ကားစက်ရပ်သံကြောင့် ဒေါ်ခင်မာလာ တစ်ယောက်ထိုင်နေရာမှ ထရပ်လိုက်ကာ အိမ်တံခါးမကို ပြေးဖွင့်လိုက်လေသည်၊ယမုံကတော့ ဆိုဖာနောက်မှာ ရပ်လျက် အနေအထားဖြင့်သာ ရှေ့သို့ကြည့်နေမိသည်၊
ခဏကြာတော့ ကားပေါ်က ဆင်းလာသည့် သားဖြစ်သူရဲ့ ခပ်ယိုင်ယိုင်ပုံစံကြောင့် ဒေါ်ခင်မာလာ မျက်မှောက်ကြုတ်လိုက်ပြီး
"သား မင်းနောက်ကျလိုက်ချည်လား "
အိမ်ထဲသို့ ဝင်ခါနီး မိခင်ဖြစ်သူက တံခါးနားမှာစောင့်နေတာကို တွေ့လိုက်ရသဖြင့် ခမ်းနား ခြေလှမ်းတို့ ရပ်တန့်သွားပြီး နီကျင်ကျင် မျက်လုံးတစ်စုံက မေမေ့ကို ပြန်ကြည့်လိုက်ကာ...
"ကျွန်တော်.... ကျွန်တော် တောင်းပန်ပါတယ်မေမေ စိတ်တွေမွန်းကြပ်လွန်းလို့ နည်းနည်းသောက်ခဲ့မိပါတယ် "
ဒေါ်ခင်မာလာသက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်ကာ
"ကဲ မြန်မြန်ဝင် အပြင်မှာအေးတယ် "
အိမ်ထဲသို့ ယိုင်တိယိုင်တိုင် ဝင်လာသည့် ခမ်းနားကို မိခင်ဖြစ်သူ ဒေါ်ခင်မာလာက အသာတကြည် ဝင်ရောက်ထိန်းတွဲလိုက်သည်။ သို့သော်လည်း အရက်ရှိန်ကြောင့် တစ်ကိုယ်လုံး လေးလံလျက် ဟန်ချက်မထိန်းနိုင်ဘဲ ရှိနေသည့်အပြင် မိမိထက် များစွာမြင့်မားလှသည့် သားဖြစ်သူ၏ အရပ်အမောင်းကြောင့် ဒေါ်ခင်မာလာ သားဖြစ်သူကို တွဲရသည်မှာ အဆင်မပြေဖြစ်ရုံတင်မက အတူတူ လဲကျလုမတတ် ဖြစ်သွားရရှာသည်။
ထိုအခြေအနေကို ဧည့်ခန်းထဲမှ ကြည့်နေသည့် ယမုံ့ကို ဒေါ်ခင်မာလာက အားနာလှသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ပြီး အကူအညီတောင်းခံသည့် လေသံဖြင့် ဆိုရှာသည်။
"သမီး... အန်တီ့ကို တစ်ဖက်ကနေ ကူတွဲပေးပါဦးလားကွယ်၊ အန်တီတစ်ယောက်တည်း မနိုင်လို့ပါ"
ဒေါ်ခင်မာလာ၏ စကားကြောင့် ယမုံ့ခြေလှမ်းတို့ တုန့်ခနဲ ဖြစ်သွားရသည်။ သူမ ချက်ချင်း ရှေ့သို့ တိုးမသွားဘဲ နေရာတွင်တင် ခဏမျှ ကြောင်စီစီ ရပ်နေမိ၏။
မိမိဘက်က ပြတ်ပြတ်သားသား ငြင်းပယ်ထားခဲ့ပြီးမှ အခုလိုမျိုး ခမ်းနားကို သွားရောက်ထိန်းတွဲပေးရန် သင့်တော်ပါမည်လား၊ သူမ၏ အကူအညီကို ခမ်းနားကရော ဘယ်လိုအဓိပ္ပာယ် ကောက်မလဲဟူသော စဉ်းစားတွေးတောမှုတို့က ရင်ထဲတွင် ရှုပ်ထွေးကာ တွေဝေသွားမိသည်။
သို့သော်လည်း အမူးလွန်ပြီး မျက်လုံးပင် ကောင်းကောင်းမပွင့်ရှာသည့် ခမ်းနား၏ ပုံစံနှင့် အသက်ကြီးရှာပြီဖြစ်သည့် ဒေါ်ခင်မာလာ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါတွင်တော့... ယမုံ့ရင်ထဲက စာနာစိတ်က မာနကို အနိုင်ယူသွားခဲ့လေသည်။
သူမ ဒေါ်ခင်မာလာကို အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ခမ်းနားရှိရာဆီသို့ အမြန် ခြေလှမ်းလှမ်းကာ သွားကူတွဲလိုက်တော့သည်။
ခမ်းနား၏ သန်မာလှသည့် လက်မောင်းတစ်ဖက်ကို ယမုံ့၏ ပုခုံးပေါ်သို့ တင်ပေးလိုက်သည့် ခဏ၌... နီးကပ်သွားသည့် အကွာအဝေးကြောင့် သူမ၏ ကိုယ်သင်းနံ့လေးက ခမ်းနား၏ နှာခေါင်းဝသို့ တိုးဝှေ့ဝင်ရောက်သွားခဲ့သည်။
အရက်ရှိန်ကြောင့် မှေးစင်းနေသည့် ခမ်းနား၏ မျက်ဝန်းအစုံက ဆတ်ခနဲ ပွင့်လာပြီး ဘေးနားတွင် မိမိကို ကူတွဲပေးနေသည့် ယမုံ့ကို သေချာ စိုက်ကြည့်ရင်း ရင်ထဲတွင် မယုံကြည်နိုင်လောက်အောင် လှုပ်ခတ်သွားရသည်။
"ယမုံ..."
