Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၂၃)

ဘယ်လောက်ပဲ စိတ်နာပါတယ်ပြောပြော ဘယ်လောက်ပဲ ယမုံတို့ သားမိအပေါ် မကောင်းခဲ့ဖူး ဆို‌ဆို အဖေဟာ အဖေပဲမို့ ယမုံ့ စိတ်ထဲက အမုန်းတရားတွေ ခွါချလိုက်ရင်း ဖေဖေ့ အတွက် လိုအပ်တဲ့ ဆေးဝါး စားစရာ အချို့ကို ပို့ပြီး ယမုံ ဆိုင်ပြန်လာခဲ့လိုက်သည်၊

ဆိုင်ရှေ့ ရောက်တော့ ကားတစ်စီးရပ်ထားတာ တွေ့လိုက်ရတဲ့အတွက် ယမုံ မျက်မှောင်ကြုတ်လိုက်ရင်း ကားပေါ်ကဆင်းလာလိုက်သည်၊

ဆိုင်ရှေ့ရောက်တော့ တစ်ဖက်လှည့် မတ်တပ်ရပ်နေတဲ့ နောက်ကျောပြင်ကို တွေ့လိုက်ရတာနဲ့ ယမုံ မျက်နှာတင်းမာသွားရသည်၊

ဒါက ဘာသဘောလဲ? သူနဲ့ကိုယ်နဲ့ ဘာဆိုင်တော့တာမှတ်လို့လဲ သူက ကိုယ့်ညီမရဲ့ ခင်ပွန်း ကိုယ်နဲ့သူက...

ဆက်မတွေးနိုင်တော့သည့် နာကျင်စိတ်အခုထိ ရင်ထဲ ကိန်းအောင်းနေတုန်းမို့ သူ့ရှေ့မှာ သူမ မျက်ရည်မကျချင်တဲ့ အတွက် အသက်ဝဝရူပြီး ဆိုင်ထဲ ဝင်ဖို့ မြန်မြန်လျှောက်လာလိုက်သည်၊

သူမ၏ ခြေသံကြောင့် ထင်သည်၊ တစ်ဖက်သို့ လှည့်နေသော ထိုလူက ချက်ချင်းဆိုသလို လှည့်ကြည့်လာခဲ့သည်။

"ယမုံ..."

ခြောက်ကပ်ပြီး တိုးလျလွန်းလှသော ခေါ်သံနောက်တွင် ခမ်းနား၏ မျက်ဝန်းတွေက မျှော်လင့်ချက်အချို့ဖြင့် တောက်ပသွားသည်။ သို့သော်လည်း အနီးသို့ ရောက်လာသော ယမုံ့မျက်နှာထက်က တင်းမာအေးစက်မှုကို မြင်လိုက်ရသည့်အခါ ထိုအရိပ်အယောင်တို့က ချက်ချင်း ပြန်လည်မှေးမှိန်သွားရပြန်သည်။

"ခဏလေးပါ... စကားခဏလောက် ပြောခွင့်ပေးပါ ယမုံ"

တောင်းပန်တိုးလျှိုးနေသော ထိုအသံကြောင့် ယမုံ့ခြေလှမ်းတို့ ဆိုင်တံခါးဝအနီးမှာတင် ရုတ်ချည်းရပ်တန့်သွားရသည်။ ရင်ဘတ်ထဲက အသက်ရှူရကျပ်မတတ် အောင့်တက်လာသော်လည်း သူမ စိတ်ကို အတတ်နိုင်ဆုံး တင်းထားလိုက်သည်။ နာကျင်မှုကို မုန်းတီးမှုအောက်မှာ ဖုံးကွယ်ရင်း ခမ်းနားကို ပြတ်သားစွာဖြင့် တည့်တည့် စိုက်ကြည့်လိုက်သည်။

"ကျွန်မနဲ့ ရှင်နဲ့ကြားမှာ ပြောစရာ စကား ကျန်သေးလို့လား ခမ်းနားသွင်ပြင်."

