Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

​အပိုင်း(၃၆)

တေဇမိုးက ပါးစောင်ကို လျှာဖြင့်ထိုးလိုက်ပြီး ရှေ့ကရပ်နေတဲ့ ခမ်းနားနဲ့ ယမုံကို စူးစိုက်ကြည့်လိုက်ကာ...

​"အဟက်... ဒီပုံစံကို စနိုးကို မြင်စေချင်လိုက်တာဗျာ၊ တစ်ယောက်ကိုတစ်ယောက် ကာကွယ်နေကြပုံများ... တမလွန်က ခင်ဗျားညီမက ခင်ဗျားကိုကြည့်ပြီး အခုလောက်ဆို ဘယ်လောက်လောက် မုန်းတီးနေလောက်ပြီလဲလို့လေ"

​"ဟင်..."

​တေဇမိုးစကားက မသိရင် ယမုံကပဲ ညီမသေသွားလို့ ညီမယောင်္ကျားနဲ့ ဇာတ်လမ်းဆင်နေတဲ့ပုံမို့ အသားတွေပင် တဆတ်ဆတ်တုန်ယင်လာရကာ... နှုတ်ခမ်းကို အသာဖိကိုက်ထားရင်း...

​"အပိုတွေမပြောဘဲ နင်ပြောမယ့် အပေးအယူကိစ္စကိုသာ ပြောလိုက် တေဇမိုး"

​ခမ်းနားသည်လည်း ငြိမ်သက်လျက်ဖြင့် ယမုံပြောသည့် အပေးအယူကိစ္စဆိုသည်ကို မျက်ခုံးတွန့်လျက် နားထောင်နေမိသည်။ ဘောင်းဘီအိတ်ထဲ လက်နှိုက်လျက်ဖြင့် တေဇမိုးက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ကာ...

​"အပေးအယူကတော့ ရှင်းပါတယ်... ကလေးကို ကျုပ်လက်ထဲ အပ်မလား၊ တစ်ဘီလီယံဆိုတဲ့ ငွေပမာဏ ပေးမလား"

​"ဟင်!"

​ယမုံ စိတ်တိုလွန်း၍ မျက်ရည်များရစ်ဝဲလာရင်း ခမ်းနား၏ရှေ့သို့ ကျော်တက်လိုက်ပြီး တေဇမိုးနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ကာ...

​"နင်က တိရစ္ဆာန်တစ်ကောင်သာသာပဲ တေဇမိုး! နင်အဲ့ဒီလိုပုံစံမျိုးနဲ့ ဖေဖေနဲ့စနိုးကို ငွေညှစ်ပြီး ဒုက္ခပေးခဲ့ပြီးပြီ၊ အခု အပြစ်မရှိတဲ့ကလေးကို အကြောင်းပြပြီး ငွေလာတောင်းပြန်ပြီလား... နင်ပြောတဲ့ ငွေပမာဏ ငါ့မှာမရှိဘူး"

​"အဟွန်း... ခင်ဗျားမှာ မရှိပေမယ့် ခင်ဗျားရဲ့အဆက်ဟောင်းကြီးလည်း ဖြစ်သလို ခင်ဗျားညီမရဲ့ ယောင်္ကျားဖြစ်သူအတွက်ကတော့ တစ်ဘီလီယံက အေးဆေးပါ... ဟုတ်တယ်မဟုတ်လား ခမ်းနားသွင်ပြင်"

​တေဇမိုးက ဘောင်းဘီအိတ်ထဲ လက်နှိုက်ထားဆဲဖြင့် ယမုံ့အနားသို့ တစ်လှမ်းတိုးလာကာ အသံကို တိုးညှင်းစွာဖြင့် မထီမဲ့မြင် ထပ်ဆိုလိုက်သည်။

​"ပြီးတော့... ကျန်သေးတယ်၊ ငွေနဲ့ ကလေးတင်မဟုတ်ဘူး... ခင်ဗျားတို့ရဲ့ စနိုးက ကျုပ်နဲ့ ရိုက်ထားတဲ့ sex tape ပါ အကုန် ဖြန့်ပစ်စေချင်လား... ဒါမှမဟုတ် ကျုပ်ပြောတဲ့အတိုင်းပဲ ငြိမ်ငြိမ်လေး လုပ်မလား..."