ခမ်းနားက တိုးဖျော့လှသည့် လေသံဖြင့် ခေါ်လိုက်မိသော်လည်း ယမုံကတော့ ဘာမှပြန်မပြောဘဲ မျက်နှာကို ခပ်တည်တည်သာ ထားလျက် ဒေါ်ခင်မာလာနှင့်အတူ ခမ်းနားကို အိမ်ပေါ်ထပ်သို့ အသာအယာ တွဲခေါ်ခဲ့လိုက်သည်။
တစ်လှမ်းချင်း လေးလံစွာ နင်းဖြတ်ပြီးနောက်... အပေါ်ထပ်ရှိ သူမတို့၏ အခန်းတံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။ နှစ်ယောက်သား အားစိုက်ကာ ခမ်းနားကို အခန်းထဲသို့ တွဲခေါ်လာပြီး ကုတင်အနားသို့ အရောက်တွင်တော့...
ကုတင်ထက်သို့ ခမ်းနားကို အသာအယာ တွဲထိုင်စေလိုက်ပြီးနောက် အိပ်ရာထက်၌ လှဲလျောင်းအိပ်စက်စေလိုက်သည်။
ဤကုတင်ကြီးသည် မင်္ဂလာပွဲ ပြီးကတည်းက ယမုံတစ်ယောက်တည်းသာ အိပ်စက်နေကျဖြစ်သော်လည်း... ယခုမူ ကုတင်ထက်တွင် အရှိန်လွန်ကာ လှဲလျောင်းနေသည့် ခမ်းနားကို ကြည့်ရင်း ယမုံ့ရင်ထဲ မချိတင်ကဲဖြင့် သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။
ပြီးနောက် ညဉ့်နက်နေပြီဖြစ်သောကြောင့် ဘေးနားတွင်မျက်နှာမကောင်းစွာ ရပ်နေသည့် အန်တီခင်မာလာကို လှည့်ကြည့်ကာ တိုးဖျော့သော လေသံဖြင့် ဆိုလိုက်သည်။
"အန်တီ... ညဥ့်နက်နေပြီဆိုတော့ အခန်းထဲ ပြန်ပြီး နားလိုက်ပါတော့ေနာ်၊ သူ့ကို သမီးပဲ ကြည့်ထားလိုက်ပါ့မယ်"
ဒေါ်ခင်မာလာသည် ချွေးမဖြစ်သူ၏ စကားကို ကြားသော်လည်း ချက်ချင်းမထွက်သွားဘဲ ကုတင်ပေါ်က သားဖြစ်သူနှင့် ယမုံ့ကို တစ်လှည့်စီ ကြည့်လိုက်သည်။ ဤအခန်းသည် သူတို့လင်မယားနှစ်ဦး၏ အခန်းဖြစ်သည်မို့ မိမိအနေဖြင့် ဆက်ရှိနေပါက အနှောင့်အယှက် ဖြစ်စေမည်ကို တွေးမိကာ ယမုံပြောသည်ကို လက်ခံပြီး အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
"အေး ..အေးပါသမီးရယ် ... ဒါဆိုလည်း သမီးကိုပဲ အားနာနာနဲ့ အကူညီတောင်းရတော့မှာပဲ သမီးကပဲ ကြည့်ပေးလိုက်ပါဦးနော်၊ အန်တီ သွားနားတော့မယ်"
ယမုံ ခေါင်းညိတ်ပြလိုက်သည်နှင့် ဒေါ်ခင်မာလာ တစ်ယောက် စိတ်သက်သာရာရစွာဖြင့် အခန်းအပြင်သို့ ပြန်လည်ထွက်ခွာသွားလေတော့သည်။
🌻🌻
အခန်းတံခါး ပိတ်သွားသည့်အသံနှင့်အတူ တစ်ခန်းလုံး တိတ်ဆိတ်ခြင်းတို့က စိုးမိုးသွားခဲ့သည်။ ကုတင်ထက်တွင် မျက်လုံးများကို မှိတ်ကာ ငြိမ်သက်နေသည့် ခမ်းနားကို ယမုံ မနီးမဝေးမှ ရပ်ကြည့်နေမိသည်။
