လွင်ပြင်မုန်း ပြန်ထွက်သွားသည်နှင့် ယမုံ သက်ပြင်းကို လေးလံစွာချလျက် ခေါင်းခါထုတ်လိုက်ပြီး သူမ၏ အလုပ်စားပွဲတွင် ဝင်ထိုင်လိုက်သည်။
အခုချိန်ထိ နှလုံးသားထဲ အမြစ်တွယ်နေဆဲဖြစ်သော ထိုသံယောဇဉ်ကို ဘယ်လောက်ပဲ တင်းထားတင်းထား... ကိုယ့်ကိုယ်ကိုယ် မလိမ်စတမ်း ဝန်ခံရလျှင် ယမုံ သူ့ကို အခုထက်ထိ ချစ်နေဆဲပင်။ ထို့ကြောင့်လည်း အခြားသူတစ်ယောက်ကို လက်မခံနိုင်သေးခြင်းက မထူးဆန်းပါဘူးလေ...။
Ring.....Ring...
စားပွဲပေါ်တင်ထားသည့် ဖုန်းမြည်လာသဖြင့် ယမုံ ကောက်ယူကြည့်လိုက်တော့ အန်တီခင်မာလာဆီကမို့ ချက်ချင်း ကိုင်လိုက်မိသည်။
"ဟလို... အန်တီ"
ယမုံ ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ အရင်ဆုံး ကြားလိုက်ရသည်က သက်ပြင်းချသံအလေးကြီးမို့ သူမ မျက်မှောင်ကြုတ်သွားမိသည်။ ခဏအကြာတွင်မှ ဒေါ်ခင်မာလာထံမှ တုန်ရီသော စကားသံ ထွက်ပေါ်လာလေသည်။
"ယမုံ... အန်တီ သမီးကို ဘယ်ကစပြီး ဘယ်လိုပြောရမှန်း တောင် မသိတော့ဘူးကွယ်"
ယမုံ စိတ်ကို အတည်ငြိမ်ဆုံး ထိန်းပြီးမှ...
"ပြောပါ အန်တီ၊ အန်တီပြောမှ ယမုံ သိမှာမို့။ သတိုးလေးနဲ့ ပတ်သက်တဲ့ ကိစ္စပဲ ဖြစ်မယ် ထင်တယ်"
"ဟုတ်တယ် သမီးရေ... အခုမနက်တင် အိမ်ကို ကောင်လေးတစ်ယောက် လာသွားတယ်။ နာမည်က တေဇမိုး တဲ့"
"ရှင်...!"
အန်တီခင်မာလာ ပြောလိုက်သည့် နာမည်ကြောင့် ယမုံ့ရင်ဘတ်တစ်ခုလုံး ဒိန်းခနဲ တုန်လှုပ်သွားရကာ သွေးခဲသွားသလိုပင် ခံစားလိုက်ရသည်။
"ဟုတ်တယ် သမီးရေ... ခမ်းနား အိမ်မှာမရှိလို့ တော်သေးတာ။ သတိုးက သူ့ကလေးဖြစ်ကြောင်း၊ စနိုးနဲ့ သူပတ်သက်ခဲ့တဲ့ သက်သေတွေရှိကြောင်း ပြောပြီး အတင်းအကျပ် လာတောင်းတော့တာပဲ။ အန်တီလည်း အဲ့ဒီအချိန် အိမ်မှာ အလုပ်သမားကောင်လေးတွေ ရှိနေလို့ သမီးရယ်... မဟုတ်ရင် ဘာတွေ ဖြစ်ကုန်မလဲ မသိဘူး"
ဒေါ်ခင်မာလာ၏ စကားကြောင့် ယမုံ့စိတ်အစုံ ထူပူညစ်ညူးသွားရသည်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကလေးကိုတော့ ထို တေဇမိုး ဆိုသူ့ထံ လုံးဝ ထည့်မပေးနိုင်သည်မို့...
"အန်တီ... ကလေးကို အဲ့ဒီ တေဇမိုးဆိုသူနဲ့ ဘယ်လိုမှ ပြန်မထည့်ပေးလိုက်ပါနဲ့နော် အန်တီ..."