ယမုံ့ထံမှ ထွက်လာသော အေးစက်စက် အခေါ်အဝေါ်ကြောင့် ခမ်းနား စိတ်ထိခိုက်သွားရသည်ကို မျက်ဝန်းတွေကတစ်ဆင့် မြင်နေရသည်။ ယမုံကတော့ နှုတ်ခမ်းစွန်းကို ခပ်ဖွဖွ‌ေကွးညွတ်လိုက်ပြီး ရင်ထဲက ခံစားချက်ကို ဖုံးကွယ်ရန် စကားလုံးများဖြင့် တိုက်ခိုက်လိုက်သည်။

"ဪ... မေ့လို့၊ ကျွန်မက 'မတ်‌ေလး' လို့ပဲ ခေါ်ရတော့မှာပေါ့နော်။ ကိုယ့်ညီမအရင်းရဲ့ ယောက်ျား ဖြစ်နေတဲ့သူက... ကျွန်မလို မရီးတစ်ယောက်ရဲ့ ဆိုင်ရှေ့မှာ အခုလို လာရပ်နေတာ ဘယ်လောက်တောင် ကြည့်ရဆိုးလဲဆိုတာ ရှင် စဉ်းစားသင့်ပါတယ်။ ရှင်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးထဲမှာ ကျွန်မက ကြားညှပ်တဲ့သူအဖြစ်နဲ့ အများအမြင်မှာပြန်မပါချင်ဘူး"

"ယမုံ... အဲ့ဒါက..."

"တော်ပါတော့!"

ယမုံ့အသံက ပြတ်သားလွန်းလှသလို သူမ၏ မျက်ဝန်းတွေကလည်း ခမ်းနားကို စူးစူးရှရှ စိုက်ကြည့်နေသည်။ သို့သော်... ထိုအကြည့်တွေရဲ့ နောက်ကွယ်တွင်မူ အတိုင်းအဆမရှိသော နာကျင်မှုတွေက ဒွန်တွဲ၍ လျှံတက်နေခဲ့သည်။

ခမ်းနား၏ မျက်ဝန်းတစ်စုံတွင်လည်း နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်နေသည့်အလား နာကျင်ခြင်း ဝေဒနာတို့က အထင်အရှား။ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည့် ထိုမျက်ဝန်းချင်း ဆုံဆည်းမှုတွင် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင်ပင် နက်ရှိုင်းသော သောကတို့ဖြင့် ပြည့်နှက်နေခဲ့ကြသည်။

ယမုံ ခမ်းနားကို တကယ်မုန်းသည်။ သူမကို ခြောက်နှစ်တိုင်တိုင် ရက်ရက်စက်စက် ပစ်ပယ်သွားခဲ့သည့်အတွက်၊ရုတ်တရပ်ပြန်ပေါ်လာတဲ့အချိန်မှာ ညီမဖြစ်သူနှင့် လက်တွဲပြီး သူမရင်ဘတ်ကို ဒဏ်ရာပေးခဲ့သည့်အတွက် သူ့ကို အတိုင်းထက်အလွန် နာကျည်းမုန်းတီးမိသည်။

သို့သော်... ဆန်းကြယ်လွန်းလှသည်က ထိုမုန်းတီးခြင်းတို့နှင့်အတူပဲ၊ သူ့ကို မြင်လိုက်ရသည့် စက္ကန့်ပိုင်းအတွင်းမှာတင် ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်အောင် တုန်ခါသွားရသည့် လွမ်းဆွတ်မှုကိုမူ သူမ မညာနိုင်ခဲ့ပါ။

ဘယ်လောက်ပဲ မုန်းတယ်ပြောပြော... သူမ စိတ်ထဲက အနက်ရှိုင်းဆုံးနေရာတွင် ခမ်းနားသွင်ပြင်ဆိုသည့် လူသားအပေါ် ထားရှိခဲ့သော အချစ်ဦး သံယောဇဉ်တို့က နာကျည်းစိတ်နှင့်အတူ အမြဲတမ်း ကပ်လျက် ပါလာနေတုန်းဆိုတာကို သူမ၏ တုန်ရီနေသော လက်သီးဆုပ်ကလေးက သက်သေခံနေခဲ့လေသည်။

ယမုံက နှုတ်ခမ်းကို တင်းတင်းစေ့လျက် စူးရဲစွာ စိုက်ကြည့်နေဆဲ။ သူမ၏ တုန်ရီနေသော လက်သီးဆုပ်ကလေးက ခမ်းနားကို စကားတစ်ခွန်းမှ ဆက်မပြောရန် တားဆီးနေသကဲ့သို့ပင်။

"ယမုံ...ကိုယ်ရှင်းပြတာကို တစ်ချက်လောက်ပဲ..."