​"နင်... နင်... ယုတ်မာလှချည်လား တေဇမိုး!"

​ယမုံ့တစ်ကိုယ်လုံး ဒေါသနှင့် ရှက်စိတ်တို့ကြောင့် မိုးကြိုးပစ်ချခံလိုက်ရသလို ဆွံ့အ တုန်ယင်သွားရသည်။ သေဆုံးသွားရှာပြီဖြစ်သည့် ညီမလေး၏ ဂုဏ်သိက္ခာကိုပါ အသုံးချပြီး အောက်တန်းကျကျ ငွေညစ်ဝံ့သည့် တေဇမိုး၏ ယုတ်မာရက်စက်မှုကြောင့် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ခံစားလိုက်ရပြီး မျက်ရည်များက အဆက်မပြတ် စီးကျလာရတော့သည်။

​သို့သော် တေဇမိုးက ယမုံ့ကိုသာမကဘဲ ဘေးတွင် မတ်တတ်ရပ်နေသည့် ခမ်းနားကိုပါ မျက်ခုံးတစ်ဖက် ပင့်ပြလျက် လှောင်ပြုံးပြုံးကာ စိန်ခေါ်လိုက်ပြန်သည်။

​"ကျုပ်နဲ့ စနိုးရဲ့ sex tape သာ ပြန့်သွားရင်... AYA လုပ်ငန်းစုကြီးရဲ့ သူဌေးကတော်အဖြစ် လူသိများထားတဲ့ နှင်းပွင့်ဖြူရဲ့ ယောင်္ကျား၊ ဂုဏ်သိက္ခာမြင့်မား တင့်တယ်လှပါတယ်ဆိုတဲ့ သူဌေးမင်း ခမ်းနားသွင်ပြင်ရဲ့ ဂုဏ်သိက္ခာကော ဘာဖြစ်သွားမလဲနော်... စဉ်းစားသာ ကြည့်စမ်းဗျာ"

​ထိုစကားက ခမ်းနား၏ စိတ်အစဉ်ကို အမြင့်ဆုံးအထိ ဆွဲဆတ်လိုက်သလို ဖြစ်သွားရသည်။ မိမိ၏ ဂုဏ်သိက္ခာနှင့် လုပ်ငန်းစုကြီး၏ နာမည်ဖျက်ဆီးခံရမည့်အရေးထက် ယုတ်မာကောက်ကျစ်လှသည့် လူယုတ်မာတစ်ဦးက မိမိတို့ မိသားစုတစ်ခုလုံးကို ကစားစရာသဖွယ် လှောင်ပြောင်စော်ကားနေခြင်းကို ခမ်းနား လုံးဝ စိတ်မထိန်းနိုင်တော့ပေ။ ဒေါသကြောင့် ခမ်းနား၏ မျက်လုံးအစုံက နီမြန်းလာရကာ အံကြိတ်သံက အတိုင်းသား ထွက်ပေါ်လာသည်။

​ခွပ်!

​ယမုံ့ထံမှ စကားလုံးတစ်လုံးမှ ထွက်မလာနိုင်ခင်မှာပင် လေထုကို ဖြတ်သန်းသွားသည့် လက်သီးချက်ပြင်းပြင်းက တေဇမိုး၏ ပါးစောင်ဆီသို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားသည်။

​"အောက်တန်းကျလှချည်လား တေဇမိုး!"

​ခမ်းနားက တေဇမိုး၏ ရင်ဘတ်က အင်္ကျီစကို ဆွဲကာ နောက်ထပ် လက်သီးတစ်ချက် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။

​"ခွပ်... အင့်!"