ဒေါ်ခင်မာလာထံမှ သက်ပြင်းချသံ ရှည်ကြီးတစ်ချက် ပြန်လည်ထွက်ပေါ်လာပြီးနောက်...
"အန်တီတို့ လူချင်းတွေ့ပြီး သေချာစကားပြောမှ ဖြစ်လိမ့်မယ် ယမုံ"
🌷🌷🌷🌷
ယမုံ့ဆိုင်ရှေ့သို့ ရောက်တော့ အပင်ရိပ်တစ်ခုအောက်တွင် ကားလေးကို ထိုးရပ်လိုက်ရင်း ခမ်းနား ကားထဲကနေ ဆိုင်ထဲသို့ လှမ်းမျှော်ကြည့်နေမိသည်။
သူ့အတွက်တော့ ယခုလို နေ့ရက်တိုင်းက ပုံမှန်အလုပ်တစ်ခုလို ဖြစ်နေခဲ့ပြီ။ နေ့လယ်နားချိန် ရောက်သည်နှင့် ကုမ္ပဏီမှ ချက်ချင်းထွက်လာခဲ့ကာ ယမုံ့ပန်းဆိုင်ရှေ့တွင် လာ၍ စောင့်ကြည့်နေမိခြင်းက အကျင့်တစ်ခုလိုပင်။
ဟိုတစ်နေ့က... ယမုံ့ဆိုင်ထဲမှ ထွက်လာခဲ့သည့် Green Leaf ပိုင်ရှင် လွင်ပြင်မုန်းကို မြင်လိုက်ရစဉ်က ရင်ဘတ်တစ်ခုလုံး တင်းကြပ်စို့နင့်သွားရသည့် နာကျင်မှုက ယခုထက်ထိ ကျန်ရှိနေဆဲ။ ပထမတစ်ခါကလည်း ကော်ဖီဆိုင်ထဲတွင် သူတို့နှစ်ယောက်ကို မြင်ခဲ့ရပြီးပြီ။ အခု ဒုတိယအကြိမ် ထပ်မြင်လိုက်ရပြန်တော့ ခမ်းနား စိတ်ထဲ ဘယ်လိုမှ နေမရထိုင်မရအောင် ပူလောင်လာခဲ့ရသည်။
'ပစ်ထားတုန်းက ပစ်ထားပြီး အခုမှ ဘာလာဖြစ်နေတာလဲ' ဟု ယမုံက စိမ်းစိမ်းကားကား မေးလာခဲ့လျှင်ပင် သူ ဆွံ့အစွာ ခံရဦးမည် ဖြစ်သော်လည်း... သူ့နှလုံးသားကတော့ ယမုံ့အနားက တခြားယောက်ျားတစ်ယောက်ရှိေနမှာကို လုံးဝ ခွင့်မပြုနိုင်ခဲ့။
ခဏအကြာတွင် ယမုံ ဆိုင်ထဲမှ အလောတကြီး ထွက်လာသည်ကို မြင်လိုက်ရသဖြင့် ခမ်းနား ကားမှန်ကို အသာပြန်တင်ကာ အကဲခတ်နေလိုက်သည်။ ယမုံက ဆိုင်ရှေ့တွင် ရပ်ထားသည့် ကားပေါ်သို့ တက်ကာ မောင်းထွက်သွားလေရာ... သူလည်း ဇဝေဇဝါဖြင့် ယမုံ့ကားနောက်သို့ တဖြည်းဖြည်း ချန်ကာ လိုက်လာခဲ့မိသည်။
ယမုံ သွားနေသည့် လမ်းကြောင်းက အိမ်ပြန်လမ်း မဟုတ်သဖြင့် ခမ်းနား ပို၍ မျက်မှောင်ကြုတ်မိသွားကာ မျက်ခြေမပြတ်အောင် နောက်ကနေ အသာကပ်လိုက်လာခဲ့သည်။ ခပ်လှမ်းလှမ်း လူရှင်းသည့် နေရာသို့ ရောက်သောအခါ ရှေ့က လမ်းကွေ့လေးတစ်ခုထဲသို့ ယမုံ့ကားလေး ချိုးဝင်သွားပြီး တိတ်ဆိတ်လှသော အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်လေသည်။
ခမ်းနားလည်း ကားကို အဝေးကပင် ရပ်ထားခဲ့ပြီး ခြေသံဖွဖွဖြင့် နောက်ကနေ အသာလိုက်သွားမိသည်။
ယမုံ... ဘယ်သူ့ဆီကို အလောတကြီး လာရတာပါလိမ့်?
