ဆိုင်၏ မှန်ကတ်တန်း အကွယ်သို့ တိုးကပ်သွားလိုက်သည်။ ထို့နောက် လမ်းမဘက်သို့ လိုက်ကာစလေးကို အသာဟကာ ခိုးကြည့်လိုက်မိရာ... ဆိုင်ရှေ့တွင် ရပ်ထားဆဲဖြစ်သည့် ခမ်းနား၏ ကားကို အထင်အရှား တွေ့လိုက်ရလေသည်။

​ဆယ်မိနစ်ခန့် ကြာသည့်တိုင်အောင် Rolls-Royce အမည်းရောင် ကားကြီးက လမ်းဘေးတွင် ငြိမ်သက်စွာ ရပ်တန့်နေဆဲပင်။ ထိုအခြေအနေကို ကြည့်ရင်း ယမုံ့ရင်ထဲ အားနာစိတ်နှင့်အတူ ဝေခွဲမရဖြစ်လာရသည်။ မိမိဘက်က ခမ်းနားအပေါ် အရမ်းကြီး တင်းမာလွန်းနေမိပြီလားဟူသော တွေးတောမှုက စိတ်ကို နှောင့်ယှက်လာသည်။ အချိန်အတော်ကြာ တွေဝေနေပြီးနောက်တွင်တော့ မထူးတော့ပြီမို့ ယမုံ ဆိုင်ထဲမှ ထွက်လာခဲ့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

​ခမ်းနား ရှေ့ကိုသာမှိုင်ငေးနေမိသည်။ ယမုံ့ထံမှ ရက်စက်သည့် ငြင်းပယ်မှုများကို ကြုံတွေ့နေရသော်လည်း နှလုံးသားက နာကျင်ရလွန်းသဖြင့် ရင်ထဲတွင် အသက်ရှူရပင် ခက်ခဲလှသည်။ သူမအပေါ် ထားရှိသည့် မိမိ၏ စေတနာနှင့် အချစ်တို့ကို ဥပေက္ခာပြုခံလိုက်ရသည့် ဒဏ်ရာက သူ့ကို နာကျင်သထက် ပိုနာကျင်နေစေခဲ့သည်။

​သို့သော်လည်း ယမုံ့စိတ်ကို သူ နားလည်ပေးနိုင်သည်မို့ သူမ ဆက်ဆံပုံအပေါ် စိတ်မကောင်းဖြစ်ရုံကလွဲ၍ ဘယ်သောအခါမှ အပြစ်မမြင်ခဲ့ဖူးပါ။ တစ်နေ့တော့ ယမုံ သူ့ကို ခွင့်လွှတ်နားလည်လာလိမ့်မည်ဟုသာ သူ အကြွင်းမဲ့ ယုံကြည်နေမိသည်။

ခေါင်းငိုက်စိုက်ကျနေရာမှ ဆိုင်ဘက်သို့ အကြည့်ပြန်ရောက်သွားချိန်တွင်တော့...

​"ဟင်... ယမုံ..."

​အမြင်အာရုံထဲသို့ ပန်းဆိုင်တံခါးဝမှ ထွက်လာသည့် ယမုံ့ပုံရိပ်လေး ဝင်ရောက်လာခဲ့သည်။

မထွက်လာတော့ဘူးဟု ထင်မှတ်ကာ မျှော်လင့်ချက်မဲ့နေရရာမှ မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရခြင်းမို့ ခမ်းနား ရင်ထဲ အတိုင်းမသိ ဝမ်းသာသွားရသည်။ ရင်ထဲက နာကျင်မှုများလည်း ချက်ချင်းပင် ပျောက်ကင်းသွားသလို ခံစားလိုက်ရပြီး မျက်နှာထက်တွင် အလိုအလျောက် အပြုံးတစ်ခု စွန်းထင်သွားကာ ကားတံခါးကို ဖွင့်၍ အပြင်သို့ အမြန် ဆင်းလာခဲ့မိတော့သည်။

​ကားပေါ်မှ ဆင်းလာသည့် ခမ်းနားနှင့် ယမုံ မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ ယမုံက ခမ်းနားကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။

"ကျွန်မက ဟိုးတုန်းကတည်းက မနက်စာရော နေ့လည်စာပါ ပန်းဆိုင်ဘေးက Tea House မှာပဲ စားနေကြမို့ ရှင် အခုလို နေ့လည်စာ လာပို့ပေးဖို့ မလိုပါဘူး၊ ကျွန်မနဲ့ ရှင့်ကြားမှာလည်း ဒီလိုတွေ လုပ်ပေးဖို့ မလိုအပ်တော့ဘူးမို့ ပြန်သွားပါတော့"

​ခမ်းနားသည် မိမိရှေ့တွင် တစိမ်းတစ်ယောက်လို အေးစက်လွန်းနေသည့် ယမုံ့၏ လှပလွန်းသော မျက်နှာလေးကို စူးစိုက်ကြည့်နေမိသည်။ ရင်ထဲက ဆို့နင့်လာမှုနှင့်အတူ ယမုံ့နာမည်ကို ညင်သာစွာ ခေါ်လိုက်ရင်း...