​တေဇမိုးလည်း ခမ်းနားကို ပြန်လည်ထိုးနှက်ရန် ကြိုးစားသော်လည်း အရပ်အမောင်းရော ခန္ဓာကိုယ် တောင့်တင်းပုံချင်းပါ သိသိသာသာ ကွာခြားလွန်းလှသည်။ ခမ်းနား၏ သန်မာထွားကျိုင်းလှသည့် ကိုယ်ထည်ကြီးက တေဇမိုးကို အပေါ်စီးမှ ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေပြီး ဒေါသတကြီး ထိုးနှက်ချက်များအောက်တွင် တေဇမိုးမှာ ပြန်လည်ခုခံရန်ပင် မလွယ်ကူတော့ပေ။

​ချက်ချင်းဆိုသလိုပင် တေဇမိုး၏ နှာခေါင်းနှင့် နှုတ်ခမ်းထောင့်များမှ သွေးများ ဖြာကနဲ ကျလာကာ မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်း ဖြစ်လာရတော့သည်။

​"တော်ပါတော့... ခမ်းနား! တော်လိုက်ပါတော့... အီးဟီး... တော်ပါတော့..."

​တားမနိုင်ဆီးမရ ဖြစ်နေသည့် ခမ်းနား၏ လက်မောင်းကို ယမုံက အတင်းပြေးဆွဲကာ ငိုယိုရင်း တားမြစ်လိုက်ရသည်။ ဤမျှအထိ ဒေါသထွက်ပြီး လူသတ်တော့မတတ် ဖြစ်နေသည့် ခမ်းနား၏ ပုံစံကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် ကြောက်လန့်တကြား ဆွဲတားမိခြင်း ဖြစ်သည်။

​ယမုံ့၏ တုန်ရီနေသော တားမြစ်သံကြောင့် ခမ်းနား ထိုးလက်စ လက်သီးကို လေထဲတွင်ပင် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ၏ ရင်ဘတ်ကြီးက ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး တေဇမိုးကို သတ်ပစ်ချင်သည့် အကြည့်များဖြင့် စိုက်ကြည့်နေဆဲ။ ရှေ့က တေဇမိုးကမူ မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်နေကာ မျက်နှာထက်တွင် မြင်မကောင်းအောင် သွေးချင်းချင်းရဲလျက်ရှိသည်။

​ခမ်းနားက တေဇမိုးကို ရွံရှာစွာဖြင့် ဝုန်းကနဲ တွန်းလွှတ်လိုက်ပြီးနောက် တုန်လှုပ်နေသည့် ယမုံ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ...

​"ဒီနေရာက သွားကြရအောင်... ယမုံ"

​ခမ်းနားက ယမုံ့ကို ဦးဆောင်ကာ ထိုနေရာမှ ချက်ချင်းပင် လှည့်ထွက်လာခဲ့ကြတော့သည်။

​🍂🍂🍂🍂🍂

​ခြံဝင်းအဝင်ဝတွင် ယမုံ့ကားလေး ထိုးရပ်သွားသည်နှင့်အမျှ နောက်ကပ်လျက်မှ ကပ်ပါလာသော ခမ်းနား၏ ကားကလည်း အရှိန်အဟုန်ဖြင့် ဘရိတ်အုပ်ရပ်တန့်သွားသည်။

​ကားစက်ရပ်သည်နှင့် ခမ်းနားက အလျင်အမြန်ပင် ကားပေါ်မှ ဆင်းလာခဲ့သည်။ ခြေလှမ်းကျဲကြီးများဖြင့် ယမုံ့ကားတံခါးဝဆီသို့ အပြေးအလွှား ရောက်ရှိလာပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အတိုင်းသား ထင်ဟပ်လျက်ဖြင့် ယမုံ့အတွက် ကားတံခါးကို အသာအယာ ဆွဲဖွင့်ပေးလိုက်သည်။

​"ယမုံ... ကိုယ်... ကိုယ် စိတ်ပူလွန်းလို့ ခဏ မေးပါရစေဦး။ ဘာလို့ အဲ့ဒီလို တေဇမိုးဆိုတဲ့ လူဆီကို တစ်ယောက်တည်း သွားတွေ့ရတာလဲဟင်"

​ယမုံ ကားပေါ်မှ ဆင်းလာသော်လည်း ခမ်းနားက သူမရဲ့ရှေ့မှာ ပိတ်ရပ်နေသည့် အတွက်ကြောင့် ယမုံ ပြန်မဖြေဘဲ သက်ပြင်းအရင်ချလိုက်မိသည်။