ကားပေါ်မှ ဆင်းလာသော ယမုံ့ကို ကြည့်နေစဉ်မှာပင်... အိမ်ထဲမှ ယောက်ျားတစ်ယောက် လှမ်းထွက်လာသည်မို့ ခမ်းနား မနီးမဝေးရှိ သစ်ပင်ကြီးတစ်ပင်နောက်သို့ အသာကပ်ကာ စောင့်ကြည့်လိုက်မိသည်။
ထိုလူက ဟူဒီအနက်ရောင်ကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်ကိုပါ အုပ်ထားသည့်အတွက် မျက်နှာကို သည်းသည်းကွဲကွဲ မမြင်ရချေ။ သို့သော် ထိုလူ့ထံမှ ထွက်ပေါ်နေသည့် မသင်္ကာဖွယ်ရာ လျှို့ဝှက်ချက်အငွေ့အသက်များက ခမ်းနား၏ ရင်ကို ဒိန်းကနဲ တုန်လှုပ်သွားစေကာ... လက်သီးကို တင်းတင်းဆုပ်မိသွားစေတော့သည်။
$$$$$$$$
ကားပေါ်က ဆင်းလာတဲ့ ယမုံ့ကို မြင်တော့ ဟူဒီအနက်ရောင်ဝတ်ထားတဲ့ တေဇမိုးက ဂျင်းဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်လုံး နှိုက်လိုက်ပြီး နှုတ်ခမ်းတစ်ဖက် တွန့်ရုံမျှ ပြုံးပြလာသည်။
"ရောက်လာပြီပဲ... ယမုံ။ ကျွန်တော်က ယမုံ မလာတော့ဘူး အောက်မေ့နေတာ"
သူမထက် အသက်ငယ်သော်လည်း ရိုသေမှုမရှိဘဲ နာမည်ကို တိုက်ရိုက်ခေါ်ကာ ပြောဆိုနေသည့် တေဇမိုး၏ လေသံက ရိတိတိနိုင်လွန်းလှသည်။
"ရှင် ဘာလို့ အန်တီခင်မာလာတို့အိမ်အထိ သွားပြီး ကလေးကို လိုက်တောင်းနေရတာလဲ တေဇမိုး! ရှင် စနိုးအပေါ် ဘယ်တုန်းက တာဝန်ကျေခဲ့ဖူးလို့လဲ။ စနိုးမှာ ကိုယ်ဝန်ရှိတုန်းက ပစ်ထားခဲ့ပြီးတော့ အခုမှ ဘာကိစ္စ ကလေးကို လာတောင်းနေရတာလဲ။ မင်းသာ အစကတည်းက တာဝန်ယူတတ်ခဲ့ရင် ဒီနေ့လို အခြေအနေမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး!"
ယမုံက ဒေါသတကြီး မေးလိုက်သော်လည်း တေဇမိုးက ဘောင်းဘီအိတ်ထဲက လက်တစ်ဖက်ကို ထုတ်ကာ ယမုံ့နား တိုးကပ်လာခဲ့သည်။
"စနိုးအပေါ် တာဝန်မကျေဘူးဆိုတာက ခင်ဗျားအမြင်လေ ယမုံ။ စနိုးက ကျွန်တော့်ကို ပစ်ချပြီး သူဌေးဆီ ပြေးကပ်တာ... ကျွန်တော် မသိလိုက်ရဘူး။ နောက်ပိုင်း သူ ကိုယ်ဝန်ရှိတာကို ကျွန်တော့်သူငယ်ချင်းပြောမှ သိခဲ့ရတာ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ သူက ခမ်းနားသွင်ပြင်ကို အပိုင်ဖမ်းပစ်လိုက်ပြီလေ... ခင်ဗျား မသိဘူးမလား"
ယမုံ တေဇမိုးကို ကြည့်ရင်း လက်သီးကလေး ဆုပ်ထားကာ...