"မောင့်ကို... ခွင့်မလွှတ်နိုင်တော့ဘူးလား ယမုံ..."

​ဆွေးမြေ့လှသည့် ခမ်းနား၏ မေးခွန်းကြောင့် နှစ်ဦးသား အကြည့်ချင်း ဆုံသွားကြသည်။ သို့သော် ယမုံကပင် မျက်နှာကို အရင်ဆုံး လွှဲပစ်လိုက်ပြီး ခါးသီးစွာ ပြန်ပြောလိုက်သည်။

"ကျွန်မရဲ့ ယုံကြည်မှုတွေကို ဖျက်ဆီးပြီး ကျွန်မရဲ့ အချစ်တွေကို သစ်စိမ်းချိုး ချိုးခဲ့တာ ဘယ်သူလဲ...၊ ခြောက်နှစ်လုံးလုံး မေ့ဖျောက်ထားခဲ့တဲ့ ကျွန်မကို ရှင်က ခွင့်လွှတ်ဖို့ တောင်းခံနေတာလား ခမ်းနား"

​ယမုံ့ထံမှ ထွက်ပေါ်လာသည့် စကားလုံးတိုင်းက ခမ်းနား၏ ရင်ဝကို မီးစနှင့် ထိုးလိုက်သလို ပြင်းပြင်းထန်ထန် နာကျင်သွားစေသည်။ ရင်ဘတ်တစ်ခုလုံး အောင့်တက်သွားကာ ဘာမှ ပြန်မပြောနိုင်ဘဲ ဆွံ့အလို့နေဆဲတွင် ယမုံက ခမ်းနားကို စိုက်ကြည့်ကာ ထပ်မံ၍ အဆုံးစီရင်လိုက်လေသည်။

"ကျွန်မ ရှင့်ကို ခွင့်လွှတ်ခြင်း၊ မခွင့်လွှတ်ခြင်းက အရေးမပါတော့ပါဘူး...၊ ရှင်နဲ့ ပတ်သက်ပြီး ကျွန်မ ဘာတစ်ခုမှ အမှတ်တရ မထားတော့မှာမို့လို့ပဲ"

​ခမ်းနားကို ကျောခိုင်းကာ ဆိုင်ထဲသို့ ပြတ်ပြတ်သားသား ပြန်လှည့်ဝင်သွားသည့် ယမုံ့ကျောပြင်လေးကို ကြည့်ရင်း ခမ်းနား၏ မျက်ဝန်းတွင် မျက်ရည်တို့ ဝဲတက်လာရသည်။

သူမ၏ နောက်ဆုံးစကားလုံးများက နှလုံးသားကို အပိုင်းပိုင်း ဓားနှင့်မွှန်းလိုက်သလို အသက်ရှူရပင် ခက်ခဲလောက်အောင် ပြင်းထန်လှသည်။ လှည့်ပြန်မကြည့်တော့သည့် သူမ၏ ပုံရိပ်လေး ဆိုင်ထဲတွင် ပျောက်ကွယ်သွားသည့်တိုင်အောင် ခမ်းနား လမ်းမထက်တွင် ဆွံ့အစွာ ကျန်ရစ်နေမိဆဲ။

​ရင်ထဲက ဆို့နင့်နာကျင်မှုကို ဆက်၍ မခံစားနိုင်တော့သည့်အဆုံး... ခမ်းနား ကားတံခါးကို ဆတ်ခနဲ ဆွဲဖွင့်ကာ ကားပေါ်သို့ လေးဖင့်စွာ တက်လိုက်မိတော့သည်။

ထို့နောက် ရင်တွင်းက မီးတောက်များကို အရက်ဖြင့်သာ Ngwaim သတ်ရန် အရှိန်ပြင်းစွာဖြင့် ဘားတစ်ခုရှိရာသို့ ကားကို မောင်းထွက်ခဲ့လိုက်တော့သည်။

​🍀🍀🍀🍀🍀

​မီးရောင်စုံကြားရှိ ဆူညံလှသော ဘားတစ်ခုအတွင်းသို့ ရောက်သည်နှင့် ခမ်းနားက လူအများ၏ ရယ်မောသံများနှင့် စည်းချက်ပြင်းပြင်း သီချင်းသံများကို လျစ်လျူရှုကာ မှောင်ရိပ်ကျသည့် ဒေါင့်ကောင်တာခုံတွင် တစ်ယောက်တည်း ဝင်ထိုင်လိုက်သည်။

​"ဝီစကီအပြင်းစားတစ်ခွက်..."