​"မင်း သိရဲ့လား... တေဇမိုးဆိုတဲ့အကောင်က လူကောင်းမဟုတ်ဘူး။ သူက ဒုစရိုက်လောကထဲ ခြေစုံပစ်ဝင်ပြီး ဘာမဆို လုပ်ဝံ့တဲ့ ဒုစရိုက်ကောင် ဖြစ်သွားပြီ... အောက်တန်းကျလွန်းလို့သာ ဒီလို ကိစ္စရပ်တွေနဲ့ ငွေညှစ်နေတာ။ ဒီနေ့ မင်းသာ တစ်ခုခု ဖြစ်သွားခဲ့ရင်... ကိုယ်... ကိုယ် ဘယ်လိုမှ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ နောက်ဆိုရင် အဲ့ဒီလိုလူမျိုးဆီ ဘယ်တော့မှ တစ်ယောက်တည်း ထပ်မသွားပါနဲ့တော့နော်... ကိုယ် တောင်းပန်ပါတယ်"

​ခမ်းနား၏ စကားလုံးများအောက်တွင် ယမုံ ချက်ချင်း မတုံ့ပြန်မိဘဲ ငြိမ်သက်နေမိသည်။ သူမ ခမ်းနားကို ခဏမျှ စူးစိုက်ကြည့်လိုက်ပြီးမှ ရင်ထဲတွင် တုံ့ဆိုင်းနေသည့် မေးခွန်းကို မေးမြန်းလိုက်၏။

​"ဒါဆို ရှင်ကော... ဘယ်ကနေ ဘယ်လို သိပြီး ကျွန်မနဲ့ တေဇမိုးရှိတဲ့နေရာကို လိုက်လာခဲ့တာလဲ"

​ယမုံ့မေးခွန်းကြောင့် ခမ်းနား သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်မိသည်။ ထို့နောက် စိတ်မကောင်းခြင်းများစွာဖြင့် ယမုံ့ကို Ngုံ့ကြည့်ကာ အမှန်အတိုင်းပင် ဖွင့်ပြောလိုက်တော့သည်။

​"ကိုယ်... ယမုံ့ဆီကို လာဖို့ လုပ်နေတုန်း ခြံထဲကနေ ယမုံ ကားမောင်းပြီး အလောတကြီး ထွက်သွားတာကို တွေ့လိုက်ရတာ။ ယမုံ့မျက်နှာက ပျာယာခတ်နေပြီး ပုံမှန်မဟုတ်တာမို့ စိတ်မချတာနဲ့ ကိုယ် အနောက်ကနေ လိုက်ခဲ့မိတာပါ... လမ်းမှာ ယမုံ့ကားကို မျက်ခြေပြတ်မသွားအောင် အသည်းအသန် လိုက်ခဲ့ရတာ... တကယ်လို့သာ ကိုယ် စိတ်ကူးပေါက်ပြီး အနောက်က လိုက်မလာခဲ့ရင်... မတွေးဝံ့စရာပဲ ယမုံရယ်"

​ခမ်းနား၏ စကားအဆုံးတွင် နှစ်ဦးသားကြား၌ ခဏတာ တိတ်ဆိတ်မှုက စိုးမိုးသွားပြီး ယမုံ့ကို စိုးရိမ်မှုလွန်ကဲနေသော ခမ်းနား၏ မျက်ဝန်းများကို ကောင်းစွာ ယမုံမြင်တွေ့နေရတော့သည်။

​သို့သော် ယမုံက ထိုစိုးရိမ်ပူပန်မှုများတွင် စိတ်အလိုမကျဘဲ မိမိကိုယ်မိမိ သတိပေးလိုက်ရင်း နှလုံးသားကို ခက်ထန်အောင် ချက်ချင်းပြန်ပြင်လိုက်သည်။ သူမ သက်ပြင်း ခပ်ဖွဖွချကာ ခမ်းနားကို အေးစက်တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး...