"မကြားချင်ဘူးလို့ ပြောပြီးပြီ ထင်တယ် ခမ်းနားသွင်ပြင်! ရှင် ဒီကနေ အခုချက်ချင်း ထွက်သွားပေးပါ"

ပြတ်သားလွန်းလှသည့် နှင်ထုတ်သံနှင့်အတူ ယမုံက သူ့ကို ကျောခိုင်းကာ ဆိုင်ထဲသို့ မြန်မြန်ဆန်ဆန်ပင် ဝင်သွားခဲ့တော့သည်။ ပိတ်သွားသော မှန်တံခါးချပ်ကို ကြည့်ရင်း ခမ်းနား သက်ပြင်းအရှည်ကြီးတစ်ခုကို ချလိုက်မိသည်။ မောင်းထုတ်နေသည့် ကြားက ဇွတ်အတင်း ဝင်လိုက်သွားပါက ယမုံ့ကို ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို သိတာမို့ ခမ်းနား နောက်ဆုံးတော့ လက်လျှော့ကာ ခြေလှမ်းတို့ကို ပြန်လှည့်လာခဲ့ရသည်။

ကားပေါ်ပြန်ရောက်တော့ ကားစတီယာရင်ပေါ် ခေါင်းမှောက်ချရင်း ရင်ထဲက နာကျင်မှုကို အံကြိတ်ခံစားနေမိသည်။ တစ်စထက်တစ်စ ပိုပြီး ကြီးစိုးလာသော နောင်တတရားတို့က နှလုံးသားကို မီးစနဲ့ထိုးနေသကဲ့သို့။ လွန်ခဲ့တဲ့ ခြောက်နှစ်က သူ ဆုံးဖြတ်ချက် မမှားခဲ့ရင်... အခုလို အခြေအနေမျိုးအထိ ရောက်လာမှာ မဟုတ်ဘူးဟူသော အတွေးတို့က ခမ်းနားကို ရူးမတတ် နာကျင်စွာ နှိပ်စက်နေတော့သည်။

🍀🍀🍀

မှိန်ပျပျ မီးရောင်အောက်တွင် ခမ်းနား ရှေ့က အရက်ခွက်ကိုသာ စိုက်ကြည့်ရင်း တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေမိသည်။ စိတ်ပြေလက်ပျောက်ဖြစ်မလားဆိုပြီး ရောက်လာခဲ့သော်လည်း ရင်ထဲက အပူဒဏ်က အရက်ရှိန်ကြောင့် ပို၍ပင် တောက်လောင်လာရသည်။

"ခမ်းနားသွင်ပြင်"

ဘေးက ခုံမှာ လာထိုင်ရင်း နာမည်တပ်ခေါ်လာသည့် အသံကြောင့် ခမ်းနား မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။ သပ်ရပ်အထာကျပြီး မျက်နှာထား ခပ်အေးအေးနှင့် လူရွယ်တစ်ယောက်။ခမ်းနားသူ့ကိုပြန်စိုက်ကြည့်လိုက်ကာ

"မင်းက... ဘယ်သူလဲ?"

"ကျွန်တော့်နာမည်က တေဇမိုးပါ၊ ခင်ဗျားကတော့ ကျွန်တော့်ကို သိမှာမဟုတ်ပေမယ့်... ကျွန်တော်ကတော့ ခင်ဗျားကို ကောင်းကောင်းသိတာပေါ့"

တေဇမိုး ဆိုသည့် နာမည်ကြောင့် ခမ်းနား အရက်ခွက်ကို ကိုင်ထားသည့် လက်တို့ တုန့်ခနဲ ဖြစ်သွားရသည်။ အဲလက် ပြောပြလို့ ထိုနာမည်ကို ကြားဖူးနေသော်လည်း လူချင်း တစ်ခါမှ မဆုံဖူးခဲ့။ အဲလက်စ်နှင့် စီးပွားရေးအရရော၊ တစ်ခြား ကိစ္စရပ်တွေမှာပါ ပတ်သက်မှုရှိနေသည့် လူမှန်းပဲ သူ သိထားခဲ့တာ ဖြစ်သည်။ဒါ့ကြောင့် ရှေ့က တေဇမိုးဆိုသူကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး

"ဪ... တေဇမိုးဆိုတာ မင်းကိုး။ နာမည်ပဲ ကြားဖူးတာ လူချင်းတော့ အခုမှ တွေ့ဖူးတယ်"

ခမ်းနားက အေးစက်စက်ပင် တုံ့ပြန်ပြီး အရက်ကို နောက်တစ်ကျိုက် မော့သောက်လိုက်သည်။ တေဇမိုးကတော့ ခမ်းနားကို တစ်ချက်အကဲခတ်ပြီး နှုတ်ခမ်းစွန်းကို ကွေးရုံမျှ ပြုံးလိုက်ကာ သူ့ခွက်ကို အသာမြှောက်ပြသည်။

"ခင်ဗျားပုံစံကြည့်ရတာ... တစ်ခုခုကို နောင်တရနေတဲ့ ပုံပဲ။ ဒါမှမဟုတ်... တစ်စုံတစ်ယောက်ရဲ့ လှည့်ကွက်ထဲမှာ ပိတ်မိနေတာကို သိသွားလို့လား?"