​တိုးဖျော့သော်လည်း လေးလံလှသည့် လေသံဖြင့် မှာယူပြီးနောက် ချက်ချင်းပင် ရောက်ရှိလာသည့် အရက်ခွက်ကို ယူကာ တစ်ငုံတည်းဖြင့် မော့ချပစ်လိုက်သည်။ လည်ချောင်းဝမှတစ်ဆင့် ရင်ဘတ်ထဲအထိ ပူဆင်းသွားသည့် အရက်ခါးခါးတို့က ယမုံ့ပေးလို့ ရရှိခဲ့သည့် နှလုံးသားဒဏ်ရာကိုတော့ မေ့ပျောက်စေနိုင်ခြင်း မရှိတာတော့ အမှန်ပင်!

​"နောက်တစ်ခွက် ထပ်ထည့်..."

​ခမ်းနား တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက် မော့သောက်နေမိသည်။ ဘေးပတ်ဝန်းကျင်မှ မိန်းကလေးအချို့၏ စိတ်ဝင်တစား ကြည့်လာသည့် အကြည့်များကိုလည်း သူ လုံးဝ အာရုံမရှိ။ အရက်ရှိန်ကြောင့် မျက်ဝန်းအစုံက နီမြန်းလာပြီး ခေါင်းထဲတွင် မူးဝေလာသော်လည်း နားထဲတွင်မူ ယမုံ့၏ ရက်စက်လွန်းသော စကားလုံးများက တဒိန်းဒိန်း ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

​‘ကျွန်မရဲ့ ယုံကြည်မှုတွေကို ဖျက်ဆီးပြီး ကျွန်မရဲ့ အချစ်တွေကို သစ်စိမ်းချိုး ချိုးခဲ့တာ ဘယ်သူလဲ...’

​"တောက်..."

​ခမ်းနား ရင်ထဲက ဆို့နင့်မှုကို မခံစားနိုင်တော့သည့်အဆုံး နှုတ်ခမ်းကို တင်းတင်းစေ့ကာ တောက်တစ်ချက် ခေါက်လိုက်မိသည်။ ဝေဝါးနေသည့် အမြင်အာရုံထဲတွင် ယမုံ့၏ အေးစက်လှသော မျက်နှာလေးကသာ တဝဲဝဲလည် လိုက်လံခြောက်လှန့်နေဆဲ။ ရင်ဘတ်တစ်ခုလုံး မီးစနှင့် ထိုးထားသလို ပူလောင်လွန်းလှသဖြင့် ခွက်ထဲက အရက်ကိုပင် အားမရတော့ဘဲ ပုလင်းလိုက်ကို မော့သောက်ရင်း မိမိကိုယ်မိမိ အရက်ဒဏ်ဖြင့်သာ အဆုံးစီရင်နေမိတော့သည်။

​🍂🍂

​ညမိုးချုပ်သည့်တိုင်အောင် ခမ်းနားတစ်ယောက် အိမ်သို့ ပြန်လည်ရောက်ရှိမလာသေးပေ။ တစ်အိမ်လုံး တိတ်ဆိတ်နေသော်လည်း ဧည့်ခန်းထဲတွင်မူ မိခင်ဖြစ်သူ ဒေါ်ခင်မာလာ တစ်ယောက် သားဖြစ်သူအတွက် စိုးရိမ်ပူပန်စိတ်များဖြင့် အခန်းထဲသို့မဝင်နိုင်ဘဲ ဧည့်ခန်းဆိုဖာတွင်သာ ထိုင်စောင့်နေမိသည်။

​"သားရယ်... ဘယ်တွေ များ လျှောက်သွားနေလို့ အခုထိ ပြန်မလာသေးတာလဲ..."