​"ကျွန်မကို စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် ခမ်းနား... ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း သိထားစေချင်တယ်"

​ယမုံက စကားကို ခဏဖြတ်ကာ ခမ်းနားနှင့် သူမကြားတွင် မမြင်ရသည့် တံတိုင်းကြီးတစ်ခု ရှိနေသကဲ့သို့ ခပ်ခွာခွာ နောက်တစ်လှမ်း ဆုတ်လိုက်ရင်း အဓိပ္ပါယ်ပါပါ ဆက်ပြောလိုက်၏။

​"ကျွန်မ အခုလို ရှင်နဲ့ တွေ့ဆုံနေတာ၊ စကားပြောနေတာတွေ အားလုံးက စနိုးရဲ့ကလေး... ကျွန်မရဲ့ တူလေးကြောင့် သက်သက်ပဲ။ ကလေးမှာ အဖေဆိုပြီး အမည်ခံပေးထားတဲ့ ရှင် ရှိနေဖို့ လိုအပ်လို့သာ ကျွန်မဘက်က ဒါတွေကို ခွင့်ပြုထားတာ... အဲ့ဒါကြောင့် ရှင့်အနေနဲ့ ကျွန်မကို စိတ်ပူပေးဖို့ထက် တမလွန်က စနိုးချန်ထားခဲ့တဲ့၊ ခမ်းနားကိုယ်တိုင်လည်း အဖေအဖြစ် တာဝန်ယူထားတဲ့ အဲ့ဒီကလေးကိုပဲ အချိန်ပေးပြီး အပြည့်အဝ ဂရုစိုက်ပေးစေချင်တယ်"

​ထိုစကားက နှစ်ဦးသားကြားရှိ ဆက်ဆံရေး၏ နယ်နိမိတ်ကို အပြတ်သားဆုံး သတ်မှတ်လိုက်ခြင်းပင်။

​ယမုံက သေဆုံးသွားသော ညီမဖြစ်သူ၏ သားလေးအတွက်သာ ခမ်းနားကို အဖေအမည်ခံအဖြစ် ဘဝထဲ ပြန်ပေးဝင်ထားခြင်းဖြစ်ပြီး၊ သူတို့နှစ်ဦးကြားက အတိတ်က ဒဏ်ရာဟောင်းများနှင့် ပတ်သက်၍မူ မည်သည့်အခါမျှ အနားကပ်ခံတော့မည်မဟုတ်ကြောင်း စည်းတစ်ခုကို အထင်အရှား ခြားနားပစ်လိုက်သည်။

​"ကျွန်မ အိမ်ထဲဝင်တော့မယ်"

​ခမ်းနားထံမှ မည်သည့်တုံ့ပြန်စကားကိုမျှ ထပ်မစောင့်တော့ဘဲ ယမုံသည် လှည့်ထွက်ကာ အိမ်ထဲသို့ ဝင်သွားခဲ့တော့သည်။

​ကျန်ရစ်ခဲ့သည့် ခမ်းနားမှာမူ ခြေလှမ်းအနည်းငယ်မျှသာ ကွာဝေးသော်လည်း ကလေးကို အကြောင်းပြကာ တားမြစ်ထားသည့် ထိုစည်းကြောင့် ယမုံ့နောက်သို့ ဆက်မလိုက်ဝံ့တော့ဘဲ အပြစ်ရှိသူတစ်ယောက်လို ရင်ဘတ်တစ်ခုလုံး ဆို့နင့်လျက် Ngေးကျန်ရစ်ခဲ့ရတော့သည်။

​🍂🍂🍂🍂🍂

​တိတ်ဆိတ်ငြိမ်သက်နေသော ကော်ဖီဆိုင်၏ သီးသန့်ခန်းလေးထဲတွင် ဒေါ်ခင်မာလာသည် ကော်ဖီခွက်ကို အသာအယာ ချလိုက်ရင်း ရှေ့တွင် ထိုင်နေသည့် ယမုံ့ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ ခမ်းနားထံမှတစ်ဆင့် တေဇမိုး၏ ငွေညစ်မှုနှင့် ချွေးမဖြစ်ခဲ့ဖူးသူ စနိုး ချန်ထားခဲ့သည့် ကလေးအရေး အလုံးစုံကို သိရှိသွားပြီးနောက် ဒေါ်ခင်မာလာ့စိတ်ထဲတွင် ကြီးမားသော အတွေးတစ်ခု ဝင်လာခဲ့ခြင်းဖြစ်သည်။