သူ တကယ်ပဲ အိပ်ပျော်သွားပြီဟု ထင်မှတ်ကာ သူမ ခြေလှမ်းများကို ခပ်ဖွဖွနင်းရင်း ကုတင်အနားသို့ တိုးကပ်လျှောက်လှမ်းလာခဲ့မိသည်။
ကုတင်ဘေးတွင် ရပ်လျက်... အရက်ရှိန်ကြောင့် ပါးပြင်တို့ အနည်းငယ် နီမြန်းကာ ငြိမ်သက်စွာ အိပ်ပျော်နေသည့် ခမ်းနား၏ ချောမွေ့လွန်းသော မျက်နှာကို အသာအယာ ငုံ့ကြည့်လိုက်မိသည်။
ထိုသို့ နီးကပ်စွာ ကြည့်မိသည့်ခဏ၌... မသိစိတ်ထဲမှ ယမုံ့၏ ရင်ခုန်သံတို့က ဒိန်းခနဲ ဆတ်ခနဲ မြန်ဆန်လာရသည်။
ခြောက်နှစ်တိုင်တိုင် သူမကိုပစ်ပယ်ထားခဲ့ပြီး မိမိကို နာကျင်အောင် လုပ်ခဲ့ဖူးသည့် ဤယောက်ျားကို အခုထက်ထိ စိတ်ထဲမှ ခိုင်မြဲစွာ ချစ်နေမိသေးသည့် မိမိကိုယ်မိမိလည်း အလွန်ပင် မကျေမနပ် ဖြစ်လာရသည်။ ရင်ထဲတွင် ချစ်စိတ်နှင့် မုန်းစိတ်တို့က အပြင်းအထန် ဒွန်တွဲပြီး လွန်ဆွဲနေဆဲ... မသိစိတ်၏ စေခိုင်းမှုကြောင့် သူမ၏ လက်အစုံက ခမ်းနား၏ ပါးပြင်သို့ အသာအယာ တိုးကပ်သွားကာ တုန်ရင်စွာဖြင့် တို့ထိမိလိုက်သည်။
သို့သော်... သူမ၏ လက်ချောင်းလေးများ ပါးပြင်ပေါ်သို့ ထိရုံမျှရှိသေး၊ အိပ်ပျော်နေသည်ဟု ထင်ရသည့် ခမ်းနားက မျက်လုံးတို့ ပွင့်မလာဘဲ... သူမ၏ လက်ကလေးကို ဆတ်ခနဲ လှမ်း၍ ဖမ်းဆုပ်ကိုင်လိုက်လေတော့သည်။
"ဟင်"
သူမ၏ လက်ကို ဖမ်းဆုပ်ခြင်း ခံလိုက်ရသဖြင့် ယမုံ ထိတ်လန့်တုန်လှုပ်သွားကာ လက်ကို ဆတ်ခနဲ ပြန်ရုန်းရန် ပြင်လိုက်သည်။ သို့သော် ခမ်းနားက မျက်လုံးများကို လုံးဝ ဖွင့်မလာဘဲ သူမ၏ လက်ကလေးကို သူ့၏ အသက်ရှူသံ ပြင်းပြင်းတို့ဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်ပေါ်သို့ အတင်းဆွဲချလိုက်လေသည်။
"ယမုံ... ယမုံရယ်..မောင် ယမုံ့ကို အရမ်းချစ်တယ်...၊ မောင့်ကို ခွင့်လွှတ်ပေး ပါ ယမုံရယ်... မောင့်ကို ဒီထက်ပိုပြီး မနှိပ်စက်ပါနဲ့တော့..."
"........."
ခမ်းနားက အိပ်မက်ယောင်နေသူတစ်ယောက်ကဲ့သို့ တတွင်တွင် တောင်းပန်တိုးလျှိုးရင်း ကုတင်ဘေးတွင် ရပ်နေသည့် ယမုံ့၏ ခန္ဓာကိုယ်အိအိလေးကို သူ့ရင်ခွင်ထဲသို့ အတင်းအဓမ္မ ဆွဲသွင်းကာ တင်းကြပ်စွာ ဖက်တွယ်ထားလိုက်တော့သည်။ မမျှော်လင့်ထားသည့် အပြုမူကြောင့် ယမုံ ခမ်းနား၏ ရင်ခွင်ကျယ်ကြီးထဲသို့ ပစ်ဝင်သွားရပြီး အသက်ရှူပင် ကျပ်မတတ် ဖြစ်သွားရကာ ရုန်းကန်ရန် အားယူရုံရှိသေး...