​နာရီလက်တံက ည ၉ နာရီ သို့ တရွေ့ရွေ့ ကပ်လာသည့်တိုင် ခမ်းနားက အိမ်ပြန်ရောက်မလာသေးပေ။

ညဉ့်နက်လာသည်နှင့်အမျှ ယမုံ့အခန်းထဲတွင် တိတ်ဆိတ်ခြင်းတို့က စိုးမိုးထားပြီး သူပြန်လာသည့် အရိပ်အယောင်ပင် မမြင်ရသေးချေ!

​ညဉ့်နက်သထက် နက်လာသော်လည်း ယမုံ အိပ်ရာထဲတွင် လူးလှိမ့်ရင်း မျက်စိမှိတ်၍မရနိုင်ဘဲ ရှိနေခဲ့သည်။ နာရီကို လှမ်းကြည့်လိုက်တော့ ည ၉ နာရီ ရှိနေပြီဖြစ်သဖြင့် မသိစိတ်ထဲက ခမ်းနားတစ်ယောက် အခုထိ အိမ်ပြန်မရောက်သေးဘူးဆိုသည့် အသိက ဝင်ရောက်လာကာ ရင်ထဲတွင် စိတ်ပူမိသလို ခခံစားလာရသည်။

​သူမ အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေမိရင်း နေ့လည်က ဆိုင်ရှေ့မှာ ခမ်းနားကို သူမနေ့လည်စာ လာပို့သည်ကို ငြင်းပယ်ပြီး ပြောဆိုလိုက်သည့် မိမိ၏ စကားလုံးများကို ပြန်လည်ကြားယောင်လာမိသည်။ ထိုစဉ်က မျက်ရည်များ ဝဲကာ ဆွံ့အစွာ ကျန်ရစ်ခဲ့သည့် ခမ်းနား၏ မျက်နှာကို မြင်ယောင်လာမိပြီး စိတ်ပူပန်မှုတို့က အတိုင်းအဆမရှိ ကြီးထွားလာရသည်။ နောက်ဆုံးတွင်တော့ အိပ်ရာထဲတွင် ဆက်၍ ငြိမ်မနေနိုင်တော့ဘဲ အောက်ထပ်သို့ ဆင်းရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး အခန်းတံခါးကို ဖွင့်ကာ ထွက်လာခဲ့တော့သည်။

​ခြေလှမ်းများကို ဖြေးညှင်းစွာနင်းရင်း လှေကားမှ ဆင်းလာလိုက်ရာ... ဧည့်ခန်းထဲတွင် ထိုင်နေသည့် အန်တီခင်မာလာကို လှမ်းတွေ့လိုက်ရလေသည်။

ယမုံ ဧည့်ခန်းထဲသို့ ဆင်းသွားလိုက်ပြီး ဒေါ်ခင်မာလာကို ကြည့်ကာ လေသံခပ်တိုးတိုးဖြင့် မေးလိုက်မိသည်။

​"အန်တီ... မအိပ်သေးဘူးလားဟင်၊ ခမ်းနား... ပြန်မလာသေးလို့လား"

​ထိုအမေးကြောင့် ဒေါ်ခင်မာလာက ယမုံ့ဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လာသည်။ ဒေါ်ခင်မာလာ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုတို့ အပြည့်အနှက် နေရာယူထားပြီး မျက်ဝန်းများကလည်း အရည်လဲ့နေလျက် ယမုံ့ကို ကြည့်ကာ သက်ပြင်းခပ်လေးလေး ချရင်း ဆိုရှာသည်။

​"ဟုတ်တယ် သမီးရယ်... သားက တစ်ခါမှ ဒီလို ညဉ့်နက်တဲ့အထိ နောက်မကျဖူးတော့ အန်တီ စိတ်ပူနေတာ..."

​ဒေါ်ခင်မာလာ၏ စကားပင် မဆုံးလိုက်သေးခင်မှာပင်... ခြံဝင်းအပြင်ဘက်မှ ဝင်ရောက်လာသည့် ကားသံနှင့်အတူ ဧည့်ခန်းမှန်ပြတင်းပေါက်မှတစ်ဆင့် စူးရှလှသည့် ကားမီးရောင်က အိမ်ထဲသို့ ဖြာကျလင်းထိန်သွားခဲ့သည်။

​ထိုအခြေအနေကြောင့် ယမုံနှင့် ဒေါ်ခင်မာလာ နှစ်ဦးသား ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားကြရင်း အိမ်ရှေ့ တံခါးမကြီးရှိရာဆီသို့ ပြိုင်တူ လှမ်းကြည့်လိုက်မိကြတော့သည်။

« ရှေ့အခန်း - အပိုင်း(၃၉) နောက်အခန်း - အပိုင်း(၄၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