​"အန်တီ ခပ်ရှင်းရှင်းပဲ ပြောမယ် ယမုံ... အခု ကလေးက ခမ်းနားတို့ အန်တီတို့နဲ့ကော သွေးသား တော်စပ်တာ မဟုတ်ဘူး။ စနိုးနဲ့ တေဇမိုး မှားယွင်းမှုကြောင့် ရခဲ့တဲ့ ကလေးပဲ... တကယ်လို့ တေဇမိုးဘက်က ဒါကို အကွက်ဆင်ပြီး တရားဥပဒေနည်းအရ ကလေးကို အတင်းပြန်တောင်းလာရင် အန်တီတို့ဘက်က ရှုံးဖို့ရာခိုင်နှုန်း များတယ်၊ ရှုပ်ထွေးကုန်လိမ့်မယ်"

​ဒေါ်ခင်မာလာက စကားကို ခဏဖြတ်ကာ ယမုံ့လက်ကလေးကို လှမ်းဆုပ်ကိုင်လိုက်ရင်း တိုက်တွန်းစကား ဆိုတော့သည်။

​"အဲ့ဒါကြောင့် ကလေးရဲ့အနာဂတ်ကို တကယ် စဉ်းစားတယ်ဆိုရင်... ယမုံ ခမ်းနားနဲ့ လက်ထပ်လိုက်ပါ"

​"ရှင်... အန်တီ... ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ကျွန်မ ခမ်းနားကို..."

​ယမုံ မျက်လုံးအစုံ ပြာကနဲ ဖြစ်သွားကာ ချက်ချင်းပင် ငြင်းဆန်ရန် ပြင်လိုက်သည်။ ခြောက်နှစ်တိုင်တိုင် ဒဏ်ရာတွေ ပေးခဲ့သည့် ယောက်ျားတစ်ယောက်ကို သူမ မည်သို့မျှ ပြန်လည်လက်မခံနိုင်ပါ။ သို့သော် ဒေါ်ခင်မာလာက ယမုံ့စကားကို ဖြတ်ကာ ပို၍ လေးလံသော စကားလုံးများဖြင့် ပိတ်ဆို့လိုက်၏။

​"မလောပါနဲ့ဦး ယမုံရယ်... အန်တီ့စကားကို ဆုံးအောင် နားထောင်ပါဦး။ ယမုံသာ ခမ်းနားနဲ့ တရားဝင် လက်ထပ်လိုက်ရင် ကလေးက ခမ်းနားရဲ့ တရားဝင် သားသမီးအဖြစ်ကော၊ ယမုံ့ရဲ့ သားသမီးအဖြစ်ကော ဥပဒေအရ အလိုအလျောက် အကာအကွယ် ရသွားလိမ့်မယ်။ တေဇမိုး ဘယ်လိုမှ လာပတ်သက်လို့ မရတော့ဘူး။ သေချာ စဉ်းစားကြည့်ပါ... ကလေးရဲ့ အနာဂတ်နဲ့ ဘေးကင်းဖို့အတွက် ယမုံ့ရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိက ကျနေတာပါ"

​အန်တီခင်မာလာ၏ စကားလုံးတိုင်းက ယမုံ့ရင်ဝကို တည့်တည့် လာရောက်ရိုက်ခတ်သည်။

​မိမိကိုယ်ပိုင် အရွဲ့တိုက်ချင်စိတ်၊ မုန်းတီးစိတ်တို့ကို ရှေ့တန်းတင်ရမလား... သို့မဟုတ် မိမိ၏တစ်ဦးတည်းသော ဆွေမျိုးရင်းချာဖြစ်သူ တူလေး၏ ဘဝလုံခြုံရေးအတွက် မိမိကိုယ်ကို စတေးပစ်ပြီး အနစ်နာခံရမလားဟူသည့် ဘေးကြပ်နံကြပ် အခြေအနေကြီးက ယမုံ့ကို အသက်ရှူပင် ကျပ်လာစေသည်။

​ယမုံ ချက်ချင်း ဘာစကားမှ ပြန်မပြောနိုင်တော့ဘဲ လက်ချောင်းလေးများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း... မျက်ဝန်းအစုံ တုန်ရီလျက် တွေဝေ အဖြေရှာမရ ဖြစ်သွားရတော့သည်။

« ရှေ့အခန်း - အပိုင်း(၃၅) နောက်အခန်း - ​အပိုင်း (၃၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