ခမ်းနား၏ ပူေနွးသည့် နှုတ်ခမ်းအစုံက ယမုံ့၏ နူးညံ့သော ပါးပြင်အနှံ့နှင့် တုန်ရင်နေသည့် နှုတ်ခမ်းပါးလေးထံသို့ အငမ်းမရ ကျရောက်လာခဲ့လေတော့သည်။ ဆယ်စုနှစ်နီးပါးစာ လွမ်းဆွတ်ခြင်း၊ တမ်းတခြင်းနှင့် မြတ်နိုးခြင်းတို့ အပြည့်အနှက် ပါဝင်နေသည့် အနမ်းတို့က တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ဆိုသလို ချွေချနေမိသည်။
စက္ကန့်ပိုင်းမျှ အချိန်အတွင်းမှာပင် အစပိုင်း၌ ထိတ်လန့်သွားမှု၊ နောက်ပိုင်းတွင် ပြင်းထန်လှသည့် ရင်ခုန်သံတို့ ပေါင်းစပ်သွားကာ ယမုံတစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ ကြောင်နနဖြင့် ငြိမ်သက်မိသွားရသည်။
ခမ်းနား၏ ကိုယ်သင်းနံ့နှင့် အရက်နံ့ ခပ်သင်းသင်းတို့က သူမ၏ အသိစိတ်ကို ဝေဝါးအောင် ဖျားယောင်းနေဆဲ... ရုတ်တရက် အသိပြန်ဝင်လာသည့်အခါတွင်တော့ ယမုံ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရကာ ခမ်းနား၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အတင်းအားပြု၍ တွန်းထုတ်လိုက်တော့သည်။
"ဖယ်... ဖယ်စမ်း ခမ်းနား...။ ရှင်... ရှင် လူယုတ်မာ...!"
ယမုံ အတင်းအကြောက်အကန် ရုန်းကန်ပြီး ကုတင်ထက်မှ ဖျတ်ခနဲ ပြေးဆင်းလိုက်ကာ ရင်ဘတ်ကို လက်ဖြင့်ဖိရင်း အခန်းအပြင်သို့ အလန့်တကြား အပြေးအလွှား ထွက်ခွာသွားခဲ့လေသည်။
တံခါးပိတ်သံ ကျယ်ကျယ်နှင့်အတူ သူမ ထွက်ပြေးသွားသည့်တိုင်အောင် ကုတင်ပေါ်တွင် ခမ်းနား တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်။
တကယ်တော့... ခမ်းနား အသိစိတ် ပျောက်ကွယ်သွားသည်အထိ မူးယစ်နေခဲ့ခြင်း မဟုတ်ပါ။
သူမ၏ ကိုယ်သင်းနံ့လေး ရလိုက်ကတည်းက ဘေးနားတွင် ရှိနေသည်မှာ ယမုံမှန်း သူ အသေအချာ သိနေခဲ့သည်။ သူမကို ချစ်လွန်း၊ မြတ်နိုးလွန်းပြီး လွမ်းဆွတ်ရိပ်တွေ လွှမ်းမိုးသွား၍သာ စိတ်ကိုမထိန်းနိုင်ဘဲ နမ်းမိခြင်းဖြစ်သည်။
သို့သော်လည်း ယမုံ့ဘက်က အကြောက်အကန် ရုန်းကန်ကာ ခါးခါးသီးသီး ငြင်းပယ်သွားသည့်အခါတွင်တော့... ရင်ထဲက ပြင်းပြလှသည့် ဆန္ဒနှင့် အချစ်တို့ကို အားတင်းကာ ဇွတ်အတင်း ချိုးနှိမ်လိုက်ပြီး သူမ ဆန္ဒအတိုင်း လွတ်လပ်ခွင့် ပေးကာ လွှတ်ပေးလိုက်မိခြင်းသာ ဖြစ်သည်။
ခမ်းနား ကုတင်ထက်တွင် ပက်လက်လှန်လျက် မျက်နှာပြင်ကို လက်ဖမိုးဖြင့် ဖိကပ်လိုက်မိသည်။ ဝေဝါးနေသည့် မျက်ဝန်းအစုံမှ မျက်ရည်တစ်စက်က ပါးပြင်ပေါ်သို့ ထပ်မံစီးကျလာပြန်ရင်း... တိတ်ဆိတ်နေသည့် အခန်းကျယ်ကြီးထဲတွင် သူ့ရဲ့ သက်ပြင်းချသံက ခါးသီးစွာ ပဲ့တင်ထပ်ကျန်ရစ်ခဲ့လေတော့သည်။
အခန်းမှတ်ချက်များ (0)