"ပြီးခဲ့တာတွေကို ပြန်မပြောနဲ့! အခုပြောနေတာ ကလေးကိစ္စ တေဇမိုး"
ယမုံ့စကားကြောင့် တေဇမိုးက ခေါင်းမော့ရယ်လိုက်ကာ...
"ဘာလဲ... အနာဟောင်းကို ပြန်ဆွသလို ဖြစ်သွားလို့လား။ ဆောရီးဗျာ... ခမ်းနားသွင်ပြင်က ယမုံနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတာဆိုတော့ ခင်ဗျားမှာ ခမ်းနားသွင်ပြင်ကို ချစ်နေတဲ့ အငွေ့အသက်က ရှိနေဦးမှာပဲလေ"
"မင်း... မဆိုင်တာတွေ မပြောနဲ့! ကလေးကို အနှောင့်အယှက် မပေးဘဲ အေးအေးဆေးဆေးနေပါ တေဇမိုး"
ယမုံ့စကားကြောင့် တေဇမိုးက ပခုံးတွန့်ပြလိုက်ရင်း...
"အခု ကလေးက ကျွန်တော့်သွေးသားပဲလေ။ ယမုံက ကလေးကို မပေးချင်ဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က တောင်းဆိုတာလေးတွေကိုတော့ ယမုံ လိုက်လျောရမှာပေါ့"
တေဇမိုးက ပြောရင်းဆိုရင်း ယမုံ့ပခုံးကို အတင်းဆွဲကိုင်ကာ သူ့အနားသို့ ဆွဲခေါ်လိုက်သည်။
"လွှတ်... တေဇမိုး! နင် ငါ့ကို လာမထိနဲ့!"
"ဘာဖြစ်တာလဲ ယမုံရဲ့... ကျွန်တော်တို့က ဝေးဝေးလံလံလူတွေမှ မဟုတ်တာ။ မရီးနဲ့ မတ်ပဲလေ။ ခမ်းနားသွင်ပြင်နဲ့ စနိုး လက်ထပ်သွားပေမဲ့ ကျွန်တော်တို့ တော်စပ်မှုက ဒီလိုရှိတာ အမှန်တရားပဲမဟုတ်ဘူးလား..."
သူမကို အဓမ္မ ဆွဲလားရမ်းလား လုပ်နေသည့် တေဇမိုး၏ လက်ခုပ်ထဲမှ ရုန်းထွက်ရန် ယမုံ ကြိုးစားနေစဉ်မှာပင်...
"မင်းလက်ကို ဖယ်လိုက်စမ်း တေဇမိုး!"
ဟိန်းထွက်လာသည့် အမိန့်သံနှင့်အတူ အနားသို့ ရောက်လာတဲ့ ခမ်းနားကြောင့် ယမုံ့ရင်ထဲ ကြောက်စိတ်ပြေသွားတာတော့ အမှန်ပင်။ တေဇမိုး အနောက်သို့ လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ဘဲ ခမ်းနား၏ အားပြင်းလှသော လက်သီးချက်က တေဇမိုး၏ မေးရိုးဆီသို့ ဒိန်းခနဲ ဆောင့်ဝင်သွားတော့သည်။
ခွပ်... !
နာကျင်မှုကြောင့် တေဇမိုး မြေကြီးပေါ်သို့ လဲကျသွားစဉ်... ခမ်းနားက ယမုံ့ကို သူ့အနောက်သို့ အသာဆွဲပို့ကာ ကာကွယ်လိုက်ပြီး မြေပြင်ပေါ်က လူကို သွေးအေးအေးဖြင့် စိုက်ကြည့်လိုက်သည်။
"နောက်ထပ်တစ်ခေါက် မင်းသူ့ကို ထိရင်... မင်းလက်တွေကို ငါကိုယ်တိုင် ရိုက်ချိုးမိလိမ့်မယ် တေဇမိုး"
ခမ်းနား၏ ဒေါသထွက်နေသော မျက်ဝန်းများနှင့် ခပ်ကြိတ်ကြိတ် စကားသံကြောင့် တေဇမိုး လဲကျရာကနေ မေးရိုးကို လက်ဖြင့် ပွတ်သပ်ရင်း တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ထလာသည်။ ပြီးနောက် ခမ်းနားကို ရွဲ့သလို လှောင်သလို စိုက်ကြည့်လိုက်ရင်း...