သူ့စကားကြောင့် ခမ်းနားမျက်ခုံးတန်းတို့ ထိစပ်လုမတတ်ဖြစ်သွားရပြီး

"မင်း ဘာကို ဆိုလိုတာလဲ..."

ခမ်းနား မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း မေးလိုက်သည်။ တေဇမိုးက အရက်ကို တစ်ငုံသောက်ပြီး ခပ်အေးအေးပင် ဆက်ပြောလာသည်။

"ဒီလိုပဲလေ... လူအချို့က ကိုယ့်အနားမှာ သိုးရေခြုံထားတဲ့ မြေခွေးလို နေတတ်ကြတာကိုး"။

အထူးသဖြင့်... ခင်ဗျား အနားမှာ ရှိနေခဲ့တဲ့ စနိုး လို မိန်းမမျိုးပေါ့။ မျက်နှာလေး ကြည့်ရင်တော့ ရိုးသားသလိုလို၊ အပြစ်ကင်းသလိုလိုနဲ့ တကယ်တော့ နောက်ကွယ်မှာ ဘာတွေ လုပ်ထားလဲဆိုတာ ခင်ဗျား သိရင် အံ့သြသွားလိမ့်မယ် ခမ်းနားသွင်ပြင်"

တေဇမိုး စကားကြောင့် ခမ်းနား ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။ စနိုး...။

"စနိုးက ဘာဖြစ်လို့လဲ၊ မင်း စကားကို ရှင်းရှင်းပြောစမ်း တေဇမိုး"

"ကျွန်တော်က အရိပ်အမြွက်ပဲ ပြောတာပါ၊ ခင်ဗျားလို လူမျိုးက ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။ ကိုယ်ကတော့ အချစ်ကြီးပြပြီး ယုံကြည်ပေးခဲ့တာ... တကယ်တမ်းကျတော့ ကိုယ့်ကို ကွယ်ရာမှာ 'နွားဇာတ်' သွင်းပြီး အသုံးချနေခဲ့တာကို သိလိုက်ရတဲ့ ခံစားချက်က ဘယ်လိုရှိလဲ?"

တေဇမိုးက စကားကို အဆုံးထိ မပြောဘဲ ပုခုံးတစ်ချက်တွန့်ပြကာ သူ့ခွက်ကို ယူပြီး ထိုနေရာကနေ ထွက်သွားခဲ့တော့သည်။

ကျန်ခဲ့တဲ့ ခမ်းနားကတော့ အရက်ခွက်ကို ကိုင်ရင်း ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းသွားရသည်။ တေဇမိုး ပြောသွားသည့် စကားလုံးတွေက သူ့ခေါင်းထဲမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။

စနိုး သူ့ကို နွားဇာတ်သွင်းခဲ့တာလား...?

အတိတ်က စနိုး ရုတ်တရက် ကိုယ်ဝန်ရှိလာခဲ့ပုံတွေ၊ သူ့အပေါ် အရမ်းသိတတ်လွန်းပြခဲ့တဲ့ အပြုအမူတွေ၊ ပြီးတော့ သူစက်ရုံနှစ်ပတ်လည်ညက တစ်ခွက်ကလေးပဲ သောက်ပြီး လူမှန်းမသိအောင်မူးသွားခဲ့ပြီး မိုးလင်းတော့ သူ့အိပ်ယာထက် စနိုးနဲ့ကသူ့ဘေးမှယရောက်နေပုံတွေ... အစရှိတဲ့ အဖြစ်အပျက် အစအနတွေက ခမ်းနားရဲ့ ဦးနှောက်ထဲမှာ ကွင်းဆက်တစ်ခုလို ချက်ချင်း ဆက်စပ်မိသွားတော့သည်။

သူ မရိပ်မိဘဲ အယုံလွယ်ခဲ့သမျှ အရာအားလုံးက စနိုး သေချာ စီစဉ်ထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်နေခဲ့မှန်း ခမ်းနား အသည်းခိုက်မတတ် ရိပ်မိလိုက်ရသည့်အခါ... လက်ထဲက အရက်ခွက်ကိုသာ အက်ကွဲမတတ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိပါတော့သည်။

« ရှေ့အခန်း - အပိုင်း(၂၂) နောက်အခန်း - အပိုင်း (၂၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