"ဟက်... ဘယ်သူများလဲလို့၊ ဂျိုတပ်ခံလိုက်ရတဲ့ AYA လုပ်ငန်းစုကြီးရဲ့ သူဌေးပဲ။ ဘယ်လိုလဲ... အချစ်ဦးနဲ့ ပြန်တွေ့လိုက်ရတော့ ခံစားချက်တွေက လတ်ဆတ်နေတုန်းပဲလား..."
ယမုံ တေဇမိုးကို စိတ်ပျက်စွာ ကြည့်လိုက်မိသည်။ သူမက ဘာဆိုင်လို့ ကြားထဲက ပါလာရပြန်တာလဲ။ သူမသာ ဝင်မပါရင်လည်း ခမ်းနားတို့ဘက်က အနေသာကြီးမို့ ဒီကလေးကို တေဇမိုးလက်ထဲ ထည့်ပေးလိုက်တာမျိုးလည်း ယမုံ လုံးဝလက်မခံနိုင်ပြန်ပေ။
တေဇမိုး၏ ခနဲ့တဲ့တဲ့ စကားကြောင့် ခမ်းနားရော ယမုံပါ ရုတ်ချည်း တိတ်ဆိတ်သွားရသည်။
ခမ်းနား၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် တင်းမာသွားကာ သွားအံကို ကြိတ်ထားမိသည်။ 'ဂျိုတပ်ခံရတယ်' ဆိုသည့် စကားလုံးက ယောကျာ်းတစ်ယောက်အနေဖြင့် အရှက်ရစေရုံတင်မက၊ ယမုံ့ရှေ့တွင် ပြီးခဲ့တဲ့ အဖြစ်ဆိုးကို ဗြောင်ကျကျ အပြောခံလိုက်ရသဖြင့် ပို၍ပင် ရင်ဘတ်ထဲ ပူလောင်သွားရသည်။ သို့သော် ယမုံ့ရှေ့တွင် ဒီထက်ပို၍ မသိမ်ငယ်ချင်တော့သဖြင့် ဒေါသကို အစွမ်းကုန် ထိန်းချုပ်ရင်း တေဇမိုးကို စူးစူးဝါးဝါး စိုက်ကြည့်နေမိတော့သည်။
ယမုံ့မှာမူ... ရင်ဘတ်ထဲ စူးခနဲ နာကျင်သွားရသည်။ ခမ်းနားကို အခုထိ ချစ်နေဆဲဆိုသည့် အမှန်တရားကို တေဇမိုးက လှောင်ပြောင်စရာအဖြစ် ပြောချလိုက်သည့်အခါ ရှက်စိတ်နှင့် နာကျင်မှုက ဒွန်တွဲလာရသည်။
"မင်း ဆက်မပြောရင် အကောင်းဆုံး ဖြစ်လိမ့်မယ် တေဇမိုး"
ခမ်းနားက အသံကို နှိမ့်ကာ သတိပေးလိုက်သော်လည်း တေဇမိုးက ဂရုမစိုက်ဟန်ဖြင့် ရယ်သည်။
"အဟက်... ကလေးကိစ္စ အမှန်တရားကို လိုင်းပေါ်တင်လိုက်ရင် AYA လုပ်ငန်းစုကြီးရဲ့ သူဌေးတစ်ယောက် အများပြောစရာများ ဖြစ်နေမလားပဲ..."
"တေဇမိုး!"
ဒီတစ်ခါ ဒေါသတကြီး အသံထွက်လာသူကတော့ ယမုံပင် ဖြစ်လေတော့သည်။
အခန်းမှတ်ချက်များ (0)